ဇန်နဝါရီလ ၂၉ ရက်။ ဒမတ်စကတ်မြို့မှာရှိတဲ့ ကော်ဖီဆိုင်အားလုံးမှာ ဆိုင်ထိုင်သူတွေနဲ့ ပြည့်နေပါတယ်။ ဆိုင်ထိုင်နေကြတဲ့ ဆီးရီးယားပြည်သူတွေထဲမှာ တူရကီနဲ့ ဥရောပကို တိမ်းရှောင် နေရာကနေ ဆီးရီးယားကို ပြန်ရောက်လာ ကြတဲ့သူတွေပါသလို ဘာရှာအယ်လ်အာဆတ်ဒ် (Bashar al – Assad) လက်အောက်၊ ဆီးရီးယားနိုင်ငံတွင်းမှာ ဆက်နေထိုင် ကြတဲ့သူတွေလည်း ပါပါတယ်။ ဘာရှာအယ်လ်အာဆတ်ဒ်ကတော့ သက်တမ်းရှည်ကြာ အာဏာရှင်တစ်ယောက်ပါ။ ဆီးရီးယား ပြည်သူတွေ ဒီလိုစုဝေးနေထိုင်ကြတာဟာ အာမက်အယ်လ်ရှာရာ (Ahmar al – Sharaa) ရဲ့မိန့်ခွန်းကို နားထောင် ကြဖို့ပါ။ အာမက်အယ်လ်ရှာရာဟာ အာဆတ်ဒ်ကို ဖယ်ရှားအပြီး ဆီးရီးယားနိုင်ငံကို လက်တွေ့အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်ပါ။ ဆိုင်ထိုင်နေကြသူတွေထဲ တချို့က ခေါင်းစည်းပဝါတွေ ခြုံပတ် ထားကြပါတယ်။ တချို့ကျတော့လည်း ဘီယာသောက်နေ ကြပါတယ်။ သူတို့အားလုံးဟာ ခေါင်းဆောင်သစ် ရှာရာရဲ့ အနာဂတ်တိုင်းပြည် ဘယ်လိုပုံဖော်မလဲဆိုတဲ့ တွေးခေါ်ကြံဆမှု ကို စိတ်စောသိချင်နေကြတာပါ။

ချုပ်ပြောရရင် ရှာရာရဲ့မိန့်ခွန်းဟာ မူလက ကတိပြုထားသလို တိုင်းပြည်ကို တိုက်ရိုက် ထုတ်လွှင့်တာမျိုး မဟုတ် ပါဘူး။ ပြောရရင် ကြိုတင်ရိုက်ကူးထားတာကို ထုတ်လွှင့်တဲ့ မိန့်ခွန်း တိုလေးပါ။ ကြိုတင်ရိုက်ကူးထားတယ်ဆိုတဲ့နေရာမှာ လည်း သေချာရွေးချယ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်စုရဲ့ရှေ့မှာ မိန့်ခွန်းပြောနေတာကို ရိုက်ကူးထားတာပါ။ သူ့မိန့်ခွန်းပါ စကားလုံးတွေဟာ ကြီးကျယ် ခမ်းနားလှပါတယ်။ ဒါပေမဲ့ တိကျတဲ့ အဓိပ္ပာယ်တော့ ပါမလာပါဘူး။ “လူထု အပေါ် ထိန်းချုပ်မှုတွေကို ကျွန်တော်တို့ ရိုက်ချိုးလိုက်ပါပြီ။ ညှဉ်းပန်းနှိပ်စက်ခံ ပြည်သူတွေကိုလည်း ပြန်လွှတ်ပေးနိုင်ခဲ့ပါပြီ” လို့ ရှာရာက အခိုင်အမာပြောကြားခဲ့ပါတယ်။ “ဆီးရီးယားပြည်သူတွေ ပခုံးပေါ်တင်နေတဲ့ အရှက်ခွဲခံရမှုတွေ၊ ဂုဏ်သိက္ခာ ကင်းမဲ့ခဲ့ရတာတွေကို ဖုန်မှုန့်တွေလို ဖယ်ရှား လိုက်ပါပြီ” လို့လည်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အယ်လ်ကိုင်ဒါ (al- Qaeda) ခေါင်းဆောင် ဘဝကနေ နိုင်ငံပြုပုဂ္ဂိုလ်ဘဝ ရောက်လာတဲ့ ရှာရာက သူ့ကိုယ်သူ အသွင်ကူးပြောင်းရေးကာလ ဆီးရီးယား သမ္မတအဖြစ် ကြေညာခဲ့ပါတယ်။
ပြောရရင် မိန့်ခွန်းပါ အချက်အများစုဟာ လူထုကြားထဲ ကြိုတင် သတင်း ပေါက်ကြားထားပြီး သားပါ။ ရှာရာရဲ့ သမ္မတခန့်အပ်ကြောင်း ထုတ်ပြန်မှုနဲ့ ရှေ့ပိုင်းအမိန့်ထုတ်ပြန်မှုတွေဟာ တစ်ရက် တာကာလအတွင်း နိုင်ငံပိုင်မီဒီယာမှာ အားဆေးချိတ်သွင်းထားသလို တဖြည်းဖြည်းချင်း၊ တစ်ဝက်ချင်း ဆိုသလို ထွက်ပေါ်ခဲ့တာပါ။ နောက်ခံအခြေအနေကလည်း ရှာရာဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဟာရတ်တဟီရယ်အလ်ရှမ် ((Harat Tahrir al – Sham – အတိုကောက် HTS လို့လည်း ရည်ညွှန်းပါတယ်။ ဆီးရီးယား အယ်လ်ကိုင်ဒါအဖွဲ့ခွဲပါ) ရဲ့ ဦးဆောင်တပ်မှူးကြီးက ရှေ့နောက်မညီ နားလည်ရခက်တဲ့ အမိန့်တစ်သီကြီးထုတ်ပြန်နေတဲ့အခြေအနေမျိုးပါ။ ဒီဦးဆောင်တပ်မှူးကြီးက ရှာရာကို အသွင်ကူးပြောင်း ရေးကာလ သမ္မတအဖြစ် ခန့်အပ်ခဲ့သလို အာဆတ်ဒ်ရဲ့ ပါတီဖြစ်တဲ့ ဘာ့သ်ပါတီ (Baath) ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် မပေါ်ပေါက်ခင် ကာလအထိ ဆီးရီးယားနိုင်ငံကိုအုပ်ချုပ်မယ့် ဥပဒေပြုကောင်စီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
သမ္မတရှာရာဟာ ဆီးရီးယားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လားရာအပေါ် အတော်ကြီး စိတ်ပူနေပုံရပါတယ်။
ဒါပေမဲ့ ရှာရာရဲ့မိန့်ခွန်းဟာ ဆီးရီးယားနိုင်ငံမှာ နောက်ဘာဖြစ်လာမလဲဆိုတာကို ရှင်းရှင်း လင်းလင်း ဖော်ပြနိုင် စွမ်း မရှိခဲ့ပါဘူး။ ထုတ်ပြန်ကြေညာချက် အများစုမှာ ဘယ်တော့ အကောင်အထည် ဖော်မလဲဆိုတာ အချိန်ဇယားပါ မလာပါ ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲမယ်ဆိုတဲ့ အမျိုးသားညီလာခံကတော့ ရွှေ့ဆိုင်းပြီးရင်း ရွှေ့ဆိုင်းဆိုသလို ဖြစ် နေတာပါ။ ရှာရာတို့ အကောင်အထည်ဖော်မယ်ဆိုတဲ့ နိုင်ငံတော်သစ်ကလည်း အသေးစိတ်အချက်အလက်တွေ ဘာမှ ပါမလာပါဘူး။
သမ္မတသစ် ရှာရာဟာ ဆီးရီးယားနိုင်ငံရဲ့ အမျိုးမျိုးအဖုံဖုံသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းရင်း တစ်နေကုန်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေကို လက်နက်ဖြုတ်၊ ဖျက်သိမ်းဖို့ နားချခဲ့တာပါ။ ဒမတ်စကတ်ကျပြီး ရက်သတ္တ (၇)ပတ် ကျော်လာခဲ့ပေမယ့် ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနာဂတ်ကို ဘယ်လိုဖြစ်မလဲဆိုတာက မရေမရာ ဖြစ်နေ ဆဲပါ။ သမ္မတရှာရာရဲ့ အကြံပေး ပုဂ္ဂိုလ်တွေကတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖျက်သိမ်းပြီး နိုင်ငံရဲ့တပ်မတော် သစ်မှာ ထည့်သွင်းဖွဲ့စည်းမယ်လို့ ပြောကြားခဲ့ပါတယ်။
တချို့အဖွဲ့အစည်းတွေကတော့ သဘောတူ လက်ခံပြီးပါပြီ။ တချို့ကတော့ ခေါင်းမာမာနဲ့ လက်မခံ၊ ပယ်ချနေဆဲပါ။ ဒီလိုလက်မခံပယ်ချတဲ့ အဖွဲ့တွေထဲမှာ ဆီးရီးယား နိုင်ငံရဲ့ လက်နက် တပ်ဆင်မှု အင်အား အကောင်းဆုံးဖြစ်တဲ့ သြဇာကြီးမားတဲ့ အဖွဲ့ တချို့ ပါဝင်နေပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အရှေ့မြောက်ဒေသကို ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံက ထောက်ခံမှုပေး ထားတဲ့ ကာ့ဒ် လက်နက်ကိုင်အဖွဲ့ (Syrian Democratic Fores) က သမ္မတရှာရာရဲ့မိန့်ခွန်းစုရုံးပြောကြားခဲ့တဲ့ အဖွဲ့တွေထဲ ပါမလာတာဟာ ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ တောင်ပိုင်း လက်နက်ကိုင် အဖွဲ့တွေကလည်း ဆီးရီးယားပြည်တွင်းမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်ရှိနေတဲ့အပေါ် စိတ်မသက်မသာ ဖြစ်နေဆဲပါ။ အစ္စလာမ် ဘာသာရေး အစွန်းရောက် အင်အားစုတွေက လည်း သမ္မတရှာရာရဲ့ “ဘာသာရေးနဲ့နိုင်ငံရေး မရောစွက်ရေး” လေသံအပေါ် ခံပြင်းဒေါသထွက်နေကြတာပါ။
သမ္မတရှာရာဟာ ဆီးရီးယားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လားရာအပေါ် အတော်ကြီး စိတ်ပူနေပုံရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ သမ္မတရှာရာရဲ့ ကာကွယ်ရေးဝန်ကြီးဟာ လက်နက်ကိုင်အဖွဲ့အစည်း (၁၅၀)နဲ့ ဆွေးနွေးနေခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေကလည်း မရေမရာ ကတိတွေပေးပြီး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါတယ်။ တချို့အဖွဲ့တွေကတော့ အော်ဟစ်ငြင်းခုံပြီး တံခါးတွေ ဆောင့်ပိတ် ထွက်ခွာသွားကြပါတယ်။ နိုင်ငံရဲ့ တစ်ခုတည်းသော တပ်မတော်ဆိုတာက လက်တွေ့ ထူထောင်နိုင်ဖို့ အတော်ကြီးကို ခက်ခဲနေဆဲပါ။ ဒါပေမဲ့လည်း ဒါက အရေးတကြီး မဖြစ် မနေ အကောင်အထည် ဖော်ရမယ့်ကိစ္စ ဆိုတာကလည်း ရှင်းနေတဲ့ကိစ္စပါ။ ဘာသာရေးအခြေခံ အကြမ်းဖက်မှု တွေကိုလည်း နိုင်ငံ့နေရာအနှံ့အပြားမှာ တွေ့နေရပါတယ်။ (အာဆတ်ဒ်လက်ထက်၊ နိုင်ငံရဲ့ အုပ်ချုပ်သူ လူတန်းစားဖြစ်ခဲ့တဲ့ အလာဝီ(ထ) (alawite) တွေဟာ ရှီယာမူဆလင်တွေဖြစ်ပြီး အုပ်ချုပ်ခံ ဆီးရီးယားပြည်သူအများစုဟာ ဆွန်နီမူဆလင်တွေပါ)။ အနောက်တိုင်း အရာရှိတွေကတော့ တစ်ချိန်က ဆီးရီးယားနယ်မြေ အတော်များများကို ထိန်းချုပ်ခဲ့တဲ့ ဂျီဟာ့ဒ် အစ္စလာမ်ဘာသာရေး အစွန်းရောက် အဖွဲ့တွေကြောင့် အသွင်ကူးပြောင်းရေးကာလ ကသောင်းကနင်းဖြစ်ပြီး လမ်းပျောက် သွားမှာ ကတော့ အနှေးနဲ့ အမြန်ပဲလို့ ယုံကြည်နေကြပါတယ်။
ဒါပေမဲ့ တချို့ မျက်နှာစာတွေမှာတော့ သမ္မတရှာရာဟာ တိုးတက်မှုတွေ ဖော်ဆောင် နိုင်ခဲ့ပါတယ်။ ပြည်ပနိုင်ငံတွေ မှာ တိမ်းရှောင်နေခဲ့တဲ့ ဆီးရီးယားပြည်သူတွေဟာ နိုင်ငံတွင်းကို ပြန်ရောက်လာကြပါတယ်။ ဆီးရီးယားလူ့အဖွဲ့အစည်း၊ အလွှာပေါင်းစုံရဲ့ အရေးပါ အရာရောက် တဲ့ပုဂ္ဂိုလ်တွေဟာ သမ္မတရှာရာနဲ့ တွေ့ဆုံခွင့်ရဖို့ အလုအယက် ကြိုးပမ်းနေကြပါ တယ်။ ဥရောပ သမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေက ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ တချို့သော စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့ပါတယ်။ ဒါပေမဲ့ အဓိကကဏ္ဍတွေဖြစ်တဲ့ ဘဏ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းကိစ္စရပ်တွေမှာတော့ ဒီနိုင်ငံကြီးတွေဟာ နည်းနည်းလေးမှ လျှော့ပေါ့ပေးမယ့်လက္ခဏာ မပြခဲ့ပါဘူး။ ရှေ့လာမယ့်ရက်တွေအတွင်း သမ္မတရှာရာဟာ ဆော်ဒီ အာရေးဗီးယားနိုင်ငံကို သွားရောက်မှာပါ။ ဒါဟာ သမ္မတအာဆတ်ဒ်အပြီး ရှာရာရဲ့သမ္မတအဖြစ် သွားရောက်မယ့် ပထမဦးဆုံးသော ပြည်ပခရီးစဉ်ပါ။ The Economist ဂျာနယ်ရဲ့ ဖော်ပြချက်အရ ကာတာနိုင်ငံရဲ့ ဘုရင်ဟာ ဆီးရီးယားနိုင်ငံ မြို့တော်ကို သွားရောက်လည်ပတ်မှာပါ။ ဒါဟာ သမ္မတအာဆတ် ပြုတ်ကျအပြီး ဆီးရီးယားနိုင်ငံကို ရောက်လာမယ့် ပထမဦးဆုံးသော နိုင်ငံတော်အကြီးအကဲပါ။
သမ္မတရှာရာရဲ့ အုပ်ချုပ်မှုဟာ အလွယ်တကူ ယိမ်းယိုင်ပြိုကျသွားနိုင်တဲ့ အခြေခံ အုတ်မြစ်တွေ အပေါ် မှာ တည်ဆောက်ထား ရတာပါ။ သူ့ရဲ့ သမ္မတတာဝန်ထမ်းဆောင်မှုက နိုင်ငံအပေါ် အမှန်တကယ် သြဇာသက်ရောက် ထိရောက်စေချင်တယ်ဆိုရင် သမ္မတရှာရာအနေနဲ့ ဆီးရီးယားနိုင်ငံတော်သစ်ကို ဘယ်လိုပုံဖော် တည်ဆောက်မလဲဆိုတာကို ပီပီပြင်ပြင် ချပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီခြေလှမ်းသစ်ကို လှမ်းတဲ့နေရာမှာ သမ္မတရှာရာဟာ ဆီးရီးယားပြည်သူတွေကို မျက်နှာမူပြီး ဖော်ဆောင် ရမှာပါ။ သူ့ရဲ့တိုက်ပွဲဝင်ပေါ်တိုက်ပွဲဝင်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေသက်သက်ကို မျက်နှာမူရမယ့်ကိစ္စရပ် မဟုတ်ပါဘူး။
မူရင်း The next steps, The Economics, Feb 2025

