
မာနတံခွန် မိုးစွန်တိမ်ဖျား….
ကျော်ကာလွှားသည့် အနုပညာရှင်..
လောကမြေပြင်…
ငါသာလျှင် ငါနဲ့နှိုင်းပါလို့
ငါမပါရင်လေ..
သြော် ဘယ်အခါမှမဖြစ်ပေဘူး
စနစ်အခြေကို မလေ့လာ…
မေ့ကာပ လောကဓံအကြောင်း…
နှောင်းခဲ့တဲ့ပညာရှင်တွေ…
(ဂီတလုလင်မောင်ကိုကို။ မာန်သီချင်း)
အာဏာပါဝါက လူကိုပျက်စီးစေသည်။ အကြွင်းမဲ့အာဏာပါဝါက လူကိုအကြွင်းမဲ့ပျက်စီးစေသည်ဟု အဆိုရှိသည်။ အဲဒီပျက်စီးတဲ့အထဲ ဦးနှောက်ကော ပါသတဲ့လား။ အကြွင်းမဲ့၊ ဥဿုံ၊ ခြွင်းချက်မရှိလို့ ဆိုထားမင့်ဟာ။ ဦးနှောက်လည်း ပါပေမပေါ့ဗျာ။ ဟုတ်ကဲ့။ ဒါဆိုရင် အာဏာပါဝါက ဦးနှောက်ကို ဘယ်လို ထိခိုက်သတုံး။ ဘယ်လောက် ထိခိုက်သတုံး။ အကျိုးဆက်က ဘာတွေတုံး။ အနှီကိစ္စ၊ ဒီ ကိစ္စနဲ့ ပတ်သက်လို့ ဆေးသိပ္ပံပညာရှင်တွေက ဘာပြောသတုံး။
သမိုင်းပညာရှင် ဟင်နရီအဒမ်းစ်က အာဏာပါဝါ၏သက်ရောက်မှုကို သို့ကလိုတင်စားပြောသည်။
အာဏာပါဝါ ဆိုတာ သူ(ဖမ်းစားထားတဲ့) သားကောင်ရဲ့ ကြင်နာစိတ်ကို သတ်ဖြတ်ပြီး အဆုံးသတ်စေ တတ်တဲ့ ကင်ဆာကျိတ် တစ်မျိုးပါပဲ။
သူ့အဆိုက ဘာ့ကလေတက္ကသိုလ်၊ စိတ်ပညာပါမောက္ခ ဒါချာ ကယ်လ်နာပြောတာနှင့် နီးစပ်သည်။ သူ က ဒီအာဏာပါဝါ ပြဿနာကို ဓာတ်ခွဲခန်း ထဲမှာရော၊ လူတွေကြားထဲမှာပါ နှစ်ပေါင်း နှစ်ဆယ်ကြာ စမ်းသပ် သုတေသနပြုခဲ့သူ။ အာဏာပါဝါနှင့် ငြိမ့်နေသူတွေရဲ့ အပြောအဆို၊ အပြုအမူတွေက ဦး နှောက် ထိခိုက်ဒဏ်ရာ (traumatic brain injury) ရထားသူတွေရဲ့ အပြောအဆို၊ အပြုအမူတွေနှင့် သွားဆင်နေတာ တွေ့ရသတဲ့။ သူတို့က အများသူငါထက်ပို၍ စိတ်လိုက်မာန်ပါ လုပ်တတ်သတဲ့။ အန္တရာယ်တွေ၊ ဆုံးရှုံးမှု တွေကို အလေးထားမှု နည်းသတဲ့။ အခြားသူတွေ မြင်သလို မြင်တတ်ဖို့ရာ ခက်ခဲသတဲ့။
ကနေဒါနိုင်ငံ အွန်တေရီယိုမြို့၊ မက္ကမာစတာတက္ကသိုလ်က ဦးနှောက်သိပ္ပံပညာရှင် အိုးဘီရဲ့တွေ့ရှိချက်ကလည်း အလားတူပါပဲ။ သူကတော့ လူတွေရဲ့ အပြုအမူကိုလေ့လာသူမဟုတ်ဘဲ လူတွေရဲ့ ဦးနှောက်ကို လေ့လာသူဖြစ်သည်။ သြဇာအာဏာပါဝါရှိသူတွေ၊ သြဇာအာဏာ ပါဝါသိပ်မရှိသူတွေရဲ့ ဦးခေါင်းကို သံလိုက်နှိုးဆွဓာတ်မှန် (TMS) ရိုက်ပြီး သူတို့တွေရဲ့ဦးနှောက်ကို စကင်(scan)ဖတ်ကြည့်သည့်အခါ အာဏာပါဝါရှိသူတို့၏ဦးနှောက်၌ “ကြေးမုံသက်ရောက်မှု/အရိပ်ထင်မှု” (mirroring) ဆိုသည့် အာရုံကြော လုပ်ဆောင်ချက်တစ်ခု ချို့ယွင်းနေသည်ကို တွေ့ရသတဲ့။ ဒီကြေးမုံ သက်ရောက်မှု ဆိုသဟာ စာနာစိတ်ရှိခြင်း (empathy) ရဲ့အခြေခံအုတ်မြစ်ဖြစ်နိုင်သတဲ့။ တစ်စုံတစ်ဦး အာဏာပါဝါ ရလာတဲ့အကြောင်းရင်းတွေထဲမှာ သူတစ်ပါးနှင့်မျှဝေခံစားလိုစိတ်၊ စာနာစိတ်၊ အခြားသူ တွေမြင်သလို မြင်တတ်တဲ့စိတ် … ဒါတွေပါသည်။ အာဏာပါဝါရလာတဲ့အခါကျတော့ အဲဒီအာဏာပါဝါကပဲ (သူ့ကို အထက်တွန်းတင်လိုက်တဲ့) ဒီစိတ်တွေကိုဆုတ်ယုတ်လျော့ပါးသွားစေပြန်ပါသတဲ့။ ယင်းကို”အာဏာ ပါဝါ ပဟေဠိ” (power paradox) ဟုပညာရှင်တို့က အမည်တပ်သည်။
အာဏာပါဝါ ရှိသူတွေကြား ဤစွမ်းရည် (empathy) ဆုတ်ယုတ်လျော့နည်းသွားခြင်းကို နည်းလမ်း အမျိုးမျိုးနှင့် သက်သေထူနိုင်သည်။ ၂၀၀၆ ခုနှစ်ကပြုလုပ်ခဲ့သောစမ်းသပ်မှုတစ်ခု၌ အစမ်းသပ်ခံ ပုဂ္ဂိုလ်များအား မိမိတို့၏ နဖူးပေါ်၌ အင်္ဂလိပ်စာလုံး E ကိုရေးခိုင်းသည်။ မိမိ နဖူးပေါ်က စာလုံးကို (မိမိမြင်သကဲ့သို့ မဟုတ်ဘဲ) အခြားသူများ မြင်သကဲ့သို့ ရေးရန် ဖြစ်သည်။ (စာလုံးကို မိမိညာဘက်သို့ မျက်နှာမူ မရေးဘဲ မိမိဘယ်ဘက်သို့ မျက်နှာမူ ရေးရမှာ ဖြစ်သည်။) ဤစမ်းသပ်မှုတွင် အာဏာပါဝါ ရှိသူများက စာလုံးရေးရာမှာ အများသူငါထက် သုံးဆပို၍ မှားရေးသည်တဲ့။

(၂၀၀၈ ဘီဂျင်းအိုလံပစ်အားကစားပွဲမှာ အမေရိကန်အလံကို ပြောင်းပြန်မှားကိုင်ခဲ့တဲ့ သမ္မတ ဂျော့ချ် ဒဗလျူဘု့ရှ် ကိုသတိရစရာ။ သူ့ဘက်က ကြည့်တော့အတည့်၊ ပရိသတ်ဘက် ကကြည့်တော့ ပြောင်းပြန်။)
အခြား စမ်းသပ်မှုများ၌လည်း ဤနည်းနှင်နှင် တွေ့ရသည်။ ဓာတ်ပုံထဲက လူတစ်ယောက်ကို ပြပြီး သူဘယ်လို ခံစား နေရသလဲ၊ တစ်စုံတစ်ဦးရဲ့ မှတ်ချက်ကို မိမိ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ဘယ်လို အဓိပ္ပာယ် ကောက်သလဲ။ ဒီလိုမေးခွန်းတွေကို ဖြေဆိုရာမှာလည်း အာဏာပါဝါ ရှိသူတွေက တခြားသူ တွေထက် ပိုဆိုးသည်။ “တုပခြင်း” (mimicking) ဆိုတာကိုလည်း အာဏာပါဝါရှိသူတွေ မလုပ်ကြ တော့ဘူး တဲ့ဗျ။ သူများရယ်ရင် အတူလိုက်ရယ်တာ။ တစ်ပါးသူ တစ်ဦး ရင်ထဲ တင်းတင်းကျပ်ကျပ် ခံစားရတဲ့အခါ အတူလိုက် ခံစားတာ။ ဒီတုပတာက တခြားသူတွေ ကျေနပ်စေဖို့ သက်သက်မျှမဟုတ်ဘဲ သူတို့တစ်တွေ ခံစားနေရတာမျိုး မိမိက ခံစားတတ်အောင် နှိုးဆော်တဲ့ လုပ်ရပ်ဖြစ်သလို ဒီခံစား ချက်လာရာ လမ်းကြောင်းကို မိမိ ဘာသာ တစေ့တစောင်း မြင်စေတတ်တဲ့ လုပ်ရပ်လည်း ဖြစ်သည်။ အာဏာပါဝါ ရှိသူတွေက တခြားသူတစ်ပါးရဲ့ ခံစားချက်ကို လိုက်လံ မတုပတော့ပြီတဲ့။ ဒါကို ပညာရှင် တွေက “စာနာမှု ဆုတ်ယုတ်ခြင်း” (empathy deficit) ဟုသမုတ်ကြသည်။
“ကြေးမုံ သက်ရောက်မှု/အရိပ်ထင်မှု” (mirroring) ဆိုတာက ဘာပါလိမ့်။ သူကလည်း တုပခြင်း တစ်မျိုး ပေကပဲ။ သူကတော့ အပြင်မှာ မတုဘူး။ ခေါင်းထဲမှာတုတာ။ လူတစ်ယောက်တစ်စုံတစ်ရာလုပ် နေတာကို မိမိက ကြည့်နေမိသည်ဆိုပါစို့။ သူလုပ်နေကိုင်နေ သလို မိမိခန္ဓာကိုယ်က လိုက် မလုပ်သော်လည်း မိမိစိတ်ကတော့ သူလုပ်သလို လိုက်လုပ်နေသတဲ့။ အဲသလို ကြည့်နေချိန် အဲဒီအလုပ်နှင့် သက်ဆိုင်တဲ့ မိမိရဲ့ ဦးနှောက် တစ်စိတ်တစ်ပိုင်းက မီးလင်းနေသတဲ့ (အလုပ်လုပ်နေသည် ဟူလို)။ အိုးဘီတို့ အဖွဲ့က ဒါကိုသုတေသနလုပ်တာ။ အစမ်းသပ်ခံပုဂ္ဂိုလ်တွေကို လူတစ်ယောက် သူ့လက်ထဲ ရော်ဘာဘောလုံး တစ်လုံးညှစ်ပြနေပုံ ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခု ပြသည်။ ဒါကို ကြည့်နေတဲ့ အခိုက် သူတို့တစ်တွေရဲ့ ဦးနှောက်က ဘယ်လိုတုံ့ပြန်သလဲ။ အာဏာပါဝါ မရှိသူတွေရဲ့ ဦးနှောက်ထဲ “ကြေးမုံသက်ရောက်မှု” အား ကောင်းပြီး အာဏာပါဝါရှင်တွေရဲ့ ဦးနှောက်ထဲမတော့ “ကြေးမုံ သက်ရောက်မှု” အားပျော့နေကြောင်းတွေ့ရ သည်။
[စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်)ရေးထားတာ သတိရစရာ။ တစ်ခုသော မန်းသင်္ကြန် နဂါးဒေါဦးတိုက်ရှေ့ က သင်္ကြန်မဏ္ဍာပ်မှာ နဂါးမယ် ကလေးတွေ ကပြနေတာကို မျက်နှာချင်းဆိုင် လူထု တိုက်အပေါ်ထပ်ကနေ ဆရာ မောင်သန်းဆွေက လူထုဒေါ်အမာနှင့် အတူ ထိုင်ကြည့်နေပါသတဲ့။ အဲဒီအချိန် မှာပဲ နဂါးဒေါ်ဦးကလည်း မဏ္ဍာပ်ထဲ ဝင်ထိုင်ပြီး သူ့သမီးလေးတွေ ကတာကို ရှုစားနေလေရဲ့။ မောင်သန်းဆွေ က “မမဦးကော, ကသလား” လို့ အမေမာကို မေးလိုက်တော့ “သူ့စိတ်ထဲမတော့ ကချင်က နေမှာပေါ့” လို့ အမေမာက ဖြေသတဲ့။]
ဒီနေရာမှာ မေးခွန်းတစ်ခု ထပ်ပေါ်လာသည်။ “အရိပ်ထင်မှု”က လုံးဝပျက်စီးသွားတာလား။ ခေတ္တခဏ ထုံထိုင်းသွားတာလား။ အစမ်းသပ်ခံ ပုဂ္ဂိုလ်တွေက ကောလိပ်ကျောင်းသားတွေ။ သူတို့လက်ထဲ အာဏာပါဝါက အမြဲမရှိ။ သုတေသန ပြုချိန်ကာလအတွင်း အာဏာပါဝါရှင်သဖွယ်ခံစားရအောင် သူတို့ တစ်တွေရဲ့ စိတ်ကို ခေတ္တ ပြုပြင်ထားခြင်း ဖြစ်သည်။ သူတို့တစ်တွေအပေါ်စီး အနေအထား ရယူနိုင်ခဲ့တဲ့ အချိန်၊ သူတို့တစ်တွေ ရွှေထီးဆောင်းခဲ့တဲ့ကာလ၊ “ငါကွ”လို့ကြွေးကြော်နိုင်ခဲ့တဲ့ဖြစ်ရပ်တွေ … ဒါတွေကို အပြန်ပြန် အလှန်လှန် တွေးခိုင်း၊ အာဏာပါဝါရှင် စိတ်ခဏမွေးခိုင်းပြီး စမ်းသပ်မှုကိုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒီဘဝင်စိတ်တွေပျောက်ဆုံးကုန်ခန်းသွားတဲ့အခါ သူတို့ရဲ့ ခေတ္တ ထုံထိုင်းသွားတဲ့ ဦးနှောက် အစိတ်အပိုင်း တွေ နဂိုပုံမှန်ပြန်ရောက်သွားပါလိမ့်မည်။ သို့ပေမယ့် နေ့စဉ်နေ့တိုင်းလိုလို လုပ်ငန်းခွင်ထဲ “ငါကဘော့စ်ပဲ၊ ငါကဆရာကြီးပဲ၊ အားလုံးက ငါ့ကို ဆရာကြီး တင်ထားတာပဲ” ဆိုတဲ့ စိတ်တွေအမြဲလိုလိုဝင်နေခဲ့ရင်ဖြင့်၊ လုပ်ဖော်တွေကလည်း မိမိကို “ဆရာကြီးကတော့ ဆရာကြီးပါပဲ” လို့ထပ်ချည်းတလဲလဲပြောနေခဲ့ရင်ဖြင့် “စာနာမှုဆုတ်ယုတ်ခြင်း”က နလံ ပြန်ထူမလာတော့ဘဲ အကြောသေ သွားနိုင်သည်။ အိုးဘီတို့ရဲ့ စမ်းသပ်မှု နောက်တစ်ဆင့်ကျတော့ “ကြေးမုံသက်ရောက်မှု” အကြောင်း အစမ်းသပ်ခံ ပုဂ္ဂိုလ်တွေကို ကြိုတင် ရှင်းပြ ထားသည်။ “ကြေးမုံသက်ရောက်မှု”တိုးမြင့်လာအောင် သူတို့ကို ကြိုးစားခိုင်းသည်။ သို့ပေမယ့် အစမ်းသပ်ခံ ပုဂ္ဂိုလ်များ မည်ရွေ့မည်မျှ အားထုတ် သည်ဆိုစေ “ကြေးမုံသက်ရောက်မှု” ကသိသိသာသာ တိုးတက်လာခြင်း မရှိဟု သုတေသီများ ကဆိုသည်။
ဒီလိုဆိုရင် အာဏာပါဝါ ရောဂါက ကုစားလို့မရတော့ဘူးလား။ ရလည်း ရတယ်/ရလည်း မရဘူး နှစ်ခွ ဖြေရမည်။ ဦးနှောက်အပေါ် အာဏာပါဝါရဲ့ သက်ရောက်မှု၊ သြဇာလွှမ်းမှု … ဒါကိုရပ်ဆိုင်းပစ်ဖို့က လွယ်ကူသည့် ကိစ္စမဟုတ်။ လုပ်နိုင်တာတစ်ခုက မိမိရဲ့ အာဏာရှင်စိတ်ကို တစ်ချီတစ်ချီ ရပ်ဆိုင်းပစ်ဖို့ ကြိုးစား ကြည့်ခြင်း ပါတဲ့။ အမှန်တကယ်က အာဏာပါဝါ ဆိုတာရာထူးလည်းမဟုတ်၊ ဌာနန္တရ လည်းမဟုတ် ဘဲ မိမိ၏ စိတ်အခြေအနေတစ်ခုသာ။ မိမိအာဏာပါဝါ ကင်းမဲ့ချိန်ကို ပြန်ပြောင်း စဉ်းစားလိုက်သည်နှင့် မိမိဦးနှောက်က အရှိပကတိတရားနှင့် ကူးလူး ဆက်ဆံ နိုင်စွမ်းရသွားသည်ဟု စမ်းသပ်မှုများက ဆိုသည်။ မိမိတို့ ငယ်ငယ်ရွယ်ရွယ် အားကိုးရာမဲ့ ဘဝမှာ လေဆင်နှာမောင်းလို၊ မီးတောင် ပေါက်ကွဲတာလို၊ ဆူနာမီလို၊ ငလျင်လို သဘာဝ ဘေးအန္တရာယ် ကြီးကြီးမားမား တစ်ခုခု ကြုံခဲ့ ဆုံခဲ့ ထိတွေ့ ခံစားခဲ့ရတဲ့သူ တွေအဖို့ ထိုထိုခံစားမှုကို ပြန်ပြောင်း တွေးတောလိုက်သည်နှင့် တစ်ပြိုင်နက် စာနာစိတ်တွေ ဝင်လာသည်တဲ့။ မိမိရဲ့ မာန်မာန၊ မိမိရဲ့ မောက်မာမှု၊ တစ်ပါးသူ အရေးကိစ္စ အပေါ် အရေထူမှု စသည်တို့ လျော့ပါး သွားသည်တဲ့။ လုပ်ငန်းခွင်၌ မလိုအပ်ဘဲ စွန့်စား လုပ်ဆောင်မှုမျိုး နည်းပါး သွားသည်တဲ့။ ဒီလိုဆို မိုးပေါ် ရောက်နေတဲ့ ခြေအစုံကို မြေကြီးပေါ် အရောက် ပြန်ဆွဲချဖို့ရာက လူတိုင်းလိုလိုငယ်စဉ်က သဘာဝဘေး အန္တရာယ်တစ်ခုခု နှင့် နဖူးတေ့ ဒူးတေ့ ကြုံဖူးရမလို ဖြစ်နေသည်။ ဒီလိုလည်း မဟုတ်ပေဘူးဗျ။ မြေကြီးပေါ် ခြေနှစ်ချောင်းမြဲမြဲစွဲစေဖို့ရာ တခြား နည်းနာတွေ ရှိပါသေး သည်တဲ့။
၂၀၀၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပက်စီ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ အဖြစ်ထမ်း ဆောင်ခဲ့သူ အင်ဒြာနူးယီ (Indra Nooyi) ရဲ့ ပုံပြင်ကို နားဆင်ကြည့်ပါလေ။ ၂၀၀၁ ခုနှစ် တစ်ရက်မှာ သူ့ကို ပက်စီ ကုမ္ပဏီ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း သတင်းကောင်း နူးယီ ကြားရသည်။ တစ်ကိုယ်လုံး ပီတိစိတ်တွေ၊ ဂုဏ်ယူစိတ်တွေ၊ “ငါကွ”စိတ်တွေ ထုံမွှမ်းပြီး သူမ တစ်ယောက် အိမ်ပြန်လာသည်။ အိမ်သားတွေကို သူ့သတင်း ထူးကြီးပြောပြလိုက် မဟဲ့ပေါ့။ သတင်းထူးကြီး မပြောရသေးခင် သူ့အမေက ညည်းသတင်းကို ခဏထားဦး၊ အပြင်ပြန်ထွက်ပြီး အမေ့ အတွက် နွားနို့ဝယ်ပေးဦး ဟုပြောသတဲ့။ နူးယီ တစ်ယောက် စိတ်ပေါက်ပေါက်နှင့် နို့ထွက်ဝယ်ရသတဲ့။ သူပြန်လာတဲ့အခါ အမေဖြစ်သူက “နင့် သရဖူကြီးကို ကားဂိုဒေါင်ထဲ ထားခဲ့”လို့ဆိုသတဲ့။
ဒီပုံပြင်ရဲ့သော့ချက်က ဒီအကြောင်းကို နူးယီ ကိုယ်တိုင် စိတ်ပါလက်ပါ ပြန်ပြောပြခြင်း ဖြစ်သည်။ မိမိအဖြစ်၊ မိမိဘဝက ဘယ့်ကလောက် ကြီးကျယ်နေပေ့စေ၊ နိစ္စဓူဝအလုပ်တွေဆက်လုပ်ဖို့၊ ခြေ ထောက်ကို မြေကြီးပေါ်မှာ စွဲစွဲမြဲမြဲရပ်ဖို့ ပြောခြင်းဖြစ်သည်။ ဒီဇာတ်လမ်းမှာ နူးယီအမေဖြစ်သူက “ဘဝင်ဆွဲချသူ” (toe holder) အဖြစ်ပါဝင်ကပြခြင်းပါပဲ။ အမေရိကန် သမ္မတအဖြစ် သက်တမ်းလေး ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သော ဖရန်ကလင် ဒီရုစဗဲ့၏ နိုင်ငံရေး အကြံပေး လူဝီဟိုး တစ်ခါက အသုံးပြုခဲ့သောဝေါဟာရဖြစ်သည်။ ဟိုးက ရုစဗဲ့ကို သမ္မတကြီးဟုမခေါ်၊ ဖရန်ကလင်ဟုသာ တောက်လျှောက် ခေါ်ဝါ် သုံးစွဲခဲ့သည်။
ဟိုးနှင့်ရုစဗဲ့ (၁၉၃၂)
ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ “ဘဝင်ဆွဲချသူ”အဖြစ်တာဝန်ယူရသူက သူ့ချစ်ဇနီးသည် ကလဲမန်တင်း။ သူ့ခင်ပွန်းသည်ကို တစ်ခါကဤသို့ရေးသည်။ ချစ်စွာသော ဝင်စတန်၊ ရှင့်ရဲ့အပြုအမူနဲ့ အပြောအဆိုတွေက တနေ့တခြား နိမ့်ကျလာတာ ကျွန်မ သတိထားမိတဲ့ အကြောင်း ပြောချင်တယ်။ ရှင်ဟာအရင်လို ကြင်ကြင်နာနာ မရှိတော့တဲ့ အကြောင်းလည်းပါတယ်။ နာဇီ အာဏာရှင်ဟစ်တလာ ပါရီမြို့တော်ကိုဝင်ရောက်အောင်ပွဲခံတဲ့နေ့မှာ ဒီစာကိုရေးတာ။ ရေးပြီး စာကိုဆုတ်ပစ်သည် ဆိုသော်လည်း ဒီစာက တစ်နည်းနည်းနှင့် ချာချီ့ထံရောက်သွားသည်။ ဒီစာက ဇနီးဖြစ်သူက ခင်ပွန်းသည်ကို အပြစ်တင်တဲ့ စာမဟုတ်။ ဒီစာက သတိပေးတဲ့စာ။ တစ်စုံတစ်ဦးက ချာချီ့ဇနီးသည်ကို တိတ်တဆိတ် လာရောက် သတင်းပေးတဲ့အတွက် ရေးရတဲ့စာ။ ချာချီတစ်ယောက် အစည်းအဝေးတွေမှာ သူ့လက်အောက် ငယ်သားတွေ အပေါ် အနိုင်ကျင့်တဲ့အကြောင်း၊ သို့အတွက် အကြံဉာဏ် အကောင်းရော အဆိုးရော ဘာတစ်ခုမှ ထွက်လာတော့မည် မဟုတ်ကြောင်း၊ နောက်ဆုံး ရလဒ်အဖြစ် အကောင်းဆုံး အဖြေ မရနိုင် တော့ကြောင်း လာရောက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လော့ဒ်ဒေးဗစ်အိုဝင်ဆိုသည့် ဗြိတိသျှလူမျိုး ဦးနှောက်ရောဂါပါရဂူက လော့ဒ် (မှူးမတ်) အဖြစ်သူ ကောင်းပြုမခံရမီ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ရေးဖော် ဂျိုနသန်ဒေးဗစ်ဆင်နှင့်အတူ ၂၀၀၉ ခုနှစ်ထုတ် ဦးနှောက်ရောဂါ ဂျာနယ်တစ်ခု၌ “မာန်ကြောင်ရောဂါ” (Hubris Syndrome) (မာန်မာန၊ ဘဝင်ကိုင်မှုကြောင့် ရူးကြောင်ကြောင်ဖြစ်သွားသောရောဂါ) အကြောင်း သူရေးဖူးသည်။ ဒီရောဂါက အာဏာပါဝါ ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်သောရောဂါ၊ အထူးသဖြင့် အလွန်အကြူး / မတန်တဆ အောင်မြင်မှုနှင့် တွဲ၍ တွေ့ရတတ်သည်။ နှစ်ကာလ အတန်ကြာသည်အထိ ခံစားရသည်။ ရောဂါရှင်အပေါ် အထိန်းအကွပ် အချုပ်အချယ် ဘာမျှမရှိ။ ရောဂါလက္ခဏာက (၁၄) ခု။ အများသူငါကို ပေါ် ပေါ်ထင်ထင် အထင်အမြင်သေးခြင်း၊ ဖြစ်ရပ်မှန်နှင့်ကင်းကွာခြင်း၊ မဆင်မခြင် မရပ်မနား အလုပ်လုပ်ခြင်း၊ စီမံခန့်ခွဲမှု စွမ်းရည် ညံ့ဖျင်းလာခြင်း စသည်တို့ ပါဝင်သည်။
ဒေးဗစ်အိုဝင်က သူကိုယ်တိုင် “မာန်ကြောင်ရောဂါ” ရနိုင်တဲ့ အလားအလာ ရှိကြောင်း ဝန်ခံသည်။ ဖြစ်ရပ်မှန်နှင့် မကင်းမကွာ နေထိုင်ပုံနေထိုင်နည်းကို မေးမြန်းတဲ့အခါ သူသုံးတဲ့ နည်းဗျူဟာအချို့ကို သူခင်းပြသည်။ သူ့ဘဝင်ကို မြေကြီးပေါ် ဒုတ်ဒုတ်ထိ ဆွဲချခဲ့တဲ့ ဟိုးအဝေးအတိတ်ကာလဖြစ်ရပ်တွေကို သူပြန် စဉ်းစားကြည့် သတဲ့။ သာမန်လူတွေရဲ့ဘဝအကြောင်းရိုက်ကူးထားတဲ့ သတင်းကားတွေ သူ ကြည့်သတဲ့။ သူ့မဲဆန္ဒနယ်ထဲကလူတွေရဲ့ တိုင်စာတောစာတွေ၊ အကြံပေးစာတွေ၊ ဝေဖန်စာတွေ သူဖတ်သတဲ့။ သူ့ “မာန်ကြောင်ရောဂါ”ကို အဓိကကုစားတဲ့ဆေးက သူလုပ်နေတဲ့ “မာန်ကြောင်ရောဂါ” သုတေသန ဖြစ်ဖို့များသည်။ “မာန်ကြောင်” သမားတွေကို စာတွေ့ရော၊ ကိုယ်တွေ့ရော သူတွေ့ဖူး မြင်ဖူးလှပြီ။ သူတို့ရဲ့ ဘဝ ဇာတ်ကြောင်းနှင့် လားရာ လမ်းကြောင်းသူကောင်းကောင်း သိသည်။ သူလုပ်နေတဲ့ သုတေသနက သူတို့အမှားမျိုး ထပ်မမှားဖို့ရာ သူ့ကို သတိပေးသလို ဖြစ်နေသည်။
ခင်ဗျားတို့ ကျွန်တော်တို့ရော … ဒီရောဂါမရနိုင်ပေဘူးလား။ မရအောင် ဘယ်လို ကာကွယ် ကြမတုံး။ ရလာရင် ဘာလုပ်ကြမတုံး။
စာညွှန်း။
Jerry Useem. 2017. The Atlantic. July / August.
www.wsj.com/articles/use-mirroring-to-connect-with-others-1474394329
www.theatlantic.com/magazine/archive/2017/07/power-causes-brain-damage/528711
en.wikipedia.org/wiki/Louis_Howe
www.herlifemagazine.com/blog/book-review/my-life-in-full-work-family-and-our-future-by-indra-nooyi/

