The Corner

The Corner

cropped-Logo_round_grey-background.png

ငါပဲ ဘာကြောင့် ဒီလို အမြဲဖြစ်ရသလဲ – နောင်နောင်စိုးသိမ်း

Share မယ်

ဒါကတော့ ကောင်းတဲ့အရာတွေဟာ တခြားလူတွေ အပေါ်မှာပဲ ကွက်ကျားမိုး ရွာနေပါလားဆိုပြီး အဆိုးမြင်ဝါဒီတွေက ရင်နင့်စွာနဲ့ လျှောက်လဲကြတဲ့ လှုံ့ဆော်သံ ဖြစ်တယ်။ ကံကောင်းတာက စိတ်ပညာရှင် ပေါလ်ဗတ်ဇလာဗစ်ခ် ပြောတဲ့ အတိုင်း အခြေအနေဟာ မျှော်လင့်ချက်မရှိပေမဲ့ စိုးရိမ်စရာ မရှိပါ။ တကယ်တော့ ခင်ဗျားကို ကမ္ဘာကြီးက မဆန့်ကျင် ပါဘူး။ ခင်ဗျားကပဲ အဲဒီလို မြင်နေ ခံစားနေတာပါ။ ဒါပေမဲ့ အမြင်ပြောင်းရုံနဲ့ ခံစားချက်ပြောင်းသွားဖို့ကျတော့လည်း ဘယ်လွယ်ပါ့မလဲ။

အဆိုးမြင်ဝါဒ ဆိုတာ ဘာလဲ

အဆိုးမြင်ဝါဒ ဆိုတာ ကမ္ဘာကြီးထဲက မျှော်လင့်ချက်‌တွေ၊ လှပဝေဆာမှုတွေ၊ ဘဝတွေကို ဆုတ်ယုတ်ကုန်ခမ်းစေတဲ့ ရှုမြင်ချက် ဒါမှမဟုတ် ရပ်တည်ချက်ပဲ ဖြစ်တယ်။ စိတ်ပညာဝေါဟာရ အနေနဲ့ ပြောရရင် အဆိုးမြင်ဝါဒဆိုတာ စိတ်ပျက်စရာ ယုံကြည်မှုတွေကနေ သန္ဓေတည်လာတဲ့ အပျက်သဘောဆောင်တဲ့ အတွေးအမျိုးအစား ဖြစ်တယ်။ ပထမတော့ “မကောင်းတာတွေက တစ်ချိန်လုံးဖြစ်နေတာပဲ” နဲ့ စတယ်။ အဲဒီနောက် “ဒါပေမဲ့ လူတကာထက်ကို ငါ့ဆီ မှာပဲ ပိုဖြစ်နေတယ်” ဆိုပြီး နောက်တစ်ဆင့်တိုးလာတယ်။ အဆုံးသတ်ကျတော့ “အားလုံးက ငါ့အမှားပဲ ဖြစ်မှာပါ” ဆိုတဲ့ စကားမျိုးနဲ့ ပိတ်လိုက်ကြရော။ အဆိုးမြင်ဝါဒီဟာ ကမ္ဘာကြီးထဲက အဖြစ်အပျက်ကလေးတစ်ခုကို သိမ်းကျုံးပြီး ယူတယ်။ “အမြဲတမ်းပါပဲ၊ တစ်သက်လုံးပါပဲ” ဆိုတဲ့ အတွေးကို ပြောင်းပစ်တယ်။ ပြီးရင် အဲဒါတွေကို “ငါက အသုံးမကျဘူး။ ကြိုးစားလည်း အကျိုးမရှိပါဘူး”လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတဲ့ သူ့ရဲ့ ပုံရိပ်ရှိရာ အိမ်အထိ သယ်သွားတယ်။

        မကောင်းတာတွေ ဖြစ်တဲ့အတွက် မပျော်ကြတာပါလို့ အဆိုးမြင်ဝါဒီတွေက ယုံကြည်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေက မကောင်းတဲ့အရာတွေ ဖြစ်လာဖို့ကို မျှော်လင့်နေတတ်ပါတယ်။ သူတို့ဆီမှာရှိတဲ့ မပျော်ရွှင်မှုရဲ့ တချို့တဝက်ဟာ အတိတ်ထက်စာရင် အနာဂါတ်အပေါ် သူတို့ရဲ့ ရှုမြင်ပုံနဲ့ ပတ်သက် ပါလိမ့်မယ်။ 

ကိုယ့်ကိုယ်ကိုယ် ကျောခိုင်းခြင်း

မျှော်လင့်ချက်ကင်းမဲ့မှုက အိမ်ပေါက်ဝ အထိ ရောက်လာတယ်။ ငါ့ကို ကောင်းကျိုး မပေးတာက ကမ္ဘာကြီး မဟုတ်ဘူး။ ငါကိုက အသုံးမကျတဲ့သူ၊ အကောင်းနဲ့ မတန်တဲ့သူပါ။ အဲဒီကနေပြီး ကောင်းတာတစ်ခုခု ဖြစ်လာ ရင်တောင် တစ်ခါလောက် ကြက်ကန်းဆန်အိုးတိုးသွားတာပဲ ဖြစ်မှာပါ ဆိုတဲ့အတွေး ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ဆစ်ဂမန်ဖရွိုက် က ပြောခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အတွေးကို သိစိတ်ကနေ တတ်နိုင်သလောက် ဖယ်ထုတ်ပစ်ရမယ်တဲ့။ အဲဒီအခါ အဆိုးမြင်ဝါဒီဟာ သူ့အတွေးတွေကို ကိုယ့်ကိုယ်ကိုယ်ကနေ ကမ္ဘာကြီးအပေါ် အပြစ်တင်တဲ့ဘက်ဆီ အလျင်အမြန်ပဲ ပြန်လှည့်သွားတတ်တယ်တဲ့။ နှစ်လိုဖွယ်မဟုတ်ပေမယ့် အတိုင်းအတာ တစ်ခုအထိ ပိုပြီး လက်ခံနိုင်စရာ ‌ကောင်းပါတယ်။

အကောင်းမြင်ဝါဒီတွေရဲ့ အကြောင်း

အဲဒီအတောအတွင်း အကောင်းမြင်ဝါဒီတွေကတော့ လောကကြီးကို နှင်းဆီရောင်မျက်မှန် တပ်ပြီး ကြည့်လို့‌ပေါ့။ သူတို့ကိုယ်တိုင်ရယ် တခြားလူတွေရယ်နဲ့ သူတို့ဘေးက ပတ်ဝန်းကျင်ရယ်မှာ ဖြစ်နေတဲ့ ကောင်းခြင်းအဖြာဖြာကို ခိုင်ခိုင်မာမာ ယုံကြည်ရာကနေ သန္ဓေတည်လာတဲ့ အပြုသဘောဆောင်တဲ့အတွေး သူတို့မှာ ရှိကြတယ်။ ကောင်းတဲ့ အရာတွေဟာ မကြာခဏ ဖြစ်တယ်။ ကောင်းတာတစ်ခုဖြစ်ခဲ့ရင် နောက်ထပ်ကောင်းတာတွေပဲ ထပ်ဖြစ်လာမယ် လို့ သူတို့က တွေးကြတယ်။ တကယ်လို့ မကောင်းတာဖြစ်ခဲ့ရင်လည်း ဒါဟာ ကံဆိုးတာပဲဖြစ်တယ်။ ခရီးတစ်လျှောက်လုံး နဲ့ဆိုရင် တဒင်္ဂ ခလုတ်တိုက်မိခြင်းသာ ဖြစ်ပြီး အဲဒီကနေ သင်ယူဖို့ အခွင့်အရေးတောင် ရနိုင်မယ် လို့ အကောင်းမြင် ဝါဒီတွေက ပြောပါတယ်။

        အကောင်းမြင်ဝါဒီတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားမှု အတိုင်းအတာက အတော်ကလေးကောင်းမွန်ပြီး ယုံကြည်မှုကလည်း အဆိုးမြင်ဝါဒီတွေထက် မြင့်မားပါတယ်။ ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ သူတို့က ပိုပြီး ပျော်ရွှင်ကြတယ်။ ကျောင်းတွေ တက္ကသိုလ်တွေနဲ့ အလုပ်ခွင်တွေမှာ ပိုအဆင်ပြေကြတယ်။ မဆုတ်မနစ် ကြိုးပမ်း ရာမှာလည်း သာတယ်။ ပိုကျန်းမာကြပြီး အသက်တောင် ပိုရှည်ကြလိမ့်မယ်။

        အားလုံးကို ထည့်သွင်းစဉ်းစားတဲ့အခါ ကမ္ဘာကြီးကို အဆိုးမြင်ဝါဒီအဖြစ်နဲ့ ရှုမြင်ဖို့ ဘာကြောင့်များ ရွေးချယ် ကြတာလဲ။ အဖြေက ကျွန်တော်တို့ မရွေးချယ်ကြပါဘူးလို့ အပြုသဘောဆောင် စိတ်ပညာရပ်ရဲ့ ဖခင်ကြီး မာတင် ဆဲလစ်ဂ်မန်း က ဆိုပါတယ်။ ဒီရှုထောင့်အမြင်ကို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က သင်ယူတတ်မြောက်လာတာပါတဲ့။ ခရစ္စမတ်မှာ ဘယ်အရုပ်တွေကို ကျွန်တော်တို့ ပူဆာရမလဲဆိုတာ ကြော်ငြာတွေကနေ သိရတယ်။ နှစ်ပေါင်းများစွာ အတွင်း ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့အကြောင်းကို လူအများက ပြောပြလမ်းညွှန်ခဲ့တယ်။ နောက်ဆုံးတော့ အဲဒါတွေက ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲမြဲသွားတော့တယ်။ ပုဂ္ဂလိကပိုဆန်တဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်း မှာ ကိုယ့်ကိုယ်ကိုယ် အမြဲမပြတ် ဝေဖန်ပိုင်းခြားနေဖို့ ကျွန်တော်တို့ကို တွန်းအားပေးကြလိမ့်မယ်။ အထူးသဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေနဲ့ ယှဉ်ကြည့်ခိုင်းတတ်တယ်။ အဲဒီအခါ အများစုဟာ သတ်မှတ်ထားတဲ့ စံနှုန်း‌တွေရဲ့ အောက်ကို သေချာပေါက် ‌ရောက်နေမှာဖြစ်ပြီး သူတို့ကိုယ်သူတို့ ရှုံးနိမ့်သူတွေလို့ မှားယွင်းစွာ မှတ်ယူ သွားကြ ပါတယ်။

        မာတင် ဆဲလစ်ဂ်မန်းရဲ့ အဆိုအရ ကိုယ်က အဆိုးမြင်ဝါဒီ ဖြစ်နေရင်တောင် အဲဒါကို သိဖို့ မလွယ်လှပါဘူး။ အဆိုးမြင်မှု အရိပ်အောက် ရောက်နေကြတာကို လူအများစုက သတိမထားမိကြပါဘူး။

ကျိုးကြောင်း ဆင်ခြင်မှုတွေ ဘာဖြစ်သွားလဲ

အချက်အလက်တွေအပေါ်မှာသာ အခြေခံပြီး ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မှတ်ယူ တတ်ကြတယ်။ ဒါပေမဲ့ အန်တိုနီယို ဒမ်မက်စီယို လို အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေကတော့ ကျွန်တော်တို့ဟာ ခံစားမှုနောက်ကို အတော်လိုက်ကြတဲ့ သူတွေပဲလို့ ပြောတယ်။ ဒါကို သုတေသန လုပ်ထားတာ ရှိပါတယ်။ ခံစားမှု တွေကို လှုံ့ဆော်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာကို ထိခိုက်မိတဲ့ လူတွေဟာ ဘာစားရမလဲဆိုတဲ့ အရိုးရှင်းဆုံး ဆုံးဖြတ်ချက်မျိုးကိုတောင် မချနိုင်တော့ဘူးတဲ့။ ဒါကြောင့်မို့ ခံစားမှုတွေက ပုဂ္ဂလိက‌ ရွေးချယ်မှုတွေ ရှိရာဆီ ကျွန်တော်တို့ကို သယ်ဆောင်သွားပုံရပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းတွေအပေါ် မူတည်ပြီး ခံစားမှုတွေ ဖြစ်ပေါ်လာတယ်။ မျှော်လင့်ခြင်းတွေကလည်း ကိုယ့်ရဲ့ အတွေ့အကြုံအပေါ် မူတည်နေပြန်တယ်။ “နောက်ဆုံးတစ်ခေါက် ငါ ဒီလိုကိစ္စမျိုး ကြုံခဲ့တုန်းက ဘာဖြစ်ခဲ့သလဲ။ အိုး ဟုတ်သားပဲ။ ငါ တလွဲတွေ လုပ်ခဲ့တာပေါ့” စုံးစုံးမြုပ်မှာပဲဆိုတဲ့ နိမိတ်ခံစားချက် ပေါ်လာပြီး ပြဿနာကနေ ကျွန်တော်တို့ ရှောင်ထွက်ခဲ့ပါတော့တယ်။

ကောင်းကွက်တော့ ရှိရမယ် မဟုတ်လား

စွန့်စားတတ်တဲ့ အကောင်းမြင်ဝါဒီတွေရဲ့ ဘဝကို မြင့်ချည်နိမ့်ချည် ရိုလာကိုစတာအဖြစ်မျိုး မဖြစ်အောင် တားဆီးရာမှာ အဆိုးမြင်ဝါဒီတွေရဲ့ ရှုထောင့်က အသုံးဝင်တတ်ပါတယ်။ တစ်ခုတည်းသောပြဿနာက အဆိုးမြင်ဝါဒီ တွေရဲ့ စိတ်ခံစားမှု အတိုင်းအတာဟာ အောက်မှာပဲ တန်းနေတာမျိုးပါ။ တကယ်လို့သာ ကျွန်တော်က သူ့ကို အပြင်ထွက် အရက်သောက်ဖို့ မခေါ်ခဲ့ရင် ကြေကွဲရမယ့်ခံစားမှုကို ရှောင်ရှားနိုင်မှာ မှန်ပေမဲ့ အရက်ဆိုင်ကိုလည်း ဘယ်တော့မှ မရောက်တော့ဘူးပေါ့။ အကောင်းမြင်ဝါဒီတို့ရဲ့ အိပ်မက် ယာယီပြိုလဲသွားတဲ့အပေါ် ကျွန်တော်တို့ အားရကျေနပ်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အောက်ကျနောက်ကျ ခံစားမှုတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်သာ အဆိုးမြင်ဝါဒီဖြစ်ရင် ပြဿနာဟာ ရန်လိုတဲ့ ကမ္ဘာကြီးထဲမှာ ရှိတာ မဟုတ်ဘူး။ အသုံးမကျတဲ့ ကိုယ့်ဆီမှာပဲ ရှိနေတာလို့ ရင်ထဲကကို သိနေတာမို့ပါ။

သင်ယူလေ့လာ အကောင်းမြင်ပညာ

ကံကောင်းတာက အဆိုးမြင်ဝါဒီဟာ မှားပါတယ်။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ ရှိတယ်လို့ သူ့ဘာသာ ထင်နေတာပါ။ ဆိုလိုတာက သူသာ သူ့ရဲ့အကျင့်ပါနေတဲ့ တွေးခေါ်မှုပုံစံကို နည်းနည်းလောက် ပြောင်းလိုက်ရင် ပိုပြီး အကောင်း မြင်တတ် လာလိမ့်မယ်။ ဘဝအသစ်နဲ့ လူတစ်ယောက်၊ လုံးဝကို ကွဲပြားခြားနားတဲ့ လူတစ်ယောက်အဖြစ်နဲ့ ပြန်မွေးဖွားစရာ မလိုပါဘူး။ အဆိုးမြင်ဝါဒကို သင်ယူလို့ရရင် အကောင်းမြင်ဝါဒကိုလည်း သင်ယူနိုင်ပါတယ်လို့ မာတင်ဆဲလစ်ဂ်မန်း က ပြောခဲ့တယ်။ မကောင်းတဲ့ဖြစ်ရပ်တွေအပေါ် ကိုယ်က ဘယ်လိုတုံ့ပြန်မိလဲ၊ ဘယ်လို အငြင်းပွားမိလဲဆိုတာကို သတိထားကြည့်ပြီး လေ့လာသင်ယူတဲ့ စနစ်တစ်ခုကို သူက အကြံပြုပါတယ်။ အချက်အလက်တွေက ကိုယ်မြင်တဲ့အတိုင်း တကယ်ဟုတ်လို့လား။ ထင်မြင်ယူဆချက်တွေကိုပဲ အခြေခံတာလား။ အခုဖြစ်ရပ်အတွက် ရွေးချယ်စရာ ဖြေရှင်းချက်တွေ ဘယ်နှခုလောက် ကျွန်တော်တို့ စဉ်းစားနိုင်မလဲ။ လမ်းပေါ်မှာ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့ရင် သူက ကိုယ့်ကို ရှောင်ဖို့ကြိုးစားတာပဲလို့ သေချာပေါက် ပြောနိုင်မှာလား။ ဒါမှမဟုတ် သူ အလုပ်နောက်ကျနေတာ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် ပြတ်သွားတဲ့ သူ့ရည်းစားကို ဘယ်လို ပြန်လိုက်ရမလဲဆိုတာ အသည်းအသန် စဉ်းစားနေတာရော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် မနေ့ညက အွန်လိုင်းပေါ်မှာ ပိုကာ မကစားမိခဲ့ရင်ကောင်းသားလို့ ဆန္ဒပြုနေတာလည်း ဖြစ်နိုင်တယ် မဟုတ်လား။ အပျက်သဘောဆောင်တဲ့ အတွေးဟောင်း အကျင့်ဟောင်းတွေကို ခွာချလိုက်ပြီဆိုရင် အကောင်းမြင်ဝါဒဟာ မျှော်လင့်ချက်တွေ၊ စွမ်းအားတွေ၊ လှပဝေဆာမှုတွေကို သယ်ဆောင်ပြီး စတင် ဝင်ရောက်လာပါလိမ့်မယ်။ 

အဆိုးမြင်ဝါဒရဲ့တန်ဖိုး

အမာခံအဆိုးမြင်ဝါဒီကတော့ သင်ယူလေ့လာ အကောင်းမြင်ပညာ ဆိုတဲ့ ဆဲလစ်ဂ်မန်းရဲ့ အတွေးအခေါ်ကို တစ်စက္ကန့်တောင် လိုက်နာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စိတ်အခံကိုက အဲဒီလို မလုပ်ချင်လို့ပါဘဲ။ သူရော တခြားလူတွေပါ ခံစားရတဲ့ဒုက္ခကို သိရှိနားလည်ချင်တာလည်း ဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ အမ်မီဗန်ဒူဇန် လို ဖြစ်တည်မှုပဓာန စိတ်ကုထုံးပညာရှင်တွေနဲ့ စကားထိုင်ပြောကြည့်တာက သူ့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ အမ်မီဗန်ဒူဇန် က ပြောတယ်။ “ဘဝကို ထွေးပိုက်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ဟာ မရှောင်လွှဲနိုင်တဲ့ ဒုက္ခတွေ၊ ပူပန်သောကတွေ၊ အပြစ်တွေကို ဖြစ်တည်မှုရဲ့ ပင်ကိုအစိတ်အပိုင်းအနေနဲ့ သဘောထားပြီး ရဲရဲရင်ဆိုင်တာ ဖြစ်တယ်တဲ့။ ဗန်ဒူဇန်အတွက်တော့ ဒုက္ခဆင်းရဲခြင်းဆိုတာ လူသားတွေရဲ့ ဖြစ်ထွန်းမှုတစ်ခုပါပဲ။ ‌ဒုက္ခဆင်းရဲရဲ့ အဖော်ဖြစ်တဲ့ ပူပန်သောကတွေနဲ့ အပြစ်ရှိမှုတွေဟာ ကိုယ့်ရဲ့အတ္တအတွင်းထဲအထိ ပြန်ရှုမြင်ဖို့ ကျွန်‌တော်တို့ကို တွန်းအားပေးပြီး အမှန်တကယ် စစ်မှန်တဲ့အရာ ဖြစ်လာဖို့အတွက် ကျွန်တော်တို့က ဘာပြောင်းလဲချင်သလဲဆိုတဲ့ အဖြေကို ရှာတွေ့စေပါတယ်။ အဲဒီတော့ အခုပဲစလို့ ဆင်းရဲဒုက္ခကို တူးဆွဖော်ထုတ်ပြီး လေ့လာစစ်ဆေးကြပါစို့။ အမှန်တကယ် စစ်မှန်တယ်လို့ ခံစားရတဲ့ အရာမှန်သမျှအတွက်၊ ဖြစ်တည်မှုအတွက် ကိုယ်တိုင် ဆင်ခြင်နိုင်တဲ့အထိ ဆက်လျှောက်ပါ။ ပြီးရင် ပြန်လာပြီး ကျွန်တော်တို့ကို အဲဒီအကြောင်း ပြောပြပါဦး။ ကျွန်တော်တို့ရဲ့ စာပေနဲ့ အနုပညာဟာ ခင်ဗျားအပေါ် မူတည်နေပါတယ်။

ရည်ညွှန်း သဘောတရားများ

        Positive psychology – Martin Seligman

        အပြုသဘောဆောင် စိတ်ပညာ – မာတင် ဆဲလစ်ဂ်မန်း

        Existentialist psychotherapy – Emmy Van Deurzen

        ဖြစ်တည်မှုပဓာန စိတ်ကုထုံးပညာ – အမ်မီဗန်ဒူဇန်

စာရေးဆရာမ Sarah Tomley ရေးတဲ့

        What would Freud do?

        How the greatest psychotherapists would solve your everyday problems 

စာအုပ်က Why does it always happen to me? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

Click to rate this post!
[Total: 2 Average: 5]