The Corner

The Corner

cropped-Logo_round_grey-background.png

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်)

Share မယ်
pahalgam

ဖဟဲလ်ဂမ် ဒေသက အယ်လ်ပိုင်း မြက်ခင်းတွေနဲ့ ပိုင်း ထင်းရှူး တောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသကို ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ခဲ့တာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။ ခရီးသွားတွေ ကတော့ အဲဒီဒေသကလေးကို ဆွစ်ဇာလန်နိုင်ငံ အငယ် စားကလေး (mini–Switzerland) လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီဒေသမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယ အစိုးရက ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက် ပြီးမို့ အဲဒီလို တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပြီလို့ တွက်ဆ ထားခဲ့ကြတယ်။ ဒါပေမဲ့ ယခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာ တော့ ဖဟဲလ်ဂမ်မှာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေက အပန်းဖြေခရီး ရောက်ရှိလာ ကြတဲ့ ခရီးသွားတွေကို ပစ်ခတ်လို့  လူအနည်းဆုံး ၂၆ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ကြတယ်။ ဒီတိုက်ခိုက်မှုဟာ မူဆလင် လူများစု နေထိုင်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ဒေသကို အ ပြည့်အဝ ပိုင်ဆိုင်ဖို့ တောင်းဆိုခဲ့ကြပေမယ့် နယ်မြေအစိတ်အပိုင်း ကိုသာ စိုးမိုး အုပ်ချုပ်ခွင့်ရနေတဲ့ ကက်ရှ်မီးယားဒေသမှာ ၂ဝ၁၉ ခုနှစ်နောက်ပိုင်း သွေးထွက်သံယို အများဆုံး တိုက်ခိုက်ခိုက်မှု ဖြစ်တယ်။ ၂ဝဝ၈ ခုနှစ် မွန်ဘိုင်းမြို့ တိုက်ခိုက်မှု နောက်ပိုင်း အိန္ဒိယ အရပ်သူ အရပ်သား အသေအပျောက် အများဆုံး ဖြစ် တယ်။ ဒါတင်မက သေးဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်ကျော် ပုန်ကန်မှုတွေ စတင် ပေါ်ပေါက်ချိန် ကတည်းကဆိုရင် ခရီးသွား တွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ သွေးထွက်သံယိုအများဆုံး အသေအပျောက် အများဆုံးပဲ ဖြစ် တယ်လို့ဆိုတယ်။  အိန္ဒိယ မီဒီယာတွေရဲ့ အဆိုအရ အခု တိုက်ခိုက် ခံရလို့ သေဆုံး သွားရသူတွေ အားလုံးဟာ ဟိန္ဒူ ဘာသာဝင် အများစု ဖြစ်ပြီး တာဝန်ချိန် အပဖြစ်တဲ့ အိန္ဒိယ ရေတပ် အရာရှိတစ်ဦး၊ ထောက်လှမ်းရေး အရာရှိတစ်ဦးနဲ့အတူ နီပေါနိုင်ငံသား တစ်ယောက် လည်း ပါဝင်တယ်လို့ သိရတယ်။

        သူတို့ကိုယ်သူတို့ တော်လှန်ရေး တပ်ဦးလို့ ခေါ်တဲ့အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာ မှာဖော်ပြတယ်။ ပါကစ္စတန် အစိုးရကတော့ ဒီကိစ္စမှာ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းဆိုတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဝီကရမ်မစ်စရီ ကတော့ ပါကစ္စတန်ကနေ နယ်စပ်ဖြတ်ကျော် ပါဝင် တိုက်ခိုက်မှု ရှိတယ်လို့ စွပ်စွဲခဲ့တယ်။ ချက်ချင်း ဆိုသလိုပဲ နှစ်နိုင်ငံကုန်းတွင်း နယ်နိမိတ် ဖြတ်သန်း သွားလာမှုတွေကို ပိတ်ပင်လိုက်တဲ့အပြင် နှစ်ပေါင်း ခြောက်ဆယ် ကြာပြီဖြစ်တဲ့ မြစ်ရေ မျှဝေသုံစွဲရေး သဘောတူညီချက် ကိုပါ ဆိုင်းငံ့ ထားလိုက်ပြီ ဖြစ်ကြောင်း သူက ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ဆိုင်ရာ ပါကစ္စတန်ရဲ့ စစ်သံ ကိုလည်း နိုင်ငံကနေ တစ်ပတ်အတွင်း ထွက်ခွာ သွားဖို့ ပြောကြား လိုက်တယ်။ ပါကစ္စတန်မှာ တာဝန် ထမ်းဆောင် နေတဲ့ အိန္ဒိယ စစ်သံအဖွဲ့ကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်တယ်။ အိန္ဒိယ နိုင်ငံအတွင်း ဗီဇာ ကင်းလွတ်ခွင့်နဲ့ နေထိုင်တဲ့ ပါကစ္စတန်နိုင်ငံသား တွေကိုလည်း ၄၈ နာရီ အတွင်း နိုင်ငံတွင်းကနေ ထွက်ခွာရမယ်လို့ အမိန့် ထုတ်လိုက်တယ်။

        ကက်ရှ်မီးယားဒေသမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ရက်သတ္တ နှစ်ပတ်အကြာ မေလ ၇ ရက်နေ့ ညသန်းခေါင်ကျော် အိန္ဒိယ စံတော်ချိန် ဝ၁:ဝ၅ ကနေ ဝ၁:၃ဝ အချိန် အတွင်း ၂၅ မိနစ် အချိန် ကလေး အတွင်းမှာ အိန္ဒိယနိုင်ငံက Operation Sindoo လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေး တစ်ရပ်နဲ့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ ဘဟာဝါပူးလ်နဲ့ ပါကစ္စတန်က သိမ်းပိုက် ထားတဲ့ ကက်ရှ်မီးယား နယ်မြေထဲက အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ကိုးခုကို ဗုံးကြဲ တိုက်ခိုက်ပြီး စစ်ရေး ရည်မှန်းချက် တွေကို အောင်မြင် အောင်ဆောင်ရွက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုဟာ နှစ်ပေါင်း ၅ဝအတွင်း ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

        အဲဒီလိုတိုက်ခိုက်ပြီးတဲ့နောက်မှာ နှစ်ဖက်စလုံးက သိမ်းပိုက် နယ်မြေတွေ ကို ခွဲခြား သတ်မှတ် ထားတဲ့  ထိန်းချုပ်မျဉ်း (line of control – LOC) ကိုဖြတ်ကျော်ပြီး တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ် ကြတယ်။ အိန္ဒိယကတော့သူတို့ဘက်ခြမ်းမှာ လူ ၁၃ ယောက် ကျည် ထိမှန်ပြီး သေဆုံးတယ်လို့ ဆိုတယ်။ ပါကစ္စတန် ဘက်ကတော့ အိန္ဒိယနိုင်ငံရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သူအရပ်သား ၃၁ ယောက် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒါ ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ထိပ်တိုက် ရင်ဆိုင်မှု အစပဲရှိ သေးတယ်။ ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံဟာ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်ကြီး တစ်ခုကို ဖျက်ဆီး ပစ်ခဲ့တယ်။ အဲဒါ စစ်မက် တိုက်ခိုက်တဲ့ လုပ်ရပ် (act of war) လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံက သူတို့ဟာ နေရာနဲ့အချိန်ကာလကို ရွေးချယ်ပြီး ပြန်လည်လက်တုံ့ပြန် တိုက်ခိုက် သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မေလ ၈ ရက်နေ့ စောစောမှာ အရပ်သားတစ်ယောက် ထိမှန် သေဆုံးခဲ့ရတဲ့  ပါကစ္စတန်နိုင်ငံ ဝေဟင် ပိုင်နက်အတွင်း ကို ဝင်ရောက်လာတဲ့ အိန္ဒိယရဲ့ ဝေဟင်ပစ် ဒရုန်း ၁၂ စင်းကို ပစ်ချခဲ့တယ်လို့ဆို တယ်။

        အိန္ဒိယဘက်ကကြေညာရာမှာ  မေလ ၈ ရက်နေ့တုန်းက အိန္ဒိယစစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တစ်ညလုံး တိုက်ခိုက်ခဲ့တဲ့ ပါကစ္စတန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုအလားတူ ပိုင်နက်နယ်ပယ်ထဲမှာ တန်းတူ ပြင်းအားမျိုးနဲ့ ပါကစ္စတန်ဘက်က နေရာအတော်များများမှာရှိတဲ့ လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သူအရပ်သား ၂၆ ယောက်သေဆုံးခဲ့ရတဲ့ ဧပြီ ၂၂ ရက်နေ့က ကက်ရှ်မီးယားဒေသ ခရီးသွားတွေကို တိုက်ခိုက်ခဲ့ ဖြစ်စဉ်မှာ  ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေ ပါဝင်တယ်လို့စွပ်စွဲပြီးကတည်းက စစ်ရေးအရ လက်တုံ့ပြန်မယ် ဆိုတာကို အိန္ဒိယအစိုးရက အရိပ်အမြွက်ဖော်ပြခဲ့တယ်။

        ဒီလို မတိုက်ခိုက်ခင်မှာ အိန္ဒိယနိုင်ငံက မကြာခဏ ပေါ်ပေါက်တတ်ပြီး ထပ်တလဲလဲ ဖြစ်နေတဲ့ ပါကစ္စတန် ကျောထောက်နောက်ခံပြု အကြမ်းဖက်ဝါဒလို့ ရှုမြင်ထားတဲ့ ဖြစ်ရပ်တွေက လက်တုံ့ပြန်ဖို့ စစ်ရေးအရ အရေးယူ ဆောင်ရွက်ရတာမျိုး မဟုတ်တဲ့ နည်းလမ်းသစ်တွေကို ရှာဖွေခဲ့တယ်။ သို့တိုင် နောက်ဆုံးတော့ စစ်ရေးအရ လက်တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ဟန့် တားမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဝီကရမ် မစ္စရီက ပြောကြားရာမှာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်သမားတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထား ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယက ဒေါသအမျက်ထွက်နေကြတဲ့ ပြည်သူလူထုကို ဖျောင်းဖျနှစ်သိမ့်  ဖို့ကို လည်း ကြိုးပမ်းလျက် ရှိတယ်။ ကက်ရှ်မီးယားမှာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို လက်တုံ့ ပြန်ဖို့ ဝန်ကြီးချုပ် မိုဒီ အကြီးအကျယ် ဖိအားပေး ခံခဲ့ရတယ်။ ၂ဝ၁၆ ခုနှစ်မှာတုန်းက မစ္စတာ မိုဒီဟာ ကက်ရှ်မီးယားဒေသက ပါကစ္စတန် အုပ်ချုပ်ထားတဲ့ အပိုင်းကို အိန္ဒိယစစ်သားတွေ စေလွှတ်ခဲ့ တယ်။ ၂ဝ၁၉ ခုနှစ်မှာလည်း ပါကစ္စတန်ကို လေကြောင်းကနေ တိုက်ခိုက်ဖို့ သူအမိန့်ပေးခဲ့တယ်။၂ဝ၁၉ ခုနှစ်က ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ အခြေအနေကို ပယ်ဖျက်လိုက် ပြီး တဲ့နောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်ရေး ကြေညာပြီး တဲ့နောက် သူ့ရဲ့မူဝါဒနဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အခြေအနေတွေကို စိစစ်ခဲ့ကြတယ်။

        မေလ ၇ ရက်နေ့ အိန္ဒိယရဲ့တိုက်ခိုက်မှုမှာ သတိပြုမိလောက်အောင် ထင်ရှားတဲ့ အချက်သုံးချက် ရှိပါတယ်။ ပထမဆုံး အချက်ကတော့ အိန္ဒိယနိုင်ငံမှာ သူ့နိုင်ငံ ပိုင်နက်အတွင်းကနေ ပစ်ခတ်နိုင်တဲ့ ည ဒုံးကျည်နဲ့ ပဲ့ထိန်းစနစ် တပ်ဆင်ထားတဲ့ ဗုံးတွေ ရှိထားပုံရတယ်။ “ဒီလို သရဲ ဘောကြောင် ပြီး ရှက်ဖို့  ကောင်းတဲ့ တိုက်ခိုက်မှုတွေကို အိန္ဒိယ နိုင်ငံ ဝေဟင် ပိုင်နက်ထဲကနေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်” လို့ ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့တယ်။ တကယ်လို့ ဒီစကားအတိုင်းသာ မှန်ရင်တော့ ၂ဝ၁၉ခုနှစ်တုန်း က ပါကစ္စတန် ဝေဟင်ပိုက်နက်မှာ အိန္ဒိယ တိုက်လေယာဉ်တစ်စင်းကို ပါကစ္စတန်ကပစ်ချလိုက်ပြီး လေယာဉ်မှူးပါ ဖမ်းဆီးခံလိုက်ရတာမျိုး နောက်တစ်ကြိမ် မဖြစ်ရအောင် အိန္ဒိယနိုင်ငံက ကြိုးပမ်းခဲ့ပုံရ ပါတယ်။ အိန္ဒိယသတင်းဌာန အတော်များများက သတင်းပေးဖော်ပြရာမှာ အိန္ဒိယနိုင်ငံက SCALP  ခရုစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ပြင်သစ်နိုင်ငံလုပ် ရပ်ဖဲလ် တိုက်လေယာဉ်တွေနဲ့ ပစ်မှတ်ကို အတိ အကျ ရောက်နိုင်တဲ့ ပဲ့ထိန်းစနစ်ပါတဲ့ Hammer ဗုံးတွေကို ကြဲချခဲ့တယ်။ အဲဒီနည်းဗျူဟာတွေ အတော် ကလေး အောင်မြင်မှုရရှိခဲ့ တယ်ဆိုတာ ရာဖဲလ် ဂျက်တိုက် လေယာဉ်သုံးစင်း၊ အက်စ်ယူ ၃ဝ တိုက်လေယာဉ် တစ်စင်းနဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တစ်စင်းတို့ကို ပစ်ချ နိုင်လိုက်တယ် ဆိုတဲ့ ပါကစ္စတန်ရဲ့ ကြေညာချက် မှန်ကန်မှု ရှိမရှိဆိုတဲ့ အပေါ်မှာ မူတည် နေပါတယ်။ ဒီကြေညာချက်နဲ့ စပ်လျဉ်းလို့ အိန္ဒိယနိုင်ငံက တရားဝင် သဘော ထား မှတ်ချက် တစ်စုံတစ်ရာ မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ အိန္ဒိယနဲ့ နိုင်ငံခြား သတင်းဌာန တွေကတော့ အိန္ဒိယ ပိုင်နက်နယ်မြေအတွင်းမှာ တိုက်လေယာဉ် သုံးစင်း ပျက်ကျ နိုင်ဖွယ် ရှိတယ်လို့ ဖော်ပြကြတယ်။ ရိုက်တာ သတင်းဌာနကတော့ ဒီလိုပျက်ကျရာမှာ ပါဝင်တဲ့ လေယာဉ်မှူး သုံးယောက် ဆေးရုံတင်ပြီး ကုသမှု ခံယူ နေရတယ်လို့ သတင်းပေးတယ်။

        ၂ဝ၁၉ခုနှစ်တုန်းက အိန္ဒိယနိုင်ငံဟာ အငြင်းပွားမှု မရှိနိုင်တဲ့ပါကစ္စတန်နယ်မြေနဲ့ ပါကစ္စတန် ထိန်းချုပ် ထားတဲ့ ကက်ရှ်မီးယားနယ်မြေထဲကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ထင်ရှား တာက ပါကစ္စတန် နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး နေထိုင်ရာ ပြည်နယ်နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးပါဆုံး ပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်ထဲက နေရာလေးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ အိန္ဒိယနိုင်ငံ ကတော့သူတို့ပစ်မှတ်က ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော် လာဟိုကနေ ကီလိုမီတာ သုံးဆယ်ဝေးတဲ့ မူရစ်ကီမြို့ရှိ အစ္စလာမ်မစ် အစွန်းရောက် အုပ်စုတစ်ခု ဖြစ်တဲ့ လက်ရှ်ကာ အီးတိုင်ဘာ (LeT) (Lashkar – e –Taiba) အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အိန္ဒိယက ဆိုပါတယ်။ အဲဒီအုပ်စုဟာ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့နဲ့ အတော့်ကို နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မှုရှိပြီး အခု ကက်ရှ်မီးယားမှာ နောက်ဆုံး တိုက်ခိုက်မှုကို ဒီအစ္စလာမ်အုပ်စုက နောက်ကွယ် ကနေ ကြိုးကိုင်ခဲ့တာလို့ အိန္ဒိယ အရာရှိတွေက ဆိုတယ်။ ပါကစ္စတန်က ခြောက်လှန့်နေတဲ့ တစ္ဆေသူရဲ တွေနဲ့ အဆက်အသွယ်ရှိတဲ့  နောက်ထပ် ဂျီဟတ်အဖွဲ့တစ်ခု ဖြစ်တဲ့ ဂျိုင်ရှီ မိုဟာမက် (Jaishe – Mohammed)အဖွဲ့ရဲ့ ဌာနချုပ်ရှိရာ ပန်ဂျပ်ပြည်နယ် မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဘာဟာ ဝါပူးလ်မြို့ ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဆိုပါတယ်။

        အိန္ဒိယနိုင်ငံက ပါကစ္စတန်ရဲ့ ပန်ဂျပ်ပြည်နယ်ကို တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာဟာ စစ်ရှိန် မြင့်စေတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုရဲ့ တတိယ အသွင်လက္ခဏာက ဥဿုံစစ်ပွဲကြီး တစ်ခုဆီ ဦးတည် မယ့် အရေးကို နည်းသွားစေဖို့လုပ်တာ ဖြစ်ပုံပေါ်တယ်။ ပါကစ္စတန်ဘက်ကတော့ အိန္ဒိယနိုင်ငံဟာ အရပ်သူအရပ်သားတွေ နေထိုင်ရာ နယ်မြေတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး ဗလီတွေကိုဖျက်ဆီး တယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့သူတွေကို သတ်ဖြတ် နေတယ်လို့ ပြောကြား လိုက်တယ်။ အိန္ဒိယကတော့ သူတို့တိုက်ခိုက်မှုဟာ “ပစ်မှတ်ကိုတိတိ ကျကျချိန်ရွယ်၊ အတိုင်းအတာ သတ်မှတ်ပြီး၊ အရှိန်မမြင့်စေရအောင်” ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ဘက်၊ စီးပွားရေးနဲ့ အရပ်ဘက် ပစ်မှတ်တွေကို မတိုက်ခိုက်ခဲ့ဘဲ “အိန္ဒိယကို တိုက်ခိုက်ရာမှာ အဲဒီနေရာတွေကနေ ညွှန်ကြား နေတယ်လို့ အတိအကျသိထားတဲ့ အကြမ်းဖက်သမား တွေရဲ့ စခန်း” တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့တယ်။ အိန္ဒိယက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြသတဲ့ ဗီဒီယို အပိုင်းမှာတော့ အဆောက်အအုံ တစ်ခုချင်းစီကို တိတိကျကျ ထိမှန်တာ တွေကို ပေါ်ပေါ် လွင်လွင် ဖော်ပြခဲ့တယ်။ အိန္ဒိယကတော့ စေ့စပ် ညှိနှိုင်းတဲ့နည်းနဲ့ ဒီအကျပ်အတည်း ကနေ ထွက်ပေါက်ဖြည့် ဆည်းပေးဖို့ စိတ်အားထက်သန်ပုံ ရတယ်။

        ပါကစ္စတန်ဘက်ကရော ဒီအခွင့်အရေးကိုယူပါ့မလား၊ ၂ဝ၁၉ခုနှစ်မှာ အိန္ဒိယကတိုက်ခိုက်ပြီး ကတည်းက ပါကစ္စတန်က လေကြောင်းကနေ လက်တုံ့ပြန်တိုက်ခိုက်တာကို ဆောင်ရွက် ခဲ့တယ်။ တကယ်လို့ အိန္ဒိယ နိုင်ငံက တစ်ညလုံး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ သူနိုင်ငံဘက်ကနေ တိုက်ခိုက်ပြီး ကဖျက်ယဖျက် လုပ်ခဲ့ရင်တော့ ပါကစ္စတန်က နောက်ထပ် တန်ပြန် တိုက်ခိုက် တာတွေလုပ်ဖို့ ကြိုးပမ်း နိုင်တယ်။ ဒါပေမဲ့ ပါကစ္စတန်ကတော့ သူ့နိုင်ငံ ပြည်သူလူထုကို ပြည့်ပြည့်ဝဝ ဖျောင်းဖျနှစ်သိမ့်ဖို့နဲ့ ထိုက်တန်တဲ့ အဟန့်အတားတွေကို ပြန်ပြီးဆောင်ရွက် ထားတာမျိုးတွေနဲ့ သူ့ရဲ့လက်တုံ့ပြန်မှူကို ဂရု တစိုက် ရွေးချယ်ကောင်း ရွေးချယ် ပါလိမ့်မယ်။ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး ခါဝါဂျာ အဆစ်ဖ်က Geo News အသံလွှင့်ဌာနကို ပြောကြားရာမှာ ပါကစ္စတန်နိုင်ငံက အိန္ဒိယစစ်ဘက် ပစ်မှတ် တွေကိုပဲ တိုက်ခိုက်မယ်၊ အရပ်ဘက်ပစ်မှတ်တွေကို မတိုက်ခိုက် ဘူးလို့ဆိုပါတယ်။ ဒီနေရာမှာ အစုလိုက် အပြုံလိုက် ထိခိုက် သေဆုံးရမှုရှိပုံ မရတဲ့ သင်္ကေတအထိန်းအမှတ် ပစ်မှတ် တွေကို တိုက်ခိုက်မှု ပါဝင်ဖွယ်ရှိတယ်။

        အခုအချိန်ထိကတော့ နောက်ထပ်စစ်ရှိန်မြှင့်မယ့် အန္တရာယ်ကရှိနေသေးတယ်။ အိန္ဒိယနိုင်ငံက နိုင်ငံခြား အစိုးရတွေကို ပြောကြားရာမှာ ပါကစ္စတန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက် တာမှန်သမျှကို  လက်စား ချေ တိုက်ခိုက်မယ်လို့ ဆိုတယ်။

        မေလ ၁ဝရက်နေ့မှာ ပါကစ္စတန်က လက်တုံ့ပြန်တဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး အိန္ဒိယစစ် အခြေခံ စခန်း အတော်များများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်။ ပါကစ္စတန်ရဲ့ လက်တုံ့ပြန်မှုဟာ ဟိန္ဒူဘာသာရေး အထင်ကရ နေရာတွေ အပါအဝင် အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာ ဖြစ်တယ်လို့ အိန္ဒိယက စစ်ဘက်က ဆိုတယ်။ အိန္ဒိယကလည်း ဆင်ဒူးစစ်ဆင်ရေးနဲ့ ပါကစ္စတန် စစ်ဘက် အဆောက်အအုံ တွေ အထိ ချဲ့ထွင်ပြီးပစ်မှတ်ထားတိုက်ခိုက်တယ်။ နျူကလီးယား လက်နက် ပိုင်ရှင် နှစ်နိုင်ငံကြား ဒရုန်းတွေအသုံးပြုပြီး ပထမဆုံး တိုက်ခိုက်ကြတာလည်း ဖြစ်တယ်။ ဒီပဋိပက္ခဟာ သုံးရက်ကြာပြီးတဲ့ နောက် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက်စလုံးက စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ် အချင်းချင်း အရေးပေါ် တယ်လီဖုန်းလိုင်းကနေ ပြောဆိုဆွေးနွေးပြီး မေလ ၁ဝ ရက်နေ့ညနေ ၅ နာရီ အချိန်ကစလို့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့တယ်။ စစ်ရပ်စဲတာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ကနေ ပထမဦးဆုံး ကြေညာခဲ့တာ ဖြစ်တယ်။ နောက်ပိုင်းမှ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးတွေက တရားဝင် ကြေညာခဲ့တာ ဖြစ်တယ်။

        ဒီလေးရက်ကြာပဋိပက္ခအတွင်း အိန္ဒိယနိုင်ငံဘက်က အရပ်သူ အရပ်သား ၂၁ ယောက်နဲ့ စစ်မှုထမ်း ငါးယောက် သေဆုံးခဲ့တယ်။ အများဆုံးထိခိုက်ခံရတဲ့နေရာက ပူးနားခရိုင်ပဲ ဖြစ်တယ်။ ပါကစ္စတန်ဘက် ကတော့ အရပ်သူ အရပ်သား ၄၀ နဲ့ စစ်မှုထမ်း ၁၁ ယောက် စုစုပေါင်း ၅၁ ယောက် သေဆုံး ခဲ့ရတယ်လို့ ကြေညာပါတယ်။ ပါကစ္စတန်ဘက်က အဆိုအရ အိန္ဒိယ လေတပ်ရဲ့ ပြင်သစ်လုပ် ခေတ်မီ ဒီဆော့ရပ်ဖဲလ် ဂျက်တိုက်လေယာဉ်သုံးစင်း၊ မစ် ၂၉ တိုက်လေယာဉ် တစ်စင်း၊ အက်စ်ယူ ၃ဝ အမ်ကေ ဂျက်တိုက်လေယာဉ်တစ်စင်း တို့ကို တစ်နာရီကြာ လေကြောင်းတိုက်ပွဲမှာ ပစ်ချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကြေညာချက် မှန်ရင်တော့ ပြင်သစ်နိုင်ငံလုပ် ဒီဆော့ရပ်ဖဲလ် တိုက်လေယာဉ်ကို တရုတ် နိုင်ငံ လုပ် ချင်းဒူး ဂျေ ၁ဝ လေယာဉ်က ပထမဆုံးအကြိမ် ပစ်ချတာ ဖြစ်မယ်။ ဒီလိုတိုက်ခိုက်မှုအတွင်း တရုတ် လုပ်တိုက်ခိုက်ရေး ပီအယ်လ်၁၅ ဒုံးကျည်ကို ကမ္ဘာက ဂရုပြုမိ လာကြတယ်။ အကြမ်းဖက် သမား တွေရဲ့ အဆောက်အအုံတွေကိုတိုက်ခိုက်ဖို့ အိန္ဒိယလေတပ်က လွှတ်တင် လိုက်တဲ့ အစ္စရေး နိုင်ငံထုတ် Harop  ဒရုန်း ၈၄ စင်းကိုလည်း ပါကစ္စတန် လေတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။

ကိုးကား –  

၁။ The Economist, May 3, 2025.

၂။ The Economist, May 10, 2025.

၃။ Essential India, Weekly News Letter.

၄။ Wikipedia (India- Pakistan Conflict May, 2025)

Click to rate this post!
[Total: 0 Average: 0]