The Corner

The Corner

cropped-Logo_round_grey-background.png

Beatles သို့မဟုတ် နှစ်ပေါင်းများစွာတိုင်အောင် မမှေးမှိန်နိုင်တဲ့ ဂီတအမွေအနှစ် ယောဇက် ( အာခါ-လားဟူ)

Share မယ်

ဂီတချစ်သူတို့ရေ…..

Photo: Deviantart

ဘီတဲလ်စ်အကြောင်း နည်းနည်းလောက် ပြောကြရအောင်။ ဘီတဲလ်စ် အကြောင်းဆို ဂီတချစ်သူတွေ မသိသူ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် တစ်ခြား သိစရာ ဘာတွေ ကျန်သေးလဲ။

           အင်္ဂလိပ်လူမျိုး အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာ ဘရိုင်ယန် မာဂီဆိုတဲ့လူက ၁၉၆၇ ခုနှစ်မှာ ပြောခဲ့တာလေးတစ်ခုရှိတယ်။ သူကပြောတာက အသက် ၄၀ လောက်ရှိပြီဖြစ်တဲ့ ဂျော့ခ်ျ ဂါးရွှင်တို့၊ ကိုးလ် ပေါ်တာတို့၊ ဂျရုမ်း ကာန်တို့လို လူတွေရဲ့ သီချင်းတွေဟာ အဲ့ဒီအချိန်အထိ လူကြိုက်များနေတုန်း ပဲတဲ့။ အဲ့ဒီတုန်းက အသံနေအသံထားထက် စည်းချက်နဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အသံပေါင်းစပ်မှု အသစ်တွေ ကို ပိုပြီး အာရုံစိုက်လာတဲ့ခေတ်လေ။ အဲ့ဒါကြောင့် သူက ၁၉၆၀ ပြည့်လွန် နှစ်တွေရဲ့ ဘီတဲလ်သီချင်းတွေက အဲ့ဒီလို နှစ်အကြာကြီး လူကြိုက်များပါ့မလားလို့ သံသယဝင်ခဲ့တယ်။

           ဆိုလိုတာက အဲ့ဒီတုန်းက လူတွေက ဘီတဲလ်လ်ရဲ့ သီချင်းတွေဟာ အဲ့လောက်ထိ ရေရှည်မှာ လူကြိုက်များမယ်လို့ သိပ်မထင်ခဲ့ကြဘူးပေါ့။ အခုချိန်မှာတော့ ဘီတဲလ်လ်ရဲ့ သီချင်းတွေကို ဘယ်လောက်အထိ လူကြိုက်များ‌ဆဲဆိုတာ အချိန်က သက်သေပြခဲ့ပါပြီ။ အဲ့ဒီတုန်းက လူတွေရဲ့ အတွေးနဲ့ အခုလက်ရှိ အခြေအနေနဲ့ ဘယ်လောက်ကွာခြားသွားလဲဆိုတာ တွေးကြည့်လို့ရတာပေါ့။

           ဘာလို့လဲဆိုတော့ “Eleanor Rigby” တို့၊ “Norwegian Wood” တို့၊ “Yesterday” တို့ဆိုတဲ့ သီချင်းတွေဟာ အခုချိန်ထိ ကမ္ဘာအနှံ့မှာ လူကြိုက်များနေတုန်းပဲ။ ရှေးခေတ် ဂန္တဝင် သီချင်းတွေ လိုမျိုးပေါ့။

ဩဇာအရှိဆုံး ရော့ခ်ဂီတအဖွဲ့

           ဘီတဲလ်ဆိုတာကတော့ သမိုင်းတစ်လျှောက် အကျော်ကြားဆုံးနဲ့ ဩဇာအရှိဆုံး ရော့ခ်ဂီတ အဖွဲ့တွေထဲကတစ်ခုပဲ။ သူတို့ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့မှာ စတင်ခဲ့တာ။

အဖွဲ့ဝင်အဓိက လေး ယောက်ကတော့ —

       John Lennon (ဂျွန် လင်နွန်) – အဆို၊ ရစ်သမ်ဂစ်တာ

       Paul McCartney (ပေါလ် မက်ကာ့တ်နီ) – အဆို၊ ဘေ့စ်ဂစ်တာ

       George Harrison (ဂျော့ခ်ျ ဟာရီဆန်) – လိဒ်ဂစ်တာ၊ အဆို Ringo Starr (ရင်ဂို စတား) – ဒရမ်၊ အဆို

Photo: Pexels

           သူတို့ရဲ့ တေးဂီတတွေဟာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာကို စွဲလန်းစေခဲ့ပြီး ယနေ့အထိလည်း သူတို့ရဲ့ သီချင်းတွေဟာ နာမည်ကျော်ကြားဆဲပါပဲ။  “Hey Jude”, “Let It Be”, “Yesterday”, “Strawberry Fields Forever” အစရှိတဲ့ နာမည်ကြီးသီချင်းတွေ အများကြီးရှိတယ်။ The Beatles ဟာ ၁၉၇၀  ပြည့်နှစ်မှာ တရားဝင် အဖွဲ့ကွဲသွားပေမယ့် သူတို့ရဲ့ ဂီတအမွေအနှစ်ကတော့ ထာဝရ ကျန်ရှိနေဆဲပါ။

           သူတို့ နာမည်ကြီးလာတဲ့ ပုံစံကလည်း တော်တော်လေးကို ထူးခြားတယ်။ အဲဒီအချိန်တုန်း ကဆိုရင် ဆယ်ကျော်သက်တွေဆိုတာ အရင်က သိပ်အရေးမထားကြတဲ့ ဈေးကွက်တစ်ခုအနေနဲ့ တဖြည်းဖြည်း နေရာရလာတယ်။ အဲဒီအချိန်မှာပဲ ရုပ်မြင်သံကြားဆိုတဲ့ မီဒီယာကလည်း လူတွေရဲ့ ဘဝထဲကို တိုးဝင်လာပြီး တော်တော်လေးကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတယ်။

           အဲဒီလို အချိန်အခါမျိုးမှာ ဘီတဲလ်စ်က သူတို့ရဲ့ တမူထူးခြားတဲ့ ဂီတစတိုင်လ်၊ ဖမ်းစားနိုင်တဲ့ ပုံရိပ်တွေနဲ့ ဆယ်ကျော်သက်တွေကို တန်းပြီး ဆွဲဆောင်နိုင်ခဲ့တယ်။ ရုပ်မြင်သံကြားကိုလည်း တော်တော်လေးကို လိမ္မာပါးနပ်စွာ အသုံးချပြီး သူတို့ရဲ့ နာမည်ကို တဟုန်ထိုး မြှင့်တင်နိုင်ခဲ့တယ်။ အရင်တုန်းက နာမည်ကြီးတဲ့ အနုပညာရှင်တွေနဲ့ လုံးဝမတူတဲ့ ပုံစံနဲ့ သူတို့ဟာ နာမည်ကျော်ကြားမှုရဲ့ သဘောသဘာဝကို လှန်လှောပြောင်းလဲပစ်လိုက်တာ။

           ဘီတဲလ်စ်ဟာ သူတို့ရဲ့ ဂီတအရည်အသွေးတင်မကဘူး၊ သူတို့ရဲ့ ထူးခြားတဲ့ နာမည်ကြီးလာပုံနဲ့ ယဉ်ကျေးမှုအပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့ အချက်တွေကြောင့်လည်း ယနေ့ထိတိုင် လူတွေ စိတ်ဝင်တစား ရှိနေကြတဲ့ သမိုင်းဝင် ဂီတအဖွဲ့ကြီးအဖြစ် ရပ်တည်နေနိုင်တာပေါ့။ သူတို့ဟာ အဲဒီခေတ် ပြောင်းလဲမှုရဲ့ အဓိက သာဓကတစ်ခုပဲလို့ ပြောလို့ရတယ်။

စာအုပ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေ

           အခုချိန်ထိ လူတွေက ဘီတဲလ်စ်အကြောင်းကို စိတ်ဝင်တစား ရှိနေတုန်းပဲ။ ဒါကြောင့်လည်း သူတို့အကြောင်း စာအုပ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်ရှင်တွေ အများကြီး ထွက်နေတာပေါ့။ မကြာသေးခင်က ထွက်ထားတဲ့ စာအုပ်တွေနဲ့ ရုပ်ရှင်အချို့ကို ဖော်ညွှန်းရရင်…

            “One Two Three Four” (၂၀၂၀) ဆိုတဲ့ ခရေ့ဂ် ဘရောင်းရဲ့ စာအုပ်။ ဒီစာအုပ်ထဲမှာ ဘီတဲလ်စ်ရဲ့ သက်ရောက်မှုက မျိုးဆက်ပေါင်းများစွာကို ဘယ်လို လွှမ်းမိုးခဲ့လဲဆိုတာကို ပြောပြထားတယ်။ တော်တော်လေးကို လေးနက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ထဲမှာ ဘီတဲလ်လ်အဖွဲ့ရဲ့ ဂီတအပေါ် သက်ရောက်မှုက မျိုးဆက်တစ်ခုပြီးတစ်ခု ဘယ်လို လွှမ်းမိုးသွားလဲဆိုတာကို အသေးစိတ် ပြောပြထားတယ်။

           ဆိုလိုတာက ဘီတဲလ်လ်ရဲ့ သီချင်းတွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ သူတို့ရဲ့ ပုံစံတွေက အဲ့ဒီတုန်းက လူငယ်တွေအပေါ်မှာတင် မဟုတ်ဘဲ နောက်ပိုင်းပေါ်လာတဲ့ လူငယ်တွေအပေါ်မှာပါ ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့လဲဆိုတာကို လေ့လာထားတဲ့ စာအုပ်ပေါ့။

           ဘီတဲလ်လ်ရဲ့ သမိုင်းကြောင်းကို နက်နက်နဲနဲ သိချင်တဲ့သူတွေအတွက် ဒါမှမဟုတ် ဂီတရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို စိတ်ဝင်စားတဲ့သူတွေအတွက် သင့်တော်တဲ့ စာအုပ်ပါ။

           “Love and Let Die” (၂၀၂၂) ဆိုတဲ့ ဂျွန် ဟစ်ဂ်စ်ရဲ့ စာအုပ်။ ဒီစာအုပ်ထဲမှာ ဘီတဲလ်စ် (အမြဲတမ်း ရှေ့ကိုကြည့်ပြီး ခေတ်ကို ပြောင်းလဲချင်တဲ့သူတွေ) နဲ့ ဂျိမ်းစ်ဘွန်း (ရိုးရာကို မြတ်နိုးပြီး စည်းကမ်းကို တန်ဖိုးထားတဲ့သူ) တို့ကို နှိုင်းယှဉ်ပြထားတယ်။ ဘယ်လိုတွေ တူညီကွဲပြားလဲဆိုတာ ဖတ်ကြည့်ရင် တော်တော်လေး အတွေးဝင်စရာကောင်းမှာပါ။

           “Get Back” (၂၀၂၁) ဆိုတဲ့ ပီတာ ဂျက်ဆင်ရဲ့ နာရီ ရှစ်နာရီနီးပါး ရှည်တဲ့ မှတ်တမ်းရုပ်ရှင်။ သူတို့ရဲ့ နောက်ဆုံး အယ်လ်ဘမ်ကို ဘယ်လို ဖန်တီးခဲ့လဲဆိုတာကို အသေးစိတ် ပြထားတယ်။ ဘီတဲလ်စ်ရဲ့ နောက်ဆုံးအချိန်တွေကို ပရိသတ်တွေ မြင်တွေ့ခွင့်ရခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဆိုတော့ တော်တော်လေး အမှတ်တရ ဖြစ်စရာပဲ။

           ဘီတဲလ်လ်အဖွဲ့ဝင်တွေ စတူဒီယိုထဲမှာ သီချင်းတွေ တီးခတ်နေကြတာ၊ စကားပြောနေကြတာ၊ သီချင်းစာသားတွေ ရေးနေကြတာ အစရှိတဲ့ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို ပရိသတ်တွေ တော်တော်လေး နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မျိုးပါ။  နာရီရှစ်နာရီနီးပါးဆိုတော့ တော်တော်လေး ရှည်တဲ့ ရုပ်ရှင်ပဲနော်။ ဒါပေမဲ့ ဘီတဲလ်လ်ကို တကယ်ချစ်တဲ့ ပရိသတ်တွေအတွက်တော့ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို မြင်တွေ့ခွင့်ရတာ တော်တော်လေး အမှတ်တရ ဖြစ်စရာပဲ။ အဖွဲ့ဝင်တွေ ဘယ်လို အလုပ်လုပ်ကြလဲ၊ ဘယ်လို စိတ်ခံစားချက်တွေ ရှိနေလဲဆိုတာကို မြင်ရတော့ သူတို့အကြောင်းကို ပိုပြီး နားလည်လာနိုင်တယ်။

           ဘီတဲလ်လ်အဖွဲ့ကွဲသွားတဲ့ အချိန်ကတော့ ပရိသတ်တွေအတွက် တော်တော် ဝမ်းနည်းစရာ ကောင်းတဲ့ အချိန်ပဲ။ အဲ့ဒီလို အချိန်မတိုင်ခင် သူတို့ ဘာတွေလုပ်ခဲ့လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပြန်ကြည့်ရတာ စိတ်ထဲမှာ တမျိုးခံစားရမှာပဲနော်။ ဘီတဲလ်လ်ရဲ့ ပရိသတ်စစ်စစ်ဆိုရင်တော့ ဒီရုပ်ရှင်ကို မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကြီးပဲလို့ ပြောလို့ရတယ်။

           နောက်ပြီး ၂၀၂၈ ခုနှစ်လောက်မှာ နာမည်ကြီး ဒါရိုက်တာ ဆမ် မန်ဒက်စ်က ဘီတဲလ် တစ်ယောက်စီအကြောင်း ရုပ်ရှင်လေးကား ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်လို့လည်း ကြားထားတယ်။ ဘီတဲလ်စ်ရဲ့ အထုပ္ပတ္တိကို ရုပ်ရှင်အဖြစ် ကြည့်ရမယ်ဆိုတော့ တော်တော်လေး စိတ်လှုပ်ရှားစရာပဲနော်။

           နောက်ဆုံးအနေနဲ့ အီယန် လစ္စလီရဲ့ “John and Paul” ဆိုတဲ့ စာအုပ်အသစ်။ ဒီစာအုပ်က ဂျွန် လင်နွန်နဲ့ ပေါလ် မက်ကာ့တနီတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးအကြောင်းကို အဓိကထား ပြောပြ ထားတယ်။ သူတို့ရဲ့ ခင်မင်မှုက သူတို့ကို ပိုသန်မာစေပေမဲ့ နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေနဲ့ ဝမ်းနည်းစရာ တွေလည်း ဖြစ်ခဲ့ရတယ်တဲ့။ သူငယ်ချင်းနှစ်ယောက်ရဲ့ အတက်အကျကို ဖတ်ရှုရမှာ စိတ်ဝင်စားဖို့ကောင်းမှာ သေချာတယ်။

           အဲဒီစာအုပ်ထဲမှာ သူတို့ရဲ့ သီချင်းတွေက သူတို့ရဲ့ ဘဝတွေကို ဘယ်လို ထင်ဟပ်လဲဆိုတာ ကိုလည်း ဖော်ပြထားတယ်။ ဥပမာ လင်နွန်ရဲ့ သီချင်းစာသားတွေက ကဗျာဆန်ပြီး အတွေးအများကြီး ပါသလို၊ ပေါလ်ရဲ့ “Lady Madonna” သီချင်းက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သူ့အမေ ဆုံးသွားတဲ့အတွက် ဝမ်းနည်းမှုတွေကို ဆက်စပ်ပြထားတာမျိုးပေါ့။

           ဘီတဲလ်စ်ရဲ့ သီချင်းတွေဟာ တီထွင်ဆန်းသစ်မှုတွေ အများကြီးပါဝင်တယ်။ ပုံပြင် ပြောပြတဲ့ဟန်နဲ့ အတူတူ သီဆိုတဲ့အရာတွေကို သုံးပြီး ပိုနက်နဲတဲ့ အဓိပ္ပာယ်တွေနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုတွေ ကို ဖန်တီးခဲ့တယ်။ ရိုးရှင်းတဲ့ အချစ်သီချင်းတွေထက် ပိုပြီး ဟာသဉာဏ်နဲ့ မသေချာ မရေရာမှု တွေကိုလည်း ထည့်သွင်းခဲ့တာ တွေ့ရတယ်။ သူတို့ရဲ့ သီချင်းတွေက ပေါလ် မက်ကာ့တနီရဲ့ “Lady Madonna” လို ကိုယ်ရေးကိုယ်တာနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကိုလည်း ထင်ဟပ်စေတယ်။ အဲဒီသီချင်းက သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ရုန်းကန်မှုနဲ့ ခံနိုင်ရည်ရှိမှုဆိုတဲ့ အကြောင်းအရာတွေကို ဆက်စပ်ပြထားတာကို တွေ့နိုင်တယ်။

ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှု

           ပိုပြီးပြောရရင် ဘီတဲလ်စ်ဟာ ကြီးမားတဲ့ ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုရှိခဲ့တယ်။ သူတို့ဟာ လူငယ်ယဉ်ကျေးမှုကို ပုံဖော်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ ခွဲခြား ဆက်ဆံမှု ဆန့်ကျင်ရေးလို လူမှုရေးလှုပ်ရှားမှုတွေကိုလည်း လွှမ်းမိုးခဲ့တယ်။ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ဂီတနဲ့ နာမည်ကျော်ကြားမှုအပေါ် ထင်မြင်ပုံတွေကို တော်တော်လေး ပြောင်းလဲပစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံက လူငယ်တွေကို ကွန်မြူနစ်ဝါဒကို မေးခွန်းထုတ်ဖို့ လွှမ်းမိုးခဲ့သလို နိုင်ငံရေး အတားအဆီးတွေကို ဖယ်ရှားရာမှာတောင် သူတို့ရဲ့ သီချင်းတွေက အကူအညီပေးခဲ့တယ်လို့ ဆိုရမယ်။

           ဘီတဲလ်စ်ရဲ့ သီချင်းတွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေဟာ ဒီနေ့အထိ စိတ်ဝင်စားဖို့ ကောင်းနေတုန်းပဲ။ မာဂီရဲ့ ဟောကိန်းက လုံးဝမှားကြောင်း သက်သေပြနေတယ်။ သူတို့ရဲ့ သက်ရောက်မှုက သီချင်းတွေထက် ပိုကြီးတယ်။ သူတို့ဟာ နာမည်ကျော်ကြားမှု၊ တီထွင်ဖန်တီးမှုနဲ့ ယဉ်ကျေးမှု သမိုင်းကို ဘယ်လို ပုံဖော်ခဲ့လဲဆိုတာကို အထင်အရှား ပြနေတာပဲ။ သူတို့ရဲ့ အမွေအနှစ်က ဒီနေ့အထိ လူတွေကို လွှမ်းမိုးနေတုန်းပဲဆိုတာ ပြောစရာတောင် မလိုတော့ဘူး။ ဘီတဲလ်စ်ဆိုတာ တကယ်ကို ထာဝရ ဂီတအဖွဲ့ပါပဲ။

           ၁၉၉၈ ခုနှစ်တုန်းက ဗြိတိန်မှာ လူတွေက ဘီတဲလ်စ်ကို လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ရဲ့ အကောင်းဆုံး ဂီတအဖြစ် ရွေးချယ်ခဲ့ကြတယ်။ သူတို့ဟာ ကမ္ဘာအနှံ့ နာမည်ကြီးပြီးတော့ ကမ္ဘာ့ ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အခုအထိ ရှိနေတယ်။

           ဘီတဲလ်စ်မတိုင်ခင် ဟန်ဒယ်တို့၊ မိုဇတ်တို့လို နာမည်ကြီး ဂီတသမားတွေ ရှိခဲ့ပေမဲ့ သူတို့ ဒီနေ့ခေတ်မှာ  ကမ္ဘာအနှံ့ နာမည်ကျော်ကြားမှုမျိုးတော့ မရှိ‌တော့ဘူး။ အဲဒီလို နာမည်ကျော်ကြားမှု မျိုးက တကယ်တော့ ရေဒီယိုတို့၊ သီချင်းအသံသွင်းမှုတို့လို အရာတွေနဲ့ စတင်ခဲ့တာ။

           ဘီတဲလ်စ်မတိုင်ခင်မှာ ဖရန့်ခ် ဆီနထရာတို့၊ အယ်လ်ဗစ် ပရက်စလေတို့လို အမေရိကန် အဆိုတော် တချို့ ကမ္ဘာအနှံ့ နာမည်ကြီးနေနှင့်ပြီးသား။ ဒါပေမဲ့ ၁၉၆၀ပြည့်လွန်နှစ် အစောပိုင်းမှာ ဘီတဲလ်စ်ဟာ နေရာတိုင်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိတဲ့ ပထမဆုံး ရော့ခ်band ဖြစ်လာပြီး သူတို့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ လီဗာပူးလ်မြို့ကိုလည်း သူတို့ ဇာတ်လမ်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်အောင် လုပ်ခဲ့တယ်။

ဗြိတိသျှ ကျူးကျော်မှု

           ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အမေရိကန်လူဦးရေ သန်း ၇၀ လောက်ဟာ Ed Sullivan Show လို့ခေါ်တဲ့ တီဗီရှိုးတစ်ခုမှာ ဘီတဲလ်စ်ကို ကြည့်ခဲ့ကြတယ်။ ဒါဟာ တော်တော်လေး ကြီးမားတဲ့ အခိုက်အတန့်ပဲ။အဲဒါက အမေရိကန်မှာရှိတဲ့ လူအများအပြားကို လီဗာပူးလ်က ဂီတသမား လေးယောက်ကို သိခွင့်ရစေခဲ့တယ်။ ဒီအဖြစ်အပျက်က အခုခေတ်မှာ  ဗြိတိသျှ ကျူးကျော်မှု “British Invasion” လို့ခေါ်တဲ့ အရာကို စတင်စေခဲ့တာ။ ဘီတဲလ်စ်မတိုင်ခင်က ဗြိတိသျှ သီချင်းတော်တော်များများဟာ အမေရိကန်ရဲ့ ထိပ်ဆုံးစာရင်းဝင်တဲ့အထိ မရောက်ခဲ့ဘူး။ ၁၉၆၃ ခုနှစ်မှာ ဗြိတိသျှသီချင်းတစ်ပုဒ်ပဲ အောင်မြင်ခဲ့ပေမဲ့ ၁၉၆၅ ခုနှစ်မှာတော့ ဗြိတိသျှ band အများအပြား ထိပ်ဆုံးစာရင်းကို ရောက်ခဲ့ကြတယ်။

           ဘီတဲလ်စ်ရဲ့ အမေရိကန်နဲ့ ကမ္ဘာအနှံ့ အောင်မြင်မှုက The Rolling Stones နဲ့ The Who တို့လို တခြား ဗြိတိသျှ band တွေလည်း နာမည်ကြီးလာဖို့ တံခါးဖွင့်ပေးခဲ့တယ်။

ဒါဆို ဘီတဲလ်စ် ဘာလို့ ဒီလောက် နာမည်ကြီးလာတာလဲ?

           တချို့လူတွေကတော့ band ရဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီက အရမ်းတော်ပြီး ကံကောင်းလို့လို့ ထင်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ သူတို့ရဲ့ ဂီတထဲကို မတူညီတဲ့ အသံတွေနဲ့ ယဉ်ကျေးမှု အများအပြားရဲ့ စတိုင်လ်တွေကို ရောစပ်လိုက်လို့လို့ ယုံကြည်ကြတယ်။ ဥပမာအားဖြင့် ဂျော့ခ်ျ ဟာရီဆင်က သူ့ရဲ့ “Norwegian Wood” သီချင်းထဲမှာ အိန္ဒိယတူရိယာဖြစ်တဲ့ စီတာကို သုံးခဲ့တာက သူဟာ မတူညီတဲ့ ဂီတအမျိုးအစားတွေကို နားလည်ကြောင်း ပြသနေတယ်။

           ဂျော့ခ်ျ ဟာရီဆင်က လိဒ်ဂစ်တာတီးတယ်။ တခါတလေ သီချင်းတွေလည်း ဆိုတယ်။ သူက တခြားအဖွဲ့ဝင်တွေဖြစ်တဲ့ ဂျွန် လင်နွန်နဲ့ ပေါလ် မက်ကာ့တ်နီလောက် သီချင်းတွေ အများကြီး မရေးပေမယ့် သူရေးတဲ့ သီချင်းတွေလည်း အရမ်းကောင်းတယ်။ ဥပမာ “While My Guitar Gently Weeps” တို့၊ “Something” တို့ဆိုတဲ့ သီချင်းတွေဆိုရင် အရမ်းနာမည်ကြီးတယ်။ သူ့ရဲ့ ဂစ်တာတီးတဲ့ စတိုင်လ်ကလည်း တော်တော်လေး ထူးခြားတယ်. စီတာဆိုတာကတော့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်း တူရိယာတစ်မျိုးပဲ။ ကြိုးတပ်ထားတဲ့ တူရိယာ ဖြစ်ပြီး အရှေ့တိုင်း ဂီတမှာ အဓိက သုံးကြတယ်။ အသံက နူးညံ့ပြီး ဝဲဝဲလေးနဲ့ တော်တော်လေး နားထောင်လို့ ကောင်းတယ်။ ဂျော့ခ်ျ ဟာရီဆင်က သူ့ရဲ့ “Norwegian Wood” ဆိုတဲ့ သီချင်းထဲမှာ အဲ့ဒီ စီတာသံကို ထည့်သုံးခဲ့တာ။ အဲ့ဒါက သူ့မှာ တခြားနိုင်ငံတွေရဲ့ ဂီတနဲ့ တူရိယာတွေကိုလည်း စိတ်ဝင်စားပြီး နားလည်မှုရှိတယ်ဆိုတာကို ပြတာပဲ။ အနောက်တိုင်း ရော့ခ်ဂီတနဲ့ အရှေ့တိုင်း တူရိယာသံကို ရောစပ်လိုက်တော့ သီချင်းက ပိုပြီး ထူးခြားတဲ့ အရသာမျိုး ရသွားတာပေါ့။

           ဘီတဲလ်စ်ဟာ ပေါ့ပ်ယဉ်ကျေးမှုကိုလည်း ပြောင်းလဲပစ်ခဲ့တယ်။ သူတို့ရဲ့ ရုပ်ရှင်တွေက တေးဂီတရုပ်ရှင်တွေကို ပြန်လည်ခေတ်စားစေခဲ့ပြီး သူတို့ရဲ့ သီချင်းတွေက ၁၉၆၀ ခုနှစ်တွေရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေရဲ့ နောက်ခံတေးဂီတဖြစ်လာခဲ့တယ်၊ အထူးသဖြင့် အမေရိကန်မှာပေါ့။ သူတို့ဟာ စီးပွားရေးမှာလည်း တော်တော်လေး လိမ္မာပါးနပ်ကြတယ်။ သူတို့ရဲ့ မန်နေဂျာ ဘရိုင်ယန် အက်ပ်စတိန်း ဆုံးသွားပြီးတဲ့နောက် Apple လို့ခေါ်တဲ့ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို ကိုယ်တိုင် စီမံခန့်ခွဲဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ဟာ တိုက်ရိုက်ဖျော်ဖြေမှုတွေတင်မကဘဲ စတူဒီယိုမှာလည်း အသံအသစ်တွေကို ဖန်တီးခဲ့ကြတယ်။ ဒီနေ့မှာ မူရင်း ဘီတဲလ်စ် အယ်လ်ဘမ်တွေနဲ့ စုဆောင်းစရာပစ္စည်းတွေဟာ တန်ဖိုးအရမ်းကြီးတယ်။

           ဟုတ်ပါတယ်၊ band တစ်ခုမှာ ပရိသတ်တွေ လိုအပ်တယ်၊ ဘီတဲလ်စ်မှာတော့ အရင်က ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့လောက် စိတ်အားထက်သန်တဲ့ ပရိသတ်တွေ ရှိခဲ့တယ်! ဒီစိတ်လှုပ်ရှားမှုကို “Beatlemania” လို့ခေါ်တယ်။ ပရိသတ်တွေ အော်ဟစ်ကြတာ ဘယ်လောက်ထိ ကျယ်လဲဆိုရင် တခါတလေ band က သူတို့ဘာတီးနေလဲဆိုတာတောင် မကြားရဘူး။ သူတို့ ဖျော်ဖြေပွဲတွေ မလုပ်တော့တဲ့ နောက်မှာတောင် ပရိသတ်တွေဟာ လန်ဒန်က Abbey Road အသံသွင်း စတူဒီယို အပြင်မှာ သူတို့ကို မြင်ရဖို့ နာရီပေါင်းများစွာ စောင့်နေတတ်ကြတယ်။ ဂျော့ခ်ျ ဟာရီဆင်က ဒီလို မြှုပ်နှံထားတဲ့ ပရိသတ်တွေအကြောင်း “Apple Scruffs” လို့ခေါ်တဲ့ သီချင်းတစ်ပုဒ်တောင် ရေးခဲ့တယ်။

           ဘီတဲလ်စ်ဟာ သူတို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂီတ၊ သူတို့ရဲ့ တမူထူးခြားတဲ့ စတိုင်လ်နဲ့ သူတို့ရဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ကမ္ဘာ့ကြယ်ပွင့်တွေ ဖြစ်လာခဲ့တာပါပဲ။

လူငယ်တို့ ‌‌

မှတ်သားကြရမှာက —

၁။ အရည်အချင်းနဲ့ ကံကောင်းခြင်းရဲ့ ပေါင်းစပ်မှု

ဘီတဲလ်စ်ဟာ သူတို့ရဲ့ ဂီတအရည်အချင်းကြောင့် နာမည်ကြီးလာတာ မှန်ပေမဲ့၊ အချိန်အခါကောင်းနဲ့ နေရာကောင်းမှာ ရောက်နေလို့လည်း ကံကောင်းခဲ့တာပဲ။ လူငယ်တို့ရေ… မင်းတို့မှာ အရည်အချင်းတွေ ရှိရင်လည်း အခွင့်အရေးကို စောင့်ဆိုင်းပြီး ဖမ်းဆုပ်ဖို့ လိုတယ်နော်။

၂။ မတူကွဲပြားတဲ့ အရာတွေကို ပေါင်းစပ်ခြင်းရဲ့ တန်ဖိုး

ဘီတဲလ်စ်ဟာ သူတို့ရဲ့ သီချင်းတွေထဲမှာ မတူညီတဲ့ အသံတွေ၊ စတိုင်လ်တွေ၊ ယဉ်ကျေးမှုတွေကို ရောစပ်ခဲ့လို့ ပိုပြီး ထူးခြားပြီး လူကြိုက်များလာတာ။ မင်းတို့လည်း ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေထဲမှာ မတူကွဲပြားတဲ့ အရာတွေကို ပေါင်းစပ်ကြည့်ရင် အောင်မြင်မှုအသစ်တွေ ရနိုင်တယ်။

၃။ ပရိသတ်ရဲ့ အရေးပါမှု

ဘီတဲလ်စ်မှာ အရမ်းကို စိတ်အားထက်သန်တဲ့ ပရိသတ်တွေ ရှိခဲ့တယ်။ “Beatlemania” လို့တောင် ခေါ်ကြတယ်။ မင်းတို့လည်း ဘာလုပ်လုပ် ကိုယ့်ကို အားပေးတဲ့သူတွေရဲ့ တန်ဖိုးကို သိရမယ်။ သူတို့ရဲ့ အားပေးမှုက မင်းတို့ကို ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေလိမ့်မယ်။

၄။ စီးပွားရေးမှာ လိမ္မာပါးနပ်ခြင်း

ဘီတဲလ်စ်ဟာ သူတို့ရဲ့ အနုပညာအပြင် စီးပွားရေးမှာလည်း တော်တော်လေး တော်တယ်။ ကိုယ်ပိုင် ကုမ္ပဏီထောင်ပြီး ကိုယ့်အသက်မွေးဝမ်းကြောင်းကို ကိုယ်တိုင် စီမံခန့်ခွဲဖို့ ကြိုးစားခဲ့တယ်။ လူငယ်တို့လည်း ကိုယ့်ရဲ့ အနာဂတ်အတွက် စီမံကိန်းတွေ ဆွဲတတ်ဖို့ လိုတယ်နော်။

၅။ တီထွင်ဖန်တီးမှုရဲ့ အရေးပါမှု

 ဘီတဲလ်စ်ဟာ စတူဒီယိုမှာ အသံအသစ်တွေကို အမြဲ ဖန်တီးနေခဲ့တယ်။ တီထွင်ဖန်တီးမှုဆိုတာ ဘယ်တော့မှ ရပ်တန့်လို့ မဖြစ်ဘူး။ အမြဲတမ်း အသစ်အဆန်းတွေကို စမ်းသပ်ရှာဖွေနေမှ မင်းတို့ရဲ့ လုပ်ငန်းမှာ ထူးချွန်လာနိုင်မယ်။

၆။ ကိုယ့်ရဲ့ မွေးရပ်မြေကို ဂုဏ်ယူခြင်း

 ဘီတဲလ်စ်ဟာ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ လီဗာပူးလ်ကို သူတို့ ဇာတ်လမ်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်အောင် လုပ်ခဲ့တယ်။ မင်းတို့လည်း ကိုယ့်ရဲ့ အမြစ်တွေကို မမေ့ဘဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ရမယ်။

ဘီတဲလ်စ်ရဲ့ ဇာတ်လမ်းကနေ သင်ခန်းစာတွေယူပြီး မင်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ မင်းတို့လည်း ကိုယ့်ရဲ့ခေတ်ရဲ့ ဘီတဲလ်စ်တွေ ဖြစ်လာနိုင် တယ်နော်။

SOURCES:

1. Is there anything left to learn about The Beatles? The Economist, Apr 2, 2025

2. What made The Beatles global stars?

https://www.liverpoolmuseums.org.uk/stories/what-made-beatles-global-stars
Click to rate this post!
[Total: 0 Average: 0]