
ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း စည်းမျဉ်းတွေထဲက နည်းပေါင်း စုံနဲ့ ထွက်ပေါက် ရှာကြတယ်။ အထူးသဖြင့် ကိုယ့်အသင်း နိုင်ပွဲရနေတဲ့ အခါမျိုးမှာ ဘောလုံးကို အချိန်ဆွဲ ကစားတာ မျိုး၊ ဒါကိုလည်း ဘယ်လောက် ပညာတတ်ဆန်ပါတယ် ပြောပြော ပရိသတ် တွေ တွေ့နေကြ မြင်နေကြ ဖြစ်တယ်။
နောက်ထပ် အမေရိကန်ဘောလုံးအားကစား။ တစ်ချိန်ကဆိုရင် အခု လူကြိုက်များနေတဲ့ ဘောလုံး အားကစားနည်းက အမေရိကန်မှာ မတွင်ကျယ်လောက်အောင် အမေရိကန်တို့ရဲ့ ဘောလုံး အားကစားနည်းက နေရာ ယူထားခဲ့တာပါ။ နောက်ပိုင်းမှ ဘောလုံးအားကစားနည်းက နည်းနည်း တွင်ကျယ်လာတယ်လို့ ဆိုနိုင်တယ်။ သူတို့ ဘောလုံး အားကစားနည်းက ခြေထောက်လည်း ပါသလို လက်လည်း ပါတယ်။ နောက်ပြီး တစ်သင်းနဲ့ တစ်သင်း တွန်းတိုက် ဆွဲလှဲပြီး ဘောလုံးကို အမှတ်ပေး စည်းမျဉ်းအတိုင်း အမှတ်ရအောင် ကြိုးစား ရတာမျိုး။ ဒီတော့ သူတို့ခန္ဓာကိုယ်မှာ အတွန်းခံ အတိုက်ခံ ဖို့အတွက် အကာအကွယ် မဖြစ်မနေ ဝတ်ဆင်ကြရတယ်။ ဦးခေါင်းမှာ ဆိုရင်လည်း သံခမောက်ကြီး ဆောင်းထားရတာ။ ဒါမှ ဘေးအန္တရာယ်ကနေ ကာကွယ်နိုင်မယ် မဟုတ်လား။ ဒါတောင်မှ ဒီကစားနည်းက အသက်ကြီး လာရင် ဒဏ်တွေခံကြရတယ်လို့ ဆေးပညာက ဆိုသေးတယ်။
ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံးဖြစ်တဲ့ လက်ပုတ်ဘော (Basket Ball) ကစားနည်းမှာ ဆိုရင်လည်း ထိုနည်းလည်းကောင်း။ တစ်ဖက်အသင်းကပုတ်ယူလာတဲ့ဘောလုံးကို ကိုယ့်ဂွင်း (ကွင်း) ထဲအသွင်း မခံရအောင် နည်းမျိုးစုံနဲ့တားဆီးရတာ။ ဒါက တစ်သင်း ငါးယောက်ကစပြီး ဆယ့်တစ်ယောက်အထိ အစုလိုက် ကစားနည်းတွေ ရဲ့ ယေဘုယျအခြေအနေတွေပဲ။ ထိုအပြင် တစ်ဦးချင်း ကစားနည်း တော်တော်များများမှာ ဆိုရင်လည်း ပွဲတစ်ပွဲ အနိုင်ရဖို့က အစုလိုက် ကစားနည်း တွေနဲ့ ခပ်ဆင်ဆင် ရယ်ပါပဲ။ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာဖွေပြီး မလွတ်တမ်း ဖမ်းဆုပ်နိုင်ခြင်းဟာ အသင်းရဲ့ အောင်နိုင်ခြင်းပါပဲ။ ဒီလို အားနည်းချက် တွေ ရှာဖွေဖို့ကိုပဲ ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး နည်းစနစ်မှူးတွေ ၊ အားကစား ဒါရိုက်တာတွေ စသည်ဖြင့် ခန့်ထားရတာ မဟုတ်လား။ ကမ္ဘာမှာ ဒါကိုပဲ တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေလို့ သတ်မှတ် ထားကြတယ်။ ပရိသတ်တွေကလည်း ကိုယ့်အသင်းက တစ်ဖက် အသင်းကို တစ်ခုခု လုပ်ပြလိုက် နိုင်ရင် ဝမ်းသာအားရ ဖြစ်ကြတယ်။ ကိုယ့်အသင်းက ပြန်ခံရရင်လည်း များသောအားဖြင့် အားပေးကြပေမယ့်လို့ ဒေါသအိုး ပေါက်ကွဲတဲ့ ပရိသတ်တွေလည်း ရှိတာပဲ။ ဒါကြောင့်လည်း ကွင်းထဲကို ဦးထုပ်တွေ၊ ဘီယာခွက်တွေနဲ့ ကောက်ပေါက်ကြတာမြင်ဖူးတွေ့ဖူးကြ မှာပါ။ ဒါတွေဟာ အားကစားလောကနဲ့ ရင်းနှီးသူတိုင်း မငြင်း နိုင်လောက်တဲ့ သာမန်အဖြစ်အပျက် တွေပါ။ သို့ပေမယ့်လို့ ဒီလို အားကစားနည်းတွေနဲ့ မတူတဲ့ အားကစားနည်းတစ်ခု ရှိနေသေးတယ် ဆိုရင် အံ့ဩသွားကြ မလား မသိဘူး။ ကမ္ဘာနိုင်ငံ အသီးသီးမှာ ရှိနေတဲ့ အားကစားနည်းတွေကို အကုန်လုံး မသိပေမယ်လို့ ကိုယ့်မြန်မာနိုင်ငံရဲ့ ရိုးရာ ခြင်းလုံး အားကစားနည်း ကတော့ ဒီအားကစားနည်းတွေနဲ့ မတူညီတာ အမှန်ပဲ။ ပြီးတော့ သိပ်ချစ်စရာကောင်းတဲ့ အားကစားနည်း တစ်ခုလည်း ဖြစ်နေတယ်။ ဘာကြောင့် ချစ်စရာ ကောင်းရတာလည်း ဆိုတော့ ဒီ အားကစား နည်းဟာ တစ်ဖက်အသင်းရဲ့ အားနည်းချက်တွေကို ပြိုင်ပွဲချိန်အတွင်းမှာ ရှာစရာ မလိုဘူး။ ယှဉ်ပြိုင်နေစဉ် အတွင်းမှာ ကိုယ့်အသင်းသား အချင်းချင်း အပေါ်မှာပဲ ဂရုစိုက်ရတယ်။ ကိုယ့်အဖွဲ့သား အချင်းချင်း အပေးအယူ မျှအောင် ကြိုးစားးရတယ်။ ကိုယ့်အသင်းမှာ တစ်ဦး တစ်ယောက်က အားနည်းချက် ကြုံလာခဲ့မယ်ဆိုရင် ကျန်တဲ့သူတွေကဖေးမ ကူညီရတယ်။ ဒီလိုနည်းနဲ့ ကိုယ့်အသင်း အတွက်အမှတ်တွေ အများကြီးရအောင် ရှာဖွေကြရတယ်။ ဘယ်သူ ရေးသွားမှန်း အတိအကျ မသိရတဲ့ “အပေးအယူ လွန်ကြည်ဖြူ၊ ခြင်းမူစာဂ မျှစိတ္တ“ ဆိုတဲ့ လင်္ကာတိုလေးဟာ ရိုးရာခြင်းလုံး အားကစားနည်းကို အပြည့်အဝ ညွှန်းဆိုနိုင်တဲ့ ဆောင်ပုဒ်လေးပဲ ဖြစ်တယ်။ တစ်ယောက်ခတ်လိုက်တဲ့ ခြင်းကို ကျန်တဲ့သူတွေထဲက ရအောင်မဆယ်လိုက်နိုင်ရင် “ ငါ ညံ့ သွားတယ်“ လို့တောင်းပန်တာ ကျွန်တော်သိသလောက် ဒီအားကစားနည်း မှာပဲရှိတယ်။

နောက်ထပ်ချစ်စရာကောင်းတဲ့အချက်ကိုလည်း ကြည့်ပါဦး။ တခြား အားကစားနည်းတွေမှာ ဆိုရင် အားနဲ့အင်နဲ့ အစွမ်းကုန် အသုံးချပြီး ကစားရတာ။ အနီးစပ်ဆုံး ထိုင်းနိုင်ငံက ပိုက်ကျော်ခြင်း ကိုပဲ ကြည့်။ ခြင်းကစား တာချင်း တူပေမယ့်လို့ သူတို့က ခြင်းလုံးကို လေထဲမှာဝဲပြီး ခြေထောက်နဲ့ အားကုန် ရိုက်ချရတာမျိုး။ ရိုးရာခြင်းမှာက မတူဘူး။ ခြင်းပေါက်တစ်ခုကို ခတ်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာ သူရဲ့လှုပ်ရှားမှုက အားနဲ့မာန်နဲ့လို့ ဆိုပေမယ်လို့ တကယ်တမ်း ခြင်းကို ခတ်လိုက်တဲ့ အချိန်မှာ ခတ်လိုက်တဲ့ ခြေဖျားက အားမပါဘူး။ တချို့က ဟပ်ခတ်တယ်။ တချို့က မ ခတ်တယ်။ သေချာတာက ကန်ခတ် လိုက်တာ မဟုတ်ဘူး။ သူတို့လိုသာ ခတ်မယ်ဆိုရင် ခြောက်ပေလောက် ဝိုင်းလေး အစား ပေခြောက်ဆယ်လောက် ဝိုင်းကြီးလုပ်မှရလိမ့်မယ်။
နောက်ထပ် ချစ်စရာကောင်းတာကို ဆက်ဦးစို့။ ဒီခြင်းလုံး အားကစားနည်းက မြန်မာ့ရိုးရာ အားကစားနည်း ဆိုပေမယ့်လို့ တခြား အားကစားနည်းတွေလို ကိုယ့်ရိုးရာ ယဉ်ကျေးမှုနဲ့ အစပ်အဟပ် တည့်မနေတာမျိုး မဟုတ်တာဘဲ။ ယဉ်ကျေးမှုက သတ်သတ် ၊ အားကစားက သတ်သတ် ဖြစ်နေတာမျိုး။ အနီးစပ်ဆုံး ထိုင်းကိုပဲ ပြန်ရည်ညွှန်း ပါရစေ။ သူတို့ရဲ့ ပိုက်ကျော်ခြင်း မှာ ဆိုရင် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ထဲ က အက အလှတွေ ပါဝင်နေတာမျိုး မတွေ့ရဘူး။ ဒါကလည်း သူတို့အက နဲ့ သူတို့ဆီက ပိုက်ကျော်ခြင်းကို ပရိသတ် တစ်ယောက်အနေနဲ့ ကြည့်ပြီး ပြောတာပါ။ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားမှာ ဆိုရင် ခေါင်းမော့နေဟန်၊ လက်ထားဟန်၊ ခြေအကွက် နင်းဟန်တွေက မြန်မာ့ရိုးရာ အကတွေနဲ့ အတော်လေး နီးနီးစပ်စပ် ပါနေတာမျိုးကို တွေ့ရပါတယ်။ ရိုးရာသိုင်း က ဆိုရင်လည်း လေးကွက်နင်းတို့ ရှစ်ကွက်နင်းဟန် တို့ဟာ အတော်လေး ကို ဆင်တူပါတယ်။ ပါတယ်လို့ အတိအကျ မပြောနိုင်တာက သေသေချာချာ လေ့လာထားမျိုး မလုပ်နိုင်သေး လို့ရယ်၊ တစ်ဦးတစ်ယောက်က လေ့လာ တင်ပြထား တာမျိုးကို မတွေ့ဖူး သေးလို့ပါ။ သို့ပေမယ့်လို့ ကြည့်လိုက်တာနဲ့ အတော်လေး သိသိသာသာကို မြင်ရပါတယ်။ နောက်တစ်ခု ရှိသေးတာက အားကစားနဲ့ အနုပညာ ပေါင်းစပ် ပါဝင်မှုပါ။ တချို့ တစ်ဦးချင်း အားကစား တွေ မှာ တေးဂီတနဲ့တွဲဖက်ပြီး အားကစားနည်းနဲ့ စည်းချက်ကျကျ လှုပ်ရှားရတာမျိုး တွေ့ဖူးပါတယ်။ သို့ပေမယ့်လည်း မြန်မာ့ရိုးရာ ခြင်းလုံးရဲ့ တွဲဖက်မှုက မြန်မာ့ရိုးရာ ဆိုင်းဝိုင်းနဲ့ တွဲဖက် ခတ်ကစားရတာမျိုးပဲ ဖြစ်တယ်။ ဒီလို အားကစားနည်းမျိုး ရှိတော့ရှိနိုင်ပေမယ့် ရှားပါလိမ့်မယ်။ အဲဒီလို ရှားတဲ့အထဲမှာ မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းလည်း ပါပါတယ်။
သို့သော်လည်း စိတ်မကောင်းစရာလို့ ဆိုရသလို ချစ်စရာ ကောင်းတာနဲ့ လိုက်ဖက်အောင် မုန်းစရာ ကောင်းတာတွေလည်း ရှိပါတယ်။ တကယ်ဆိုရင် တခြားအားကစားနည်းတွေမှာ ချစ်ကြည်ရေးပွဲ (Faire Play ) ဆိုတာကို ပြိုင်ပွဲအသွင် မဟုတ်ဘဲ သီးသန့် ကျင်းပ ရတာမျိုး။ ရိုးရာခြင်းမှာက ပြိုင်ပွဲ အသွင်ထဲမှာကိုက ချစ်ကြည်ရေး အသွင်ပါ ပါနေပြီးသား ဖြစ်တယ်။ ဆိုတော့ ဒီလောက်ချစ်စရာ ကောင်းတဲ့ အားကစားနည်းကို ကစားနေပြီး ဘာကြောင့် မချစ်နိုင် ကြတာလည်းလို့ မေးချင်တယ်။ ဒီလို အားကစားနည်းကို ကစားနေပြီးတော့မှ သူကလည်း တစ်စင် ထောင်၊ ငါကလည်း တစ်စင်ထောင်တာ မျိုးက သိပ်ကြည့်ကောင်းတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပေ ဘူး။ ဒီမြေ ဒီလေ ဒီရေပေါ်မှာ ဒီလိုလူမျိုးတွေ ထဲမှာ လာဖြစ်ပြီးတော့ ဒီအားကစားနည်းကို ကစားခွင့် ရနေတဲ့ အခွင့်အရေးပေါ်မှာ ဒီလိုဖြစ်နေကြတာ ဆိုရင်ဖြင့် ကမ္ဘာကြီး အပေါ်ကို ဖြတ်လျှောက် ဖို့အတွက် လေးကန်တဲ့ ခြေလှမ်းတွေပဲ ဖြစ်တယ်။
သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အစောဆုံး အထောက်အထားတွေ အရ ပျူခေတ်မှာ တွေ့ရတယ်လို့ ဆိုတယ်။ ပျူခေတ်ဆိုတာက ဘီစီ ၂၀၀ ကနေ အေဒီ ၉၀၀ လောက် အထိ တည်ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစောဆုံး မြို့ပြ မဟုတ်လား။ အခုကမ္ဘာမှာ လူကြိုက်များတဲ့ ဘောလုံး အားကစားနည်းကို ကြည့်မယ်ဆိုရင် အစောဆုံး အထောက်အထားအရ ဘီစီ ၂၀၀၆ ကနေ အေဒီ ၂၂၀ တရုတ်နိုင်ငံရဲ့ ဟန်မင်းဆက် လက်ထက်မှာ တွေ့ခဲ့ရတယ်လို့ ဖီဖာက အသိအမှတ်ပြု ထားတယ်။ အဲဒီတုန်းက ဘောလုံး အားကစားနည်းကို CUJU ချူဂျူး လို့ခေါ်တယ်။ ၁၉ ရာစု ရောက်မှာသာ အင်္ဂလန်က ဘောလုံး အားကစားနည်း စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ပြီး ပြန်လည်ဖော်ထုတ်တာ ဖြစ်တယ်။ ဒီမှာနေရာမှာ သမိုင်းကြောင်း ဒီလောက် ရှည်လျားတဲ့ အားကစား နည်းမျိုးကို ကစားခွင့်ရနေတာ တစ်ခုတည်းနဲ့တင် တော်တော်လေး ဂုဏ်ယူစရာ ကောင်းနေပြီ ဆိုတာကို ဆဝါးမိတယ်။ တစ်ချိန်က အင်္ဂလန်ရဲ့ နေမဝင် အင်ပါယာကြီးအောက် ကျရောက်ခဲ့စဉ် တုန်းက အင်္ဂလန် ဝင်ဘလေကွင်းကြီးမှာ မြန်မာ့ ရိုးရာ ခြင်း သရုပ်ပြ သွားခတ်ကစားပြခဲ့တော့ အင်္ဂလန်က လူတွေ ဒီအားကစားနည်းကို ဘောလုံး အားကစားလို စိတ်မဝင်စားခဲ့တာက ဘုရားသခင် စောင်မတာပဲလို့ ဆိုရမလိုပဲ။ ဒီပြင်ဆို ကိုယ့်အားကစားနည်းက သူတို့အားကစားလိုလို ဖြစ်သွားမှာ သေချာနေလို့။ အခုနောက်ပိုင်း ဆီးဂိမ်းမှာ ထည့်သွင်း ကျင်းပဖို့ ကြိုးစား ခဲ့ပေမယ့် လည်း မြို့နယ် တိုင်းဘောလုံးကွင်း ရှိပြီး မြို့နယ်တိုင်း ရိုးရာ ခြင်းအားကစားရုံ မရှိတာကတော့ အားနည်းချက်ကြီး တစ်ခုပဲ။
နောက်ပြီးတော့ ရိုးရာ ခြင်းအားကစားနဲ့ ပတ်သက်ရင် သေသေချာချာ လေ့လာ မှတ်တမ်း ပြုစုဖို့လည်း လိုအပ် နေသေးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ခေတ်အဆက်ဆက် ခတ်ကစား လာခဲ့ကြတဲ့ သူတွေက ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ခြင်းခတ်ကွက် အသစ်တွေ တီထွင် တတ်ကြလို့လည်း ပါတာပေါ့။ များသောအားဖြင့် တွေ့ရတာက စစ်ကြိုနဲ့ စစ်ပြီးခေတ်လောက်က စာအုပ်တွေကိုပဲ အွန်လိုင်းပေါ်မှာ ပီဒီအက်ဖ် ဖိုင်အဖြစ် သော်လည်းကောင်း ဓာတ်ပုံအဖြစ် သော်လည်းကောင်း တွေ့နေရလို့ပါ။ ရိုးရာခြင်းကို စိတ်ဝင်စားတဲ့သူ တစ်ယောက်က စာအုပ်ဝယ် ဖတ်ချင်ပါတယ် ဆိုရင်တောင်မှ အလွယ်တကူ ဝယ်လို့မရပါဘူး။ နောက်ပြီး တစ်ချိန်တုန်းက ခေတ်စားခဲ့တဲ့ ခြင်းခတ်ကွက်တစ်ခုဟာ ဒီနေ့မှာ ခေတ်စားချင်မှလည်း ခေတ်စား နေပေလိမ့်မယ်။ ခေတ်ချင်းက မတူတော့ဘူးလေ။ တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ကစားကွက်တွေကို မှတ်တမ်း အဖြစ် ပြုစုထားတာမျိုးလည်း မတွေ့ရဘူး။ ဥပမာ ၁၉၀၀ ကျော်လောက်က မန္တလေးဘက်က စတင် ခတ်ကစားခဲ့တဲ့ အင်းလေးရစ်ခြေဖျား ဆိုပါတော့။ မန္တလေးဘက်ကသာ စပြီး ခတ်ကစား ခဲ့တယ်လို့ပဲ သိရတယ်။ ဘယ်သူက စတီထွင်လိုက်လို့ ဒီခတ်ကွက် ပေါ်လာတယ်၊ တီထွင်သူရဲ့ နာမည်ကို မသိဘူး ဖြစ်နေတယ်။ ခြင်းသမား အချင်းချင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားရတာ မျိုးပဲ ရှိပါတယ်။ အင်းလေးရစ်ဆိုရင် တီထွင်တဲ့သူကို ချီးကျူးဂုဏ်ပြု လောက်တယ်။ ရစ်ခြေဖျား ဆိုတာသိပ်ခက်ခဲတဲ့ ကစားကွက် မဟုတ်ပေမယ်လို့ အင်းလေးမှာ လှေလှော်တဲ့ဟန်ကို အားကစားထဲ ပေါင်းစပ်ထည့်ပေးတဲ့ အတွေးအခေါ်အယူအဆက သိပ်ကောင်း တယ်မဟုတ်လား။ အခုဆိုရင် ရိုးရာခြင်းလောကမှာ ကမ္ဘောဇရစ် လို့ပဲခေါ်ခေါ် အင်းလေးရစ်လို့ပဲ ခေါ်ခေါ် ဒီခတ်ကွက်ဟာ တော်တော်ခေတ်စားနေပြီ မဟုတ်လား။ ဒီလို ခြင်းအားကစားမှာ ခတ်ကွက် တစ်ခုဖြစ်တည်း နေပေမယ့်လို့ ဒီခတ်ကွက်ကို တီထွင်သူဟာ တိတ်တိတ်လေး လူမသိသူမသိ ဂုဏ်ယူ နေရတာမျိုးက ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်မျိုးပဲ။ တကယ်ဆို ရှေးက ခြင်းဆရာကြီးတွေ တီထွင်ကစားခဲ့တဲ့ ခတ်ကွက်တွေ နောက်မျိုးဆက်တွေရဲ့ ခတ်ကွက်တွေကို မှတ်တမ်းမှတ်ရာနဲ့ စနစ်တကျပြုစု၊ ခတ်ကွက် တီထွင်နိုင်သမျှကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုမယ်ဆိုရင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားက ဒီထက်မက တိုးတက်ပြောင်းလဲနေမှာ အသေအချာပဲ။
တကယ်ဆိုရင် ရိုးရာ ခြင်းလုံးအားကစားဟာ ဘယ်အားကစားနဲ့မှ မတူတဲ့ အားကစားနည်း တစ်ခုပါ။ ကိုယ့်ရိုးရာမို့ ကိုယ်ထင် ခုတင်ရွှေနန်းလို့ ကဲ့ရဲ့လည်း ကျေနပ်ပါတယ်။ အနုပညာနဲ့ အားကစား ပေါင်းစပ်ထားတဲ့ အားကစား။ တစ်ခု သတိထားရမှာက ယနေ့ခေတ်က ကမ္ဘာက ရွာကြီးတစ်ခုလို ဖြစ်နေ တော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုချင်း ဆက်သွယ် ထိတွေ့မှုက မြန်ဆန်ပါတယ်။ ဒီတော့ဘာ ဖြစ်လာတတ်သလဲဆိုတော့ ဗိုင်းရပ်စ်တွေလို ကူးစက်တတ်တာကိုပါပဲ။ ပြီးခဲ့တဲ့ ကိုဗစ်ကပ်ဘေး လိုပေါ့။ ကိုယ်ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဟန်တွေကို သဘောကျမိ တတ်ပါတယ်။ ဒါမျိုးတွေ များလာရင် ကိုယ့်ရိုးရာယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေတဲ့ အားကစားဟာ တခြားနိုင်ငံက ယဉ်ကျေးမှုတွေနဲ့ သွားပြီး ရောနှောပေါင်းစပ် သွားပါလိမ့်မယ်။ လူကြိုက် များအောင် သော် လည်းကောင်း ကိုယ်လုပ်နိုင် တယ်ဆိုတာကို ပြချင်စိတ်နဲ့သော်လည်းကောင်း ဒါမျိုးတွေက ဖြစ်လာမှာပါ။ ဒါကို စနစ်တကျနဲ့ ဦးဆောင် ဦးရွက်ပြုနေသူများက စည်းစနစ်တကျ ဖြစ်အောင် လမ်းညွှန် သင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် Free Style လို့ခေါ်တဲ့ ဘောလုံး တစ်ကိုယ်တော်စွမ်းရည် အလှပြ ပြိုင်ပွဲတွေ ကပေါ့။
နောက်ပြီးမြန်မာ့ရိုးရာခြင်းလုံးအားကစားမှာက ခြင်းခတ်ကျွမ်းကျင်သူ (ခြင်းမင်းသား) လိုအပ်သလို သူ့ကို ဝိုင်းဝန်း ထောက်ပံ့ ဆယ်ပို့ပေးမယ့် သူလည်း လိုအပ်ပါတယ်။ ဒီလို နှစ်ဦး နှစ်ဖက် ကောင်းမှ ခြင်းဝိုင်းက ပိုပြီး ရသမြောက်ပါတယ်။ အရေးကြီးတာက ခြင်းမင်းသားက ဝိုင်းလယ် ဝင်ခတ်နေရင် ခြင်းဆက် မပြတ်ဖို့ အတွက် ဘေးက ကျန်တဲ့သူတွေက ဆယ်ထောက်ပြီး ခြင်းမင်းသားဆီကို ခြင်းလုံး အရောက် ပြန်ပို့ပေးရပါတယ်။ ခြင်းမင်းသားတစ်ယောက် ဖြစ်ဖို့ မလွယ်ကူသလိုဘဲ ခြင်းထောက်ကောင်း တစ်ယောက် ဖြစ်ဖို့ကလည်း မလွယ်ကူပါဘူး။ ခြင်းသမားတွေ အခေါ်ကတော့ ဂေါ် ပေါ့။ မြေပြင်က ရှပ်ပြီးလာတဲ့ ခြင်းလုံးမျိုးကို ခြေဖျား တစ်ပြားစာ လျှပ်တစ်ပြက် မကျအောင်ထောက်နိုင်ဖို့က ဂေါ်သမားကောင်းတွေ မှသာရတာပါ။ တစ်ခါတလေ ခြင်းမင်းသား ခတ်ကွက်ကို အာရုံအသိနဲ့ ခြင်းမင်း သား ခြေဖျား အောက်ကနေ ခံထားတာမျိုး။ ခြင်းမင်းသားက ခြင်းလုံးကိုမထိပဲ ဂေါ်ခြေဖျားနဲ့ ထိသွား တာမျိုးက တကယ့် ဂေါ်စစ်စစ် တွေမှသာ ရနိုင်တာမျိုးပါ။ ခြင်းခတ်ကွက် တွေကို ကျင့်လို့ ရချင်ရပေမယ့်လို့ အဲဒီလို ခြင်းမကျအောင် ထောက်ဆယ် ပေးရတဲ့ ဂေါ်တစ်ယောက် ဖြစ်ဖို့က ဘယ်လိုကျင့်ရမလဲဆိုတာ အခုထိ မသိသေးပါဘူး။ ဒါတွေဟာ အပြင် အလှခတ်ပွဲတွေမှာ တွေ့ရပေမယ်လို့ ရိုးရာ ခြင်း ပြိုင်ပွဲတွေမှာ ဂေါ်ကို အသိအမှတ်ပြုထားတာ မရှိပါဘူး။ တကယ်ဆိုရင် ဂေါ်ကိုလည်း ပြိုင်ပွဲ စည်းမျဉ်းထဲ ထည့်ရေးဆွဲသင့်တယ်လို့ မြင်ပါတယ်။
ဂေါ်ပါခြင်းနဲ့ မပါခြင်းဟာ ဘာတွေ ကွာသွားမလဲ ဆိုတော့ ခြင်းပေါက်တွေ ဝင်လမ်း ထွက်လမ်းမှန် လာမယ်။ ရှင်းပြပါရစေ။ အဓိကကျတာက ရိုးရာခြင်းအမျိုးအစားတွေထဲမှာ ခြင်းကြီး၊ ခြင်းလတ်၊ ခေတ်စမ်းဆိုပြီး သုံးမျိုး ရှိပါတယ်။ ခြင်းကြီးမှာဆိုရင် သိသာ ထင်ရှားတဲ့ ခတ်ကွက်ဖြစ်တဲ့ တည့် (ဒဲ့) ဖဝါးတို့ တည့် (ဒဲ့) ဖနောင့် ခြင်းကွက် တွေမှာ ပြိုင်ပွဲခတ်ပြီဆိုရင် ဂေါ်မပါတဲ့အတွက် ခြင်းဝင်လမ်းက တည့်တည့် ဝင်လာပေမယ့်လို့ ခြင်းထွက်လမ်း ကျတော့ နောက်တစ်ယောက်က ကူးခတ် ကစားရမှာ ဖြစ်တဲ့အတွက် ရှေ့တည့်တည့်ကနေ ခြင်းထွက်လမ်း အမှန်ကို စောင့်ဆိုင်းနေတာထက် နောက်နားကနေ စောင့်ဆိုင်းတာက ပိုမြန်နေတော့ တည့်(ဒဲ့) ခြင်းပေါက်ဟာ ခြင်းလုံးဝင် လမ်းပဲ တည့် (ဒဲ့) ဖြစ် နေပြီး ထွက်လမ်းက တည့် (ဒဲ့) မဖြစ်တော့ပါဘူး။ တကယ်ဆိုရင် ပြိုင်ပွဲတွေမှာ ပေးထားတဲ့ မိနစ် အတွင်း အမှတ်များများ ရအောင်ကြိုးစားရတာ ဖြစ်တဲ့အတွက် မြန်မြန် ခြင်းပေါက်တွေ ကူးခတ်နိုင်လေ အမှတ်များလေ မဟုတ်လား။
ဒီလို အမှတ်များများရဖို့အတွက် ခြင်းလုံးနည်းစနစ်ကို လျှော့ပေးနေသလို ဖြစ်နေတာ။ မလျှော့ပေးသင့်ဘူး လို့ ထင်ပါတယ်။ ဝင်လမ်းထွက်လမ်းမှန်ခြင်းက ခြင်းလုံးရဲ့ ရသပဲမဟုတ်လား။ အကယ်၍ ဂေါ်ထည့်လိုက်မယ်ဆိုရင် အမှတ်များများမရနိုင်တော့ပေမယ့်လို့ ခြင်းလုံးရသ ပိုပေါ်လွင်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက အရေးမကြီးပေမယ့် လို့ ကျွန်တော့် ဘာသာ ကြံဖန်ပြီး စဉ်းစားမိတာလေးပေါ့။ ဘာလဲဆိုတော့ ရိုးရာခြင်းခတ်ပြီ ဟေ့ဆိုရင် ကိုယ့်ရဲ့ညာဘက်ကို လာတဲ့ခြင်းလုံးကိုသာ ခတ်ရပါတယ်။ ဘယ်ဖက်ကို လှန်ခတ်လို့မရပါဘူး။ ဒီစည်းကမ်းလေး နဲ့ပက် သက်ပြီး ဘာကို သွားတွေ့မိသလဲဆိုတော့ ကျနော် ဘုရားသွားဖူးရင် ဘုရားကို ညာဘက်ကသာ ပတ်ပြီး ဖူးရတာကိုပါပဲ။ ငယ်ငယ်ကတော့ ဘာကြောင့် ညာဘက်က ပတ်ပြီးဖူးရတယ်ဆိုတာ ကိုနားမလည်ဘူး။ ဘုရားဖူးတာပဲ ဘယ်လိုပဲ ပတ်ဖူးဖူး ရတာပဲ မဟုတ်လားလို့ စောဒက တက်မိတော့ လူကြီးတွေကလည်းရှင်းမပြပါဘူး။ “ ဟဲ့လူကြီးက ဒီလိုဖူးဆိုဖူး” နဲ့ပဲပြီးသွားတာပါပဲ။ နောက်မှ ကျွန်တော်တို့ နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံတုန်းက ကဿပမြတ်စွာဘုရားက သုမေဓာရှင်ရသေ့ရဲ့ ညာဖက်ကနေကြွသွားတယ်ဆိုတာကို မင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင် မှာဖတ်လိုက်ရမှ ဆက်စပ်စဉ်းစားမိသွားတယ်။ သဘောတရားကတော့ နောင်လာမယ့်မျိုးဆက်တွေ ကို ဦးစားပေးတဲ့ သဘောပါလား လို့လည်း တွေးမိသွားတယ်။ အဲဒီ သဘောတရားလေးကို ရိုးရာခြင်း လုံးခတ်ကစားနည်းထဲမှာ သိလို့ပဲဖြစ်ဖြစ် ကစားရတာအဆင်ပြေအောင်လို့ပဲဖြစ်ဖြစ် ထည့်သွင်း ထားတာဟာဖြင့် သိပ်ကောင်းတဲ့ လုပ်ရပ် တစ်ခု ပါလားလို့ မှတ်ယူမိတယ်။
ဒါကြောင့် မို့လို့ နိဂုံးချုပ်အနေနဲ့ ကမ္ဘာမှာ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းတူ ကိုယ့်အမျိုးသား ယဉ်ကျေးမှုနဲ့ ဆက်စပ်ဖြစ်တည်နေတဲ့ အားကစားမျိုးရှိကောင်းရှိနေပါလိမ့်မယ်။ သို့ပေမယ်လို့ အနည်းအကျဉ်း သာ ဖြစ်ပါလိမ့်မယ်။ ဖျော်ဖြေရေးသာမက အနုပညာရသပါ ပါဝင်နေတာဖြစ်တဲ့ အတွက် အလွန်ကို တန်ဖိုးကြီးတဲ့ အားကစားနည်း တစ်ရပ် ဖြစ်နေတာ ကတော့ အသေအချာပါပဲ။ ဒီလို အားကစားနည်းမျိုးကို စနစ်တကျတခမ်းတနားတည်ဆောက်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးဖို့ရာအတွက် ဆို သူတစ်ပါး အားကစားနည်း တွေကို မှီခိုစရာ လုံးဝ မလိုအပ် ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ရိုးရာခြင်း ချစ်မြတ်နိုးသူတွေအားလုံး အများကြီး ကြိုးစားရ ပါဦးမယ်။ တန်ဖိုးရှိလွန်းတဲ့အရာကို လက်ဝယ်ဆုပ် ကိုင်ပြီး တန်ဖိုးမဲ့ မဖြစ်အောင် ကာကွယ်ရပါ ဦးမယ်။ ဒါဟာအပြောသက်သက်ဖြစ်လို့ လွန်ကူလွန်း တယ်လို့မယူဆပါဘူး။ တကယ်တမ်း ကြိုးစားခွင့် ရလာတဲ့အခါမှာ အခက်အခဲပေါင်းစုံကြုံပြီး စကား ပေါင်းစုံ အကျောက်အကန် ပြောကြ ရဦးမှာပါ။ နောက်ပြီး ဒါမျိုးကြိုးစားခွင့်ဟာ ကျွန်တော့် တစ်သက်တာ အတွင်းမှာတောင် ရလိမ့်မယ်လို့ မခံယူထားပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပေါ့ တကယ်တမ်းကြိုးစားခွင့်ရလာ တဲ့အချိန်မှာ “အပေးအယူ လွန်ကြည်ဖြူ၊ ခြင်းမူစာဂ မျှစိတ္တ“ ဆိုတဲ့ ဆောင်ပုဒ်လေးကိုတော့ ရင်ထဲ အသည်းထဲမှာ နင့်နင့်နဲနဲ ထည့်ထားစေချင် တာတော့ ဧကန်မုချပါပဲ။ ဒါဆိုရင် သိပ်ဣန္ဒြေရတဲ့ မိန်း ကလေးတစ်ယောက်တွေ့ရင် လူငယ်သုံး ဗန်းစကားတစ်ခု ဖြစ်တဲ့ နန်းဆန်လိုက် တာကွာ ဆိုတဲ့စကား ကို ရောက်ရာအရပ်က ထ ပြောလိုက်ချင်တယ်။

