The Corner

The Corner

cropped-Logo_round_grey-background.png

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ

Share မယ်

ဒီခေါင်းစဉ်ကို ရုတ်တရက် ကြည့်ရင် စိတ်ပိုင်းဖြတ်နိုင်မှု စွမ်းအားနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိကဆိုင်ရာ ပြဿနာလို့ ထင်ရတယ်။ ဒါပေမယ့် နယ်ပယ် အသီးအသီးက ကျွမ်းကျင်သူတွေကတော့ နောက်တစ်မျိုး မြင်ကြတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်တန်ဖိုးဟာ ပေါင် ဘီလျံ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြတယ်။ လူတွေ ဝိတ်ချနေတာ ရပ်လိုက်ရင် အဲဒီကုမ္ပဏီကြီးတွေ စီးပွားရေး အကျိုးအမြတ် ရှိတော့မှာ မဟုတ်ဘူး။ ဝိတ်ချသင့် တယ်လို့ ထင်မိတာရယ် တကယ်လို့သာ ဝိတ်မကျတာကို ကျရှုံးမှုတစ်ခုလို့ ခံစား ရတာရယ်ဟာ သူတို့ ကြော်ငြာတွေရဲ့ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နေမလား။ 

လူအများစုဟာ ကိုယ့်ကိုယ်ကို အဝလွန်နေတယ်လို့ မြင်တဲ့အတွက် စိတ်ဆင်းရဲရတယ်။ အဲဒါထက် ဝိတ်ချတာ မအောင်မြင်လို့ဆိုပြီး နှစ်ဆတိုးကာ စိတ်ညစ်ကြရပြန်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အချိုးအစား ကျနအောင် အပြင်းအထန် မောင်းနေတာဟာ နည်းလမ်းကျပါရဲ့လား။ 

ဝိတ်ကျအောင်လုပ်လေ ဝိတ်ပိုတက်လေ ဖြစ်နေတတ်တယ်။ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ၇၅ ရာခိုင်နှုန်းကျော်တဲ့ လူများဟာ ဝိတ်ချဖို့ ဒါမှမဟုတ် ဝိတ်မတက်ဖို့ ကြိုးစား နေကြတယ်လို့ နိုင်ငံတကာ အစားအစာ အချက်အလက် ကောင်စီ အဖွဲ့ကြီးက ဆိုပါတယ်။ အဲဒီလို သူတို့ ကြိုးစားပေမဲ့ အမေရိကန်တွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ အဝလွန်နေတယ်လို့ သတ်မှတ်ခြင်း ခံရပါတယ်။ ဒီအချက်အလက်တွေက ညွှန်ပြနေတာက အဝလွန်တဲ့အတွက် ရှက်ရွံ့မှုတွေ ဖြစ်ပေါ်လာပါ တယ်။ ရှက်ရွံ့မှုဆိုတာ ဘာအတွက်ကိုမှ ကောင်းကျိုးမပေးဘူးလို့ စိတ်ပညာရှင်တိုင်းက ပြောကြပါလိမ့်မယ်

ခန္ဓာကိုယ် တည်ဆောက်ရေး စီမံကိန်းများ 

“အဆီဆိုသည်မှာ က္ကုတ္ထိယ ပြဿနာ” စာအုပ်ကို ရေးခဲ့သူက စိတ်ရောဂါကု ဆရာဝန် ဆူဇီ အောဘာ့ခ် ဖြစ်ပါတယ်။ အစားအစာတွေနဲ့ ကိုယ်ခန္ဓာ ဆက်နွှယ် ပတ်သက်မှုကို ထင်ဟပ်စေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ပထမအကြိမ် ပုံနှိပ်ခဲ့ပြီး မကြာသေးမီက ထပ်မံပြင်ဆင် ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထဲမှာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာကို အသုံးအဆောင်တစ်ခုလို ပုံဖော်ထားပြီး စာဖတ်သူတွေရဲ့ အာရုံကို ဆွဲဆောင်ခဲ့တယ်။ ပြီးတော့ အမျိုးသမီးတွေကိုယ်တိုင် အဲဒီလို မြင်လာအောင် အားပေးတိုက်တွန်းထားတယ်။ ကိုယ်ခန္ဓာဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတွေကို လိုအပ်ပါတယ်။ အာဟာရ၊ ကျန်းမာမှု၊ ဝိတ်ချခြင်းနဲ့ အလှအပ ထုတ်ကုန်တွေရဲ့ သွန်သင်မှုတွေကို ကြားနာနေရပြီး ကိုယ့်ခန္ဓာကိုယ်ကို သေးသွယ်အောင်၊ ဝင်းလက်လာအောင်၊ လန်းဆန်း တက်ကြွနေအောင်၊ ပိုဆွဲဆောင်မှု ရှိလာအောင် လုပ်ဖို့က ကိုယ့် အပေါ်မှာပဲ မူတည်နေပါတယ်။ 

အဲဒီလိုနဲ့ အမျိုးသမီးတွေဟာ သူတို့ ခန္ဓာကိုယ်နဲ့ ပိုကင်းကွာလာတယ်။ ကိုယ့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ကိုလည်း ယုံကြည်မှု မရှိတော့ဘူး။ မကြာခင် ကိုယ့် ခန္ဓာကိုယ် ကို ကိုယ်တိုင် သဘောမကျ ဖြစ်လာတယ်။ ခန္ဓာအတွင်းက ပေါ်ပေါက်လာတဲ့ အစာစားချင်စိတ်၊ ဆာလောင်တဲ့ စိတ် စတာတွေကို သံသယ ရှိလာတယ်။ ခန္ဓာကိုယ်ကို ထိန်းချုပ် ရမယ်လို့ ပြောကြတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အယူအဆ ပါပဲ။ ထိန်းချုပ်မှုဆိုတာ စဉ်ဆက်မပြတ် လုပ်ဆောင်မှ ရတယ်။ ခန္ဓာကိုယ်ကို အလွန်အမင်း ထိန်းချုပ်မိရင် အရာရာဟာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာတတ်တယ်။ ကိုယ့် ခန္ဓာကိုယ်ကို အသုံးအဆောင် ဝတ္ထုပစ္စည်းလို မြင်နေကြတဲ့ သားကောင် စာရင်းထဲမှာ ပုရိသတွေလည်း ပါလာပြီလို့ အောဘာ့ခ် နဲ့ အခြားပညာရှင်တွေက သတိထားမိခဲ့တယ်။ 

သေးသွယ် လှပလွန်းတဲ့ ခါး၊ ပြီးပြည့်စုံတဲ့ ရင်သား (စံနှုန်းတစ်ခု သတ်မှတ်ဖို့ကတော့ ဖက်ရှင်အပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်တဲ့အတွက် တသမတ်တည်း မဖြစ်နိုင် ပါဘူး။) စတာတွေကို အမျိုးသမီးတွေ တောင့်တ အလိုရှိသလိုမျိုး ကြွက်သား အဖုအထစ်တွေ၊ ရင်အုပ် ကြွက်သားတွေ စတာတွေကို လိုအပ်တယ်လို့ အမျိုးသားတွေကလည်း ခံစားမိလာကြတယ်။ 

ကမ္ဘာအနှံ့မှာရှိတဲ့ အနုပညာပြခန်းတွေမှာ ပြသထားတာတွေကို ကြည့်ရင် လူရဲ့ ခန္ဓာကိုယ်ဟာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိတတ်တယ်ဆိုတာကို တွေ့ ရပါလိမ့်မယ်။ အဲဒါကို အရင်တုန်း က လက်ခံခဲ့ ကြတယ်။ အခုခေတ်ရောက်တော့ စံပြ ကိုယ်ခန္ဓာ တွေအတွက် ပုံသဏ္ဌန် ဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် တစ်မျိုးစီပဲ ရှိတော့သလို အမြင်ကျဉ်းမြောင်းလာကြတယ်။ အမျိုးသမီးတွေ အတွက်က မြင့်မားသွယ်လျပြီး ဖွံ့ထွားတဲ့ ရင်သားတွေ ရှိတဲ့ ပုံရိပ်။ အမျိုးသားတွေ အတွက်ကတော့ အဖုအထစ် ကြွက်သား အမြှောင်းမြှောင်းနဲ့ တန်ဆာဆင် ထားတဲ့ ပုံသဏ္ဍာန်။ ဒေသအလိုက် ရုပ်ပိုင်းဆိုင်ရာ သွင်ပြင် လက္ခဏာတွေ၊ ယဉ်ကျေးမှုတွေကို ဆန့်ကျင်ပြီး ပေကျင်းကနေ နယူးယောက် အထိ နေရာတကာမှာ အဲဒီ ပုံစံခွက်ထဲက စံပြခန္ဓာကိုယ်တွေကိုပဲ ဖော်ပြနေကြတယ်။ ၁၉၉၅ ခုနှစ် ဖီဂျီကျွန်း နာဒရိုဂါဒေသမှာ ရုပ်မြင်သံကြားကို ပထမဆုံး မိတ်ဆက်တဲ့ အချိန်က ဒေသတွင်းမှာ အစားအသောက် ပုံမမှန်ဖြစ်တဲ့ ရောဂါဖြစ်မှု တစ်မှုပဲ ရှိပါတယ်။ သုံးနှစ်အတွင်းမှာ ဆယ်ကျော်သက် မိန်းကလေးများရဲ့ ၆၉ ရာခိုင်နှုန်းက ဝိတ်ချ နေကြပြီလို့ သိရပြီး ၇၉ ရာခိုင်နှုန်းက သူတို့ကိုယ်သူတို့ ဝလွန်းနေတယ်လို့ မြင်နေကြပါတယ်။ 

ကမ္ဘာအနှံ့မှာရှိတဲ့ အနုပညာပြခန်းတွေမှာ ပြသထားတာတွေကို ကြည့်ရင် လူရဲ့ ခန္ဓာကိုယ်ဟာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိတတ်တယ်ဆိုတာကို တွေ့ ရပါလိမ့်မယ်။

မော်ဒယ် အခြေပြု စံနှုန်းများ 

အဲဒီလို ခြောက်ပစ်ကင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေကို ကိုးကွယ်အားကျတာ ဒါမှမဟုတ် မကောင်းပြော အပုပ်ချ ကြတာ စတဲ့ ကျော်ကြားသူတို့ရဲ့ ယဉ်ကျေးမှုကို ဒီနေ့ခေတ် လူ့အဖွဲ့ အစည်း အတော်များများက အားပေးလာကြတယ်။ အလှအပရေးရာ နည်းစနစ်တွေ၊ လေ့ကျင့်ခန်းတွေ၊ အစားအသောက် စားပုံစားနည်း စတာတွေနဲ့ အဲဒီလူတွေက သူတို့ ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်ကြတယ်။ ပြီးတော့ ကျန်တဲ့လူတွေကိုလည်း အဲဒီလို လုပ်နိုင်ပါတယ်လို့ ဆိုကြတယ်။ ခွဲစိတ် ပြုပြင်မှုတွေ လုပ်ထားတာကိုတော့ မဂ္ဂဇင်းတွေက မဖော်ပြကြပါဘူး။ တခါတလေ သူတို့နဲ့ အဆင်မပြေတဲ့ နာမည်ကျော် တစ်ယောက်ယောက် ခွဲစိတ်ပြုပြင်ထားတာကို ဖော်ပြတာက လွဲလို့ပေါ့။ ဒါ့အပြင် ပုံတွေ အတော်များများကို တခါတလေ ကာယကံရှင် ဆန္ဒနဲ့ပါ ဆန့်ကျင်ပြီး ကွန်ပျူတာထဲမှာ ပြုပြင်ထားကြသေးတယ်။ ၂ဝဝ၃ ခုနှစ်က ဂျီကျူမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက် ရဲ့ အလွန် သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ရှည်လျားတဲ့ ခြေတံတွေကို ဖော်ပြတဲ့အခါ သူမက “ပြင်ထားတာ အရမ်းကို များသွားပါတယ်။ ကျွန်မက အဲဒီလို ပုံမျိုး မဟုတ်ပါဘူး။ ပြောရရင် အဲဒီလိုမျိုး လည်း မဖြစ်ချင်ပါဘူး” လို့ ပြောခဲ့တယ်။ 

“တစ်မျိုးတည်းရှိတဲ့ ပုံရိပ်” လို့ အောဘာ့ခ် က ဆိုတဲ့ “ပြစ်မျိုးမှဲ့မထင်” အမျိုးသားနဲ့ အမျိုးသမီး သွင်ပြင်လက္ခဏာ တွေဟာ လူတွေကို လွှမ်းမိုးထားပါတယ်။ တီဗီ အစီအစဉ်တွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ၊ မဂ္ဂဇင်းနဲ့ ဝက်ဘ်ဆိုက်တွေ၊ အထူးသဖြင့် လူမှုကွန်ရက်တွေပေါ်မှာ အဲဒီ ပုံတွေကိုပဲ တွေ့နေရတယ်။ ဆယ်ကျော်သက် အများစုက ကိုယ့်ရဲ့ လူမှုကွန်ရက်တို့ ဝက်ဘ်ဆိုက်တို့ ပေါ်က ဓါတ်ပုံတွေကို မော်ဒယ်တွေ ကိုယ်ဟန်ပြတဲ့အတိုင်း လိုက်တုပြီး တင်ကြ တယ်။ အဲဒီ သဘာဝမကျတဲ့ မူရင်းပုံတွေကို အတုခိုးပြီး ထူးထူးဆန်းဆန်း ကိုယ်ဟန်တွေနဲ့ လူငယ်တွေက ဓါတ်ပုံ လိုက်ရိုက်ကြတယ်။ မော်ဒယ်တွေ၊ မင်းသား မင်းသမီးတွေရဲ့ ဟန်တွေကို အတုခိုးကြတယ်။ အဲဒီ ပုံစံအတိုင်း ဓါတ်ပုံ လိုက်ရိုက်ပြီး ယှဉ်ကြည့်ကြတယ်။ တခြားသူတွနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး ကိုယ့်ရဲ့ ပုံရိပ်ကို တည်ဆောက်နေကြတယ်လို့ ဖက်စတင်ဂျာ ရဲ့ လူမှုနှိုင်းယှဉ်မှု သဘောတရားက ဆိုတယ်။ အဲဒီမှာ တန်ဖိုးဖြတ်ခြင်း ဆိုတာတွေ ပါလာတော့တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ် အကဲဖြတ်ပြီး ကိုယ်ဟာ အဆင်ပြေလား အဆင်မပြေဘူးလား ဆိုတာကို ဆုံးဖြတ်ကြတယ်။ ဒီလိုနဲ့ပဲ ဆယ်ကျော်သက် တွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အပေါ် အပြစ်တွေ မြင်လာပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တဲ့အထိ ဖြစ်သွား လိမ့်မယ်။ ဆယ်ကျော်သက်တွေမှာပဲ ဒီလိုမျိုး ဖြစ်နေတာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးတဲ့ သူတွေကလည်း ကိုယ့် ခန္ဓာကိုယ်ကို မီဒီယာပေါ်က ပုံရိပ်တွေနဲ့ ယှဉ်ပြီး အကဲဖြတ် နေကြတယ်လို့ လေ့လာတွေ့ ရှိမှုတွေကပြနေတယ်။ 

ကိုယ့်ရဲ့ စားသောက်ပုံနဲ့ ခန္ဓာကိုယ်မှာ ပြဿနာတွေ ရှိရင် လူတွေက သိကြပါတယ်။ အကူအညီ လိုအပ်လာရင်လည်း တောင်းခံကြတယ်။ အခုတော့ ဒါကို တန်ဖိုးထား ရကောင်းမှန်း မသိကြတော့ဘူး။ (ဆူဇီဘောဘာ့ခ်) 

“သွယ်လျခြင်းကို စံထားတဲ့ မီဒီယာ” တွေကို ကြည့်နေ သုံးနေကြတဲ့ လူ အများစုက လူမှုဘဝမှာ ပိန်ပါးသွယ်လျခြင်းဟာ နှစ်လိုစရာ ဖြစ်တယ်လို့ မြင်နေကြကြောင်း ဟက်ဆီ ဘီဘာ၊ လီဗီးနဲ့ အခြားသူများ ရဲ့ ၂ဝ၁၆ ခုနှစ် လေ့လာမှုမှာ ဆိုတယ်။ အဲဒီ မဖြစ်နိုင်တဲ့ စံချိန်စံနှုန်းတွေကို လိုက်မှီအောင် ဝိတ်လျှော့တဲ့ အစီအစဉ်တွေ၊ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ကြတယ်။ ဒါဟာ ကိုယ့်ခန္ဓာကိုယ် အပေါ် ကျေနပ်မှုမရှိရာက ဖြစ်လာတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ အဲဒီ ဒစ်ဂျစ်တယ်နည်းနဲ့ ပြုပြင်ထားတဲ့ “ခြောက်ပြစ်ကင်း” အမျိုးသားနဲ့ အမျိုးသမီး ပုံစံဟာ သဘာဝကျရုံတင် မဟုတ်ဘဲ ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လာကြတယ်။ 

အမေရိကန် အမျိုးသမီးတစ်ယောက်ရဲ့ ပျမ်းမျှ အရပ်က ၅ပေ ၄လက်မ မြင့်ပြီး ကိုယ်အလေးချိန် ၁၆၆ပေါင် ရှိပါတယ်။ မော်ဒယ် တစ်ယောက်ရဲ့ ပျမ်းမျှ အရပ်ကတော့ ၅ပေ ၁ဝလက်မ နဲ့ ကိုယ်အလေးချိန်က ၁ဝ၇ပေါင်ပဲ ဖြစ်ပါတယ်။ အပြင်က အမျိုးသမီးတွေရဲ့ သွင်ပြင် လက္ခဏာတွေ ဘယ်လိုပဲ ရှိနေပါစေ ကမ္ဘာ့ မီဒီယာ တွေထဲမှာ အလှတရားကို ကိုယ်စားပြုနေတဲ့ ပုံရိပ်တွေကို ကြည့်လိုက်ရင် အင်မတန် သွယ်လျမြင့်မားတဲ့ လူဖြူ အနောက်တိုင်း အမျိုးသမီးပုံ တွေကိုပဲ မြင်ရပါလိမ့်မယ်။ ဒီ “တစ်မျိုးတည်းရှိတဲ့ ပုံရိပ်” ဒါမှမဟုတ် “စံနှုန်း တစ်ခုသာ ရှိတဲ့ အလှတရား” ဟာ လက်တွေ့ မကျပါဘူး။ မဖြစ်နိုင်တဲ့ ကောက်ကြောင်းတွေကို ဖော်ပြဖို့ သွယ်လျလွန်း ပြီးသား မော်ဒယ်တွေကို ဒစ်ဂျစ်တယ် နည်းနဲ့ ထပ်ပြင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ပုံတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကို နှိုင်းယှဉ်ပြီး အမျိုးသမီးတွေ စိတ်ဓါတ်ကျသွား တတ်တယ်။ အတော်များများက ကိုယ့်ကိုယ်ကိုယ် အငတ်ခံကြ၊ နှာခေါင်း မျက်လုံး နှုတ်ခမ်းနဲ့ ရင်သားတွေကို အနာခံ ပိုက်ဆံ အများကြီး အကုန်ခံပြီး ခွဲစိတ်ပြုပြင်ကြပါတော့တယ်။ 

ခန္ဓာကိုယ်များ ဖန်တီးယူခြင်း 

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်း ဘက်မညီမှုတွေက အစားအစာနဲ့ ကျွန်တော်တို့ အကြား ဆက်စပ်မှုတွေကို အကျိုးသက်ရောက်စေတယ်။ အောဘာ့ခ် က “ပင်ကို အတု” ဆိုတဲ့ ဝေါဟာရကို သုံးတယ်။ လျစ်လျူရှုခံ အနှိပ်စက်ခံရတဲ့ ကလေးငယ်တွေက မေတ္တာကို ရရှိဖို့ စိတ်ကူးယဉ် ဖန်တီးတဲ့ အခါမျိုးမှာ အဲဒီ “ပင်ကိုအတု” ဖြစ်လာတယ်လို့ စိတ်ပညာသုတေသီ ဒေါ်နယ်ဝင်နီကော့ က ဆိုပါတယ်။ မိဘတွေက သူ့ကို မချစ်ရင် အဲဒါ သူ့အပြစ်ကြောင့်လို့ ကလေးငယ်က မှတ်ယူလိုက်တယ်။ သူကိုက ချစ်စရာ မကောင်းတာပဲ ဖြစ်ရမယ် ဆိုပြီး ထင်လိုက်ကြတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့လည်း အဲဒီ အတိုင်းပဲလို့ အောဘာ့ခ် က ပြောတယ်။ ကျွန်တော်တို့ မွေးကင်းစအရွယ်က ရုပ်ပိုင်းဆိုင်ရာ အကိုင်အတွယ် အထိအတွေ့ ခံခဲ့ရပုံတွေကို လိုက်ပြီး တုံ့ပြန်ကြတယ်လို့ သူမက ပြောတယ်။ ထွေးပွေ့ လွှဲသိပ် ချော့မြှူ ခံခဲ့ရတာ အားလုံးက ရုပ်ပိုင်းဆိုင်ရာမှာ စွဲကျန်ရစ်ပြီး ကျွန်တော်တို့ကို စိတ်ချလုံခြုံတဲ့ ခံစားမှု ဖြစ်ပေါ်စေတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကြမ်းတမ်းပြီး မလျော်ကန်တဲ့ အထိအတွေ့ တွေက လုံခြုံမှုကင်းမဲ့တဲ့ စိတ်ကို ဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်မှုတွေ ပြည့်စုံ ကျေနပ်နေရင် အဲဒီ လိုအပ်မှုတွေအပေါ် ယုံကြည်မှု ရှိလာတယ်။ ရရှိအောင်လည်း ကြိုးပမ်း ဖော်ပြကြတယ်။ ရုပ်ပိုင်းဆိုင်ရာ အာသီသတွေကို သာသာယာယာနဲ့ ရရှိနိုင်တယ်လို့ ကျွန်တော်တို့ စိတ်မှာ သေချာလာတယ်။ ဒါဟာ ပုံမှန်ဖြစ်တဲ့အပြင် ကောင်းတဲ့ အရာလည်း ဖြစ်တယ်လို့ မှတ်ယူ လိုက်ကြတယ်။ ဒါပေမယ့် အာသီသတွေကို လျစ်လျူရှုပြီး ဒေါသတကြီး တုံ့ပြန်တာမျိုး လုပ်ခဲ့ရင် အဲဒါတွေကို ရှက်စရာလို့ မြင်လာပြီး ငြင်းဆန်ဖယ်ရှားဖို့ ကြိုးစားမိတော့တယ်။ လိုအင်တွေ ပိုနည်းတဲ့ “ခန္ဓာတု” ကို ဖန်တီးဖို့ ကျွန်တော်တို့ ကြိုးစား ကြတယ်။ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်း ယုံကြည်မှု ကင်းမဲ့ပြီး ပြဿနာတွေ သန္ဓေတည်လာလိမ့်မယ်။  

အသက်အရွယ် အလိုက် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်မှုတွေ နည်းမျိုးစုံနဲ့ ဖြစ်ပေါ်နိုင်တယ်။ ရလဒ်က အစားအစာနဲ့ ပတ်သက်ပြီး ဘက်မညီမှုတွေ ဖြစ်လာတယ်။ ရိုးရိုး အစာစားချင်စိတ် ပေါ်လာတာကိုပဲ မကောင်းဆိုးဝါးလို မြင်ပြီး အစားအစာတွေက ဥပါဒါန် ဖြစ်လာတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ် တစ်ခုခု ဖောက်ပြန်တာ ကျွန်တော်တို့ အပြစ်ကြောင့် ဆိုပြီး ခေါင်းပေါ်ကို ပြစ်တင်ဝေဖန်မှုတွေ ပုံချဖို့ ကမ္ဘာကြီးက စောင့်နေတယ်။ ဒါနဲ့ပဲ မိမိကိုယ်ကို ပြုပြင်ဖွံ့ဖြိုးရေး စီမံကိန်းတွေထဲ ခုန်ဆင်းလိုက်ကြတယ်။ “ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဖန်တီးသူ တွေလို့ မြင်ကြတယ်။ သားကောင် ဖြစ်နေတယ်လို့ မမြင်ဘူး။” အောဘာ့ခ် က ပြောတယ်။ ပတ်ဝန်းကျင်က လက်တွေ့ မကျတဲ့ ပုံရိပ်တွေလို ဖြစ်အောင် ကိုယ့်ပုံရိပ်ကို ခြောက်ပြစ်ကင်းစေဖို့ ကြိုးစားကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်လိုက်တဲ့ လက်ထိပ်တွေကို ကျွန်တော်တို့ မမြင်ကြဘဲ မျက်လှည့် ဝိဇ္ဇာကြီး ဟူဒနီ လို လွတ်မြောက်ဖို့ ကြိုးစားကြတယ်။ မဖြစ်နိုင်တဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ ကျွန်တော်တို့ မရရှိနိုင်ပါဘူး။ အဲဒီတော့ အစာလျှော့စားလိုက် ပြန်စားလိုက် အဖြစ်ကို ကြုံလာရတယ်။ တစ်နေ့မှာ ကိုယ်မှန်းထားတဲ့ သွယ်လျမှုကို ရရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီလို မဖြစ်လို့ စိတ်ပျက်ရတာတွေ အကြား မဆုံးနိုင်အောင် လွန်ဆွဲနေကြရတော့တယ်။ 

အဖြေက ဘာလဲ 

ကျွန်တော်တို့ မေးခွန်းကိုက မှားနေတာလို့ အောဘာ့ခ်က ဆိုတယ်။ ဝိတ်ကျအောင် ဘယ်လိုလုပ်ရမလဲ မေးရမှာ မဟုတ်ဘူး။ ဘယ်လို စားသောက်ရမယ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လို သဟဇာတ ဖြစ်အောင် နေထိုင်ရမယ် စတာတွေကို ကျွန်တော်တို့ တကယ်ပဲ လုပ်နိုင်မလားလို့ မေးရမှာ ဖြစ်ပါတယ်။ ပုံမှန် အစာစားချင် စိတ်၊ အစားအစာ နဲ့ ကျွန်တော်တို့ အကြား ဆက်နွှယ်မှုကို အဆင်ပြေ စေဖို့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက် အစစ်အမှန်တွေကို သိရှိဖို့ လိုအပ်ပါတယ်။ အောဘာ့ခ် က အဓိက သော့ချက် ငါးချက်ကို တင်ပြခဲ့တယ်။ ဆာတဲ့ အခါမှာပဲ စားပါ။ ကိုယ့်ခန္ဓာကိုယ်က တောင့်တတဲ့ အစာကိုပဲ စားပါ။ မဆာတဲ့အချိန် စားဖြစ်နေတဲ့ အကြောင်းကို ရှာဖွေပါ။ စားတဲ့အခါ တစ်လုတ်ချင်း စီကို အရသာခံ စားပါ။ ဗိုက်ပြည့် သွားပြီဆိုတဲ့ အချိန်မှာ စားသောက်နေတာကို ရပ်လိုက်ပါ။ ကိုယ့်ခန္ဓာ ကိုယ်ရဲ့ လိုအပ်ချက်တွေကို သိရှိဖို့ နည်းလမ်းတွေ ရှာပြီး အဲဒီ လိုအပ်ချက်တွေကို မငြင်းပယ် ပါနဲ့။ ပတ်ဝန်းကျင်က ၂၄ နာရီ ဆူညံနေတဲ့ မီဒီယာတွေရဲ့ အသံကို စိတ်မရောက်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။ အဲဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ မဆွတ်ခူးနိုင်တဲ့ ခြောက်ပြစ်ကင်း ခန္ဓာကိုယ်ကို ရရှိဖို့ အချည်းနှီး ကြိုးပမ်းမှုတွေထဲမှာ ကျွန်တော်တို့ ရာသက်ပန် ပိတ်မိ နေပါလိမ့်မယ်။ 

ရည်ညွှန်း သဘောတရားများ

အာသီသများ ရှာဖွေခြင်း – ဆူဇီအောဘာ့ခ် 

ပင်ကိုအတု – ဒေါ်နယ်ဝင်နီကော့ 

Sarah Tomley, What would Freud do? 

How the greatest psychotherapists would solve your everyday problems 

စာအုပ်က Why can’t I lose weight? ဆောင်းပါးကို ဘာသာပြန်ပါတယ်။ 

 

Click to rate this post!
[Total: 0 Average: 0]