The Corner

The Corner

cropped-Logo_round_grey-background.png

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD

Share မယ်
Photo: Skynews

သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် အပြန်အလှန် တိုးမြှင့်ခြင်းတွင် အိန္ဒိယအား သွင်းကုန်ခွန် လျှော့ချပေးသည်။ အတုံ့အပြန်သဘောဖြင့် တရုတ်နိုင်ငံအား နိုင်ငံတကာ စီးပွားရေးမှ “ပ”ထုတ်ထားရန် အခြားနိုင်ငံများအား တွန်းအားပေးမည့် အမေရိကန်၏ ဗျူဟာ တစ်စိတ်တစ်ပိုင်း အဖြစ် ဒု-သမ္မတ ဂျေဒီဗန့်စ် သည် ဧပြီလ ၂၁ ရက်နေ့တွင် ဒေလီသို့ ဆိုက်ရောက်လာသည်။ အိန္ဒိယအပေါ် ၂၆% စည်းကြပ်မှု ပါဝင်သည့် ယင်း သွင်းကုန်ခွန်များမှာ နိုင်ငံ အများစု အပေါ် ဇူလိုင်လ ၈ ရက်နေ့အထိ ၁၀% တွင် တန့်နေသည်။ အိန္ဒိယ အစိုးရမှာ အမေရိကန်၊ EU အပြင် အခြား နိုင်ငံများနှင့် စီးပွားရေး လုပ်ငန်းများ အပြေး အလွှား လုပ်ရ တော့သည်။ တရုတ်နိုင်ငံက ဤအခြေအနေတွင် မီးထပ်ထိုးပေး လိုက်ပြန်သည်။ ဗန့်စ် ရောက်လာသည့် နေ့တွင်ပင် ရွှေပြည်အေးဝါဒကို ဆန့်ကျင်မည်ဟု တရုတ်က ကမ္ဘာကြီးကို သတိပေး လိုက်၏။ “တရုတ်နိုင်ငံရဲ့ အကျိုး စီးပွားကို ထိခိုက်စေမယ့် သဘောတူညီချက် မျိုး ရယူတဲ့ ဘယ်သူ့ ကိုမဆို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ ထိရောက်တဲ့ တန်ပြန်မှုတွေ ပြုလုပ် သွားမယ်။”

        ဗန့်စ် အလုပ်က ဝန်ကြီးချုပ် မိုဒီနှင့် ထိပ်တန်း အစိုးရ အဖွဲ့ဝင်များကို အာမခံချက်ပေး ဖို့ ဖြစ်သည်။ ဆွေးနွေးပွဲ အတွင်း ဗန့်စ်နှင့် မိုဒီတို့က စီးပွားရေးလုပ်ငန်းများအကြား ဖြစ်ပေါ် တိုးတက် မှုများကို အမွှမ်း တင်ကြပြီး ကာကွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး ကြသည်။ အိန္ဒိယသို့ ယခုနှစ် အတွင်း လာရောက်မည့် ထရမ့်၏ ခရီးစဉ်ကို မျှော်လင့်နေသည်ဟု မိုဒီက ဆိုသည်။ အိန္ဒိယ နှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ပါက ၂၁ ရာစုသည် သာယာ၀ပြောပြီး ငြိမ်းချမ်း မည်၊ ပူးပေါင်းမှု မအောင်မြင်လျှင် တော့ လူ့ဘောင်လောကအတွက် မှောင်မိုက်သော အချိန်များ ဖြစ်လိမ့်မည် ဟု နောက်တစ်နေ့တွင် ဗန့်စ်က ပြောကြားသည်။ အခြားသော ကုန်ပစ္စည်းတွေ စီးဆင်း ဝင်ရောက်လာရန် သွယ်တန်း ပေးမည့် မြောင်းများကဲ့သို့ မကျင့်ကြံသည့် စီးပွားရေး မိတ်ဖက်များကို လိုချင်သည်ဟု သူက ဆိုသည်။

        အိန္ဒိယတွင် အမေရိကန်အစိုးရ၏ ပုံရိပ်ကို ပျော့ပျောင်း ညင်သာစေခြင်းငှာ ဗန့်စ်နှင့် ဇနီးသည် (အိန္ဒိယ ဖွား) တို့က ကလေးများနှင့်အတူ ယဉ်ကျေးမှု ဆိုင်ရာ နေရာများသို့ သွားလည်ကြခြင်းက အိန္ဒိယ ကျောင်းသား များအား အမေရိကန်ဝင်ခွင့် ဗီဇာငြင်းပယ်ခံရခြင်းအပေါ် သက်ရောက်မှု ရှိသွားသည်။ နှစ်နိုင်ငံအကြား စီးပွားရေး ဆွေးနွေးမှုများကို ယခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာ ဆက်လုပ်ကြသည်။ တရုတ်နှင့် အမေရိကန် အကြား အကွဲအပြဲ ကြောင့် အမေရိကန် ကုမ္ပဏီများက အိန္ဒိယကို ကုန်ထုတ် ဗဟိုဌာနလုပ်ဖို့ ကြည့်လာကြသည်။ အိုင်ဖုန်း၏ ၂၀%ကို အိန္ဒိယတွင် ယခု ထုတ်လုပ် နေသော Apple အပါအဝင် ဖြစ်လေသည်။

        တရုတ်မှာတော့ အခြား စိတ်ကူးတွေရှိသည်။ ဧပြီလ ၁၉ရက်နေ့ အင်တာဗျူးတစ်ခုမှာ အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှူဖီဟောင် က အမေရိကန် သွင်းကုန်ခွန် သည် ကြီးမားသည့် ခြိမ်းခြောက်မှု ကြီး ဟု ပြောဆိုသွား၏။ တရုတ်နှင့် အိန္ဒိယ မှာ ကြီးမားကျယ်ပြောသော ပူးပေါင်း ဆောင်ရွက် နိုင်သည့် အလားအလာ ရှိနေပြီး တစ်ဖက်သတ် ဝါဒ၊ ပြည်တွင်း စီးပွားကာကွယ်ရေး ဝါဒများကို မည်သို့သော ပုံစံဖြစ်ပါစေ၊ ဆန့်ကျင်သင့်ကြောင်း ထပ်ဖြည့် ပြောဆို သွားခဲ့သည်။ ဒေါ်နယ် ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ မတိုင်မီ အာရှဘီလူးကြီး နှစ်နိုင်ငံသည် လေးနှစ်ကြာ နယ်စပ်အရေး အငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့ကြသည်။ လေကြောင်း တိုက်ရိုက် ပျံသန်းမှု ပြန်စရန်အတွက် စတင် ပြောဆို နေကြပြီ။ တရုတ်၏ သွင်းကုန် များအပေါ် အားထားနေရခြင်းကို လျှော့ချရန်အတွက် တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယ အတွင်း ပိုမိုခွင့်ပြုပေးလာသည်။ နယ်စပ်ဒေသမှာ အေးချမ်းနေပြီး အိန္ဒိယ မှ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များကို တိဘက်သို့ ဘုရားဖူးလာရောက်ခွင့်ပြုရန် နှစ်ဖက်စလုံးက သဘောတူပြီး ဖြစ်၏။ အိန္ဒိယ ထုတ်ကုန်များကို ပိုမိုဝယ်ယူရန် တရုတ်နိုင်ငံက ကတိ ပြုထားသည်။

        တရုတ်နိင်ငံအပေါ် အမေရိကန်က ကြောက်သလို အိန္ဒိယလည်း ကြောက်သည်။ တရုတ်နိုင်ငံ၏ ဟိမ၀န္တာ ဒေသအတွင်း ကျူးကျော်မှုများ၊ တောင်အာရှတွင် တရုတ်၏ ဩဇာသက်ရောက်မှု၊ အိန္ဒိယ သမုဒ္ဒရာ အတွင်း စစ်ရေး လှုပ်ရှားမှုများနှင့် အိန္ဒိယ၏ လမ်း၊တံတား၊ အဆောက်အအုံတို့ အပေါ် တရုတ်၏ နည်းပညာ တို့ကို အိန္ဒိယ စစ်ရေးနှင့် ထောက်လှမ်းရေးအဖွဲ့တို့က စိုးရိမ်ပူပန်ကြသည်။ နယ်စပ် အရေး အခင်းပြီးနောက် ၂၀၂၅တွင် ဒေါ်လာ ၉၉ ဘီလီယံအထိ ရောက်ရှိ ကြီးမားလာသော ကုန်သွယ်ရေး လိုငွေ ပြမှု အပေါ်လည်း အိန္ဒိယ အစိုးရအဖွဲ့က သောကများနေကြသည်။

        သို့သော်ငြားလည်း တရုတ်ကို “ပ” ထုတ်ထားပြီး အမေရိကန်နှင့် အိန္ဒိယ စီးပွားရေးကို ချဲ့ထွင်ဖို့မှာ ဧရာမ ပြဿနာကြီး ဖြစ်ပါသည်။ အိန္ဒိယ ၏ အမေရိကန်သို့ (အခြားနိုင်ငံ များလည်းပါ) ပို့ကုန် အများမှာ တရုတ်၏ အစိတ်အပိုင်းများအပေါ် မှီခိုနေ ရသည်။ အမေရိကန်သို့ အကြီးဆုံး တင်ပို့သည့် ဆေးဝါးကဏ္ဍ တွင်ပင်လျှင် တရုတ်နိုင်ငံ၏ ဓာတုကုန်ကြမ်းများအပေါ် ၇၀ % မှီခို နေရသည်။ မိုဒီ၏  ရှားရှားပါးပါး အောင်မြင်မှု ဖြစ်သော ပြည်ပရင်းနှီးမြှုပ်နှံသူများကို အလျှံပယ် ထောက်ပံ့ငွေ ပေးထားသည့် စမတ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းတွင်လည်း တရုတ်ကို လိုအပ်သည်။ တင်သွင်းလာသည့် အစိတ်အပိုင်း များဖြင့် စမတ်ဖုန်းကို တပ်ဆင်ရခြင်းဖြစ်လေရာ အများစုမှာ တရုတ်မှ တင်သွင်းခြင်း ဖြစ်၏။

        လက်ရှိမှာ ထရမ့်က ဖုန်းများကို သွင်းကုန် ခွန်ကင်းလွတ်ပေးထားသော်လည်း နောင်တွင် စည်းကြပ်မှုအ သစ်များ ဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။ ထရမ့်က iPhone များကို အမေရိကန် တွင် ထုတ်လုပ် ရန် Apple ကုမ္ပဏီကို တိုက်တွန်းထား၏။ ဒေလီအခြေစိုက် တတ်သိ ပညာရှင်များအဖွဲ့ဖြစ်သော Global Trade Research Initiative အား ဦးဆောင်သူ စီးပွားရေး ဝန်ထမ်းဟောင်း အာဂျေး စရီဗတ်စတာဗာ က “ဒီကိစ္စက ပင်ရင်းနိုင်ငံစည်းမျဉ်း rules of origin ကို အမေရိကန် က ဘယ်လိုအဓိပ္ပာယ် ဖွင့်မလဲ ဆိုတာအပေါ် အများကြီး မူတည်တယ်” ဟု ဆိုသည်။ တရုတ် အပေါ် အမေရိကန်၏ သွင်းကုန်ခွန်ကို ရှောင်နိုင်ရန် အိန္ဒိယ ၏ ပါဝင်မှု သို့မဟုတ် ထုတ်ကုန် များကို ပြုပြင်စီမံမှုက အိန္ဒိယ ၏ ပို့ကုန်များတွင် မည်မျှပါဝင်ရန်လိုကြောင်း အဆုံးအဖြတ် ပေးသည်။ စည်းမျဉ်းများက မည်သို့ပင် ဆိုစေ၊ တရုတ်အပေါ် မှီခိုနေရခြင်းကို အိန္ဒိယ အနေဖြင့် ချက်ချင်း ဖြတ်တောက် နိုင်မည် မဟုတ်ပါ။ အထည်အလိပ်နှင့် သားရေ ပစ္စည်းကဲ့သို့ နည်းပညာနိမ့် လုပ်ငန်းများ တွင်ပင် တရုတ်ကို မှီခိုနေရသည်။ “တရုတ်ကြီးထွားလာတာကို ရှောင်နိုင်မယ့်လမ်း အနည်းဆုံး ဆယ်စု နှစ် တစ်စုအတွင်း မတွေ့ဘူး” ဟု အာဂျေးက ဆိုသည်။

        တရုတ် ကုမ္ပဏီများကို အိန္ဒိယ တွင် ရင်းနှီး မြှုပ်နှံစေပြီး နည်းပညာကို ဒေသခံများက ရယူ နိုင်ခြင်းဖြင့် တရုတ် အပေါ် မှီခိုရခြင်းကို လျှော့ချရန် အိန္ဒိယက မျှော်လင့်ခဲ့သည် (၁၉၈၀ နောက်ပိုင်း ကစ၍ တရုတ်က ဤသို့ လုပ်ဆောင်ခဲ့သည်။) တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများအပေါ် ၂၀၂၀ခုနှစ်တွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို တရားဝင် ဖယ်ပစ်ခြင်း မဟုတ်သော်လည်း အိန္ဒိယ စီးပွားဖက် များ အနေဖြင့်  စီမံခန့်ခွဲခွင့် ရလာနိုင်သည့် ဖက်စပ် လုပ်ငန်းများအား ခွင့်ပြုပေးခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အတွင်း တရုတ်ကုမ္ပဏီများက သဘောတူ လက်မှတ် ထိုးခဲ့သည့် လုပ်ငန်း များမှာ Vivo ဖုန်းလုပ်ငန်း၊ Suzhou Innovance လျှပ်စစ်ကား ထုတ်လုပ်ရေးနှင့် ZNShine ဆိုလာ ထုတ်လုပ်ရေး တို့ဖြစ်သည်။

        ယခုအခါမှာတော့ အိန္ဒိယက ယင်းစီမံချက်များကို ဘရိတ်အုပ် နေသည့်သဘော ရှိသည်။ အိန္ဒိယ သည် တရုတ်နိုင်ငံ၏ ကုန်ထုတ် ဒေသအသစ် ဖြစ်လာမည် မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်ကို အာမခံ ရပါမည်။ ဧပြီလ ၇ ရက်နေ့တွင် အိန္ဒိယ စီးပွားကူးသန်းဝန်ကြီး ပိယုရှ် ဂိုယယ်က ယခုအချိန်တွင် ဒေါ်လာ တစ် ဘီလီယံ တန်ဖိုးရှိ လျှပ်စစ်ကား ဖက်စပ်ထုတ်လုပ်ရေး လုပ်ငန်းကို BYD နှင့် လက်မှတ် ထိုးမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ “တရုတ် ရင်းနှီး မြှုပ်နှံမှုတွေလည်း အရမ်းကြီးတွေ ဝင်လာ နေတာ မဟုတ် သလို တရုတ်ရင်းနှီးမြှုပ်နှံ မှုအကြီးကြီးတွေကိုလည်း လာပြီး မြှုပ်နှံဖို့ မဆွဲဆောင်ပါဘူး” ဟု ကွန်ဖရင့်တစ်ခုတွင် ဧပြီလ ၁၁ ရက်နေ့က ဝန်ကြီးက ပြောသွားသည်။

        အစိုးရဝန်ထမ်းနှင့် စီးပွားရေးသမားအချို့တို့ကတော့ ပိတ်ပင်ကာလတွင် သက်သာရာ ရကြသည်။ လတ်တ‌လော တွင် အတတ်ပညာရှင်များကို အိန္ဒိယသို့ မစေလွှတ်ခြင်းနှင့် စက်ပစ္စည်းများ တင်ပို့ခြင်းကို ရပ်ဆိုင်းခြင်းတို့ဖြင့် တရုတ် တို့က အိန္ဒိယအပေါ် အထက်စီးရရန် လုပ်ဆောင်မှုများကို သူတို့က ကိုးကား သည်။ တရုတ်အပေါ် သံသယရှိသူ အိန္ဒိယ သားများက ဖွံ့ဖြိုးပြီး နိင်ငံများနှင့် လက်တွဲရန် ကြိုးစားမှု အဖြစ် အမေရိကန်၊ EU နှင့် အခြားနိုင်ငံများနှင့် စီးပွားရေး လုပ်ဆောင်ခြင်းကို ထောက်ခံကြသည်။

        အမေရိကန်နှင့် လက်တွဲရန်မှာလည်း အန္တရာယ်တွေ ရှိပါသည်။ အထူးသဖြင့် အိန္ဒိယ ၏ စိုက်ပျိုးရေးကဏ္ဍ (အကြီးဆုံးလုပ်ငန်း) သို့မဟုတ် အချမ်းသာဆုံး လုပ်ငန်းရှင်ကြီးများ စိုးမိုးထားသော e-commerce လုပ်ငန်းများကို ဖွင့်ပေးရန် ထရမ့်က တောင်းဆိုနေလျှင် တိုင်းရင်းသား လုပ်ငန်းရှင်များ ၏ ကြောက်မက် ဖွယ် ခုခံဆန့်ကျင်မှုကို ရင်ဆိုင်ရမည်။ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဖြင့် ထရမ့်က အိန္ဒိယ ပညာရှင်များ၏ ဗီဇာများကို ငြင်းပယ်ပါလိမ့် မည်။

        ယခုအချိန်နှင့် ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၆ မတ်လ သို့မဟုတ် ဧပြီလအတွင်း ဝန်ကြီးချုပ် မိုဒီအတွက် ထွက်ပေါက်တစ်ခု ရှိပါသည် ဟု ဝါရှင်တန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Brookings Institution မှ တာဗွီ မဒန်က ပြောသည်။ အမေရိကန်၏ ဖိအားကို ခေါင်းငုံ့ခံသည့်ပုံမျိုး မပေါက်ရန် လိုသည် ဟု ဆိုသည်။ အိန္ဒိယ စီးပွားရေးတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ရန် ကြိုးစားလျှင် တရုတ်တို့ လက်တုံ့ပြန်လာလိမ့်မည်။ အိန္ဒိယမှာ အရှေ့ဘက်ကအိမ်နီးချင်း နိုင်ငံကြီးနှင့် ပတ်သက်လျှင် မည်သည့် အခါမျှ လွယ်လွယ်ကူကူရွေးချယ်ခွင့် မရခဲ့။ ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲကလည်း အိန္ဒိယကို လွယ်ကူစေ မည် မဟုတ်ပါချေ။

မူရင်း – J.D. Vance flies into a giant trade storm in India, The Economist,

Photo: fortuneindia

Click to rate this post!
[Total: 0 Average: 0]