The Corner

The Corner

cropped-Logo_round_grey-background.png

ထရမ့်ရဲ့ စော်ကားမှုနှင့် ကနေဒါ၏ အမျိုးသားရေးဝိညာဉ် – ရဲရင့်လင်းလက်

Share မယ်
Photo: Pixabay

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ဟော်ကီကွင်းမှာ အနီရောင်ရေခဲ ဟော်ကီအားကစားဝတ်စုံ ဝတ်ပြီး ရပ်နေပါတယ်။ ဒီအားကစား ဝတ်စုံရဲ့ ရင်ဘတ်မှာ အဖြူရောင် မေပယ်ရွက်က ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ (မေပယ်ရွက်ဟာ ကနေဒါ နိုင်ငံရဲ့ အမျိုးသား ရေး သင်္ကေတပါ) ကနေဒါ ဝန်ကြီးချုပ်ကို ကနေဒါ နိုင်ငံသား ဟာသ သရုပ်ဆောင် မိုက်မေယာ (Mike Myers) က ကနေဒါနိုင်ငံသား ဘယ်လောက် စစ်မစစ် မေးခွန်း တိုလေးတွေမေးပြီး စမ်းသပ် နေတာပါ။ မိုက်မေယာဟာ အမေရိ ကန်နိုင်ငံမှာ နေထိုင်နေတာပါ။ ကနေဒါနိုင်ငံသားတွေသာ သိနိုင်တဲ့ ရုပ်မြင်သံကြား က လူသိများ ထင်ရှားတဲ့ အချက်လေးတွေ ဘယ်လောက် သိသလဲဆိုတာကို စမ်းသပ်မေးမြန်းတာပါ။ (ရွေးကောက်ပွဲ ကာလ နိုင်ငံ‌ရေး လှုံ့ဆော်မှု သဘော ရုပ်သံ ကြော်ငြာ လုပ်ခဲ့တာပါ) ”တိုရန်တို (Tononto) ရဲ့ ရာသီ နှစ်မျိုး ကဘာလဲ”လို့ ကနေဒါ ဝန်ကြီးချုပ်က မေးလိုက်ပါတယ်။ ပြန်ဖြေတဲ့အဖြေက ”ဆောင်းရာသီနဲ့ ဆောက်လုပ်ရေးပါ”တဲ့။ အဖြေ မှန်ပါတယ်။ (ကနေဒါနိုင်ငံ အတွင်း ဆောင်းရာသီမှာပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အ‌မြောက်အမြား တွေ့ရ လေ့ရှိလို့ ကနေဒါနိုင်ငံ သူ နိုင်ငံသားတွေက အခုလို နောက်ပြောင် ပြောလေ့ရှိပါတယ်) သူတို့နှစ်ဦးရဲ့ အပြန်အလှန် အမေးအဖြေဟာ ”အနိုင်မခံမရှုံးမပေး”ဆိုတဲ့ အားမာန်အပြည့် ကြွေးကြော်သံနဲ့ အဆုံးသတ် ခဲ့ပါတယ်။

        ကနေဒါနိုင်ငံအနှံ့အပြားက ဟော်ကီ အားကစားကွင်း တွေမှာ ညစ်ကျယ်ကျယ် တစ်ဖက်လူနဲ့ ယှဉ်ပြိုင် ကစားရတဲ့ အားကစား သမားတွေကို အားပေးရာမှာ သံပြိုင် ဟစ်အော် အားပေး လေ့ရှိတယ်။ ဒီရုပ်သံကြောင့် သန်းနဲ့ချီ ကြည့်ရှုခဲ့ ကြပါတယ်။ (ဒေါ်နယ်ထရမ့်ကို သွယ်ဝိုက် တိုက်ခိုက်ခဲ့တဲ့ ကြော်ငြာပါ) ကနေဒါနိုင်ငံနိုင်ငံကို သိမ်းပိုက်မယ် ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အကြိမ်ကြိမ်ခြိမ်းခြောက်မှု၊ ရပ်လိုက်-ပြန်စလိုက် ဖြစ်နေတဲ့ စိတ်ကုန်စရာ ကုန်သွယ်ရေးစစ်ပွဲ၊ ကနေဒါရဲ့ လစ်ဘရယ်ပါတီကို ချုပ်ငြိမ်းသွားအောင် အစရှိတဲ့ ဒေါ်နယ် ထရမ့်ရဲ့ အကြံအစည်တွေကို ကိုင်တွယ်ဖို့ တာဝန်တွေ သူ့ ပခုံးထက်မှာ ရှိနေတာပါ။ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ အရင် ဗဟိုဘဏ်ဥက္ကဋ္ဌ လည်းဖြစ် နိုင်ငံရေးနဲ့ နည်းပညာသမား မာ့ခ်ကာနီ (Mark Carney) ဟာ ကနေဒါကို ဦးဆောင်ရမယ့် ”ကပ္ပီတိန် ကနေဒါ” အဖြစ် စိန်ခေါ်မှုများကို ကိုင်တွယ်ရမယ့် သူတစ်ဦး နေရာကို ရောက်လာပါပြီ။ ကနေဒါနိုင်ငံသူ နိုင်ငံသားတွေက လက်ရှိ အခြေအနေကို တကယ့်ကို စိုးရိမ်နေကြတာပါ။ ကနေဒါနိုင်ငံကို သိမ်းပိုက်မယ်ဆိုတာ ဘေးဖယ်ထားလိုက်ဦး၊ ကနေဒါနိုင်ငံပို့ကုန်ရဲ့ (၇၇) ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံဆီ တင်ပို့နေတာပါ။ နှစ်နိုင်ငံ ကုန်သွယ်မှုက အလုပ်အကိုင် နှစ်သန်း ကျော်ကို ဖန်တီးပေးထားပါတယ်။ ပြောရရင် ဒါဟာ ကနေဒါ နိုင်ငံမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရဲ့ (၁၀) ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ ဗန်ကူးဗား (Vanconver) မှာ နေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် အင်ဂျင်နီယာ ကမ်ဗင်ဝေါင်း (Kevin Wong) က ”ကျွန်တော်တော့ စိတ်ဓာတ်ကျတယ်ဗျာ”လို့ ရင်ဖွင့်ပါ တယ်။ ”ထရမ့်ကြောင့် ကျွန်တော်တို့တော့ စီးပွားဆုတ်ကပ်ထဲ ရောက်ရတော့မယ်၊ ကျွန်တော့် အလုပ်လေးပျောက် မသွားချင် ဘူးဗျာ”တဲ့။

        ကယ်ဗင်ဝေါင်းလို ပြည်သူတွေကို ဝန်ကြီးချုပ် မာ့ခ်ကာနီက ကာကွယ်ပေးသွားမှာပါ။ ”ထရမ့်ရဲ့ သစ္စာဖောက်မှု ကြောင့် တုန်လှုပ်နေတာမျိုး ကျွန်တော်တို့မှာ မရှိတော့ပါဘူး” ဒါက ဧပြီ (၁၆)ရက် လူထု စုဝေးပွဲမှာ ဝန်ကြီးချုပ် မာ့ခ်ကာနီ ပြောခဲ့တဲ့စကားပါ။ ”ကျွန်တော်တို့က တုံ့ပြန်တိုက်ခိုက်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့ ကာကွယ် သွားမှာပါ။ ကျွန်တော်တို့ နိုင်ငံအင်အားကို ကျွန်တော်တို့ ပြန်တည်ဆောက် သွားမှာပါ” ဒီလို ဟောပြော စည်းရုံးမှုတွေကို ကနေဒါနိုင်ငံသူ နိုင်ငံသားတွေက အားပေး ထောက်ခံကြပါတယ်။ The Economist မဂ္ဂဇင်းက တွက်ချက်ပုံပေါ်ထားတဲ့ နောက်ဆုံး ခန့်မှန်းချက်အရ ပါလီမန်နေရာအများစုကို လစ်ဘရယ်ပါတီက နိုင်နိုင်ခြေဟာ (၈၆) ရာခိုင်နှုန်း ရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကို ကနေဒါနိုင်ငံသူ နိုင်ငံသားတွေက ဧပြီ (၂၈) ရက်နေ့မှာ မဲပေးကြရမှာပါ။

        ကနေဒါနိုင်ငံရဲ့ နိုင်ငံရေးမြင်ကွင်းတစ်ခုလုံးဟာ ထရမ့်ရဲ့ စော်ကားတိုက်ခိုက်မှုတွေကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ ရပါ တယ်။ လက်ဝဲအင်အားစုတွေဟာ ရာစုနှစ်ဝက်လောက် မတွေ့ ခဲ့ရတဲ့ အတိုင်း အတာမျိုးနဲ့ လစ်ဘရယ် အင်အားစု တွေအပေါ် ဝန်းရံခဲ့ကြပါတယ်။ သေးငယ်တဲ့ လက်ဝဲယိမ်းပါတီတွေရဲ့ ဩဇာ လျော့ကျလာပြီး မာ့ခ်ကာနီရဲ့ အနေအထား ကို ခိုင်မာ အားကောင်း လာစေခဲ့ပါတယ်။ စစ်တမ်း ကောက်ယူတဲ့ Angus Reid Institute ရဲ့ ကောက်ယူမှု အရ ဆိုရှယ်လစ် အင်အားစုဖြစ်တဲ့ နယူးဒီမိုကရက် တစ်ပါတီ (New Democratic Party-NDP) ရဲ့ မဲရနိုင်မှု အနေအထားဟာ ဒီဇင်ဘာလမှာ (၂၁) ရာခိုင်နှုန်း ရှိနေရာကနေ ဧပြီလမှာ (၇)ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ခွဲထွက်ရေး အင်အားစုဖြစ်တဲ့ Bloc Quebecois အပေါ် ကောက်ခံမှုကလည်း သုံးပုံတစ်ပုံ ကျဆင်းသွားပါတယ်။ မာ့ခ်ကာနီ ကိုယ်တိုင် ဝန်ခံထားတဲ့ သူ့ရဲ့ ပြင်သစ်ဘာသာစကား မကျွမ်းကျင်မှုကလည်း ပြင်သစ်စကားပြော ပြည်နယ်မှာ သူ့အပေါ် ကောက်ခံမှုကို မလျော့ပါး စေခဲ့ပါဘူး။ (မှတ်ချက် – ၂၀၂၁ အထိ ကောက်ယူ ထားတဲ့ အချက်အလက်တွေအရ ကနေဒါနိုင်ငံ ရှိ လူဦးရေ ၁၁ သန်း လောက်က ပြင်သစ်စကားပြောပါတယ်။ တစ်နိုင်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။) လူထုစစ်တမ်း‌ကောက်ယူတဲ့ You Gov ခန့်မှန်းမှုအရ ဒီပြည်နယ်ဟာ လစ်ဘရယ် ပါတီက (၁၁)နေရာအနိုင် ရရှိနိုင်ပါတယ်။ ဒီစစ်တမ်းအရ လွှတ်တော်‌နေရာ (၃၄၃) နေရာရှိတဲ့အနက် လစ်ဘရယ်တွေက (၁၈၂) နေရာအထိ အနိုင် ရရှိနိုင်ပါတယ်။

အလှည့်အပြောင်းတို့ရဲ့ ရိုက်ခတ်သံ

        ကနေဒါနိုင်ငံသမိုင်းတစ်လျှောက် ဒီလောက် မြန်မြန် ဆန်ဆန်၊ ဒီလောက် နက်နက်ရှိုင်းရှိုင်း ပြောင်းလဲတာမျိုးက မရှိ ခဲ့ပါဘူး။ ဂျပ်စတင်ထရူးဒိုးက ရာထူးကနုတ်ထွက်၊ ထရမ့်က သမ္မတ တာဝန်ယူ၊ မာ့ခ်ကာနီက လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်မှုကို လွှဲပြောင်းလက်ခံဆိုတဲ့ဖြစ်စဉ်တွေနောက်ပိုင်း လစ် ဘရယ်ပါတီ အပေါ် ယိမ်းယိုင်မှုဟာ (၂၉) မှတ် အထိ ဖြစ်လာပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ သမိုင်းမှာ အကြီးဆုံးဟာ ယိမ်းယိုင် တိမ်းညွတ်မှုတစ်ခုပါ။ ပြောရရင် ယိမ်းယိုင်လာမှုဟာ ရာထူးက နုတ်ထွက်သွားတဲ့ ဂျပ်စတင်ထရူဒိုးရဲ့ လူကြိုက်မများမှုအပေါ် အတိုင်းအတာ တစ်ခုအထိ မူတည် နေပါတယ်။ ဒါပေမဲ့  အဓိကမူတည်နေတာက ထရမ့်ရဲ့ ကနေဒါ နိုင်ငံအပေါ် အရည်မရ အဖတ်မရ စကားကြီး စကားကျယ် ပြော ဆိုမှု တွေပါ။ ကွန်ဆာ ဗေးတစ်မဟာဗျူဟာ ချမှတ်သူ ကိုရီတန် နေရိတ် (Kory Teneyoke) က ”အချိန်တို အတွင်း ကျွန်တော် ကြုံခဲ့ဖူးသမျှ မဲဆန္ဒရှင်တွေရဲ့ အကြီးမားဆုံး ပြောင်းလဲမှုပါ၊ မဲဆန္ဒရှင်တွေရဲ့ (၃၀) ရာခိုင်နှုန်းနီးပါးပဲ၊ ဒီအပြောင်း အလဲရဲ့ တစ်ခုတည်းသော အကြောင်းရင်းက ထရမ့်ပါပဲ”လို့ ရှင်းပြခဲ့ ပါတယ်။

        လူထုစစ်တမ်းကောက်ခံသူ အဲလန်ဂရက် (Allan Gregg) ကို ကိုးကားပြောရရင် ဒီလိုအခက်အခဲ အကျပ်အတည်း ကြုံတွေ့နေရချိန်မှာ မဲဆန္ဒရှင်ပြည်သူအများစုဟာ ဖခင်လို အားကိုးရတဲ့ ဝန်ကြီးချုပ်မျိုးကို လိုချင်ကြတာပါ။ မာ့ခ်ကာနီရဲ့ ဘွင်းဘွင်းရှင်းရှင်း ပြောဆိုတတ်တာနဲ့ တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေး နားဝင် အောင်ပြောတတ်တာကို ပေါင်းစပ် နိုင်တဲ့ အရည်အချင်းနဲ့ ကိုင်တွယ် တတ်မှုဟာ ကနေဒါလူထု မျှော်မှန်းချက်နဲ့ အံဝင် ကွက်တိပါပဲ။ ဧပြီလ (၄) ရက်နေ့၊ တိုရန်တိုမြို့ ဆင်ခြေဖုံးဖြစ်တဲ့ စကားဘိုရက်မြို့ (Scarborough) မှာ ကျင်းပခဲ့တဲ့ လူထုစည်းဝေးပွဲတစ်ခုမှာ မာ့ခ်ကာနီက ပြောရိုး ပြောစဉ် စည်းရုံးမဲဆွယ် စကားတွေ ပြော နေတုန်း အမျိုးသမီး တစ်ဦးက ”ကျွန်မတို့ကို ဖခင်ကြီးလို ခေါင်းဆောင် ပါရှင့်”လို့ အော်ဟစ်တောင်းဆိုခဲ့ ပါတယ်။ မှင်တက်မိ အံ့အား သင့်သွားတဲ့ မာ့ခ်ကာနီက သူတော့ ပြောဟောပြီးလို့ စည်းဝေး ခန်းမက ထွက် ရင် နောက်ပေါက်ကနေ ထွက်မှပဲရတော့မယ်လို့ အရွှန်း‌ဖောက် ပါတယ်။

        စာရင်းအင်းတွေနဲ့ နပန်းလုံးနေရတဲ့ သူ့လို စီးပွားရေး ပညာရှင်တစ်ယောက်ကို လက်ဝဲယိမ်းပြည်သူတွေက အားပေး ထောက်ခံမှုဟာ မာ့ခ်ကာနီကို နားလည်ရခက်စေပုံပါပဲ။ ဒါပေမဲ့ ဒီအချက်က သူ့ပြိုင် ဘက်တွေကို အလဲထိုး လိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ၁၉၅၈ နောက်ပိုင်းကာလတစ်လျှောက် တစ်မူ ထူးခြားတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ ကနေဒါနိုင်ငံရဲ့ (၁၅၈)နှစ် ကြာ သမိုင်းတစ်လျှောက် ကနေဒါပြည် သူတွေက လစ်ဘရယ်နဲ့ ကွန်ဆာ ဗေးတစ် တွေကိုပဲ မဲပေးခဲ့ပြီး အစိုးရဖွဲ့နိုင်တာကလည်း ဒီပါတီ နှစ်ခုပဲ ရှိတာပါ။

        မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဒီအပြောင်းအလဲဟာ ပီးယား ပိုလီအက်ဗ် (Pierre Poilievre) နဲ့ ကွန်ဆာဗေး တစ်ပါတီ အတွက် တစ်သက်တာ စိတ်ပျက်စရာပါ။ ၂၀၂၄ ခုနှစ်မှာ သူတို့ရခဲ့တဲ့ ကျေနပ်ယစ်မူးစရာ လူထုထောက်ခံမှုကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့အပေါ် လက်ရှိလူထုထောက်ခံမှုဟာ ဆယ်စုနှစ် လေးခု နီးပါးအတွင်း အကောင်းဆုံး ရလဒ်ပါ။ ၂၀၁၁ ရွေးကောက်ပွဲ တစ်ခုတည်းမှာပဲ လက်ရှိကွန်ဆာဗေးတစ်ပါတီက အများစု အစိုးရ ဖွဲ့နိုင်တဲ့ ဆန္ဒမဲ (၄၀) ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့မှာ စတီဖန်ဟာပါ (Stephen Harper) က ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ ဒီနယ်ပယ်မှာရှိတဲ့ လူထုစစ်တမ်း ကောက်ယူသူအားလုံးက ပီးယားပိုလီအက်ဗ် (Pierre Poilievre) ဟာ ဒီအောင်မြင်မှုထက် ပိုသာတဲ့ ရလဒ် ကောင်း ရနိုင်တယ်လို့ ခန့်မှန်း ခဲ့ကြတာပါ။ ဒါပေမဲ့ လက်ဝဲယိမ်းမဲဆန္ဒရှင်တွေ စုစည်း သွား တာကြောင့် သူ့ အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ မဲမရတဲ့ အခြေအနေဟာ ဆက်ရှိနေဦးမယ့်သဘော ရှိနေပါတယ်။

ထရမ့်လှုပ်ရှားမှု (MAGA) ရဲ့ ထိုးနှက်မှု

        ထရမ့်က ကိစ္စတိုင်းမှာ ဗြောင်းဆန်အောင် ထင်တိုင်းကြဲနေသလို သူဖန်တီးလိုက်တဲ့ ပြဿနာတွေကို ပီးယားပို လီအက်ဗ် (Pierre Poilievre) က မျက်နှာစာတိုင်းမှာ ရင်ဆိုင်နေရာပါတယ်။ ထရမ့်ရဲ့ ခြိမ်းခြောက်စိန်ခေါ်မှုတွေကို ရင်ဆိုင် အန်တုရေးဟာ မဲဆန္ဒရှင်လူထုရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စရပ်ပါ။ လူထုစစ်တမ်းကောက်ယူသူတစ်ဦးဖြစ်တဲ့ လက်ဂါ (Leger) က သူစုစည်းရရှိခဲ့တဲ့ အချက်အလက်တွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ဒီအချက်အလက်တွေက မာ့ခ်ကာနီက ပီးယား ပိုလီအက်ဗ် (Pierre Poilievre) အပေါ် ဝေဖန်ထိုးနှက်ဖို့ အချိန်ပေး ခဲ့သလောက် ထရမ့်အပေါ် ဝေဖန်ထိုးနှက်ဖို့အချိန် ဘာကြောင့် ပေးခဲ့ရ သလဲဆိုတာကို ပြသခဲ့ပါတယ်။ ကနေဒါမဲဆန္ဒရှင်လူထုက ထရမ့်ကို ရင်ဆိုင် ကိုင်တွယ်နိုင်ဖို့ ပီးယား ပိုလီအက်ဗ် (Pierre Poilievre) ထက် မာ့ခ်ကာနီကို ပိုပြီးယုံကြည်အားကိုးကြပါတယ်။ မာ့ခ်ကာနီ အပေါ် လူထု ယုံကြည် အားကိုးကြပါတယ်။ မာခ်ကာနီအပေါ် လူထုယုံကြည်အားကိုးမှုက (၄၆) ရာခိုင်နှုန်း၊ ပီးယား ပိုလီအက်ဗ် (Pierre Poilievre) အပေါ် လူထု ယုံကြည် အားကိုးမှုက (၂၈) ရာခိုင်နှုန်းရှိပါတယ်။

        လက်ဂါ (Legen) က ဘာကြောင့် ဒီလိုတွေးရသလဲလို့ မေးတဲ့အခါ မဲဆန္ဒရှင်လူထု (၄၅)ရာခိုင်နှုန်း က ကနေဒါနဲ့ အင်္ဂလန်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ မာ့ခ်ကာနီရဲ့ အတွေ့အကြုံကြောင့်လို့ ဖြေဆိုကြပါတယ်။ (၄၂) ရာခိုင်နှုန်း ကတော့ ”မာ့ခ်ကာနီရဲ့ တည်ငြိမ်အေးဆေးတဲ့ ကိုယ်ရည် ကိုယ်သွေးကြောင့်လို့ ပြောကြပါတယ်။ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်၊ ရစ်ချ်မွန် (Richmond) မြို့မှာ ကျင်းပခဲ့တဲ့ လူထုမဲဆွယ်စည်းဝေးပွဲတစ်ရပ်မှာ အာမန်ရိုင်းနာ (Arman Raina) က ခုလို ပြောကြားခဲ့ပါတယ်။ ”ကျွန်တော် နယူး ဒီမိုကရက်တစ် ပါတီ (NDP) ကို ကျောခိုင်းလိုက်ပါပြီ။ လီဘရယ် ပါတီ အတွက် ကျွန်တော် မဲဆွယ်စည်းရုံးပေးနေပါတယ်။ ပီးယားပိုလီအက်ဗ် ပြောလိုက်တဲ့စကားတွေ ကြားရတိုင်း ကျွန်တော် ရင်ထဲမှာ ထရမ့် စကားလုံးတွေ ပဲ့တင်ထပ်လာတယ်လို့ပဲ ခံစားရပါတယ်”။

        ပဲ့တင်သံနဲ့ ပတ်သက်ပြီး အာမန်ရိုင်းနား (Raina) ပြောတာက မမှားပါဘူး။ မာ့ခ်ကာနီနဲ့ ပီးယားပိုလီအက်ဗ်တို့ နှစ်ဦးဟာ အတော်ကြီးကို ကွဲပြားခြားနားကြတာပါ။ ပီးယား ပိုလီအက်ဗ်ရဲ့ ရစရာမရှိအောင် ရက်ရက်စက်စက် ထိုးနှက် တိုက်ခိုက် လိုစိတ်နဲ့ မကျေမနပ်ဖြစ်နေတဲ့ ကနေဒါလူငယ် အလုပ် သမားထုကို သူမတူအောင် ဆွဲဆောင် စည်းရုံးနိုင်သူတွေဟာ သူ့ကို အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ကွန်ဆာဗေးတစ် မဟာ အမေရိကန် လှုပ်ရှားမှု (MAGA) ရဲ့ အသည်းကျော် ပုဂ္ဂိုလ် ဖြစ်လာစေ ခဲ့ပါတယ်။ ပီးယားပိုလီအက်ဗ် ကို နှစ်ခြိုက်အားပေးသူတွေထဲမှာ အီလွန်မတ်လည်း ပါပါတယ်။ အီလွန်မတ်ဟာ ပီးယား ပိုလီအက်ဗ်ကို ချီးကျူးပြီး ဒေါ်နယ်ထရမ့်နဲ့ နှိုင်းယှဉ် ပြောကြား လေ့ရှိပါတယ်။

        ၂၀၂၄ ခုနှစ် အနေအထားမှာ ပီးယားပိုလီအက်ဗ်ဟာ ဂျပ်စတင်ထရူးဒိုးရဲ့ လူထုထောက်ခံမှု ကျဆင်းနေတဲ့ လစ်ဘရယ် ပါတီကို ရင်ဆိုင်နေရတာဖြစ်သလို ထရမ့်ရဲ့ သမ္မတတာဝန်ယူမှုက ဘယ်လောက် ခါးသီးတယ် ဆိုတာကို လည်း ကနေဒါ နိုင်ငံသူ နိုင်ငံသားတွေက ပီပီသသ ခံစားတွေ့ကြုံရတာမျိုးလည်း မရှိ သေးပါဘူး။ အခုအချိန်မှာ အခြား ပါတီငယ်လေး တွေက သူတို့ ဆုပ်ကိုင်ယုံကြည်တဲ့ လက်ဝဲယိမ်းအတွေး အခေါ်တွေထက် ထရမ့်ကို ရင်ဆိုင်နိုင်စွမ်းရှိဖို့က ပိုအရေးကြီးတယ်လို့ ခံယူ ထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပီးယားပိုလီအက်ဗ်က ထရမ့်နဲ့ မတူအောင် လေသံ လျှော့ခဲ့ပေမယ့် သိပ်တော့ မထိ ရောက်ခဲ့ပါဘူး။ ထရမ့်ကိုမကြိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့မဲ သူရ ဖို့ဆိုတာ အတော်ကြီး ကို မလွယ်ပါဘူး။ လက်ယာ အင်အားစု တွေဟာ မာ့ခ်ကာနီနဲ့ ယှဉ်ပြိုင်ရာမှာ ထရမ့်ကို လက်မခံတဲ့အထာနဲ့ ဘယ်လောက် အတိုင်းအတာအထိ ရပ်တည် ပြောဆို ရမယ် ဆိုတာကို အသည်းအသန် ငြင်းခုံနေကြပါတယ်။ ကွန်ဆာဗေးတစ် မဟာ ဗျူဟာ ချမှတ်သူ ကိုရီတန့်နေရိတ်က ပီးယားပိုလီအက်ဗ်ရဲ့ ဒီလိုစွမ်းဆောင်နိုင်စွမ်းမရှိတဲ့ အပေါ် ”အလွဲ အချော် ရွေးကောက်ပွဲ မဲဆွယ်မှု”လို့ ဝေဖန်ခဲ့ပါတယ်။ ရလဒ်ကတော့ လစ်ဘရယ်တွေကို ဆယ်စုနှစ်များစွာ မဲမပေးခဲ့တဲ့ (ဒါမှမဟုတ်) သမိုင်း တစ်လျှောက်လုံး မဲမပေးခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ လစ်ဘရယ် တွေကို အင်နဲ့အားနဲ့ ပထမ ဦးဆုံး အကြိမ် မဲပေးလာနိုင်ပါတယ်။

        ကွန်ဆာဗေးတစ်အင်အားစုတွေကို ကိုယ်စားပြုတဲ့မြို့က အာဘက်စဖို့ဒ်မြို့ (Abbotsford) ပါ။ ဗန်ကူးဗားမြို့ရဲ့ အရှေ့တောင်ဘက် (၄၅)မိုင်အကွာ (၇၂-ကီလိုမီတာ)၊ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တွေ ခြံရံထားတဲ့ ဖရေဇာ တောင်ကြား (Fraser) မှာ တည်ရှိတဲ့ ဒီမြို့ကလေးမှာ လူဦးရေ ၁၇၀,၀၀၀ ရှိပါတယ်။ မြို့လယ်ကနေသွားရင် ငါးမိနစ် လောက်အကွာမှာ ဇီရိုးဆိုတဲ့နေရာ ရှိပါတယ်။ ဒီနေရာမှာ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံကို ရေမြောင်းငယ်လေးနဲ့ ပိုင်းခြား ထားပါတယ်။ တစ်မီတာမြင့်တဲ့ ကွန်ကရစ်မှတ်တိုင် တချို့ကို ခပ်ခြားခြား စိုက်ထူထားပါတယ်။

        ကနေဒါနိုင်ငံ ပို့ကုန်ရဲ့ (၉၀)ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံဆီ တင်ပို့တာပါ။ အာဘက်စဖို့ဒ်ဟာ ကနေဒါနိုင်ငံမှာ သွင်းကုန်ခွန် (Tariff) ရဲ့ သက်ရောက်မှု သိသိသာသာမြင်ရတဲ့ နေရာတွေထဲက တစ်ခုပါ။ Ecotex ကုမ္ပဏီရဲ့ပိုင်ရှင် ရဲန်ဒီဘာ့ချ် (Randy Bantsch) ဟာ ဝန်ထမ်း(၁၇၀၀)ခန့်ထားပြီး နယ်ခြားမျဉ်းရဲ့ နှစ်ဖက်စလုံးမှာ ကျန်းမာရေး စောင့်ရှောက် ရေးလုပ်ငန်းတွေဆီ အဝတ်အထည်နဲ့ ယူနီဖောင်းတွေ ရောင်း ပါတယ်။ သူက သွင်းကုန်ခွန်ကြောင့် သူ့လုပ်ငန်းတွေ အခက်အခဲ၊ အကျပ်အတည်း တွေ့မှာကို စိုးရိမ်နေ ပါတယ်။ သူ့ရဲ့အမေရိကန်စီးပွားဖက်က ”ထရမ့်ရဲ့ (၅၁) ခုမြောက် ပြည်နယ်ကမ်းလှမ်းချက်အပေါ် ကနေဒါ နိုင်ငံသူနိုင်ငံသားတွေက လက်မခံနိုင်တာကို နားမလည်နိုင် ဖြစ်နေကြပါတယ်။ ”ဒီကမ်းလှမ်းချက်ဟာ ကနေဒါ နိုင်ငံသူနိုင်ငံသားအဖို့ ဘယ်လောက် ဂုဏ်သိက္ခာ ထိခိုက် စော်ကားခံရတာကို သူတို့ နားမလည် ကြပါဘူး”။

        အာဘက်စဖို့ဒ်မြို့ မဲဆန္ဒနယ်ဟာ ကွန်ဆာဗေးတစ်တွေကို ဆယ်စုနှစ်ပေါင်းများစွာ အခိုင်အမာ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အခုတော့ ကွန်ဆာဗေးတစ်တွေ အချင်းချင်း အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေတဲ့အပေါ် ပေါက်ကွဲ နေကြပါတယ်။ ပီးယားပိုလီအက်ဗ်ရဲ့ ထရမ့်စတိုင်ဖြစ်နေတာဟာ အားလုံးရဲ့ လက်ညှိုးထိုးစရာအ‌ကြောင်းရင်း ဖြစ်နေပုံပါပဲ။ ဒီပြည်နယ်မှာ လူသိများအောင်မြင်တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မိုက်ဒီ ယောင်း (Mike-de Jong) က ”၂၀၂၂ ခုနှစ်မှာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်မှုအတွက် ယှဉ်ပြိုင်ရာမှာ ပီးယားပိုလီအက်ဗ်က သူ့ရဲ့ထောက်ခံမှုကို တောင်းဆို ခဲ့တယ် လို့ ဆိုပါတယ်။ ဒီနောက်ပိုင်း ပီးယားပိုလီအက်ဗ်က သူ့ကို အာဘက်ဖို့ဒ်-လန်ဂလေတောင် မဲဆန္ဒနယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ တိုက်တွန်းခဲ့တယ်လို့ မိုက်ဒီယောင်း (Mike-de Jong) က ဆိုပါတယ်။ ကိုယ်စားလှယ် လောင်း အဆိုပြုလွှာမပိတ်ခင် ရက်အနည်းငယ်အလိုမှာ ဦးဆောင်မှုရုံးကနေ မိုက်ဒီယောင်း (Mike-de Jong) ကို ကိုယ်စားလှယ်လောင်း အရည်အသွေး ပျက်ယွင်းကြောင်း အကြောင်းကြားလာပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့ ရတဲ့ အကြောင်းရင်းကိုလည်း ရှင်းလင်းပြမထားပါဘူး။ မိုက်ဒီ ယောင်းက ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်ခဲ့ရပေမယ့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ဖို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။ လက်ယာယိမ်း မဲဆန္ဒနယ်မှာ စဉ်းစားကြည့်ရင် မှတ်မိနိုင်တဲ့ သမိုင်း တစ်လျှောက် လစ်ဘရယ်တွေ အနိုင်ရတာ ဖြစ် သွားနိုင်ပါတယ်။

မာ့ခ်ကာနီရဲ့ အားသာချက်

Photo: Heute

        မိုက်ဒီယောင်းက သူ့အနီးဝန်းကျင်မှာ ထရမ့်ရဲ့ စရိုက်ဆန်တဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဝေဖန် ရှုတ်ချသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ ”အမေရိကန်တွေက ကျွန်တော်တို့ ကနေဒါနိုင်ငံရဲ့ သယံဇာတ ရင်းမြစ်တွေ အပေါ် ငမ်းငမ်းတက် လောဘရှိနေတာကို သိပါတယ်။ ထရမ့်က ဒီသယံဇာတတွေကို တစ်နည်းနဲ့မရခဲ့ရင် တခြားနည်းလမ်းနဲ့ မရအရ ကြိုးပမ်းမှာကို ကျွန်တော်တို့ စိုးရိမ်နေကြတာပါ။ ဒီလို မလေးမစား စော်ကားတာကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား တွေက သန္နိဋ္ဌာန်ချထားကြပါတယ်”

        အတိတ်ရွေးကောက်ပွဲတွေမှာ ကွန်ဆာဗေးတစ်ကို ဆန္ဒမဲပေးခဲ့တဲ့ အာဘက်စဖို့ဒ်မြို့သား ဂရေဟမ်မက်မဟွန် (Graham Mc Mahon) က ဒီတစ်ကြိမ်တော့ လစ်ဘရယ်ပါတီကိုပဲ မဲပေးမယ်လို့ ပြောပါတယ်။ ကျယ်ပြန့်နက်ရှိုင်းတဲ့ ပြဿနာတွေကို ကြွေးကြော်သံတွေနဲ့ ဖြေရှင်းဖို့ တွေးနေတဲ့ ပီးယားပိုလီအက်ဗ်ရဲ့ အကျင့်ကို စိတ်ပျက်မိတယ်လို့ သူက ဆက်ပြောပါတယ်။ အဆုံးတစ်နေ့မှာတော့ ထရမ့်ရဲ့ ဟောင်ဖွာ ဟောင်ဖွာ ခြိမ်းခြောက် မှုတွေကို ကျေးဇူးတင်ရမယ်လို့ မိုက်ဒီယောင်းက အတွေး ဆန့်ထား ပါတယ်။ ”ကနေဒါနိုင်ငံ ကနေဒါလူမျိုးဆိုတာကို ထရမ့်က ခြိမ်းခြောက် လာတော့ ကနေဒါနိုင်ငံ၊ ကနေဒါလူမျိုးဆိုတာ တကယ် တည်ရှိနေတာကို ကျွန်တော်တို့နှလုံးသားထဲ ပို အခိုင် အမာ ဖြစ်လာတယ်။ ကနေဒါနိုင်ငံဆိုတာ စံတန်ဖိုး ကျင့်ဝတ် တွေရှိတဲ့ နိုင်ငံ၊ ကနေဒါနိုင်ငံသူနိုင်ငံသားတွေ ဂုဏ်ယူရတဲ့ နိုင်ငံပါ”။

        တချို့က ကနေဒါနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက် တိုးပြဿနာဖြစ်တာက မှားတယ်လို့ ရှုမြင်ပြီး ကိုယ့်အားနည်းချက်တွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပါးပါးနပ်နပ် လိမ်လိမ်မာမာ အာရုံစိုက်ဆောင် ရွက်သင့်တယ်လို့ အကြံ ပြုပါတယ်။ အာဘက်စဖို့ဒ်မြို့ စားသောက်ဆိုင်ငယ်တစ်ခုမှာ ကော်ဖီသောက်နေတဲ့ ပီးယားပိုလီအက်ဗ် ထောက်ခံသူ အဲလန်ဒါ့စ် (Allan Dawes) က ”အမေရိကန်က ကျွန်တော်တို့ကို ဖိအားပေး နေတယ်ဆိုရင် သူတို့မှာ အမှန်တကယ် စိုးရိမ်သင့် စိုးရိမ်ထိုက် တဲ့ပြဿနာရှိလို့ နေမှာပါ”လို့ သုံးသပ်ပြောဆိုပါတယ်။ ”ထရမ့်က ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို ကိုင်တွယ်လည်ပတ်နေရမှန်း သိပါလျက်နဲ့ သူ့ကို စိတ်ဆိုးအနှောင့်အယှက်ဖြစ်အောင် သွားလုပ်တာ ကတော့ မိုက်မဲတာပါပဲ” အဲလန်ဒါ့စ်က အမေရိကန် သမ္မတထရမ့်ဟာ ကနေဒါနိုင်ငံကို သူ့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ စီးပွားရေးကို ကိုင်တွယ်ရာမှာ ခေတ်နဲ့အညီ ပြုပြင်လာအောင် တွန်းအားပေးနေတယ်လို့ ရှုမြင်ပါတယ်။ ကနေဒါနိုင်ငံရဲ့ စီးပွားရေးကို သုံးသပ် ရင် ပြည်နယ်အချင်းချင်း ကုန်သွယ်ရမှာ အဟန့်အတားဖြစ်နေတာကို ဖယ်ရှားဖို့ လိုအပ်နေတယ်။ ပိုက်လိုင်း စီမံကိန်း‌တွေ အပါအဝင် အခြား အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အတည်ပြုဖို့ လိုအပ်နေတယ်။ ဒီ စီမံကိန်းတွေက ဆယ်စုနှစ်နဲ့ချီ အချိန်ယူ တည်ဆောက် ရမယ့် ကိစ္စရပ် တွေပါ။ ”ကနေဒါနိုင်ငံကို စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထား စဉ်းစားခဲ့ရင် ကျွန်တော်သာဆိုရင် ဝယ်မှာမဟုတ် ဘူး”လို့ အဲလန်ဒါ့စ်က ဆိုပါတယ်။

        ထရမ့်က သူတို့နိုင်ငံကို သိမ်းပိုက်ချင်တယ်လို့ ထပ်ကာ တလဲလဲ ပြောဆိုနေမှုဟာ သန်းပေါင်းများစွာသော ကနေဒါ နိုင်ငံသူနိုင်ငံသားတွေကို အရိုးစွဲအတ္တကဲတဲ့ အစဉ်အလာ အလေ့ အကျင့်တွေက ရုန်းထွက်လာအောင် တွန်းအား ပေးခဲ့ပါတယ်။ ဒီအရိုးစွဲအတ္တကဲ အလေ့အကျင့်တွေက ကနေဒါနိုင်ငံရေးကို နှစ်ပေါင်းများစွာ ပုံဖော်ထုဆစ်ထားခဲ့တာပါ။ ပြောရရင် အခြေခံစံတန်ဖိုးတွေဘက် ပြန်ဦးတည်အလား အလာ ကောင်းအောင် တွန်းပို့ပေးခဲ့တာပါ။ ဒီကနေ့ အခြေအနေ မျိုးသာ မဟုတ်ခဲ့ရင် ဟော်ကီကွင်းဘေး၊ ဟိတ်ဟန်ကဲ တောင့်တောင့်ကြီး ဖြစ်နေတဲ့ မိုက်မေယာနဲ့ ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီတို့ရဲ့ အမေးအဖြေ ဉာဏ်စမ်းပြကွက်ဟာ လူပြိန်းကြိုက် ခေတ်ဟောင်း ရိုက်ချက် ဖြစ်နေမှာပါ။ တောင်ပိုင်းနယ်စပ် မျဉ်းကနေ ထွက်ပေါ်လာတဲ့ ကသောင်းကနင်းဖြစ်ရသလို ဒုက္ခများတဲ့ ဖြစ်ရပ်တွေကြောင့် သန်းပေါင်း များစွာသော ကနေဒါ နိုင်ငံသူ နိုင်ငံသား တွေဟာ ခြိမ်းခြောက်ခံနေရတယ်လို့ အမှန်တကယ် ခံစားနေရတာ ပါ။ ဒါကြောင့်လည်း အမျိုးသားရေး စိတ်ဓာတ်နဲ့ အတိတ်လွမ်းဆွတ်တမ်းတမှုတွေအပေါ် ကနေဒါနိုင်ငံသူ နိုင်ငံသား‌တွေက အလွယ်တကူ လက်ခံအားပေး ခဲ့ကြတာပါ။ ဒီအခြေ အနေတွေက မဲဆန္ဒရှင်လူထုရဲ့ ခံစား ချက်တွေကို ပွင့်အန်လာအောင် ဆွဲဖွင့်ချလိုက်တော့ ပညာရှင် ဗဟိုဘဏ် ဥက္ကဋ္ဌက အနိုင်ရအောင်ပွဲခံနိုင် အောင် အခြေအနေတွေက အံကိုက်ဖြစ်စေခဲ့ပါတယ်။ ကဲ သူ့ကို ကနေဒါနိုင်ငံရဲ့ မျိုးချစ် ဝန်ကြီးချုပ်လို့ ဆိုလိုက်ကြရအောင်ပါ။

မူရင်း – True North, The Economist, 26th April 2025

(ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေနှင့် ရလဒ် – ယခုဆောင်းပါးမှာ ကနေဒါ ရွေးကောက်ပွဲ မတိုင်မီ ကနေဒါနိုင်ငံရေး မြင်ကွင်းကျယ်ကို တင်ဆက်ထားတာပါ။ ဧပြီလ (၂၈) ရက်နေ့က ပြီးစီးသွားတဲ့ ကနေဒါ ရွေးကောက်ပွဲမှာ လစ်ဘရယ် ပါတီရဲ့ မာခ့် ကာနီ အနိုင်ရခဲ့ပြီး အမတ်နေရာ လုံလုံလောက်လောက်မဲရသွားလို့ အစိုးရဖွဲ့ခွင့် ရရှိသွားပါပြီ။ ကွန်ဆာဗေး တစ်ပါတီက ဒုတိယနဲ့ ကျေနပ်လိုက်ရပြီး ပီးယားပိုလီအက်ဗ် ကိုယ်တိုင်သူ့ရဲ့ အမတ်နေရာကို ဆုံးရှုံးသွားပါတယ်။ အခုဆိုရင် ဝန်ကြီးချုပ်အသစ် မာ့ခ် ကာနီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ လာရောက် တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကားပြော၊ ထရမ့်ကလည်း သတင်းထောက်တွေ ရှေ့မှာ မာ့ခ်ကို အနိုင်ရတဲ့ အတွက် ဂုဏ်ယူ ကြောင်း ပြောသလို မာခ့် ကလည်း သူ့ထုံးစံအတိုင်း အေးအေးဆေးဆေးနဲ့ ကနေဒါဟာ ရောင်းကုန်မဟုတ်ကြောင်း ထရမ့်ကို ရဲရဲတင်းတင်းပဲ ပြောခဲ့ပါတယ်။ သူ့ ရည်ရွယ်ချက်တွေအတိုင်း ဆောင်ရွက် သွားနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စာရေးသူ)

Click to rate this post!
[Total: 0 Average: 0]