The Corner

The Corner

cropped-Logo_round_grey-background.png

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်)

Share မယ်
Photo: Flikr

မေလ ၁ဝ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့တဲ့  အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစစ်ပွဲမှာ ထူးခြားတဲ့ လက္ခဏာ တွေကို တွေ့ရတယ်။ နားထောင်ရတဲ့သတင်းတွေနဲ့ ဖတ်ရတဲ့သတင်းတွေက ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပထမဆုံးအချက်ကတော့ ဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းဖြစ် အစွမ်းထက် လက်နက် တချို့ကို ထုတ်သုံး ပြလိုက်တာပါ။ အဲဒီလက်နက်တွေထဲမှာ ဘရာမော့စ် ဒုံးကျည် ပါတယ်။

        အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်ကြီး (Brahmaputra) ရဲ့ နာမည်နဲ့ ရုရှားနိုင်ငံက မော်စကိုဗာ မြစ်ကြီး (Moskva) နှစ်စင်းတို့ရဲ့ နာမည်ကို တွဲယူပြီး( Bramos) လို့ ဂုဏ်ပြု ခေါ်ဝေါ်ထားတဲ့ လက်နက် နာမည် ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ခရုစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီးအမြန်နှုန်း ၂.၈ မက်ရှိလို့ အသံ ထက် သုံးဆ နီးပါး မြန်တယ်။ ကမ္ဘာပေါ်မှာ အမြန်ဆုံး ဆူပါဆောနစ် ခရုစ် ဒုံးကျည်တစ်မျိုး ဖြစ်တယ်။ ဒီဒုံးကျည်ကို အိန္ဒိယနိုင်ငံ ဒေလီ အခြေစိုက် ဘရာမော့စ် အေရိုစပေ့ ပရိုက်ဗိတ် လီမိတက်က ထုတ်တာ ဖြစ်တယ်။ ဒီကုမ္ပဏီဟာ  ရုရှားနိုင်ငံက NPO လို့ခေါ်တဲ့ မာရှီ နိုစထရို ယီနီယာ ကုမ္ပဏီနဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဌာန သုတေသန နဲ့ ဖွဲ့ဖြိုးရေးအဖွဲ့တို့ ဖက်စပ် တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်တယ်။

        ဘရာမော့စ်ဒုံးကျည်ကို ရေငုပ်သင်္ဘော၊ စစ်သင်္ဘော၊ လေယာဉ် ဒါမှမဟုတ် မြေပြင်ရှိ စင်္ကြံ တစ်ခုခုပေါ် ကနေ ပစ်လွှတ် နိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘရာမော့စ် ပုံစံမူကွဲ အမျိုးမျိုးကို လက်တွေ့ အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးတဲ့ နောက်ကုန်ခဲ့တဲ့နှစ်တွေမှာ သူ့နိုင်ငံရဲ့  တပ်မတော်မှာ တပ်ဆင် ခဲ့တာ ဖြစ်တယ်။ ၂ဝ၁၉ခုနှစ်မှာ ပြည်တွင်းထုတ် ဒုံးကျည်ရဲ့ပစ်ခတ်နိုင်စွမ်းရှိတဲ့ တာအဝေးကို ၄၅ဝ ကီလို မီတာအထိ မြှင့်တင်ခဲ့တယ်။ ၂ဝ၂၂ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိ အရောင်း အဝယ်စာချုပ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် များမကြာသေးခင်ကပဲ အိန္ဒိယနိုင်ငံဟာ အဲဒီ ဒုံးကျည်တွေ ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ခဲ့တယ်။ အခု ဘရာမော့စ်-၂ (Bramos II) လို့ နာမည်ပေးထား တဲ့  ဟိုက်ပါ ဆိုနစ် ဒုံး ကျည်ပုံစံတစ်မျိုးကိုထုတ်ဖို့ ကြိုးပမ်းနေတယ်။ အခု အိန္ဒိယနဲ့ရုရှား နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့တဲ့ နားလည် မှုစာချွန်လွှာ (MOU) အရ Bramos II  ခရုစ်ဒုံးကျည်ဟာ ဟိုက်ပါ ဆိုးနစ် စကရင်ဂျက်နည်း  ပညာရပ် (scramjet technology) ကို အခြေခံ ထားတာ ဖြစ်တယ်။ ဒီလို လက်နက်မျိုးရဲ့ အဓိကရည်ရွယ်ချက် ကတော့ မြေအောက် နက်ရှိုင်းတဲ့နေရာမှာ တည်ဆောက် ထားတဲ့ ရန်သူရဲ့  နျူကလီးယား လက်နက် ပုန်းခိုကျင်းတွေနဲ့ အခိုင် အမာကာကွယ်ထားတဲ့ ကတုတ်ကျင်း တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖို့ပဲ ဖြစ်တယ်။ ဒီလက်နက် ကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ သုံးမျိုးစလုံး အတွက် အသုံးပြုမှာ ဖြစ်တယ်။ ဒီ ဘရာမော့စ် လက်နက်သစ် တွေ စုစည်းထားဖို့နဲ့ စမ်းသပ်ဖို့ ဌာန တွေကို  ယခုနှစ် မေလ ဒုတိယပတ်မှာ လပ်ကနောင်းမြို့မှာ စတင် ဖွင့်လှစ်ခဲ့တယ်။ ကာကွယ်ရေး ဌာန သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ အကြီးအကဲဟောင်း ဂျီဆတ်သီး ရက်ဒီ ကပြောကြားရာ မှာ ဒီလို ဒုံးကျည် မျိုးကို အလက် ၁ဝဝ ကနေ ၁၅ဝ အထိ နှစ်စဉ်ထုတ်လုပ် ဖြန့် ဖြူး နိုင်တယ်လို့ ဆိုပါတယ်။ ဘရာမော့စ် ဒုံးကျည်တွေ ထုတ်လုပ်တဲ့ နောက်ထပ် စက်ရုံနှစ်ခု ကတော့ ဟိုင်ဒရာဘတ်နဲ့ သီရုဝါနာ သာပူရမ်မြို့ တွေမှာရှိတယ်။

        နောက်လက်နက်တစ်မျိုးကတော့  (The Akash Shield) လို့ခေါ်တဲ့ လက်နက် ဖြစ်ပါတယ်။ ဒီလက်နက်ကို ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့နဲ့ နိုင်ငံပိုင် ဘာရတ် ဒိုင်းနမစ် လီမိတက် (Bharat  Dynamics Ltd)  ပူးပေါင်း ဆောင်ရွက်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ အကက်ရှ်ဟာ တာတိုပစ် မြေပြင်ကဝေဟင်ပစ် ဆမ် ဒုံးကျည် အမျိုးအစား ( Surface  to Air  Missile  -SAM) ဖြစ်တယ်။ ဒီလက်နက်ဟာ အိန္ဒိယနိုင်ငံရဲ့ အလွှာအထပ်ထပ် လေကြောင်းရန် ကာကွယ်ရေး စနစ်ရဲ့  အစိတ်အပိုင်း ဖြစ်ပြီး မကြာသေးခင်က အိန္ဒိယနိုင်ငံရဲ့ လေကြောင်းပိုင်နက်အတွင်းကို ကျူးကျော် ဝင်ရောက် လာတဲ့ ပါကစ္စတန်နိုင်ငံရဲ့ လေကြောင်းကျူးကျော်မှုကို တိုက်ခိုက်ရာမှာ အဆုံးအဖြတ်ပေး တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တယ်။

        အကက်ရှ်ဟာ သူလို အမျိုးအစားထဲမှာ ပထမဆုံးဖြစ်ပြီး  ၂၅ ကီလိုမီတာအတွင်းရှိ ဝေဟင် ပစ်မှတ် လေးခုကို တစ်ပြိုင်နက် ပစ်ခတ်နိုင်တယ်။ ပုံစံကွဲ တစ်မျိုးကတော့  Akash  NG ဖြစ်ပြီး တိုးချဲ့ ထားတဲ့ တာအဝေးက ကီလိုမီတာ ၇ဝကနေ ၈ဝ အတွင်း ပစ်ခတ်နိုင်စွမ်း ရှိတယ်။ ဒီဒုံးကျည်မှာ ECCM လို့ ခေါ်တဲ့ (electronic counter – counter measure ) စနစ် တပ်ဆင်ထားပြီး ရန်သူရဲ့ လွှင့်ဖျက်မှုကို ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိပြီး တိမ်းရှောင်နိုင်တဲ့ နည်းဗျူဟာစနစ် လည်းရှိတယ်။ အကက်ရှ် စနစ် ကတော့ ရွေ့ရှား စင်္ကြံ ကနေ ပစ်ရတဲ့ ဒီဇိုင်းပုံစံ ထုတ်ထားတာ ဖြစ်တယ်။ဒါပေမဲ့ ဒီစင်္ကြံက အင်မတန် ပေါ့ပါးပြီး ဘယ် နေရာမှာမဆို အလွယ်တကူ နေရာ ချထားနိုင်တဲ့ ပုံစံမျိုး ဖြစ်တယ်။ ဆန်းစစ် လေ့လာသူ တချို့ကတော့ အစ္စရေး ရဲ့ Iron Dome  ထက်တောင် သူ့ကို ပိုကြိုက်ကြတယ်။ အကက်ရှ်က ဒုံးကျည်တွေ၊ တိုက်ခိုက်ရေး ဒရုန်းတွေသာမက လေယာဉ်တွေကိုပါ ကြားဖြတ် တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ အကက်ရှ် ဒုံးကျည်စနစ် ယူနစ် ၁၅ ခုကို အာမေးနီးယား နိုင်ငံကို တင်ပို့ရောင်းချဖို့ ၂ဝ၂၂ ခုနှစ်က အရောင်းအဝယ် စာချုပ်တစ်ခု လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရတယ်။

        နောက်လက်နက်တစ်မျိုးကတော့ D4 ဖြစ်တယ်။ (Drone – Detect, Deter and Destroy) ဒရုန်းတွေကို (စူးစမ်းရှာဖွေ၊ ဟန့်တား ဖျက်ဆီး) ဆိုတာကို ဒီလေးလုံး ဆိုပြီး အတိုကောက် နာမည် ပေးထား တာပါ။ အိန္ဒိယ ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးရေး ကထုတ်လုပ်တဲ့ ဒရုန်း ချေမှုန်းရေး စနစ် ဖြစ်တယ်။ D4 စနစ်ကရိုးရိုး ဒရုန်းတွေကိုရော မောင်းသူမဲ့ တိုက်ပွဲဝင် ဝေဟင် ပျံယာဉ် အမျိုးမျိုး (unmanned combat aerial vehicles  – UCAVs) ကို အီလက်ထရွန်နစ် လွှင့်ဖျက်မှုနဲ့ ပုံဖျက် နည်းလမ်း တွေကို အသုံးပြုပြီး ဖျက်ဆီး နိုင်စွမ်းရှိတယ်။ D4 စနစ်မှာ ရေဒါတွေ၊ RF (radio frequency) ဆင်ဆာတွေ၊ EO/IR (electro – optical/Infrared) ကင်မရာတွေ စုပေါင်း တပ်ဆင် ထားတယ်။ ဝင်လာတဲ့ ဒရုန်းတွေကို ၃၆ဝ ဒီဂရီလှည့်ပြီး စူးစမ်းရှာဖွေ ဖျက်ဆီးနိုင်စွမ်း ရှိတယ်။ အဲဒီစနစ်ကို ဒာရာဒွန်းမြို့နဲ့ ဟိုက်ဒရာဘတ်မြို့ ရှိ သုတေသနဌာနနဲ့ ကုမ္ပဏီတွေ ပေါင်းစည်း ထုတ်လုပ် တာ ဖြစ်တယ်။

        အိန္ဒိယနဲ့ပါကစ္စတန်တိုက်ပွဲမှာ နောက် ထူးခြားချက် ကတော့ ခေတ်မီတဲ့ တရုတ်နိုင်ငံထုတ် လက်နက်တွေနဲ့ အနောက် အုပ်စု နိုင်ငံတွေက ထုတ်တဲ့ လက်နက်တွေ ထိပ်တိုက်တိုးတဲ့ ဖြစ်ရပ်ပါပဲ။ ပါကစ္စတန် နိုင်ငံဟာ တရုတ် နိုင်ငံကဒီဇိုင်းထုတ်ပြီး တရုတ်စက်ရုံတွေကပဲ ထုတ်တဲ့ လက်နက်တွေကို အကြီးအကျယ် မှီခို အားထားရတယ်။ အိန္ဒိယကတော့ ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေက ထုတ်တဲ့ လက်နက် မျိုးစုံကို အားထားတယ်။ တရုတ်ပြည်ဟာ ပါကစ္စတန်နိုင်ငံကို လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ အဓိက ရောင်းချတဲ့နိုင်ငံ ဖြစ်တယ်။ အဲဒီ လက်နက်တွေထဲမှာ တစ်မူ ထူးခြားတဲ့ တိုက်ခိုက်ရေး လေယာဉ် ၄ဝဝ အနက် ထက်ဝက်ကျော်ဟာ အဓိကအားဖြင့်တော့ ဂျေအက်ဖ် ၁၇ နဲ့ ဂျေ ၁ဝ စီ တို့ ဖြစ်တယ်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ  ငြိမ်းချမ်းရေး သုတေသန အဖွဲ့ အဆိုအရ  တရုတ်နိုင်ငံက ပါကစ္စတန် နိုင်ငံကို ၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှာ လက်နက်မျိုးစုံ ဒေါ်လာ ၈.၂  ဘီလီယံဖိုး ရောင်းချ ခဲ့တယ်။ တရုတ်ဟာ ၂ဝ၂ဝ-၂၄ နှစ်အတွင်း ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လက်နက် အများဆုံး တင်ပို့ ရောင်းချတဲ့ နိုင်ငံဖြစ်ပြီး ပါကစ္စတန်ဟာ တရုတ်လက်နက်ကို အများဆုံး ဝယ်ယူတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီ ကာလအတွင်း တရုတ်က ရောင်းချတဲ့ လက်နက်တွေရဲ့ သုံးပုံနှစ်ပုံ နီးပါးရှိတဲ့  ၆၃  ရာခိုင်နှုန်းကို ပါကစ္စတန်က ဝယ်ယူတာ ဖြစ်တယ်။ တရုတ်လုပ် ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်ဖြစ်တဲ့ PL15 E ကို အသုံးပြုတဲ့ ဂျေ ၁ဝ စီ တိုက် လေယာဉ်နဲ့ အိန္ဒိယ လေတပ်က ပြင်သစ်နိင်ငံလုပ် ရာဖဲလ် ဂျက် တိုက် လေယာဉ် ကို ပစ်ချတာ ဖြစ်တယ် လို့ အမေရိကန် လေတပ် တရုတ် အေရိုစပေ့ လေ့လာရေး ဌာန ညွန်ကြားရေးမှူး ဘရင်ဒန် မူလ်ဘန်နေက ဆိုပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှတ် ဒါး ကိုယ်တိုင် ပါလီမန်မှာ ပါကစ္စတန် တိုက်လေယာဉ်တွေက အိန္ဒိယ လေ တပ်က ပြင်သစ်လုပ် ရာဖဲလ် တိုက်လေယာဉ်ကို ပစ်ချခဲ့တဲ့အကြောင်း အစီရင်ခံခဲ့တယ်။ PL 15 E ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည် ဟာ ခေတ်မီပြီး အိန္ဒိယက သုံးတဲ့ လက်နက်မှန်သမျှနဲ့ စွမ်းရည်တူတယ်လို့ မူလ်ဘန်နေ ကဆိုတယ်။ ပါကစ္စတန်ပိုင် တရုတ်လုပ် လေယာဉ်တွေနဲ့ လက်နက်တွေဟာ “ကျွန်တော်တို့ မျှော်လင့်ထား သလိုပဲ ဆောင်ရွက် ခဲ့တယ်။ ကျွန်တော်တို့ အကဲဖြတ်ထားတဲ့ ဘောင်အတွင်း လုပ်ဆောင်ခဲ့တယ်” လို့ သူက သုံးသပ်တယ်။ ပါကစ္စတန်ဟာ တရုတ်နိုင်ငံလုပ် တာဝေးပစ် HQ-9 ၊ တာလတ်ပစ် LY 80  (HQ 16) နဲ့ တာတိုပစ် FM 90 (HQ 7) ဒုံးကျည် စနစ်မျိုး စတာတွေနဲ့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေ ကို အဓိက မှီခို အားထား ခဲ့တယ်။ တရုတ်နိုင်ငံထုတ် PL-15 ဒုံးကျည်တွေ တပ်ဆင် ထားတဲ့ ဂျေ ၁ဝ စီ တိုက်လေယာဉ်တွေကို ပါကစ္စတန်က ပထမဆုံး အသုံးပြုတာပဲဖြစ်တယ်။

Photo: armyrecognition

        နောက်ထူးခြားချက်ကတော့ အခု အိန္ဒိယရဲ့ ဆင်ဒူး စစ်ဆင်ရေးဟာ  ခေတ်သစ်စစ်ပွဲမှာ ဒရုန်း တွေရဲ့ အရေးပါမှုကို အဓိက အလေးထား အာရုံစိုက်ပြီး အနာဂတ် စစ်ရေး ပဋိပက္ခတွေမှာ  အာကာသ နဲ့  ဆိုင်ဘာစပေ့စ် နည်းလမ်းတွေ ပါလာမယ်ဆိုတဲ့ ပါရာဒိုင်း အသစ်တွေ ရေးဆွဲထား ကြပြီဆိုတာ ဖော်ပြ နေကြောင်း အိန္ဒိယ စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အနီးလ် ကူးမား ဘတ် (Anil Kumar Bhatt) က ပီတီအိုင် ဗီဒီယိုနဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ ပြောလိုက်တာပါပဲ။ သူက မောင်းသူမဲ့ ယာဉ်ပျံ တွေဟာ ခေတ်သစ်စစ်ဆင် ရေးမှာ ပါရာဒိုင်း အသစ်ကို လုံးလုံး ဖန်တီး နေတယ်။ ကမ္ဘာနိုင်ငံ အသီးသီးက စစ်တပ်တွေဟာ လက်နက်ကောင်းတွေ တပ်ဆင်ထားတဲ့ အာမေး နီးယား စစ်တပ်ကို ရှုံးတော့မယ့်ဆဲဆဲမှာ အဇာဘိုင်ဂျန် စစ်တပ်က ထူးထူးခြားခြား အောင်ပွဲ ရလိုက် တာကနေ စပြီး သတိထား မိလာကြတာလို့ သူကဆိုပါတယ်။

        ဒရုန်းတွေဟာ တူရကီနိုင်ငံလုပ်တွေ ဖြစ်တယ်။ တူရကီဟာ ပါကစ္စတန်နိုင်ငံကိုလည်း ဒရုန်းတွေ ရောင်းချခဲ့ပြီး  အိန္ဒိယနိုင်ငံရဲ့ ဝေဟင်ပိုင်နက် အတွင်းကို အုပ်ဖွဲ့ လွှတ်တင်ပြီး သတင်းထောက်လှမ်းရေး တွေ လုပ်နေတယ်။ တချို့ဒရုန်းတွေမှာ လက်နက်တွေတောင် ပါသေးတယ်လို့ ဆိုတယ်။ ၂ဝ၁၇ ခုနှစ်နဲ့ ၂ဝ၂ဝ ပြည့်ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံတွေရဲ့ စစ်ပွဲ နှစ်ကြိမ်စလုံးမှာ ရူပီး နှစ်သိန်းလောက်ပဲ တန်တဲ့ အတော် ကလေး ဈေးပေါတဲ့ ဒရုန်းတွေဟာ ရူပီးငွေ ကုဋေ ၂ဝ-၃ဝ တန်တဲ့ သံချပ်ကာ တင့်ကားကြီးတွေကို ဖျက်ဆီးပစ်နိုင် စွမ်းရှိတာကို ဘတ်က သဘောတူခဲ့တယ်။ အဲဒီ အချက်က အနာဂတ် စစ်နယ်ဝန်းမှာ ဒရုန်းတွေ မှိုလိုပေါက်နေမယ် ဆိုတာ ရှင်းရှင်း လင်းလင်း ဖော်ပြ နေပါတယ်။

ရည်ညွန်း –

၁။ Times of India

၂။ The Economist Times

၃။ The Guardian

၄။ Defense news.com

Click to rate this post!
[Total: 0 Average: 0]