
မေလ (၉) ရက်နေ့တွင် နာဇီဂျာမဏီကို အနိုင်ရသည့် အထိမ်းအမှတ် အောင်ပွဲကို ရင်ပြင်နီတွင် သမ္မတ ပူတင် ကျင်းပသည်။ ရုရှား၏ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များ တက်ရောက် ဆင်နွှဲလေ့ရှိ သော အခမ်းအနား ဖြစ်၏။ ယခုအခါ သမယတွင် ပူတင် ပစ်မှတ်ထားသည်က ယူကရိန်းအစိုးရသည် နာဇီလက် သစ် အစိုးရဟု ရက်ရက်စက်စက် စွပ်စွဲရန် ဖြစ်လေသည်။ အနောက်နိုင်ငံများကို ရုရှား တူးတူးခါးခါးဆန့် ကျင်ရခြင်းအကြောင်းရင်းကို ပြသခြင်း ဖြစ်သည်။ ဥရောပ နိုင်ငံများ အားလုံးအတွက် စိုးရိမ်ပူပန်ဖွယ် ဖြစ်ပါသည်။
ယူကရိန်းတွင် သေဆုံးမှုများ မြင့်တက်လာနေချိန်တွင် ရုရှားနိုင်ငံ၏ ဆုံးရှုံးရမှုများအတွက် တရားမျှတ ကြောင်း ပြသရန် အထိ ပူတင်၏ ရည်မှန်းချက်က ကြီးမားလာသည်။ အိမ်နီးချင်းနိုင်ငံသို့ အထူးစစ်ဆင် ရေးမှာ ယခုတော့ ရုရှားနိင်ငံ တည်တန့်ခိုင်မြဲရေးအတွက် အဝေးမှ ရန်သူများနှင့် စစ်ဆင်နွှဲရခြင်း ပုံသဏ္ဍန်သို့ ပြောင်းလာသည်။ ဤအပြောင်းအလဲမှာ အရေးပါသော အပြောင်းအလဲ ဖြစ်၏။ ယူကရိန်းနိုင် ငံ၏ ရှေ့ရေးမှာ ဒေါ်နယ်ထရမ့်၏ ပြဇာတ်ဆန်ဆန် သံခင်း တမန်ခင်း ထက် ပူတင်၏ ရည်မှန်းချက်များ အပေါ် ပိုမို မူတည်နေသည်။ ဥရောပနိုင်ငံ အများမှာ ရုရှား၏ ခြိမ်းခြောက်မှုများအပေါ် ကိုယ့်ဘာသာ ကိုယ် ကျေနပ်နေကြပြီး ရုရှားကို မည်သို့ တားမြစ် ရမည်ကို လည်း နားလည်မှုလွဲနေကြသည်။
ဥရောပ၏ အခြားနေရာများကို ရုရှားက ကျူးကျော်မည် မဟုတ်သော်လည်း ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဩဇာ လွှမ်းမိုးရေးစီမံချက်များ၊ လုပ်ကြံမှုများ၊ မြေအောက်အဖျက်လုပ်ရပ်များဖြင့် ဩဇာကြီးမားအောင် လုပ်လာနိုင်သည်။ အားနည်းလာပြီ ဟု သိမြင် ခံစားရပါက ပူတင်သည် နေတိုး၏ နယ်မြေအနည်းငယ်ကို သိမ်းယူ၍ နေတိုး မဟာမိတ် နိုင်ငံများ အား စိန်ခေါ်ကာ နေတိုးကို ခွဲပစ်ရန် အားထုတ်ခြင်းကို ၂ နှစ်မှ ၅ နှစ်အတွင်း လုပ်လာနိုင်သည်။ အကြာကြီး လိုပါသေးသည်ဟု မြင်နိုင်သော်လည်း စစ်ရေးပြင်ဆင်မှုတွင် ဤကာလမှာ မျက်တောင်တစ်ခတ်သာလျှင် ဖြစ်သည်။
အမေရိကနှင့် ဥရောပတောင်ပိုင်းသားတွေက ၎င်းယူဆချက်များကို ကယောင်ချောက်ခြား အတွေးတွေပါ ဟု ထင်ပါလိမ့်မည်။ အမေရိကန် သံတမန် စတိဗ်ဝစ်ကော့ဖ် လို လူတွေက ပူတင်ကို ယုံလို့ရပါသည် သို့မဟုတ် ပူတင်သည် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ဖေါက်ဖျက်လိမ့်မည် မဟုတ်ပါ ဟု ဆိုကြသည်။ ၂၅နှစ် အတွင်း ၅ ကြိမ် ကျူးကျော် စစ်ထိုးခဲ့သူကို မယုံကြည်သည့် ပညာရှိတို့ကမူ ရုရှားသည် ခြိမ်းခြောက်နိုင်သည့် အင်အားမရှိဟု ငြင်းချက်ထုတ်ကြသည်။ ယူကရိန်းတွင် ရုရှားတို့ ကျဆုံးဒဏ်ရာရ တစ်သန်း ခန့်ရှိပြီး စစ်စတင်သည့် ပထမဆုံး ရက်သတ္တပါတ်မှ စ၍ ထပ်မံ သိမ်းပိုက် နိုင်သော ယူကရိန်း နယ်မြေမှာ ၁ ရာခိုင်နှုန်း မပြည့်ပါချေ။
ဘောလတစ်နိင်ငံများ၊ ပိုလန်နှင့်နောဒစ်နိုင်ငံများ ကမူ ရုရှား၏ အရိုးစွဲနယ်ချဲ့ဝါဒခြိမ်းခြောက်မှုသည် ပူတင်၏ ခြိမ်းခြောက်မှု ထက်ပို၍ ကြီးမားကြောင်း သတိပေးကြသည်။ နောက်ခံသမိုင်းကြောင်းအရ ဤ ကြောက်ရွံ့မှုကို နားလည် နိုင်သော်လည်း ရုရှားကို ချဉ်းကပ်ရန်အတွက် လမ်းမှန်မဟုတ်ပဲ နေတိုးသည် ကုမရသည့် ရုရှား ဆန့်ကျင်ရေး အဖွဲ့ဖြစ်ကြောင်း ပူတင်၏ စွပ်စွဲချက်ကို သက်သေပြရုံသာမက ငြိမ်းချမ်း ရေးအတွက် အခွင့်အရေးကောင်းကြီးတစ်ခု ဆုံးရှုံးရခြင်းဖြစ်သည်။ပူတင်သည် တားမြစ်ဟန့်တားရမည့် ရန်လိုသူ တစ်ဦးဖြစ်သည်။ ယူကရိန်းပေါ် ချမှတ်သည့် ဆိုးရွားသော ငြိမ်းချမ်းရေးသည် ပူတင်အတွက် နောက်ထပ်စစ်ပွဲတစ်ခုကို စတင်ရန် အားယူသည့်နေရာ ဖြစ်လာ နိုင်သည်။ တချိန်တည်းမှာပင် သူ့ကို အစားထိုး မရသေးသည့်တိုင် ပူတင်သည် အသက် ၇၂နှစ် ရှိပြီ။ ယခုအချိန်သည် ပူတင် လွန်ပြီးနောက် ကာလအတွက် ဩဇာ တည်ဆောက် ရမည့် အချိန်ကာလဖြစ်သည်။
ဟန့်တားဘို့အရေးမှာ ပူတင်၏ ခြိမ်းခြောက်မှုကို နားလည်ရန် လိုသည်။ သုံးနှစ်ကြာ တိုက်ခိုက်ခဲ့ကြပြီး နောက်တွင် စစ်ပွဲသည် နိုင်ငံရေး သဘောတရားဖြစ်လာသည်။ ယခင်က ရုရှားလူထု၏ ၆၀ ရာခိုင်နှုန်း က လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးရန်မှာ အစိုးရ၏ ဦးစားပေးဖြစ်သင့်သည် ဟု ပြောခဲ့ကြ၏။ ယခုအခါ ယင်းအပြောမှာ ၄၁ ရာခိုင်နှုန်း သို့ ကျဆင်းသွား ပြီး ၅၇ ရာခိုင်နှုန်း က ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရုရှားအား လေးစားသည်ကို မြင်လို သည် ဟု ပြောလာကြသည်။ ရုရှား လူမှုအဖွဲ့အစည်းကို စစ်ဝါဒီများအဖြစ် ပူတင်က အသွင်ပြောင်းပေးခဲ့သည်။ ခဲယမ်း မီးကျောက် စက်ရုံတွေက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသည်။ စစ်သားများနှင့် မိသားစုများကို ရက်ရက် ရောရော ထောက်ပံ့မှုက ဂျီဒီပီ၏ ၁.၅ ရာခိုင်နှုန်း ဖြစ်၏။ အနောက်နိုင်ငံများ၏ ပြင်းထန်သော နှိပ်ကွပ်မှုများနှင့် အထီးကျန် ချန်ထားမှုများအပေါ် ပူတင်က စစ်ကို အကြောင်းပြကောင်းတစ်ခုအဖြစ် အသုံးချသည်။
ပူတင်၏ စစ်တပ်အင်အားမရှိတော့ပဲ မစွမ်းဆောင်နိုင်တော့ဟု ထင်လျှင် မှားသည်။ ရေတပ်နှင့် လေတပ် ကို လုံး၀ မသုံးရသေး။ ယခင်က မရှိခဲ့ဘူးသည့် အရှိန်ဖြင့် ပူတင်က လူနှင့် ခဲယမ်းမီးကျောက်များကို စုဆောင်းလျက် ရှိသည်ဟု နေတိုး၏ ထိပ်တန်းဗိုလ်ချုပ်ကြီးက ဆိုသည်။ စက်တင်ဘာလရှိ အင်အား တစ်သန်း သုံးသိန်းထက် တစ်သန်း ငါးသိန်း တိုးတက်ရရှိရန် ရည်မှန်းထားသည်။ ဤသို့ ဆိုလျှင် တပ်အင်အားနှင့် လက်နက်အင်အားမှာ အနောက်ဘက် စစ်မျက်နှာတွင် ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်း ထိ တိုးမြင့်လာမည်။ စစ်ပွဲ၏ ကျေးဇူးဖြင့် တရုတ်၊ အီရန်နှင့် မြောက်ကိုရီးယားတို့နှင့် မဟာမိတ်မှာ ပိုခိုင်မာလာသည်။
ရုရှား၏ နည်းဗျူဟာများက အကြမ်းဆန်ပြီး ကုန်ကျစရိတ်ကြီးသည်။ သို့သော် နေတိုးအဖွဲ့အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသည့် နိုင်ငံအသေးလေးကြောင့် ဆုံးရှုံးနယ်မြေများ နှင့် ညူကလီးယားစစ်တို့ အကြား ရွေးချယ်မှုပြုရန် နေတိုး နိုင်ငံများကို တွန်းအားပေးလာနိုင်သည်။ စစ်ပွဲမဆင်နွှဲလျှင် နေတိုးမှာ ပြိုလဲတော့မည်။ ရုရှားတိုက်စစ်ကို ပထမအကြိမ်တွင် ကောင်းစွာ တွန်းလှန် နိုင်မည်ဖြစ်သောလည်း ငါးကြိမ် ခြောက်ကြိမ်အတွက် အင်အားများ ရှိပါ၏လော။ ရုရှားကို တွန်းလှန် နိုင်သော်မှ ထရမ့်က ဝင်ရောက်မလာလျှင် ပူတင်က သေနင်္ဂဗျူဟာ အောင်ပွဲဟု သတ်မှတ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲအတွင်း အမေရိကန် မပါခြင်းက ရုရှား၏ ဥရောပအပေါ် လွှမ်းမိုးမှုကို အမြစ်တွယ် စေနိုင်သော ကြောင့် ဖြစ်၏။
ရုရှားကို ခုခံကာကွယ်ခြင်းမှာ ယူကရိန်းက စ သည်။ ယူကရိန်းတွင် ပူတင်ရှုံးနေလျှင် နေတိုးကို သူ တိုက် မည် မဟုတ်။ ဆိုလိုသည်မှာ အီကောနောမစ်ဂျာနယ်က ဆိုသကဲ့သို့ ယူကရိန်းကို လက်နက်ထောက်ပံ့ ခြင်း သို့မဟုတ် စရိတ် သက်သက်သာသာ ထုတ်လုပ်နိုင်မည့် လုပ်ငန်းများကိုငွေကြေး ထောက်ပံ့ခြင်း ဖြစ်သည်။ တနှစ်လျှင် ဒေါ်လာ ၃၅ ဘီလျံခန့် ပစ္စည်းများထုတ်လုပ်နိုင်သော်လည်း ယူကရိန်းမှာ တဝက်ခန့်သော ပစ္စည်းအမှာ သာ ရှိသည်။ တရုတ်က ရုရှား၏ တိုးတက်မှု ကို စောင့်ကြည့်နေသော ကြောင့် ယူကရိန်းအား ငွေကြေး ထောက်ပံ့လျှင် ထရမ့်အဖို့ အမေရိက အတွက် အကျိုးရှိနိုင်သည်။
သို့သော်ငြားလည်း ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ဥရောပတတိုက်လုံး၏ လုံခြုံရေးကို အာမမခံနိုင်။ ထရမ့်က လည်း ကူညီလိမ့်မည် မဟုတ်၍ ဥရောပနိုင်ငံများ ပို အားထုတ်ဘို့သာ ရှိသည်။ ဆိုလိုသည်မှာ ကိုယ့်ကိုကိုယ် ကာကွယ်ရေး အတွက် ပိုလုပ်၊ ညီညွတ်မှုကို ပိုကျားကန်၊ ပူတင်အလွန် ကာလ ရုရှားအတွက် အုတ်မြစ်များချရန် ဖြစ်လေသည်။
ဥရောပနိုင်ငံများက လက်နက်များ ပိုဝယ်လာသည်။ ဆွီဒင် တတ်သိပညာရှင်အဖွဲ့တစ်ခု၏ ကိန်းဂဏန်း များအရ အမေရိကန် မပါ နေတိုးနိုင်ငံများ၏ လက်နက်ဝယ်ယူမှုမှာ ၂၀၂၂ -၂၀၂၃ တွင် ဒေါ်လာ ၆၈ ဘီလျံ သို့မဟုတ် ၁၉ ရာခိုင်နှုန်း တိုးလာသည်။ ထပ်လိုနေသေးသော်လည်း ဥရောပခေါင်းဆောင်များမှာ မဲဆန္ဒရှင်များကို ယခုထက်ပို စွန့်လွှတ်ဘို့ အသင့်ဖြစ်ရန် မလုပ်ထားနိုင်သေး။ လက်နက်စာချုပ်တွေပေါ်မှာ ငြင်းခုံ ကောင်းနေဆဲ ဖြစ်၏။ ဥပမာ ဗြိတိန် ရေပိုင်နက် အတွင်း ဥရောပ ငါးဖမ်းရေယာဉ်များ ငါးဖမ်းခွင့် ပြုမှ သာလျှင် ဥရောပသမဂ္ဂ သို့ ဗြိတိန် ဝင်ရောက်ခွင့် ရနိုင်မည်။
အထူးသဖြင့် အမေရိကန် ထွက်သွားမည်ဆိုပါက နေတိုးအတွင်း ညီညွတ်မှုအတွက် လုပ်စရာတွေ အများကြီး ရှိသည်။ ပိုလန်နှင့် အက်စတိုးနီးယားတို့က ရုရှားကို ကြောက်သလို စပိန်နှင့် ပေါ်တူဂီ တို့က ကြောက်လိမ့်မည်ဟု ထင်လျှင် မိုက်မဲရာကျပါလိမ့်မည်။ သို့သော် ၎င်းတို့၏ အခြေခံအဆောက်အဦးများ နှင့် နိုင်ငံရေးအပေါ် ခြိမ်းခြောက်မှု တွေ ရှိသည်။
ယူကရိန်းအရေးတင်မဟုတ်ပဲ အခြားသော ရုရှား၏ မူဝါဒများကို ဥရောပက သိဘို့လိုသည်။ စစ်အေး တိုက်ပွဲ ကာလတွင် ဥရောပ က သူတို့သည် ရုရှားနှင့် မိတ်ဆွေများ ဖြစ်သည်ဟု သွေးဆောင်ခဲ့ကြ၏။ လွပ်လပ်မှုနှင့် သာယာ၀ ပြောမှုတို့ မရရှိခြင်းမှာ ဆိုဗီယက်ပြည်ထောင်စုကြောင့်ဟု ဆိုခဲ့ကြသည်။ ဤသို့ဖြင့် သဘောထားကွဲလွဲ သူများနှင့် အဆက်အသွယ် များ ပွင့်လန်းလာသည်။ ယနေ့ခေတ်တွင် ဥရောပသားများက စစ်ဝါဒီများ ထက် ရုရှားများကို ရန်လိုသူ ပိုများလာသည်။
ပူတင်ကို တောင့်ခံရန် ဥရောပတွင် ကြွယ်၀မှုနှင့် စီးပွားရေးဩဇာအာဏာ ရှိသည်။ ပူတင်ကို ဆက်ခံမည့် သူနှင့် အဆင်ပြေအောင် နေနိုင်မည့် အလားအလာများရှိသည်။ ရုရှားတပ်မတော် ရင်ပြင်နီတွင် ဝံ့ဝံ့ကြွားကြွား ချီတက်နေချိန်မှာ မေးစရာရှိသည်က ဥရောပအနေဖြင့် ယူကရိန်းကို ကယ်တင်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန် ဥရောပအတွင်း ကွဲလွဲ နေမှုများ ကို ကျော်လွှားနိုင်ပါမည်လော ဟူသည့် မေးခွန်းပင် ဖြစ်ပါလေသည်။
မူရင်း – What Putin Wants, The Economist


