အမေရိကန် သမ္မတသစ် ဒေါ်နယ် ထရမ့်က သူသမ္မတ မဲဆွယ်ပွဲတွေတုန်း ကတည်းက ကြုံးဝါးနေတဲ့ အမေရိကန် နိုင်ငံကို ပစ္စည်းတွေ တင်သွင်းနေတဲ့ နိုင်ငံတွေက သွင်းကုန်တွေကို အတွက် အခွန်နှုန်းက နည်းခဲ့တာကို အပြစ်ပေးတဲ့အနေနဲ့ နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တွေ တိုးမြှင့်လိုက်တဲ့ အမိန့်ကို ဧပြီလ (၂) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားလုံးအပေါ်မှာ လက်ရှိ ကောက်နေတာထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံအပေါ် နိုင်ငံအလိုက် တိုးမြှင့်လိုက်တဲ့ နှုန်း အတိအကျ နဲ့ ထုတ်ပြန်တာပါ။ ဒီလို တိုးမြှင့် ကောက်ခံမှုဟာ ဧပြီလ (၉) ရက်နေ့ကစပြီး အသက်ဝင်မယ် လို့လည်း ဆိုခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ပြီး သိပ်မကြာခင် ဧပြီလ (၉) ရက်နေ့မှာတော့ ရက် (၉၀) ဆိုင်းငံ့လိုက်ကြောင်း ဒါပေမဲ့ အားလုံးကို တစ်ပြေးညီကောက်မယ့် အောက်ထစ် ၁၀ ရာခိုင်နှုန်း ကတော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။ စင်္ကာပူနိုင်ငံ ယူဆွတ် အီရှက်ဖ် တက္ကသိုလ်မှာ ဧည့်သည်ပါမောက္ခ အဖြစ်ရောက်နေတဲ့ စီးပွားရေး ပညာရှင် ဂျေရန့် မန်နွန် က စီအန်အေ သတင်းဌာနကို ပြောတာက ဒီလို ဆိုင်းငံ့တဲ့ကာလကို ခေတ္တခဏ တပ်တွေကို ပြန်ဆုတ်ပြီး “အပစ်အခတ် ရပ်စဲတာ” လို့ သုံးနှုန်းပါတယ်။ ထရမ့် နဲ့ အိမ်ဖြူတော် ပြန်ကြားရေးဌာနကို သတင်းထောက်တွေက ဒီလို တိုးပြီးကောက်တာဟာ တကယ်ပဲ တိုးကောက်ချင်လို့လား၊ ပို့ကုန်ပို့တဲ့ နိုင်ငံတွေက အမေရိကန်ကို ချဉ်းကပ်လာရင် ညှိနှိုင်းဖို့အတွက် တမင်သက်သက် လမ်းကြောင်း ဖွင့်ပေးဖို့ လုပ်တာလား ဆိုတာကိုတော့ ဝေ့လည်ကြောင်ပတ်နဲ့ မယုတ်မလွန် စကားတွေနဲ့ ပြန်ဖြေပါတယ်။
ဧပြီ (၉) ရက်နေ့က ဆိုင်းငံ့တဲ့ စာရင်းမှာတော့ တရုတ် နိုင်ငံ ပါဝင်တာ မတွေ့ရပါဘူး။ တရုတ်ကို ဆိုင်းငံ့မပေးတဲ့ အပြင် ထပ်တိုးပြီး စုစုပေါင်း ၁၄၅ ရာခိုင်နှုန်း သွင်းကုန်အခွန် တိုးမြှင့်လိုက်သေးတယ်။ လောလောဆယ် အခြေအနေကတော့ အမေရိကန် နိုင်ငံတစ်ဝန်းတော့ ဆူဆူညံညံ အသံတွေ ထွက်လို့ နေပါတယ်။ အမှန်တော့ သွင်းကုန်အခွန် တိုးကောက်တာဟာ ပစ္စည်းသွင်းတဲ့ နိုင်ငံက ဘာမှ ထပ်ဆောင်း ပေးစရာမလိုဘူး။ ပိုပေးလိုက်ရတဲ့ အခွန်တန်ဖိုးကို စားသုံးသူ အမေရိကန် ပြည်သူတွေ ကသာ ထပ်ဆောင်း ပေးရမယ့် သဘောပါ။ အဲဒီအခါ နိုင်ငံခြားက တင်သွင်းကုန်တွေ စျေးမတန်တဆ တက်လာမယ်၊ သူတို့ပစ္စည်းတွေ စျေးတက်လာတော့ ပြည်တွင်းက စျေးသက်သာတဲ့ ပစ္စည်းကို ပြောင်းသုံးကြဖို့နဲ့ ပြည်တွင်းမှာ လူသုံးကုန် ပစ္စည်းတွေ ပိုထုတ်ကြဖို့ ဒါဆို ပြည်တွင်းက လူတွေ အလုပ်အကိုင်တွေ ရကြပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နောက်တနည်းကလဲ ဒါဆိုရင် ပစ္စည်းသွင်းတဲ့ နိုင်ငံတွေက သူတို့ပစ္စည်းတွေ မရောင်းရတော့လို့ ဒုက္ခ ရောက်မယ်။ အမေရိကန်ဆီကို ခယပြီး ရောင်းကြရမယ်။ ဒါကိုထရမ့်က လိုချင်တာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ ဖြစ်နိုင်ရဲ့လား။ လူတွေဆီက ဆူသံ ပူသံတွေကို ထရမ့်က ရွှေရောင် နေ့ရက်များဆီ ရောက်ဖို့ ခဏတော့ ဒုက္ခခံကြရမှာပေ့ါလို ခပ်တည်တည်ပဲ ပြောပါတယ်။ လူသုံးကုန် ပစ္စည်းနဲ့ အခြား တိုလီမုတ်စ ပစ္စည်းတွေကို နိုင်ငံခြား အထူးသဖြင့် တရုတ်နိုင်ငံက သွင်းကုန်တွေကို မှီခိုနေတဲ့ အမေရိကန်မှာ ဒီနှစ် ခရစ္စမတ်ကာလမှာ ကလေးတွေကို လက်ဆောင်ပေးဖို့ အရုပ်တွေ ပြတ်လပ်မယ့် အရေး မြင်နေ ကြရပါပြီ။ ဒါကို သမ္မတ ထရမ့်ကို ဘယ်လိုဖြေရှင်းမလဲလို့ သတင်းထောက် တွေက မေးတဲ့အခါ သူက “မိန်းကလေးငယ်တစ်ယောက်မှာ အရုပ်ပေါင်း သုံးဆယ် ရှိစရာမလိုဘူး သုံးခု လေးခု ငါးခု လောက် ရှိရင် တော်လောက်ပြီပေ့ါ” လို့ ပြန်ဖြေပါတယ်။ သူ့ရဲ့ နောက်တော်ပါး တွေကလည်း သူ့လေသံအတိုင်း ဒီလိုပဲ လိုက်ပြောနေကြပါတယ်။
ထရမ့်ရဲ့ အကြံအစည်က ဘယ်နည်း ဘယ်ပုံအထိ အောင်မြင်မလဲ ဆိုတာတော့ အခုထိ မမြင်ရ သေးပါဘူး။ စီးပွားရေး ပညာရှင် တော်တော်များများကတော့ ဒီဘက်ခေတ်ကြီးမှာ သူ့နည်းလမ်းက အလုပ်မဖြစ်ဘူး လို့ သုံးသပ်ကြပါတယ်။ ဘယ်သူကများ တိတိပပ ပြောနိုင်ကြမှာလဲ။
ကမ္ဘာတစ်ဝန်းမှာလည်း ဒီဂယက်နဲ့ ရုတ်ရုတ်သဲသဲနဲ့ ဖြစ်ကုန်ကြပါပြီ။ တရုတ်နိုင်ငံကနေ အမေရိကန်ကို ပစ္စည်းတွေကို ကွန်တိန်နာ တွေနဲ့ ပို့နေတာမှာ ကွန်တိန်နာ အရေအတွက် ၂၅ ရာခိုင်နှုန်း လောက် လျော့ကျသွားတယ်လို့ သင်္ဘော ကုမ္ပဏီ များအဖွဲ့က ထုတ်ပြန်ပါတယ်။ အမေရိကန်ဘက်ဆီ ဦးတည်သွားနေတဲ့ သင်္ဘောတွေဟာ ရုတ်တရက် ထွက်လာတဲ့ အခွန်တိုးကောက်မယ့် သတင်းကြောင့် အမေရိကန်ဆီ မသွားတော့ဘဲ လမ်းကြောင်းပြောင်းကာ ဥရောပက ရော့တာဒန်၊ ဟန်းဘက်ခ် စတဲ့ ဆိပ်ကမ်းတွေမှာ ကုန်တွေတွေ ချခဲ့လို့ ဥရောပ ဆိပ်ကမ်းတွေမှာ ကွန်တိန်နာတွေ တစ်ပုံတစ်ပင်နဲ့ ဖရိုဖရဲ ပရမ်းပတာတွေ ဖြစ်ကုန်ကြတယ်။
တရုတ် သွင်းကုန်တွေအပေါ် အားထားနေရတဲ့ အမေရိကန် လက်လီ ကုန်သည်ကြီးတွေက ဘာလုပ် ကြမလဲ။ တချို့ က ရှိတာတွေ အကုန်မရောင်းဘဲ ချန်ထားတာ၊ တချို့က လုပ်ငန်းကို ချုံ့ပစ်တာ၊ လူလျှော့တာ၊ တချို့ဆို အပြီး ပိတ်သိမ်းတာတွေ လုပ်ကုန်ကြပါတယ်။ တရုတ်နိုင်ငံ တစ်ခုတည်းကို အားမကိုးတော့ဘဲ အာရှဘက်က ဗီယက်နမ်၊ အိန္ဒိယ နိုင်ငံတွေဆီကိုလည်း ခြေဦး လှည့်ကြတော့တယ်။ ဒါပေမဲ့ ဒါတွေက ဆေးမြီးတိုတွေပါ။ ဒီဆောင်းပါး ရေးနေတဲ့ အချိန် မေလလယ်လောက်အထိမှာတော့ ဗြိတိန်နိုင်ငံ နဲ့ နောက်ထပ် တရုတ်နိုင်ငံတွေနဲ့ ယာယီ ကုန်သွယ်စစ် ပြေငြိမ်းရေး သဘောတူညီချက်တစ်ချို့ ရတယ်လို့ ဆိုပါတယ်။ အပြီးအပြတ် မဖြစ်သေးသလို ဘာဖြစ်လာမယ်ဆိုတာလဲ ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။
ဒါဆို မြန်မာနိုင်ငံက ပို့ကုန်တွေရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ထရမ့် အသစ်သတ်မှတ်လိုက်တဲ့ သွင်းကုန်ခွန် အသစ်က မြန်မာနိုင်ငံက ပစ္စည်းတွေ အပေါ် ၄၄ ရာခိုင်နှုန်း ခုန်တက်သွားပါတယ်။ အေအက်ဖ်ပီ သတင်းဌာနက MGMA မြန်မာ့ အဝတ်အထည် ထုတ်လုပ်သူများ အသင်းကြီးက ပြောတာကို ကိုးကားပြီး “မြန်မာ့ရဲ့ ယိုင်နဲ့နဲ့ စီးပွားရေးဟာ အမေရိကန်သွင်းကုန် အသစ်ကြောင့် အထိ နာစေမယ်။ အထူးသဖြင့် အမျိုးသမီးငယ် ငါးသိန်းလောက် အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်ငန်းအတွက် စိုးရိမ်စရာ အလွန်ကောင်းပါတယ်” လို့ ရေးသားထားပါတယ်။ MGMA ကတော့ “မြန်မာနိုင်ငံအတွက် သက်သက် ညှာညှာ အခွန်တစ်မျိုး စည်းကြပ်ရန် စဥ်းစားပေးဖို့” အမေရိကန်ကို မေတ္တာရပ်ခံထားကြောင်း” ပြောပါတယ်။ ဘယ်သူက တာဝန်ယူပြီး အမေရိကန်ကို ချဥ်းကပ်နေသလဲ ဆိုတာတော့ အသေးစိတ် ဖော်ပြမထားပါဘူး။
အမေရိကန် ကုန်သည်ရေးရာ အေဂျင်စီရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ် (၂၀၂၄ ခုနှစ်) က နှစ်နိုင်ငံ ကုန်သွယ်ရေး ဒေါ်လာ ၇၃၄ သန်း ရှိခဲ့ကြောင်း၊ ဒီအထဲမှာ မြန်မာနိုင်ငံက ပို့ကုန်တန်ဖိုးက ဒေါ်လာ ၆၅၆.၅ သန်း ရှိခဲ့သလို အရင်နှစ် (၂၀၂၃ ခုနှစ်) ကထက် ၂၃.၅ ရာခိုင်နှုန်း လျော့နည်း သွားတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က ထုတ်ပြန်တဲ့ သွင်းကုန်အချက်အလက်တွေ အရ တရုတ်နိုင်ငံက အဝတ်အထည် တင်ပို့မှု အများဆုံးဖြစ်ပြီး သူ့နောက်က ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ နဲ့ အိန္ဒိယတို့ လိုက်ပါတယ်။ မြန်မာနိုင်ငံက အဆင့်ဘယ်လောက်ရှိလဲဆိုတဲ့ အချက်အလက်များ ရှာမတွေ့ပါ။ မြန်မာနိုင်ငံက ပို့ကုန် သွင်းကုန်နဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကိုတော့ ၂၀၂၂ ဇူလိုင်လအထိ အောက်ပါအတိုင်း တွေ့ရှိပါတယ်။ ဒီ အချက်အလက်အရဆိုရင်လဲ အမေရိကန်ဖက်က ထုတ်ပြန်တဲ့ အချက်အလက်နဲ့ ကွဲလွဲမှု သိပ်မရှိဘူး လို့ အကြမ်းဖျင်း မှတ်ယူလို့ ရပါတယ်။ မြန်မာနိုင်ငံက အမေရိကန်ဘက်ကန ပြန်တင်သွင်းတဲ့ သွင်းကုန် တန်ဖိုးကတော့ ပျမ်းမျှ ခန့်မှန်းခြေ သွင်းကုန်ရဲ့ ၂၀-၃၀ ရာခိုင်နှုန်း ကြားလောက်သာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း သမ္မတထရမ့်က ကုန်သွယ်ရေး မညီမျှမှုတွေ ရှိနေတာလို့ ယူဆပြီး တန်ပြန် လက်စားချေတဲ့ အနေနဲ့ သူ့ဆီသွင်းလာတဲ့ ပစ္စည်းတွေ အပေါ် အခွန်တွေ တိုးကောက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံအားလုံး အပေါ်မှာ မကျေနပ်တဲ့ သဘောရှိ ပါတယ်။
ရနိုင်သမျှ စုဆောင်းခဲ့တဲ့ အချက်အလက်များကို ကြည့်ပြီး ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွက် ပို့ကုန် တန်ဖိုး ကတော့ ၅၉၈.၀၃ သန်းရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ အထိ ခုနစ်လ အတွင်း ပို့ကုန်တန်ဖိုးက ဒေါ်လာ ၄၉၂.၁ သန်း ဖြစ်တာမို့လို့ ၁၂လအတွက် ပျမ်းမျှထား တွက်ကြည့်ရင် ၈၄၃.၂ သိန်း လောက်ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီအထဲမှာ အများဆုံးပို့ကုန် အမျိုးအစားက အဝတ်အထည် ဆိုတာ အောက်ပါ အတိုင်းမြင်နိုင်ပါတယ်။


Trendeconomy.com မှာ မြန်မာနိုင်ငံရဲ့ နှစ်စဥ် ပို့ကုန်တန်ဖိုးဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၁၄.၇ ရှိတယ်လို့ ဖော်ပြထားပါတယ်။ တွင်းထွက် သယံဇာတ ပို့ကုန် အချိုးအစားက ၂၅% နဲ့ ပထမဆုံး နေရာမှာ ရှိနေပြီး ဒုတိယလိုက်တဲ့ အများဆုံးပို့ကုန်ကတော့ အဝတ်အထည် အမျိုးအစားဖြစ်ကာ ၂၀% (တန်ဖိုးအားဖြင့် ဒေါ်လာ ၃ ဘီလီယံ) လို့သိရပါတယ်။ မြန်မာနိုင်ငံက အများဆုံး တင်ပို့တဲ့ နိုင်ငံထဲမှာ အမေရိကန်က နံပါတ် (၅) ချိတ်ပါတယ်။
အနီးကပ် လေ့လာကြည့်မယ်ဆိုရင် ဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်း အာပေါင်အာရင်းသန်သန်နဲ့ လုပ်လိုက်မယ် ကိုင်လိုက်မယ်လို့ ကြုံးဝါးနေပေမယ့် သူ့ကို ထောက်ခံသူတွေ လျော့နည်းမသွားအောင် သူ့နိုင်ငံက နာမည်ကြီး ထုတ်ကုန် အမှတ်တံဆိပ်တွေရဲ့ စတော့စျေးကွက် ခိုင်မာအောင် သူလုပ်ရမှာပါ။ လာမည့် ရက်သတ္တပတ်များမှာတော့ ဘာထူးခြားလာမလဲ ဆိုတာ စောင့်ကြည့်ကြရမှာပါပဲ.
ကိုးကား
၁) www.containerlift.co.uk/trumps-tariff-tsunami-how-global-shipping-is-bracing-for-impact/
၂) www.usimportdata.com/blogs/us-textile-import-data-by-country-top-usa-textile-importers
၃) www.france24.com/en/live-news/20250408-myanmar-garment-manufacturers-warn-us-tariffs-imperil-quake-recovery
၄) ကုန်သွယ်ရေး ဆိုင်ရာ အချက်အလက်များကို trendeconomy.com/data/h2/Myanmar/TOTAL
နှင့် www.mmsis.gov.mm/ မှ ရယူ တင်ပြထားပါသည်။

