ကျွန်တော်တို့ ငယ်ငယ်တုန်းကကြားဖူးတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်။ “မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့လူဆိုးတွေနဲ့မောင်တိုင်ပင်” တဲ့။ ဒီသီချင်းမူရင်းဘယ်သူဆိုတယ်ဆိုတာမသိရပေမယ်လို့ အတော် များများသီဆိုခဲ့ ကြတာတော့သေချာတယ်။ တစ်နည်းအားဖြင့် ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ သီချင်း ဆိုလည်းမမှားလောက်ဖူး။ သီချင်းက သံစဉ်လေးကလည်းသွက် စာသားလေး ကလည်း ချစ်တတ်တဲ့ သူတွေကို ဆွဲဆောင်နိုင်တာဆိုတော့ လူတိုင်းပါးစပ်ဖျားမှာလိုလို သီချင်း တစ်ပုဒ်လုံး မဟုတ်ရင်တောင် စောစောက စာသားလေးကိုအလွတ်ရကြတာ မဟုတ်လား။
နောက်ဆို မြန်မာစကားဆိုတာ စာရွက်ဟောင်းတွေ ထဲမှာ ပျောက်ဆုံးနေတဲ့ ပြတိုက်တစ်ခုလောက်ပဲ အသုံးဝင်တော့မလားဆိုတာ
“မမလေးကိုနော်ရှင်၊ မောင်မောင်ကခိုးမယ်လို့၊ လူဆိုးတွေနှင့်မောင်တိုင်ပင် ၊ အရှေ့ဆို ညောင်ပင်ရင်းမှာ၊ မြင်းကို စီးပြင်၊ လထွက်လေးကိုတဲ့မြင်းပေါ်တင်၊ လဝင်ယင် မန်းတောင် ရောက်အောင် မြင်းငေါက်ပါ့ကွယ်။” ဆိုတဲ့ သီချင်းကို ဖတ်မိတော့မှ အော်, ဒီလိုပါလားလို့ သိရတယ်။ သီချင်းမှာ နော်ရှင် နဲ့ နော်ဗျာ ကွဲပြီး လူဆိုးတွေနဲ့ မောင်တိုင်ပင် အထိပဲယူထားတာကိုတွေ့ရတယ် ။ ဒီသီချင်းက မြန်မာတိုင်း သတင်းစာဆရာကြီး ဦးအောင်ကြီး တိုက်က ၁၂၅၁ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေတဲ့ မန္တလေးမြို့တော်တွင် ခုပေါ်သည့် သီချင်းအသစ် အဆန်း ဆိုတဲ့ စာအုပ်မှာ ပါတာ။ ခေါင်းစဉ် တပ်ထားတာက ရှေးဘုံကြီးသံ လို့ တပ်ထားတယ်။ ဒါမျိုးနောက် တစ်ပုဒ်ကတော့ မင်းတုန်းမင်း တရားကြီးရဲ့ ညီတော် အိမ်ရှေ့ မင်းသားကြီးရဲ့ သားတော် ထိပ်တင်မြတ် စီရင်ရေးသားပြီး ၁၂၅၈ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ ကုန်းဘောင် သာရ ဒီပနီကျမ်းမှာ “ အမလေးဆို ရန်ပြိုတဲ့ ရွှေဘိုမြို့မှာ မိုးခိုစို့လေး၊ ပျိုလေးကို ခိုးမယ်လို့ လူဆိုးနှင့် မောင်တိုင်ပင် လထွက်ရယ်တဲ့ မြင်းပေါ်တင်၊ လဝင်ယင် ရွှေဘို ရောက်အောင် မြင်းငေါက် ပါ့လေး“ ဆိုတဲ့သီချင်းက သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ကို ခုခံ တိုက်ခိုက်ရန် ပေါ်လာတဲ့ တဘောင် သီချင်းတဲ့။ ဆိုတော့မမလေးကိုပဲဖြစ်ဖြစ် ပျိုလေးကိုပဲဖြစ်ဖြစ် လူဆိုး တွေနဲ့ မောင်တိုင်ပင်ခဲ့တာက ကုန်းဘောင်ခေတ် ကတည်းကပင်။ သို့ပါသော်လည်းကျွန်တော်တို့က ကုန်း ဘောင်ခေတ်အပြင် ကိုလိုနီခေတ် လွတ်လပ်ရေးခေတ် ပြီးတော့မှ ဒီသီချင်းကိုကြားဖူးခဲ့တာ မဟုတ်လား။ ကြားဖူးတာတောင်မှ လူဆိုးတွေနဲ့ မောင်တိုင်ပင် အထိသာလျှင်။ ကျန်တဲ့စာသားများကို အခုမှသိရခြင်းသာ။ အဲ့ဒီတော့မှ သြော် ဒီသီချင်းက ဒါကြောင့် ဆိုခဲ့ကြတာ ပါလားဆိုတာကို သိရတယ်။ ဒီအကြောင်းအရာထဲက ဒီစာသားလေး ကိုသာ ဖြတ်ယူထားခဲ့ကြပါလား ဆိုတာသိရတယ်။ ပထမသိခဲ့တဲ့ မိန်းမခိုးယူဖို့ ဆိုတာထက် အများကြီးလေးနက်တဲ့အကြောင်းအရာတစ်ခုဖြစ် ကြောင်း သိခဲ့ရတယ်။

ဒါ့အပြင် ကျွန်တော်တို့ မူလတန်းတုန်းက အော်ဆိုခဲ့ဖူးခဲ့တဲ့ “တောင်တောရယ်သာ မာလာကငုံဖူး၊ တစ်ပင် ကိုနှစ်ပင် ယှက်တယ်၊ ကျေးငှက်ကမြူး “ အချိုးကဗျာလေးက တောသဘာဝကိုဖွဲ့ဆိုခဲ့တာလို့ အောက်မေ့ခဲ့တာ။ ဘယ်ဟုတ်မတုန်း အဲဒီတုန်းကဆရာတော်တစ်ပါးဖြစ်တဲ့ တောင်တော သာသနာပိုင် ဆရာတော်နဲ့ သက်ဆိုင်တဲ့ တဘောင် ဖြစ်နေသတဲ့ ။ နောက်တစ်ခုက အဲ့ဒီလို တဘောင်ပဲ “ ဟိုတောင်သည်တောင်မှာ မိုးဆိုတင့်လေး၊ မိုးစိုယင် နှစ်ကိုယ် စွတ်ရချည့်ရဲ့၊ မောင်မောင်ဝတ်လိုက်ပါတဲ့ လှိုင်းလိုက်ပုံရယ်၊ သိမ်းခြုံမှအေး။“ မိုးတားဆရာတော်နဲ့ တောင်ခွင်ဆရာတို့ တဘောင်လည်း ရှိသေးတယ်လို့ ဆိုတယ်။ နောက်ပြီး “ ရွှေပဟိုစည်သံများ ။ မကြားရကြာချေပြီ ။ လေးလရာသီ ။ တိုင်းဌာနီမဟုတ်ကယ်ပါပြီမို့ ၊ ကြက်သံကို ပဟိုရ်ပြုရတယ် ၊ တောသူရွာမို့ ဆိုတဲ့သီချင်း “ စံပယ်တဲ့ လေးရုံ ၊ မကြီးကွယ်မပန်ထိုက်တယ် ၊ ပန်းပြတ် ခိုက်ကြုံ ၊ အပွင့်ရယ်ကုန် အငုံကျန်ပါသေးရဲ့ ၊ ပန်ချင်သူ တို့မလေးရယ် ၊ ခေါင်းဘီးခဲ့လေး။ “ ဆိုတဲ့ သီချင်းတွေက တစုံတစ်ခု အဓိပ္ပါယ်ရည်ညွှန်းတဲ့ တဘောင်သီချင်းလို့ ထင်ခဲ့မိတယ်။ ဒုတိယသီချင်းဆို အတော် ငြင်းခုံခဲ့ကြတာကိုမှတ်မိနေတယ်။ ကြားဖူးတာက တစ်ခုက အပွင့်ရယ်ကုန် အငုံကျန်ပါသေးရဲ့ ဆိုတဲ့နေရာမှာ အပွင့်ရယ်ကုန် တစ်ငုံ တော့ကျန်ပါသေး လို့အော်ဆိုခဲ့ဖူးတာ။ အငုံနေရာမှာ တစ်ငုံ ဖြစ်သွားတော့ ဘုရားငါးဆူ ပွင့်မှာကို ရည်စူးပြီးရေးတာလို့ အနက်ဖွင့်ကြတဲ့သူတွေ အများသား။ အခုကျမှ မန္တလေးက အရိုးအိုး မောင်မောင်ဆင် ရေးသားခဲ့တဲ့ သီချင်းတွေတဲ့။ ၁၂၅၂ ခုနှစ် ရန်ကုန်ဥက္ကလာပတိုက် က “တေးမဟာ တော်ဝင်အဆန်း “ နာမည်နဲ့ပုံနှိပ်ထုတ်ဝေခဲ့တယ်။
ဒီလိုတဘောင်လို့ထင်တဲ့ တေးကဗျာသီချင်းတွေက ရိုးရိုးဆိုခဲ့ကြတဲ့သီချင်းတွေဖြစ်။ ရိုးရိုး အော်ဟစ် သီဆိုခဲ့ကြတဲ့သီချင်းတွေက တဘောင်သီချင်းတွေဖြစ်လို့။ အချိန်ကာလ ရွေ့လျားခြင်းရဲ့ အောက်မှာ ကပြောင်း ကပြန်တွေဖြစ် နေကြတာများ ဆိုပါရဲ့။ စဉ်းစားဖို့ ကောင်းတာက ဘာဖြစ်လို့ ဒီလိုတွေဖြစ်ကုန်တာလဲ ဆိုတာပါပဲ။ မြစ်ကြောင်းတစ်ခုတောင် အချိန်ကာလကြာမြင့်မှုအောက်မှာ ပြောင်းလဲရတာ မဟုတ်လား ။ ဒီလိုသက်မဲ့တွေတောင်ပြောင်းလဲနေမှတော့ သက်ရှိတွေလည်း ဘယ်နေလိမ့်မလည်း လို့ ဆင်ခြေတက်စရာ ရှိပါတယ်။ ဒါလည်းမှန်တာပါပဲ။ သို့ပေမယ့် ဒီလိုသက်ရှိတွေရဲ့ ဖန်တီးမှု၊ လုပ်ဆောင်မှုတွေက ထိန်းနေရင်း ရွေ့လျောလာတာလား။ မထိန်းသိမ်းလို့ ရွေ့လျောကုန်တာလားဆိုတာကိုတော့ ကောက်ချက် ဆွဲစရာရှိနေပါတယ်။ ခဏခဏအသုံးပြုခဲ့ရတဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စကားရှိပါတယ်။ သမိုင်းသင်တာ မအ အောင်တဲ့။ ဆိုတော့ သမိုင်း မသိတဲ့ သူတွေဟာ ငအ တွေချည်းပဲလို့ ပြောတာနဲ့အတူတူပါပဲ ။ အခုလည်း ဒီသီချင်းတွေရဲ့ သမိုင်း ဖြစ်ပေါ်လာပုံကို မသိတဲ့အခါကျတော့ အင်္ဂလိပ်ကို တော်လှန်မယ့်တဘောင်သီချင်းက မိန်းမ ခိုးမယ့် သီချင်းဖြစ်လိုဖြစ်။ ဆရာတော်တွေရဲ့ ဂုဏ်ကျေးဇူး ကြောင့် လောကသာယာပုံသီချင်းကပဲ သူ့ဘာသာ တောတောင်သာယာနေပုံဖြစ်လိုဖြစ်။ ကြာတော့ အော်ကောင်းလို့ ဆိုကောင်းလို့ သီချင်းဖြစ်လာတဲ့ ပုံလိုလို။
“ရွှေလမှာယုန်ဝပ်လို့၊ ဆန်ဖွပ်တဲ့ဖိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို ပိုမိုတဲ့စကား၊ ကလေးကို အငို တိတ်အောင်၊ အရိပ်အယောင်ပြရတယ်၊ ဖိုးလနတ်သား။“ ဆိုတဲ့သားချော့လေးကို မိဘဖြစ်သူတိုင်း လိုလို မိမိကလေးကို ချော့ဖူး ကြပေလိမ့်မယ်။ ရွှေလမှာ ယုန်ရှိတာမရှိတာ အသာထားလို့ ငိုနေတဲ့ ကလေး တိတ်အောင်ချော့ခဲ့ကြတာ ။ အံမယ် ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါလို့က ပါသေးတယ် မဟုတ်လား။ ဘုရားလောင်း ယုန်မင်းဘဝက မိမိကိုယ်ကို စတေးပြီး မိမိအသားကို လှူခဲ့တဲ့အတွက် လမင်း မှာ ယုန်ရုပ်ပေါ်ခဲ့တာလို့ ဆိုခဲ့ကြတယ်။ ဒါကြောင့်ပဲ သီချင်း လုပ်ဆိုခဲ့ကြတာလား မသေချာ ပေမယ့်လို့ ခေတ်အဆက်ဆက် မသိခဲ့ကြတာတော့ သေချာတယ်။ ဘယ်သူ့သီချင်းလည်း။ မူပိုင်ခွင့်သာ ရှိမယ် ဆိုရင် ဒီသီချင်းတစ်ပုဒ်တည်းနဲ့ ကမ္ဘာကျော်သူဌေးဖြစ် လောက်အောင် ဆိုခဲ့ကြတာ မဟုတ်လား။“ ရွှေလမှာ ယုန်ဖိုဝပ်လို့၊ ဆန်ဖွပ်ပါတဲ့အဖိုးအို၊ ကလေးကိုအငိုတိတ်အောင်၊ အရိပ်တွင် အယောင်ပြတယ်၊ ဖိုးလ နတ်သား“ ဒါက၁၂၅၁ခုနှစ် သံတော်ဆင့်တိုက်ကပုံနှိပ်တဲ့ ထိပ်စုဖုရားလေး ဧချင်းစာအုပ်ထဲမှာ သီပေါမင်း လက်ထက်ကဆရာဦးသာဇံရဲ့သီချင်း ။ ကျွန်တော်တို့ ကြားဖူးတာနဲ့ နည်းနည်းတော့ကွာတာကလည်း ခေတ်ကာလ ရွေ့လျောမှုကြောင့်ပဲ ဖြစ်မယ်လို့ ယူဆတယ်။ အခုဆိုကြတာက ယုန်ဝပ်လို့နဲ့ အရင်ကယုန်ဖိုဝပ်လို့။ အရိပ်အယောင်ပြတယ်နဲ့ အရိပ်တွင် အယောင်ပြတယ် ဆိုတာတွေပေါ့။ အဓိပ္ပာယ်အားဖြင့် ကွာတော့ ကွာသွားပေမယ့်လို့ ဒီလိုပဲ စကားလုံးရွေ့လျောမှုဆိုတာ သဘာဝတစ်ခုပဲမဟုတ်လား။ နောက်ကြားဖူးတဲ့ သီချင်းလေး ရှိသေးတယ်။။“ပျိုလေးတို့အိမ်ဦးမှာဆပ်သွားဖူးရယ်တဲ့တရုံနှစ်ရုံ၊ ကျေးတွေကအုံ။ မအုံစေနှင့် မမလေးရယ်၊ ခင်တို့မောင်ရှင်လိင်ပြန်တော့ နားပန်ဖို့လေး“ ဒီသီချင်းလေးက သီပေါမင်းလက်ထက်က မင်းသမီးကိုင် ဦးသာဇံနဲ့ မင်းသားကိုင် ဦးသာပြော ( ဗြော ) တို့ မင်းသမီးမင်းသားနှစ်ပါးသွားမှာ အချီအချ ဆိုသွားတဲ့သီချင်း။ ဆိုတော့ တချို့စကားလေးတွေက စကားလုံးတို့ရဲ့သဘာဝအရ ပြောင်းလဲတာတွေ ရှိတယ် ဆိုတာတွေ့ရတယ်။ ဒါကလည်းအံ့ဩဖို့ကောင်းတာလေးတစ်ခုက ဒီလိုစကားလုံး ပြောင်းလဲမှု ဆိုတာက ကျွန်တော်တို့မြန်မာစာမှာရှိတဲ့ ဝဂ်တွေမှာ အဖိုအက္ခရာလို့ဆိုတဲ့ တစ်သုံးငါးက အက္ခရာတွေဆီကို အမစကားလုံး တွေသာ ပြောင်းလဲတာကိုတွေ့ရတယ် ။ ရေးတော့ အမှန် ထွက်တော့အသံ ဆိုတာလည်း ဒါပဲ။ ချောင်ထဲမှာကို ဂျောင်ထဲမှာလို့ ။ ကဝဂ်ဖြစ်တဲ့ ကခဂဃင ဆိုတဲ့စကားလုံးတွေထဲက ဒုတိယ မြောက် ခခွေးစကားလုံးဟာအမ စကားလုံး ဖြစ်တာမို့လို့ အဖိုသံဖြစ်တဲ့ ဂ သံဆီကိုသာ ပြောင်းလဲတဲ့ သဘော။ နောက်ထပ် ရေးထုံးများအရ ပြောင်း လဲတာလည်း ရှိသေးတယ်။ ပြောရင်းနဲ့အသံတွေ ရွေ့လျောလာတာမျိုးလည်း ရှိသေးတယ်။ ဒီခေတ်မှာဆိုရင်တော့ ကွီး ဆိုတဲ့စကားလုံးကို ပြရမယ်နဲ့ တူတယ် ။ အစ်ကိုကြီး ကနေ အကိုကြီး ။ အကိုကြီး ကနေ ကိုကြီး။ ကိုကြီး ကနေ ရရစ်နဲ့ တစ်ချောင်းငင် ကျပြီး လုံးကြီးတင်က ဝဆွဲဖြစ်ကာ ကွီး ဖြစ်တယ်လို့ ဆိုနိုင်တယ်။
တစ်ခုရှိတာကတော့ ခေတ်အဆက်ဆက် ရေးသားခဲ့ကြတဲ့ မိခင်ဘာသာစကားအပေါ်မှာ တန်ဖိုးထားမှု နည်းခဲ့မယ်ဆိုရင်တော့ အခုဒီအထဲမှာ သိသလောက်လေးပြခဲ့တဲ့သီချင်းတွေလိုပဲ အချက်မသိတော့ သမက်ကို သူခိုးထင်နေသလို ဖြစ်နေဦးမှာတော့ သေချာတယ် ။ နောက်ထပ် အကြီးမားဆုံး အန္တရာယ်ကတော့ ကိုယ့်ဘာသာစကားရဲ့ အနှစ်သာရကွယ်ပျောက်သွား မှာပဲ ဖြစ်တယ် ။ ဒီအတိုင်းသာ ဆက်သွားရင်နောက်ဆို မြန်မာစကားဆိုတာ စာရွက်ဟောင်းတွေ ထဲမှာ ပျောက်ဆုံးနေတဲ့ ပြတိုက်တစ်ခုလောက်ပဲ အသုံးဝင်တော့မလားဆိုတာ စဉ်းစားကြည့်သင့် ပြီထင်ပါတယ်။ ကိုယ့်ဘိုးဘွား ဘီဘင်တွေရဲ့ အားထုတ်မှုတွေကို ပစ်ပယ် သင့်ပါသလားလို့လဲ တစ်ဆက်တည်း မေးခွန်း ထုတ်စေ ချင်ပါတယ်။ ဈေးသုံးလွယ်မယ် ဆိုရင်တော့ ဘယ်တော့မှကြီးပွား တိုးတက်မှာ မဟုတ်ပါဘူး။ အဲရှေးထုံး ပယ်ရင်တော့ ဒီထက်အပုံကြီးဆိုးပါလိမ့်မယ်လို့။
The Corner ၏ မှတ်ချက် – အထက်ဖော်ပြပါ အဟောင်းပြတိုက် ဆောင်းပါး သတ်ပုံများမှာ မူရင်းစာရေးဆရာ ပေးပို့သည့်အတိုင်း တင်ပြထားခြင်းဖြစ်ပါသည်။


