The Corner

The Corner

cropped-Logo_round_grey-background.png

လမ်းသစ်ရွေးရမယ့် ဟားမတ်စ်

Share မယ်

[ဟားမာ့စ်အဖွဲ့ဟာ ပျောက်သွားမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့ သူတို့ လမ်းသစ်ကို ရွေးကြရမယ်] 

တိုက်ပွဲတွေ မရပ်ခင် ကတည်းကကိုပဲ ဟားမာ့စ်အဖွဲ့ဟာ သူတို့ ရှင်သန်နေတဲ့ အကြောင်းကို ဖော်ပြဖို့ အင်မတန်ကို စိတ်အားထက်သန် နေကြပါတယ်။ အစ္စလာမ်မစ် ဝါဒီအုပ်စု တွေက အစ္စရေးတပ်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် ရပြီးတဲ့နောက်မှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဟားမာ့စ် တိုက်ခိုက်ရေး သမားတွေဟာ နာရီပေါင်း များစွာ ပုန်းအောင်းနေရာက နေထွက်လာ ကြပါတယ်။ အပစ်အခတ်ရပ်စဲတာ စတင်ချိန်ကတည်းက ဟားမာ့စ်တွေက လမ်းတွေပေါ်မှာ ရဲအဖွဲ့ဝင်တွေကို ချက်ချင်းပဲ တပ်ချ ထားလိုက် ကြတယ်။ ပြီးတော့ လက်နက်ကိုင်တွေကို ထောက်ပံ့ရေး ယာဉ်တန်းတွေကို စောင့်ရှောက်ဖို့နေရာ ယူထား စေတယ်။ အစ္စရေး ဓားစာခံတွေနဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ်အရ ရာနဲ့ချီရှိတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အစ္စရေးက လွတ်ပေး လိုက်တာက လူထု ထောက်ခံမှုရဖို့ တွန်းအား တစ်ရပ်ဖြစ်စေ ခဲ့တယ်။ 

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုက ဟားမစ်တွေကို လုံးဝဥဿုံ အနိုင်ရတဲ့အထိ အပြတ် ချေမှုန်းမယ်လို့ ကတိ ပြုထားတယ်။ အဲဒါကတော့ ဘယ်တော့မှ လက်တွေ့ဖြစ်လာမယ့် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ အထူးသဖြင့် ကတော့ စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဂါဇာကို ဘယ်သူက အုပ်ချုပ်မှာလဲဆိုတာနဲ့ စပ်လျဉ်းလို့ ဆွေးနွေးဖို့အရေးကို သူက လက်မခံဘဲ ပယ်ချလိုက်ပြီး ကတည်းကပါပဲ။ ဂါဇာကို ရောက်ပြီး နောက်တစ်နေ့ မှာပဲ တခြား ရွေးစရာလမ်းကမရှိတော့ဘူး။ မလွှဲမရှောင်သာတဲ့ အခြေအနေမျိုးတွေ ဆက်ဖြစ်နေတယ်။ ဟားမာ့စ်က သူတို့ ၂ဝဝ၇ ခုနှစ်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့တဲ့ နယ်မြေကို အုပ်ချုပ်နိုင်ရေး ပြန်ပြီး အခိုင်အမာ ပြနိုင်ဖို့ အဆောတလျင် ဆောင်ရွက် နေကြတယ်။ သူတို့အဖွဲ့ ခေါင်းဆောင်ပိုင်း ကလည်း အနည်းဆုံးတော့ လူထုကြားမှာ ရွှင်မြူး တက်ကြွနေ ကြတယ်။ 

ဒါပေမဲ့က ကိုယ်ရေးကိုယ်တာ အရ ကတော့ သူတို့အချင်းချင်း ခါးခါးသီးသီး အငြင်းပွား နေကြတယ်။ ဟားမာ့စ်အုပ်စုရဲ့  နိုင်ငံရေးနဲ့ စစ်ဘက် ခေါင်းဆောင်တွေ ကြားမှာ အားပြိုင်ကြတဲ့ စစ်ပွဲကပိုပြီး နက်နက်ရှိုင်းရှိုင်း ကာလတာရှည်ဖြစ်နေတာ အတော်ကြာပါပြီ။ ဒါ့ပြင် ကြီးမားတဲ့ စိတ်ခေါ်မှု တွေနဲ့ ဝန်ပိ နေစေခဲ့ပါတယ်။ ဂါဇာက အလုံးစုံကို ပြိုကျ ပျက်စီးခဲ့ရပါပြီ။ ပြန်လည် တည်ဆောက်ရေး အတွက် အကူညီ ဒေါ် လာဘီလီယံ ဆယ်နဲ့ချီပြီး တော့လိုအပ် ပါတယ်။ အစ္စရေးနိုင်ငံကတော့ အောက်တိုဘာလ ခုနစ်ရက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့ချိန် မတိုင်ခင်က ဆောင်ရွက် ခဲ့သလိုမျိုး စိတ်ရှည်သည်းခံမှုမျိုးနဲ့ ဟားမာ့စ်တို့ကို ပြုမှု ဆောင်ရွက် တာမျိုး လုပ်မဲ့ပုံမပေါ် တော့ပါဘူး။ ဟားမာ့စ်အုပ်စုဟာ ဒီလို ဗျာများတဲ့ဝရုန်းသုန်းကား အခြေအနေမျိုး ဘယ်တော့မှ ရတော့မှာ မဟုတ်ပါဘူး။  

  ဟားမာ့စ် အုပ်စုဟာ တစ်ကြိမ်တည်းနဲ့ အရာသုံးခုကို တစ်ပြိုင်တည်း ရခဲ့တာနှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ တိုက်ခိုက်ရေး စစ်သည်အင်အား ခန့်မှန်းခြေ  ၃ဝ,ဝဝဝ ကျော်ရှိတဲ့ လက်နက်ကိုင် စစ်သွေးကြွ အုပ်စုတစ်ခု ဖြစ်ပါတယ်။ ရော့ကက်(ဒုံးပျံ)လို လက်နက် တွေကိုလည်း တပ်ဆင် ထားပါတယ်။ ဒီအဖွဲ့ဟာ ဂါဇာမှာ လူဦးရေ ၂.၃ သန်းကို အုပ်ချုပ်နေတဲ့ လက်ရှိအစိုးရ (Defecto Government) တစ်ရပ်လည်း ဖြစ်တယ်။ ဒါပြင် ဟားမာ့စ်အဖွဲ့ဟာ ပါလက်စတိုင်း နိုင်ငံရေး လောကမှာ အင်အားစုတစ်ရပ်ဖြစ်ပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ကို ဦးစီး ဆောင်ရွက်နေတဲ့ အမျိုးသားရေး ဝါဒီ ပါတီ ဖာတာ အဖွဲ့ရဲ့ အဓိက အတိုက်အခံ အဖွဲ့အစည်းဖြစ်တယ်။ အဆမတန် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့ စစ်ပွဲကြီး ပြီးတဲ့နောက်ပိုင်း မှာတော့ ဟားမာ့စ်အဖွဲ့ဟာ အဲဒီအခန်းကဏ္ဍ  သုံးရပ်စလုံးကို ဆက်ပြီး မဆောင်ရွက် နိုင်တော့ပါဘူး။ အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းက တစ်ခုကိုတော့ မဖြစ်မနေ ရွေးချယ် ရပါလိမ့်မယ်။  

ပထမ လမ်းကြောင်းကတော့ စစ်ဘက်အပိုင်းကို အဓိကအာရုံစိုက်ပြီး ဆောင်ရွက်ရမယ့် လမ်းကြောင်း ဖြစ်တယ်။ ဟားမာ့စ်အဖွဲ့ဟာ  ဂါဇာကို အုပ်ချုပ်စီမံ နေတာကို ရုပ်သိမ်းပြီး ပြည်သူ့ အုပ်ချုပ်ရေး ကိစ္စအဝဝကို စီမံခန့်ခွဲ ဆောင်ရွက်ဖို့ ပညာရှင် အစုအဖွဲ့ တစ်ရပ်ကို ခန့်အပ်ရမယ်။ အဖွဲ့ကိုယ်တိုင်ကတော့ နောက်ကွယ်ကနေ လုပ်ပိုင်ခွင့် အာဏာကို ကြိုးကိုင်ပြီး သူ့တပ်အင်အားကို ပြန်လည်ထူထောင် ဖို့ကိုပဲ ဆောင်ရွက်ရမယ်။ လေ့လာသူ တချို့ကတော့ လက်ဘနွန်နိုင်ငံမှာ အင်အား အတောင့်တင်းဆုံး ဟစ်ဇ်ဘိုလာအဖွဲ့ကဆောင်ရွက်ခဲ့တာကို အကြောင်းပြုပြီး “ဟစ်ဇ်ဘိုလာ ပုံစံ Hizbullah Model” လို့ခေါ်ကြတယ်။ 

ဒီသဘောတရားကို ပြည်သူ့ရေးရာ စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့တဲ့ ဟားမာ့စ်က သဘောထား တင်းမာတဲ့ ခေါင်းဆောင်ပိုင်းကို လက်ခံအောင် စည်းရုံး ဆွဲဆောင် ရပါလိမ့်မယ်။ စစ်ပွဲမတိုင် ခင်တုန်းက ဂါဇာမှာရှိတဲ့ ကျောင်းသားကျောင်းသူ တစ်ဝက် လောက်ဟာ ကုလသမဂ္ဂက ဦးစီး ဖွင့်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်ပြီး ပညာဆည်းပူးခွင့် ရခဲ့ကြတယ်။ ထောက်ပံ့ ကူညီရေးအုပ်စုတွေက စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ကူညီ ပေးခဲ့ တဲ့အပြင် အခြေခံ ဝန်ဆောင်မှု အဝဝကို ဖြည့်ဆည်း ပေးခဲ့တယ်။ ဟားမာ့စ်ရဲ့ စစ်ဘက် ခေါင်းဆောင် တွေဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို တစ်မျိုးမျိုးနဲ့ လုပ်ကိုင် နေရတာကိုတော့ လိုလား နှစ်သိမ့် ကြပါလိမ့်မယ်။ သို့တိုင်အောင် ကမ္ဘာ့နိုင်ငံ အများစုကတော့ ဒီလို လုပ်ငန်း ကျွမ်းကျင်တဲ့ သူတွေနဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်တဲ့ အစိုးရပုံစံမျိုးဟာ ဟားမာ့စ်ရဲ့ လုပ်ဆောင်နေဆဲ ထိန်းချုပ် ကွပ်ကဲမှုရဲ့ အပြင်ပန်း သဏ္ဍန်ပဲ ဖြစ်လိမ့်မယ်လို့ ရှုမြင် ကြလိမ့်မယ်။ ထောက်ပံ့ကူညီပေးတဲ့ ဒါနရှင်တွေကလည်း ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ဖြည့်ဆည်းပေးဖို့ အင်တင်တင် ဖြစ်နေ ကြလိမ့်မယ်။ 

ဟားမာ့စ်အဖွဲ့ဟာ အရင်တုန်းက အင်အားမျိုးကိုတော့ မြန်မြန်ဆန်ဆန် ပြန်ရလိမ့်မှာ မဟုတ်ဘူး။ အမေရိကန် ထောက်လှမ်းရေးတွေကတော့ ဟားမာ့စ်အဖွဲ့ဟာ စစ်ပွဲတုန်းက ကျဆုံးခဲ့ရတဲ့ တိုက်ပွဲဝင် စစ်သည် အရေအတွက် လောက်များတဲ့ တပ်ဖွဲ့ဝင်သစ်တွေကို စုဆောင်းထား နိုင်ခဲ့ပြီ ဖြစ်တယ်။ ဒါပေမဲ့ သူ့တို့အဖွဲ့ကို နောက်ဆုံးဝင်လာတဲ့ အမာခံ အဖွဲ့ဝင် ကေဒါတွေဟာ ငယ်ရွယ်ပြီး လေ့ကျင့်မှု သိပ်မရှိ သေးတဲ့ လူငယ် တွေဖြစ်တယ် လို့ယုံကြည် ကြတယ်။ အဖွဲ့ပိုင်တဲ့ ဒုံးကျည် အတော်များများ ကလည်း ပျက်စီးဆုံးရှုံး ကုန်ပြီဖြစ်တယ်။ လက်နက် ခဲယမ်း မီးကျောက်တွေ ကို ပြန်ပြီးဖြည့်ဆည်းဖို့ဆိုတာ နှစ် အတန်ကြာ ဦးမှာဖြစ်တယ်။ ဂါဇာ စီးပွားရေး ကလည်း ပြိုကျပျက်စီး နေပြီဖြစ်တာမို့ ဟားမာ့စ်အဖွဲ့ဟာ တချိန်က အဖွဲ့ဝင်ငွေရဲ့သုံးပုံတစ်ပုံလောက်ဖြည့်ဆည်းပေးခဲ့တဲ့ စီးပွားရေး လုပ်ငန်း အခွန်ဝင်ငွေပေါ် မှာလည်း ဆက်ပြီးတော့ မှီခိုအား မထားနိုင် တော့ဘူး။ 

ပါလက်စတိုင်း လူမျိုးတွေဟာ ဒီလို အလားအလာ ကောင်းတွေ အတိတ်နိမိတ်တွေကို အရင်တုန်းကလည်း ကြားဖူးခဲ့ ပြီးသားပါ။ ဟားမာ့စ်နဲ့ဖာတာ အဖွဲ့တို့ဟာ ဒီလို အချည်းအနှီး ဖြစ်ခဲ့ရတဲ့ ပြန်ပေါင်းထုပ်ရေး သဘောတူညီမှူတွေကို လက်မှတ်ထိုးပြီး နှစ်ပေါင်း နှစ်ဆယ် လောက်နေခဲ့ ကြပြီးသားဖြစ်တယ်။

ဒုတိယရွေးချယ်စရာလမ်းကတော့ ရှေ့ကလို နဂိုရှိရင်းစွဲ အခြေအနေ အတိုင်း ပြန်နေဖို့ပဲ ဖြစ်ပါတယ်။ ဟားမာ့စ်အဖွဲ့ဟာ အစ္စရေးကို တိုက်ခိုက် နေမယ့်အစား  သူတို့ရဲ့ ဂါဇာဒေသ ထိန်းချုပ်ထား နိုင်မှုကို ပိုပြီးတော့ ခိုင်မာ တောင့်တင်းအောင် အဓိက အလေးထား အာရုံစိုက်ပြီး ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အကြမ်းဖက် တိုက်ခိုက်တာတွေကို အပြီးအပိုင် စွန့်လွှတ် ပါ့မယ် လို့ကမ်းလှမ်းပြီး နိုင်ငံတကာရဲ့ ကျဉ်ထားတာကို ပယ်ဖျက်ဖို့ ကြိုးပမ်း ရပါလိမ့်မယ်။ ဟားမာ့စ်ရဲ့  နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ဝင်ဖြစ်တဲ့  ခါလီအယ်လ်ဟေးယား (Khalil-al- Hayya)က ဟားမာ့စ်အဖွဲ့ဟာ အစ္စရေးနဲ့ ငါးနှစ်တာ အပစ်အခတ် ရပ်စဲဖို့ လမ်းဖွင့်ထားပါတယ်လို့ ပြောကြားခဲ့တယ်။ 

ဒါပေမဲ့ တကယ်လို့ ဟားမာ့စ် စစ်ဘက်ရေးရာ အဖွဲ့ခွဲက ကတိအတိုင်း ဆောင်ရွက်ဖို့ စိတ်ချ ယုံကြည် ရသည့်တိုင်အောင်ပင်  အစ္စရေးကတော့ ဒီလို ကတိကဝတ် မျိုးကို သံသယရှိရှိနဲ့ နားလည် သဘော ပေါက်ထား ပါလိမ့်မယ်။ အပစ်အခတ် ရပ်စဲတာမျိုး ရှိရှိမရှိရှိ ဟားမာ့စ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ  အလားအလာကောင်းတဲ့ အလှူရှင်အတော် များများကို ခြောက်လှန့် ထုတ်ပါလိမ့်မယ်။ ဟားမာ့စ်တို့ ကတော့ ဂါဇာကို စစ်ပွဲထဲ ဆွဲသွင်းတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသအမျက် ခြောင်းခြာင်း ထွက်နေတဲ့ သူ့ဒေသက ပြည်သူတွေရဲ့ ကြံရာမရ စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ အခြေအနေ တွေနဲ့ပဲ နပန်းလုံးရင်း ကျန်ခဲ့ရတယ်။ ဒီလို အခြေအနေမှာ သူတို့ဟာ အကြောက်တရားနဲ့ ပဲ စိုးမိုးအုပ်ချုပ်ဖို့ ကြိုးပမ်း ကြပါလိမ့်မယ်။ အခုဆိုရင် သူတို့ရဲ့ရန်သူတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျုံးဝင်စေမယ့် “ကြံရာပါ” (collaborators) ဆိုတဲ့အသုံးကို သုံးပြီး စွပ်စွဲခံရတဲ့သူ အတော် များများကို သုတ်သင်သတ်ဖြတ်ခဲ့ ပြီးပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ စိုးမိုး အုပ်ချုပ်မှုကို အမြဲတမ်း စိန်ခေါ်မှုတွေ ကိုတော့ ရင်ဆိုင် ကြုံတွေ့ ရပါလိမ့်မယ်။ 

တတိယမြောက် ရွေးချယ်စရာလမ်း ကတော့  လက်တွေ့အကျိုးစီးပွား အကျဆုံးပဲ ဖြစ်ပါတယ်။ ဟားမာ့စ်တို့ဟာ ၂ဝဝ၇ ခုနှစ် အာဏာသိမ်းမှု နဲ့ဂါဇာကနေ ဖယ်ရှားခဲ့တဲ့ ဖာတာအဖွဲ့နဲ့ ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်း ဆောင်ရွက် ရလိမ့်မယ်။ သူတို့တွေဟာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသနဲ့ဂါဇာကို စည်းလုံး ညီညွတ်တဲ့ အစိုးရတစ်ရပ် ရဲ့အောက်မှာ ပေါင်းစည်း စေနိုင်ဖို့ ကြိုးပမ်း ရလိမ့်မယ်။ ဒီသဘောတရား အယူအဆ ဟာ ပါလက်စတိုင်းသား အတော်များများရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိပြီးသား ဖြစ်တယ်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ထိန်းချုပ် ကွပ်ကဲမှုအတူ အာရပ်နဲ့ အနောက်အုပ်စုက လှူဒါန်းကူညီ ပေးမယ့်သူတွေဟာ ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးဆန္ဒရှိလာမှာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ အထိတောင် မျှော်လင့်ချက် ရှိလာမှာ ဖြစ်တယ်။ (သို့ပေမဲ့ လက်ရှိ အစ္စရေး အစိုးရအဖွဲ့ နဲ့တော့ မဟုတ်ပါဘူး)။ 

ပါလက်စတိုင်း လူမျိုးတွေဟာ ဒီလို အလားအလာ ကောင်းတွေ အတိတ်နိမိတ်တွေကို အရင်တုန်းကလည်း ကြားဖူးခဲ့ ပြီးသားပါ။ ဟားမာ့စ်နဲ့ဖာတာ အဖွဲ့တို့ဟာ ဒီလို အချည်းအနှီး ဖြစ်ခဲ့ရတဲ့ ပြန်ပေါင်းထုပ်ရေး သဘောတူညီမှူတွေကို လက်မှတ်ထိုးပြီး နှစ်ပေါင်း နှစ်ဆယ် လောက်နေခဲ့ ကြပြီးသားဖြစ်တယ်။ ပါလက်စတိုင်း သမ္မတ နဲ့ ဖာတာအဖွဲ့ရဲ့ ခေါင်းဆောင် မတ်မွတ် အက်ဘ်ဘတ်စ်က ဟားမာ့စ်တို့ကို စိတ်ချ ယုံကြည်မှုမရှိပါဘူး။ (ဒီခံစားမှုမျိုး ကတော့ အပြန်အလှန် ရှိကြတာပါပဲ) သဘောတူညီချက်ကို ခိုင်မြဲစေဖို့ဆိုရင်   ဟားမာ့စ်တို့ သူတို့ လက်နက်တွေကို စွန့်လွှတ်ကြရမယ်။ အဲဒီအချက်က ဟားမာ့စ်အဖွဲ့ ရပ်တည်နိုင်ရေး အရေးပါဆုံး အချက်ကို ပိတ်ပင်ထားလိုက်သလို ဖြစ်သွား ပါလိမ့်မယ်။ ဒီအဖွဲ့ခေါင်းဆောင်တွေက တခြား လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့တွေ ပေါ်လာပြီး သူတို့ကို ပျော့ပျောင်း လွန်းတယ်လို့ စွပ်စွဲမှာကို စိုးရိမ် ပူပန် ကြတယ်။ တချိန်တုန်းက ဟားမာ့စ်က ဖာတာအဖွဲ့ကို အဲဒီလို စွပ်စွဲခဲ့ ကြတာပဲလေ။ 

အရှေ့အလယ်ပိုင်း ဒေသမှာ တခြားအဖွဲ့တွေ ဟာလည်း အဲဒီလို ဘေးကျပ်နံကျပ် အခြေအနေ မျိုးတွေနဲ့ နပန်းလုံး နေကြရတယ်။ ဟစ်ဇ်ဘိုလာ အဖွဲ့ဟာလည်း အလားတူ ရွေးချယ်ရမယ့် အခြေအနေ မျိုးဆိုက်နေတယ်။ အာဆတ်ခေတ်လွန် ဆီရီးယားနိုင်ငံမှာ ဟာယက် ထာရီယာ အယ်လ်ရှမ်း (HTS – Hayat Tahrir Al-Sham) ဆိုရင် တော်လှန်ရေး သမား ဘဝကနေ အုပ်ချုပ်သူ ဖြစ်လာအောင် အသွင်ကူးပြောင်း  မှုတွေ ဆောင်ရွက်ပြီး ကြိုးပမ်းနေရတယ်။ HTS ကို အဓိက ထောက်ခံ အားပေးခဲ့တဲ့ တူရကီနိုင်ငံက ဟားမာ့စ်တို့ကို အလားတူ လမ်းကြောင်း လိုက်ရေး တွန်းအားပေးဖို့ ကြိုးပမ်းဖွယ်ရှိတယ်။ 

ဒါပေမဲ့ ဟားမာ့စ်ရဲ့  နိုင်ငံခြားကနေ ကမကထ လုပ်ပေး နေသူ တွေကလည်း ကွဲပြား နေကြတယ်။ အီရန်နိုင်ငံက သူထောက်ခံ အားပေးထားတဲ့ အဖွဲ့ကို အခုအတိုင်းပဲ ဆက်ပြီးတော့ ရပ်တည် နေစေချင်တယ်။ (ဒါပေမဲ့ ကြိုတင်သတိပေးတာမျိုးမရှိဘဲ စစ်ပွဲဆင်နွှဲတာကို တော့ ကျွဲမြီးတိုတယ်။) ကာတာကတော့ ဒီအဖွဲ့ကို နိုင်ငံရေးဘက်ကိုပဲ အာရုံစိုက်တာ ပိုပြီးတော့ နှစ်သက် လိုလားတယ်။ တခြား ပင်လယ်ကွေ့ နိုင်ငံတွေကတော့ ရှင်းရှင်းပဲ ဒီအဖွဲ့ကို အင်အားချည့်နဲ့ သွားစေချင်တယ်။ ဟားမာ့စ် တွေကတော့ သူတို့ရဲ့ ပျက်စီးသွားတဲ့ အောင်းခိုရာနေရာကလေး ပျက်စီးပြုန်းတီး သွားတာကို ပြန်လည်ထူထောင်ဖို့ တစ်ဦးတစ်ယောက်တော့ လိုအပ်တယ်။ ဒီလို ဆောင်ရွက်ပေးတဲ့သူဟာ နောင်အနာဂတ် ကာလမှာ သူတို့ အဖွဲ့အပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးမှု ရပါလိမ့်မယ်။ “စစ် အတွင်းမှာ တခြားရွေးချယ်စရာလမ်းတစ်ခု ဖန်တီးဖို့ အခွင့်အလမ်းကြီး တစ်ရပ် ကျွန်တော်တို့ ဆုံးရှုံး ခဲ့ရတယ်”  လို့ အပစ်အခတ် ရပ်စဲရေး စေ့စပ်ဆွေးနွေး ရာမှာ ပါဝင်ခဲ့တဲ့ အစ္စရေး အရာရှိတစ်ဦးက ဆိုတယ်။ “ဒါပေမဲ့ ဟားမာ့စ်တို့က ပ ထုတ်လိုက်တဲ့ ဖွဲ့စည်းမှု အဆောက်အဦသစ် ကို သြဇာလွှမ်းမိုးဖို့ ဂါဇာ ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲမှာ အခွင့်အလမ်း တစ်ရပ်ကတော့ဖြင့် အခုချိန်ထိ ရှိနေပါသေးတယ် ” လို့ အဲဒီ အစ္စရေး အရာရှိက ပြောကြားခဲ့တယ်။ 

Ref; The Economist, February 1 st, 2025. P.38. 

Click to rate this post!
[Total: 0 Average: 0]