အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ စစ်ဖြစ်ကြ ပြီဆိုတဲ့သတင်းက သက်ကြီးပိုင်း အရွယ်တွေအတွက် သိပ်ထူးဆန်း လှ တယ် မဆိုနိုင်ပေမယ့် ဒီဘက်ခေတ် မျိုး ဆက်သစ် လူငယ်တွေ အတွက်တော့ အဆန်း တကြယ် ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ် ကြတယ် ဆိုတာ ဖြစ်ခေါင့် ဖြစ်ခဲမဟုတ်လား။ ယူကရိန်း စစ်ပွဲ၊ ဂါဇာစစ်ပွဲတို့က on going စစ်ပွဲတွေဖြစ်ပြီး စစ်လည်း တာရှည် နေပြီ။
လူကြီးပိုင်းတွေအဖို့တော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲက ဟိုးအရင် တုန်းကလည်း ဖြစ်ခဲ့ဖူးတာမို့ သိပ်ဆန်း တယ်လို့ မဆိုနိုင်ဘူး။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် အိန္ဒိယ နဲ့ ပါကစ္စတန်ဟာ ဗြိတိသျှဆီက လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၇-၄၈ကစပြီး ၁၉၆၅ မှာတစ်ကြိမ်၊ ၁၉၇၁ မှာတစ်ကြိမ်၊ ၁၉၉၉မှာ တကြိမ် စစ်ပွဲတွေ ဖြစ်ခဲ့ကြတယ်။ ၁၉၆၅၊ ၁၉၇၁ စစ်ပွဲတွေတုန်းကလည်း နှစ်နိုင်ငံ အကြီးအကျယ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာ အပစ်အခတ် ရပ်စဲ ပြီးဆုံးသွားခဲ့တာချည်းပါပဲ။
ဒီတစ်ခေါက် စစ်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ မေလ (၇) ရက်ကနေ (၁၁) ရက်နေ့အထိပဲ ဆိုတော့ လေးရက်ပဲ ကြာတယ်။ လေးရက်ကြာ စစ်ပွဲ ရုတ်တရက် ပြီးဆုံးသွားတော့ ဒီစစ်ပွဲ ဘယ်သူနိုင်သလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတယ်။ စစ်ပွဲသတင်းစိတ်ဝင်စားသူတွေက ဒီစစ်ပွဲမှာ ဘယ်သူ နိုင်သွား သလဲ ဆိုတဲ့ ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြတယ်။ လေးရက်ပဲ ကြာလိုက်တဲ့ စစ်ပွဲမှာ အိန္ဒိယဘက်က အဆင့်မြင့် ဂျက်တိုက် လေယာဉ် ငါးစင်း ပစ်ချခံခဲ့ရတယ်။ ပါကစ္စတန်လေတပ် တိုက်လေယာဉ်တွေက ပစ်ချလိုက်တာပါ။
ဒီအချက်ကို ကြည့်ပြီး ဒီစစ်ပွဲမှာ ပါကစ္စတန်က နိုင်သွား တယ်လို့ အများ စုက သုံးသပ်ကြတယ်။ ဒီသုံးသပ်ချက်က မှန်ကန် တယ်လို့ ဆိုရမယ်။ အိန္ဒိယက “ဆင်ဒူး” စစ်ဆင်ရေးလို့ နာမည် ပေးပြီး စတင်ခဲ့တဲ့ စစ်ပွဲမှာ တစ်နာရီအတွင်း အိန္ဒိယလေတပ် လေယာဉ် ငါးစင်း ပစ်ချ ခံလိုက်ရတယ်။ တန်ဖိုးအား ဖြင့် တွက် မယ် ဆိုရင် ဒေါ်လာ ဘီလျံချီတဲ့ ဆုံးရှုံးမှုပဲ။ ပစ်ချခံလိုက်ရတဲ့ လေယာဉ် တွေကလည်း တန်ဖိုးကြီး အဆင့်မြင့် ပြင်သစ် နိုင်ငံလုပ် နောက်ဆုံးပေါ် Rafael အမျိုးအစား တိုက်လေယာဉ် သုံးစင်း။ ရုရှားလုပ် Mig-29 တစင်း။ Su-30 တစင်း။ အိန္ဒိယ လေတပ်ရဲ့ ဆုံးရှုံးမှု ဖြစ်သလို ဒီစစ်ပွဲမှာ အရေးနိမ့်မှုလည်းဖြစ်တယ်။
ဒီလေယာဉ်တွေကို ပစ်ချခဲ့တာက ပါကစ္စတန်ရဲ့ တရုတ် နိုင်ငံထုတ် J-10 နဲ့ J-17 တိုက်လေယာဉ်တွေ။ ပါ ကစ္စတန် တိုက်လေယာဉ်တွေအတွက် တရုတ်နိုင်ငံက အသံထက် အဆ များစွာ မြန်တဲ့ ဒုံးကျည် တွေ ပေးပို့ ထားပြီး ဒီဒုံးကျည်တွေကြောင့် အိန္ဒိယ တိုက် လေယာဉ်တွေ ပစ်ချခံရတာလို့ ဆိုတယ်။
စစ်ပွဲက လေးရက်သာကြာပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြား ဝင်ညှိနှိုင်းပေးမှုအရ မေလ (၁၁)ရက် မှာ နှစ်ဖက် အပစ်အခတ် ရပ်စဲသွားတယ်။ စစ်ပွဲ ပြီးဆုံးတဲ့အခါ ပါကစ္စတန်လေတပ်ရဲ့ လက်ချက်နဲ့ အိန္ဒိယတိုက်လေယာဉ်တွေ ပစ်ချခံရတဲ့သတင်းက ရှေ့တန်း ရောက် လာပြီး ဒီစစ်ပွဲမှာ ပါကစ္စတန်က အနိုင် ရသွားတယ်လို့ သုံးသပ်မှု တွေရှိ လာ တယ်။
ကမ္ဘာ့စစ်လက်နက်ဈေးကွက်မှာ တရုတ် တိုက်လေ ယာဉ်နဲ့ ဒုံးကျည်တွေက နာမည် ကောင်းရသွားပြီး အိန္ဒိယရဲ့ ပြင်သစ်လုပ် ရာဖေးလ် တိုက်လေယာဉ်တွေ ဈေးကျ သွားတယ်။ အိန္ဒိယက အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ် အား လုံးကို ထိမှန် အောင် တိုက်ခိုက် နိုင်ခဲ့ ပေမယ့် တိုက်လေယာဉ် ငါးစင်း ပစ်ချ ခံလိုက် ရတဲ့အတွက် ဆုံးရှုံးမှု ကြီးမား ခဲ့တယ်။

အိန္ဒိယ နဲ့ ပါကစ္စတန် တို့ရဲ့ တိုတောင်းတဲ့ စစ်ပွဲဟာ ဒီမှာပဲ ပြီးဆုံးသွားမလား။
ခဏတာ ပြီးဆုံး သွားတာ ဖြစ်ပေမယ့် ဒီစစ်ပွဲမျိုးဟာ တစ်ချိန်ချိန်မှာ ထပ်မံ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ကြ တယ်။ သမိုင်းတစ်လျှောက်မှာလည်း အကြိမ်ကြိမ် စစ်ပွဲတွေ ဆင်နွှဲခဲ့ကြပြီးပြီ။ မေလ(၇)ရက် စစ်ပွဲဟာ ဧပြီ (၂၂) ရက် က အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားမှာ အိန္ဒိယနိုင်ငံသား (၂၆)ဦးကို ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အဖွဲ့က သတ် ဖြတ်ခဲ့ပြီး နောက်ဆက်တွဲ ပေါ်ပေါက် လာတာ ဖြစ်တယ်။ အိန္ဒိယက ဒီ သတ်ဖြတ် မှုဟာ ပါကစ္စတန်ဘက်က အကြမ်း ဖက် သမားတွေရဲ့ လက်ချက်လို့ စွပ်စွဲ ပေမယ့် ပါကစ္စတန် ကတော့ ငြင်း ဆန် ခဲ့တယ်။
အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ကြား ခုလို ပဋိပက္ခ တွေဟာ ၂၀၀၀ ပြည့်လွန် နှစ်တွေမှာ တောက်လျှောက် ဖြစ်နေ ခဲ့တယ်။ နှစ်နိုင်ငံရဲ့အခြေအနေကို အနီးကပ် ကြည့်လိုက် တဲ့အခါ ပါကစ္စ တန်ဟာ အဘက်ဘက်က အခြေ အနေ ဆိုးရွား နေခဲ့တယ်။ စီးပွားရေး အကျပ် အတည်းနဲ့ ကြုံတွေ့နေရသလို ဒီမိုကရေစီကို လည်း စစ်တပ်က လက်ဝါး ကြီး အုပ်ထားတယ်။ ဆိုးရွားတဲ့အချက်တစ်ချက်က ပါကစ္စတန်ဟာ သူ့မြေပေါ်မှာ လက်ရှ်ကာ အီးတိုင်ဘာ (Lashkar e-Taiba) လို အကြမ်းဖက် အဖွဲ့တွေကို ခိုလှုံခွင့်ပေးထားတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အိန္ဒိယမှာ သွေးချောင်းစီး အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ အာဖဂန်နစ္စတန်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အကြမ်းဖက် အဖွဲ့အစည်း အပါအဝင် ပါကစ္စတန်နိုင်ငံထဲမှာ တစ်ခြား အကြမ်းဖက် အဖွဲ့တွေ ရှိနေပြီး သူတို့ လက်ချက်နဲ့ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန် ၁၆၁၂ ဦးအသက်ဆုံးရှုံးခဲ့ရတယ်။ ပါကစ္စတန်က ခုလို အခြေအနေ ဆိုး တွေနဲ့ ရင်ဆိုင် နေရချိန်မှာအိန္ဒိယက စီးပွားရေး တိုးတက် နေပြီး တစ်မျိုးသား လုံးထုတ်ကုန်ပမာဏ GDP က ပါကစ္စတန် ထက် (၁၀)ဆ များလာ ခဲ့တယ်။
လက်နက်သစ်တွေကလည်း ပဋိပက္ခကို အပြောင်း အလဲ ဖြစ်စေတယ်။ အိန္ဒိယက အဆင့်မြင့် ပြင်သစ် လေယာဉ် တွေ၊ ဒရုန်းတွေ အားဖြည့်နေချိန်မှာ ပါကစ္စတန်က ဈေးချိုတဲ့ တရုတ် လေယာဉ်နဲ့ လက်နက်တွေကို ဝယ်ယူ နေရတယ်။ ပါကစ္စတန်ရဲ့ လက်နက်ဝယ်ယူမှု ၈၁% ဟာ တရုတ်နိုင်ငံက ဖြစ်တယ်။ အာဖဂန်မှာ တာလီဘန် တွေ အာဏာပြန်ရသွားပြီး အကြမ်းဖက် စစ်ပွဲလည်းပြီးဆုံးသွားတဲ့အခါ အမေရိကန်နဲ့ ဥရောပဟာ ပါကစ္စတန် ကို ဂရုတစိုက် မရှိတော့ဘူး။
မတည်ငြိမ်တဲ့ ပါကစ္စတန်၊ လက်နက် ယှဉ်ပြိုင်မှုနဲ့ ပြင်ပ နိုင်ငံတွေက လျစ်လျူရှုထားမှုတို့ဟာ အန္တရာယ်ကြီး လှတယ်။ ကံအားလျော်စွာပဲ ဧပြီ(၂၂)ရက်ကတည်းက စစ်ရေးတင်းမာမှုဟာ လေးရက်ကြာ အပြန်အလှန် စစ်ပွဲဖြစ်ခဲ့ပြီး ပြီးဆုံးသွားခဲ့တယ်။ အိန္ဒိယဘက်က အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက် ခဲ့သလို ပါကစ္စတန်ဘက် ကလည်း အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသ ကိုပဲ ပြန်လည် တိုက်ခိုက် ခဲ့တယ်။
ကံအကြောင်းမလှစွာနဲ့ နှစ်နိုင်ငံ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းတရားတွေကို မဖြေရှင်းဘူးဆိုရင်တော့ ပဋိပက္ခ တွေက သေချာပေါက် ပြန်ပေါ်လာဦးမှာပါ။ အိန္ဒိယအနေနဲ့ သူတို့ ထိန်းချုပ် ထားတဲ့ ကက်ရှ်မီးယား ဒေသက မွတ်ဆလင် တွေ အပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့လိုတယ်။ အဆိုးဆုံးက ပါကစ္စတန်ဟာ အကြမ်းဖက် စစ်သွေး ကြွ တွေကို သူ့နယ်မြေထဲ မှာ လက်ခံ ထားတာပဲ ဖြစ်တယ်။ ဧပြီ(၂၂)ရက် အကြမ်းဖက်တိုက်ခိုက်မှုဟာ ဘယ်သူ့ လက်ချက်ဆိုတာ သက်သေ မပြနိုင်ပေမယ့် စစ်သွေးကြွ အကြမ်း ဖက်အဖွဲ့ (LeT) က သူတို့လုပ်တာပါလို့ ထုတ်ဖော် ကြေညာခဲ့တယ်။ ထရမ့်အစိုးရ အနေနဲ့ ပါကစ္စတန်မှာ အကြမ်းဖက်အဖွဲ့တွေ ခိုလှုံခွင့်မပေးဖို့ ဖိအား ပေးသင့်သလို ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းများနဲ့ အကြမ်းဖက် ငွေကြေး ထောက်ပံ့မှု ဆန့်ကျင်ရေး စောင့်ကြည့်သူ တွေကလည်း ဖိအားပေး သင့်တယ်။
အခြားသောနိုင်ငံတွေကလည်း ပါကစ္စတန်ကို ဖိအား ပေးသင့်တယ်။ အထူးသဖြင့် ပါကစ္စတန်ကို အဓိက အကူအညီ ပေးနေတဲ့ တရုတ်နိုင်ငံပဲဖြစ်တယ်။ တရုတ် နိုင်ငံသားတွေ ကိုယ်တိုင်လည်း ပါကစ္စတန်မှာ အကြမ်းဖက် အဖွဲ့ တွေရဲ့ သားကောင် ဖြစ်နေရတယ်။ ပါကစ္စတန်နဲ့ ရင်းနှီးတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေ အီးနဲ့ ကာတာတို့ ကလည်း ဖိအားပေးသင့်တယ်။ ဒီနိုင်ငံတွေက ခုတော့ အင်အားကြီး အိန္ဒိယနဲ့ စီးပွားရေး မှာ အကျိုးတူ ဖြစ်နေတယ်။
ကံကောင်းထောက်မစွာနဲ့ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲဟာ သိပ်မကြာလှပဲ (လေးရက် အတွင်း) ပြီးဆုံးသွားခဲ့တယ်။ ဒီလို အမြဲကံကောင်းနေဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ တစ်ချိန်မဟုတ် တစ်ချိန်မှာ နှစ်နိုင်ငံ စစ်မီးတောက်ဟာ ပြန်လည် တောက်လောင် လာနိုင်တယ်။ နျူကလီးယား လက်နက် ကိုယ်စီ ပိုင်ဆိုင်ထားပြီး သမိုင်းကြောင်း ရန်စ ရှိထားတဲ့ နှစ်နိုင်ငံကြား စစ်မီးထပ်မံ မတောက်လောင်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်..။
Ref: On the brink.
Why the conflict between South Asia’s nuclear powers is getting more dangerous. The Economist, May 10,2025.


