The Corner

The Corner

cropped-Logo_round_grey-background.png

ပျော်ပါတယ် ရေနီမြောင်း – KIDD

Share မယ်
Photo: Freepik

၇.၇ ရစ်ချတာစကေး ငလျင် သို့မဟုတ် မိုင် ၃၀၀၀ ကျော်ရှည်သည့် နဂါးကြီးမှာ မန္တလေး ရေနီမြောင်းကို လက်မှိုင်ချရသည်။ ၁၉၀၂ ခုနှစ်မှ စတင်စီးဆင်းနေသည့် ရေနီမြောင်းမှာ အစီးမပျက်၊ မြောင်းဘေး နံရံ အုတ်လေး တချပ်ပင် ပဲ့သွားခြင်းမရှိသလို နောက်ကျိ ညစ်ပတ်နံစော်နေသည့် ရေကွာလတီလည်း ပြောင်းလဲသွားခြင်း မရှိပါ။ ဆည်တော်ကြီးမှ ရေများကို လယ်ကွင်းများအတွင်းသို့ ပေးပို့ရန် အင်္ဂလိပ် အစိုးရလက်ထက် တွင် ဖောက်လုပ်ခဲ့သည့် ရေနီမြောင်းသည် သာယာလှပ သန့်ရှင်းစွာ ၁၉၈၈ ခုနှစ် မတိုင်မီအထိ စီးဆင်းခဲ့သည်ဟု ဆိုပါသည်။ ဆူးနှင့် ဩဘာရေးဖွဲ့ပြီး လွှမ်းမိုးသီဆိုသော “သတိတရ နန်းတော်ရှေ့” သီချင်းမှာ “ရေနီမြောင်း အချစ်အကြောင်းတို့ဖွဲ့ရာမြေ” ဟု ရန်ကုန်တက္ကသိုလ် ပုဂံလမ်းနှင့် နှိုင်းယှဉ်ပြသွားသည်။ ဂျူး ၏ ပထမဆုံး ပေါက်သွားသည့် “အမှတ်တရ” ၀တ္ထု ထဲက မောင်နှင့် ကျွန်မတို့  နေခဲ့ကြ သည့် အိမ်လေးမှာ ရေနီမြောင်း ပေါင်ပေါ်တွင် ဖြစ်၏။ ကျွန်တော် လိုက်ရှာကြည့်သော် လည်း ဖြစ်နိုင်သည့် နေရာ တစ်ခုမျှ မတွေ့သေးပါ။ တွေ့ရသည်မှာတော့ အရောင်အဆင်း မဲညစ်ပြီး အနံ့အသက် မကောင်းသည့် ယောက်ျားကြီး ရင်ဆို့သာသာ အနက်ရှိကာ ၁၀ပေလောက် အကျယ် နောက်ကျိနေသည့် ရေဆိုးမြောင်း တစ်ခုသာဖြစ်လေသည်။ ငလျင်ကြီးက ရွာငံဒေသရှိ မှန်သားလို ကြည်လင်သော ရေပြာအိုင်ကို နောက်ကျိ သွားစေခဲ့သော်လည်း နောက်ကျိနေသည့် ရေနီမြောင်းကိုဖြင့် ကြည်လင်သွားအောင် မစွမ်းဆောင်နိုင်ခဲ့။

           ကျွန်တော်တို့ တည်းသည့်နေရာမှာ ရေနီမြောင်းလမ်းအတွင်း ဖြစ်လေရာ မနက်မိုးလင်း ၀ရံတာ တံခါး ဖွင့်လိုက်သည်နှင့် ပထမဆုံးမြင်ရသည်မှာ ရေနီမြောင်းအတွင်း ရေချိုးနေသည့် ဖင်တုံးလုံး ကလေးများ ဖြစ်ပြီး တံခါးမဖွင့်ခင် ကြားရသည်မှာ သူတို့၏ ပျော်ရွှင်ဟစ်ကြွေးသံများ ဖြစ်ပါ၏။ ဘယ့်နှယ့်ဟယ် ငွေဆောင် ရောက်နေတယ်များ ထင်နေကြသလား။ ညစ်ပတ်မည်းတေ ရေထဲမှာ ရေငုပ်၊ ရေကူး၊ ရေဆော့၊ ရေပျော်ပါး နေကြသူတို့ကို ကြည့်လျက် ကျွန်တော်တွေးမိသည်။ ဟိုဘက်ခပ်လှမ်းလှမ်းမှာ မျောနေသည့် အကောင်ပုပ်ကို သူတို့ မမြင်လေရော့သလား။ တုံးပေါ်မှာ ထဘီလျှော်နေသည့် ဘွားတော် ညှစ်ချ လိုက်သည့် ရေတွေမှာ ရေမြောင်း အတွင်း ပြန်လည် စီးဆင်းသွားသည်ကို မသိလေရော့သလား။ သစ်သား ခုံလေးဖြင့် ရေချိုးနေသူ ဘိုးတော်တစ်ယောက် ခြေထောက်တွေကို ပွတ်တိုက်ပြီး ထွက်လာသည့် ကြေးညှော် တွေကို ရေနီမြောင်းက စုပ်ယူ လိုက်သည်ကို မတွေ့လေရော့သလား။ ရေနီမြောင်းရေကို ဓာတ်ခွဲကြည့် လျှင် မိုက်ကရိုစကုပ်တောင် ဆံ့ပါ့မလား။ မည်သို့ဆိုစေ ရေနီမြောင်း ကဖြင့် စည်ကားဆဲ၊ လူအများတို့ အမှီသဟဲပြုနေဆဲ။ တစ်နေ့လျှင် ၁၃နာရီခန့် ရေချိုး၊ ရေခပ်၊ အဝတ်လျှော်သူများဖြင့် ဆူညံနေဆဲ။

           ကျွန်တော်တို့ အုပ်စုထဲ ပါလာသည့် ဆရာဝန်ပေါက်စလေးက အကြော်ပူပူနွေးနွေး ကြွတ်ကြွတ်ရွရွလေး ကို စားရင်း ရေနီမြောင်းအတွင်း ရေချိုးရေခပ်နေသူတွေကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ မကြာခင်မှာပင် သူစားသည့် အကြော်ကို ရေနီမြောင်းအတွင်းမှ ရေနှင့်ပင် မုန့်နှစ် စပ်ကာ ကြော်ထားခြင်းဟု သိသွားသည့် အခါ မချိတရိ သွားဖြဲလေးနှင့် ပြုံးနေရှာသည်။ မစားတော့ဘူးလို့တော့ မပြောပါ။ လုပ်ငန်းခွင် ကွင်းဆင်း ရင်း ရွာတွေမှာ အနေကြာ မိန်းကလေး သုံးဦးကတော့ ခပ်အေး အေးပင် အဝတ်အစား ဇလုံတွေပိုက်ကာ ခပ်လှမ်းလှမ်း မြောင်းအထက်ပိုင်းမှာ ရေထဲဆင်းဖို့ နေရာသွားရှာကြသည်။ ကျွန်တော်ကတော့ ဒိုင်ဗင်ထိုး ကောင်းသူ ချာတိတ်တွေကို အားပေးနေမိသည်။

ဓာတ်ပုံ (စာရေးသူ)

           ရေနီမြောင်းကို အခုမှ တွေ့ဖူးသူ ပြင်ပ သူစိမ်းတစ်ယောက်ကတော့ တွေးမိပါလိမ့်မည်။ “အမလေး၊ ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ရေတွေထဲ ဘယ်လိုများ နေနိုင်ကြပါလိမ့်၊ ဘယ်လိုများ သုံးစွဲနေကြပါလိမ့်၊ ဒီ ရေညစ်ပတ်တွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင်များ လုပ်ဖို့ မကြိုးစားကြဘူးလား၊ ဒီထက်ပိုကောင်း အောင် ပြုပြင်ဖို့ ဒါမှ မဟုတ် ရေမြောင်းကို မသုံးတော့ဘဲ ပိတ်ပစ်လိုက်ဖို့များ မစဉ်းစားကြဘူးလား”

           ရေနီမြောင်းကို မွေးကတည်းက သုံးလာသူတွေက ပြန်ပြောပါလိမ့်မည်။ “ဘာဖြစ်လို့တုန်း၊ တို့ မွေးကတည်း က ရေနီမြောင်းက ဒီအတိုင်းပဲ။ ဒီအရောင်ပဲ။ ဒီလိုပဲ စီးလာတာပဲ။ ဘယ်နေရာက သွားပြီး သန့်ရှင်းရေး လုပ်ရမှာလဲ၊ ဟို အပေါ်က စီးလာကတည်းက ဒီအတိုင်းပဲဟာ၊ ဘာလို့ ပိတ်ရမှာတုန်း၊ သူ့ကို ပိတ်လိုက်ရင် နွေရာသီကျ ဘယ်မှာ သွားစိမ်ရမှာတုန်း”။

           ၁၉၀၂ ခုနှစ်က စ စီးစီးချင်း ရေနီမြောင်းသည် သန့်ရှင်းသာယာနေပါလိမ့်မည်။ အသစ်ပေါ်လာသည့် စနစ် တစ်ခုသည်လည်း အစပိုင်း တွင်တော့ သန့်ရှင်းပြီး လူထုအတွက် တစ်စိတ် တစ်ပိုင်း ကောင်းကျိုးပြု နိုင်ပါသည်။ နှစ်ကြာလာပြီး ရေနီမြောင်း အရောင်ပြောင်းကာ ရေ အရည်အသွေး ကျဆင်း ဆုတ်ယုတ်သကဲ့သို့ပင် တည်ထောင်ထား သည့် စနစ် တည်မြဲရေးသည် အဓိက ဦးစားပေးဖြစ် လာသော အခါ လူထုအပေါ်ထားရှိသည့် စိတ်စေတနာ အရောင်ပြောင်းပြီး သန့်ရှင်း စင်ကြယ်မှု တို့အစား ကောက်ကျစ်ရက်စက်မှု တို့က အစားထိုး စီးဆင်းလာခဲ့ကြသည်။ အပြင်မှ မြင်သူတွေက ဤစနစ်သည် စက်ဆုပ်စရာ ကောင်းပြီး ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်း သိမြင်ကြသော်လည်း စနစ်ဆိုးအတွင်း မွေးဖွား ကြီးပြင်းခဲ့ရသူများ အဖို့မှာတော့ အထူးတလည် အပြစ်မြင်မနေကြ။ ငလျင်ကြီးက ရေနီမြောင်းကို ကြည်လင်သွားအောင် မစွမ်းနိုင်သကဲ့သို့ပင် စနစ်ကြီးကို လည်ပတ်နေသူတို့အားလည်း ပိုင်ဆိုင်သည့် အဆောင်အဦတို့ကို ပြိုလဲစေသည်မှ လွဲ၍ အရောင်ပြောင်း လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိပါ။ ငလျင်၏ ဖျက်ဆီးနိုင်စွမ်းကို အန်တုခဲ့သည့် ရေနီမြောင်းအစွမ်းကို ပိုမိုယုံကြည်လာသလို စနစ်၏ အရှင်သခင်တို့ကိုလည်း ဖြုတ်ချဖို့ရာ မစွမ်းနိုင်ဟု သံသယ ဖြစ်လာကြမည် ထင်သည်။ စနစ်ကို ပြောင်းဖို့မဆို ထားနှင့် ရေနီမြောင်းကို ပြောင်းဖို့ပင်လျှင် အားလုံး မညီညွတ်နိုင်။ ရေနီမြောင်း အောက်ဘက်မှာ နေရသူတွေက ညစ်ပတ်မှုတို့ကို စုပြုံခံရသူများဖြစ်၍ ပြောင်းရန် စိတ်အား ထက်သန်သည့်တိုင် ရေနီမြောင်း အထက်ပိုင်း နေရာမှာနေသည့် သူများကတော့ အနေအစား အပျက်ခံ၍ အပြောင်းအလဲကို လုပ်ချင်ကြမည် မဟုတ်ပါ။ ရေနီမြောင်း၏ ညစ်ပတ်မှုကို အေးအေးဆေးဆေး လက်ခံပြီး အဝတ်ဇလုံနှင့် ရေထဲဆင်းသွားသည့် မိန်းကလေးများကဲ့သို့ စနစ်ဆိုးကို အာခံမနေတော့ဘဲ လိုက်ပါ စီးမျောလိုက် သူက အများစုဖြစ်ပါလိမ့်မည်။ အကြော်စားသူ ဆရာဝန်လေးကဲ့သို့ မိမိ နှစ်သက်ခံစားလိုက်သည့် အရာတစ်ခု ၏ နောက်ကွယ်မှာ ရွံရှာဖွယ် စနစ်ရှိ နေကြောင်း အချိန်လွန်မှ သိရပြီး စောဒက မဝင် မျက်ကွယ်ပြုလိုက်ကာ နောက်ထပ်ခံစား ဖွယ်တစ်ခု တွေ့လျှင် မသိချင် ယောင်ဆောင် လက်ခံလိုက်မည့် လူတန်းစား များလည်း ရှိနေသည်။

           ရေနီမြောင်းကြီး ညစ်ပတ်သည်၊ မဆင်းကြနဲ့ လို့ အားလုံးသိအောင် အော် မပြောရဲသူများကလည်း လူတန်းစားတစ်ခု ဖြစ်ပါသည်။ ဒိုင်ဗင် ထိုးကောင်းသူတွေကို အားပေးနေမိသလို စနစ်ကို ခလုတ်နှိပ် နေသူတို့အကြား ပျော်ပါးကျက်စား နေသူများအား လက်ခုပ်တီးအားကျနေသည့် ကျွန်တော့်လို လူတန်းစားလည်း မနည်း။ အေးလေ သူတို့ဘာသာ သူတို့ ရေနီမြောင်းနဲ့ ပျော်ရင်လည်း ပျော်ကြပေါ့၊ တို့ကတော့ မေမြို. ရေတံခွန်ပဲ သွားပြီ ဆိုသူများလည်း ဒုနဲ့ဒေးပါ။ ငလျင်ကြီးက ရေနီမြောင်းကို လက်မှိုင်ချရသကဲ့သို့ စနစ်ဆိုး၏ အရှင်သခင် တို့ကို မေတ္တသုတ်ရွတ်ပြီး ပါးလေးလိမ်ဆွဲချင်သူတို့ အဖို့လည်း လက်မှိုင်တင် မက ခြေမှိုင် တစ်ကိုယ်လုံးမှိုင် ချနေကြရလေပြီ။

           နှစ်ပေါင်းများစွာ ညစ်ထေးမှုဖြင့် စီးဆင်းလာသည့် ရေ၏ ဆိုးရွားမှုကို မမြင်ဘဲ ရေထဲဆင်းချိန် ခဏတာ တွင် ရလိုက်သည့် စည်းစိမ်လေးကိုသာ စွဲမက်ပြီး ပြောင်းလဲမှုကို မလိုက်ပါချင်သူများ အဖို့မှာ တော့ နှစ်ပေါင်း များစွာ စီးဆင်းလာပြီး ဘယ်တော့မှ ခန်းဖို့ သန့်ရှင်းဖို့ မရှိသည့် စနစ်ဆိုး ရေမြောင်းကြီးထဲမှာ ကိုယ်လေးဖော့ကာ အသက်ရှူနေဖို့သာလျှင် ရှိပါလေသည်။

Click to rate this post!
[Total: 2 Average: 2.5]