The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အေအိုင် ပြိုင်ပွဲ – Louie

Share မယ်

အနာဂတ်အတွက် နည်းပညာနယ်ပယ်မှာ တိုးတက်လာမှုချင်းကို ယှဥ်ရင် ဘယ်သူက ပိုသာမလဲ၊ အမေရိကန်လား တရုတ်လား။ ဘေးကနေ ထိုင်ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ကမ္ဘာပေါ်မှာ အေအိုင်နဲ့ ပတ်သက်ရင် နာမည်ကြီးနေတဲ့ အိုးပင်း အေအိုင် (Open အေအိုင်) ဆိုတာ  အမေရိကန်ဖြစ်ပြီးတော့ မကြာသေးခင်က လူသိများလာတဲ့ ဒိပ်ဆိခ် (Deepseek) ကတော့ တရုတ်နိုင်ငံကပါ။ ဒိပ်ဆိခ် ကနေ ချပြလိုက်တဲ့ အေအိုင် မော်ဒယ်က ပိုကောင်းတယ်၊ စျေးကလည်း သက်သာတယ်။ သူက အေအိုင်နဲ့ပတ်သက်လာရင် အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ် ကုမ္ပဏီတစ်ခုပေါ့။ သို့ပေမယ့် အေအိုင်ပြိုင်ပွဲကြီးမှာ တကယ် အနိုင်ရသွားသူကတော့ အကောင်းဆုံး မော်ဒယ်ကို တီထွင်နိုင်တဲ့ နိုင်ငံက မဟုတ်ပါဘူး။ သူတို့ တီထွင် လိုက်တဲ့ အေအိုင် မော်ဒယ်ကို အစိုးရ နယ်ပယ်မှာ၊ စီးပွားရေး လုပ်ငန်းရှင်များအကြား နဲ့ သာမာန်လူထုတွေက ဘယ်လောက်တွင်တွင်ကျယ်ကျယ် အသုံးပြုကြမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းများ တွင်ကျယ်ဖို့က စလို့ စစ်ရေး စွမ်းအင်တွေ တိုးတက်အောင် အထိ နေရာတကာ အသုံးဝင်ဖို့ဆိုတာ တီထွင်နိုင်တာ တစ်ခုတည်း ပေါ်မှာ မူတည်မနေဘဲ ဖန်တီးလိုက်တဲ့ နည်းပညာဟာ လူတွေကြားထဲ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီလိုကြည့်မယ်ဆိုရင် အေအိုင်ပြိုင်ပွဲက အမေရိကန်တွေ ထင်တာထက် ပိုပြီး အကြိတ်အနယ် ဖြစ်နေတာပါ။

            အနောက် အုပ်စုဘက်က လက်ခံထားကြတဲ့ အမြင်တစ်ခုက တရုတ်နိုင်ငံဟာ နည်းပညာ အသစ်ကို ဖန်တီးရာမှာပဲ အားသာမှုရှိပြီး တီထွင်လိုက်တဲ့ နည်းပညာတွေကို တွင်ကျယ်အောင် လူတွေအတွက် အသုံးဝင်အောင် လုပ်တဲ့နေရာမှာတော့ အားနည်းကြတယ်လို့ မြင်ကြပါတယ်။ သုတေသန လုပ်ငန်းများ အပေါ်မှာ အရင်းအနှီးတွေ ပုံအောထားတဲ့ တရုတ်နိုင်ငံဟာ သိပ္ပံဆိုင်ရာ တွေ့ရှိမှုတွေ တစ်ခုပြီးတစ်ခု ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်များအတွင်းမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ မူပိုင်ခွင့်အားလုံးရဲ့ ထက်ဝက် လောက်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို တီထွင်မှုတွေကို လူအများ အသုံးချနိုင်ဖို့ ပြောင်းလဲ ဖန်တီးနိုင်စွမ်းတော့ မရှိခဲ့ပါဘူး။ ၂၀၂၀ခုနှစ်လောက်က ကမ္ဘာ့ ဉာဏပိုင်ဆိုင်မှု အဖွဲ့အစည်း (WIPO – World Intellectual Property Organization) ရဲ့  အချက်အလက်တွေကို ကိုးကားပြီး ဂျော့ရှ် ဝါရှင်တန် တက္ကသိုလ်က ဂျက်ဖရီဒင်းက တရုတ်နိုင်ငံဟာ နည်းပညာတီထွင်မှု ကမ္ဘာ့အဆင့် ၁၄ ကိုချိတ်ခဲ့ပေမယ့် အသုံးချနိုင်ဖို့ ပြောင်းလဲဖန်တီးနိုင်စွမ်းမှာတော့ အဆင့် ၄၇ ရောက်သွား တယ်လို့ ပြောပါတယ်။ “နည်းပညာတွေကို ဘယ်လို အသုံးချနိုင်မလဲ” ဆိုတဲ့ ဘက်ကနေ ကြည့်မယ် ဆိုရင် တရုတ်နိုင်ငံဟာ သိပ္ပံနဲ့ နည်းပညာ နယ်ပယ်မှာ အင်အားကြီးနိုင်ငံတစ်ခုလို့ သတ်မှတ်လို့ မရနိုင်ပါဘူးလို့ မစ္စတာ ဒင်းက ဆက်ပြောပါတယ်။ အစဥ်အဆက်ကို ပြန်ကြည့်မယ်ဆိုရင် တရုတ်ဟာ သင်ကြားလေ့လာရေးနဲ့ စက်မှု လုပ်ငန်း ဆက်နွှယ်မှု နှေးကွေးတယ်၊ နိုင်ငံခြားသား ပညာရှင်တွေကိုလည်း မဖိတ်ခေါ်ဘဲ နေခဲ့တယ်။ ခက်ထန်မာကျောလှတဲ့ နိုင်ငံရေး စနစ်၊ စွန့်စားမှုတွေကို သိပ်မလုပ်တာနဲ့ စီးပွားရေး တွက် တွက်တဲ့ နေရာမှာ ဗြောင်ကျကျ လုပ်တာတွေက ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေပါပဲလို့ သုံးသပ်ကြသူများလည်း ရှိကြပါတယ်။ သူနဲ့ပြောင်းပြန်ကတော့ အမေရိကန်ပါ။ သမိုင်းကို ပြန်ကြည့်ရင် တီထွင်မှုမှာရော ပြန်လည် အသုံးချနိုင်မှု တွေမှာပါ ကောင်းကောင်း လုပ်နိုင် ခဲ့ပါတယ်။ မြင်သာတဲ့ သာဓကတွေက လျှပ်စစ်မီးတို့၊ မော်တော်ကားတို့ကို ကြည့်ရင် သိသာ မြင်သာပါတယ်။ 

            အေအိုင်ဘက်မှာလည်း တရုတ်ကို လက်တွေ့အသုံးချနိုင်မှုမှာ နှေးကွေးမယ်လို့ အားလုံးက ထင်ခဲ့ကြတာပါ။ အမေရိကန်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် တရုတ်ရဲ့ စီးပွားရေးဟာ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးတွေဘက်ကိုပဲ မှီခို အားထားနေရလို့ ဒီလုပ်ငန်းတွေထဲက နည်းနည်းလောက်ပဲ နည်းပညာ အသစ်တွေကို အသုံးချနိုင်မယ်လို့ မြင်ကြ ပါတယ်။ Cloud computing လို့ခေါ်တဲ့ ကွန်ပျူတာ တစ်လုံးထဲမှာ ဘာ Software မှ ထည့်စရာမလိုဘဲ အင်တာနက်ရှိရုံနဲ့ အလုပ်လုပ်လို့ ရတဲ့ နည်းပညာကို တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေက အမေရိကန်ထက်စာရင် သုံးစွဲမှုနှုန်း နည်းသေးသလို သိပ်လည်း မသိကြပါဘူး။ နောက်ဆုံးပေါ် နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးမချနိုင်ဖူး ဆိုပါတော့။ 

            သို့သော်လည်း အားသာချက်တွေ ရှိနေတဲ့ အမေရိကန်မှာလည်း အများထင်သလို ရှင်းရှင်းလင်း သိကြသလား ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီအချိန်မှာ တရုတ်က တဖြည်းဖြည်းနဲ့ နောက်က ကပ်လိုက် လာနေပါပြီ။ ၂၀၂၀မှာ ရှိခဲ့တဲ့ တရုတ်ရဲ့ အသုံးချနိုင်ဖို့ ပြောင်းလဲနိုင်တဲ့ နေရာ အဆင့် ၄၇ ကနေ ၁၅ နေရာ ကျော်တက်ပြီး အခု နောက်ဆုံး ၃၂ နေရာ အထိ ရောက်လာပါပြီ။ လျှပ်စစ်ကားတွေကအစ ကျူအာကုတ် QR code စနစ်တွေ၊ အခန်း တွေကို သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့ စက်ရုပ်တွေ အဆုံး အဆန်းတကြယ် ပစ္စည်းသစ်တွေနဲ့ ထိတွေ့ လာကြပြီ ဖြစ်တာမို့လို့ တရုတ်နိုင်ငံက သုံးစွဲသူတွေဟာ အမေရိကန်ကထက် နည်းပညာနဲ့ နီးစပ်လာကြပါပြီ။ တချို့ နည်းပညာနဲ့ ပတ်သက်တဲ့ အညွှန်းကိန်း တွေကို ကြည့်ပြီး အခုဆိုရင် တီထွင် အသုံးပြုနိုင်မှုမှာ တရုတ်က အမေရိကန်ထက် ပိုသာတယ် လို့တောင် ပြောလို့ရတယ်လို့ ဆိုကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်နည်းပညာ အကယ်ဒမီက ဟန်ဂျင်ဇန်းက “ကျွန်တော်တို့ အခုဆိုရင် နည်းပညာတော်တော်များများမှာ အမေရိကန်ထက် သာသွားပါပြီ။ အသစ်အသစ်တွေ ထပ်တီထွင်နိုင်တာ မကဘဲ ထွင်လိုက်တဲ့ နည်းပညာအသစ်တွေကို တရုတ်နိုင်ငံက ကြီးမားတဲ့ လူသုံးကုန်စျေးကွက်ထဲကို အသုံးချနိုင်အောင်အထိ လုပ်ပေးနိုင်ခဲ့လို့ပါ” လို့ ပြောခဲ့ပါတယ်။ 

            ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့ သူများကတော့ တရုတ်ဟာ အေအိုင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာနိုင်မလား ဆိုတာ စောင့်ကြည့်နေကြပါတယ်။ အေအိုင် သုံးစွဲနိုင်မှုနဲ့ ပတ်သက်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်ရောက် ဘယ်ပေါက်နေပြီလဲဆိုတာ တိုင်းတာဖို့ ကိန်းဂဏန်းတွေက ရှားပါး နေဆဲပါ။ ဒါပေမယ့်ကုမ္ပဏီကြီးများရဲ့ နည်းပညာပေါ်မှာ ဘယ်လောက်သုံးစွဲထားတယ်ဆိုတာ ကြည့်ရသလောက် အမေရိကန်က ဦးဆောင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ငန်းသုံး ကွန်ပျူတာ စနစ် စျေးကွက်ဟာ အမေရိကန်နဲ့ ယှဥ်ရင် ဆယ်ပုံတစ်ပုံပဲ ရှိသေးတာကို ထောက်ရှုပြီး တန်ဆန့် (Tencent) ရဲ့ ဦးဆောင်သူ ချီပင်လောင်က “ကျွန်တော်တို့ဆီမှာ ဒီစျေးကွက်ကြီးက သိပ်နေရာ မရသေးပါဘူး”လို့ ပြောပါတယ်။ တကယ်တော့လည်း အမေရိကန်သုံးတဲ့ တစ်ဒေါ်လာနဲ့ တရုတ်ပြည်မှာ သုံးတဲ့ တစ်ဒေါ်လာချင်း ယှဥ်လို့တော့ မရပါဘူး။ တရုတ်နိုင်ငံမှာ လုပ်ငန်းသုံးကွန်ပျူတာ စနစ် ဝယ်မယ်ဆိုရင် စျေးအများကြီး သက်သာပါတယ်၊။ တစ်တော့ (Tiktok) ရဲ့ပိုင်ရှင် ဘိုက်ဒန့်စ် (ByteDance) က ထုတ်လိုက်တဲ့ ဒေါင်ဘို အလိုအလျောက် စကားပြောစနစ် (Doubao Chatbot) ဟာ အမေရိကန်ရဲ့ အိုးပင်းအေအိုင် စျေးထက် ၉၉ % သက်သာပါတယ်။ 

            တရုတ်နိုင်ငံမှာ အေအိုင်ကို စီးပွားရေး လုပ်ငန်းများအတွင်း အလုပ်တွင်ကျယ်အောင် အသုံးချတဲ့နေရာ သုံးမျိုး ရှိတယ်လို့ အကြမ်းအားဖြင့် သတ်မှတ်လို့ရပါတယ်။ အစိုးရရုံးများ၊ လူသုံးကုန် နည်းပညာ ကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှု စီးပွားရေး လုပ်ငန်းများမှာသုံးတဲ့ စက်ပစ္စည်း ကိရိယာများနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အရင်ဆုံး အစိုးရနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို ကြည့်မယ်ဆိုရင် ရုံးလုပ်ငန်းများအားလုံးရဲ့ ထက်ဝက်ကျော်ကျော်ဟာ ဒိပ်ဆိခ် အေအိုင် မော်ဒယ်ကို အသုံးပြု နေကြတာ များတယ်လို့ သိရပါတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ အားပေးမှုနဲ့ အစိုးရရုံး တော်တော်များများမှာ အေအိုင် စတင် အသုံးပြုနေကြပါပြီ။ ဆေးရုံတွေမှာ လူနာမှတ်တမ်းတွေ စိစစ်တာက အစ နိုင်ငံသားတွေရဲ့ အထွေထွေမေးခွန်းတွေကို ဖြေကြားပေးတာ၊ လူပျောက်ရှာတာ အစုံပါပဲ။ 

            အစိုးရရဲ့ အခန်းကဏ္ဍကလည်း သုံးစွဲသူတွေကို ပိုသုံးစေဖို့ တွန်းအားတစ်ခု ဖြစ်လာစေပါတယ်။ ဒုတိယ အုပ်စုဖြစ်တဲ့ လူသုံးကုန် ကဏ္ဍမှာ တရုတ်သုံးစွဲသူတွေက တရုတ် ထုတ်ကုန်ကို အမေရိကန် ထုတ်ကုန် ထက် ပိုပြီး  အားကိုး ယုံကြည်ကြပါတယ်။ နောက် အကြောင်းတစ်ခုကတော့ ပြင်းထန်တဲ့ စျေးကွက် ပြိုင်ဆိုင်မှုကြောင့် ပြည်တွင်း စျေးကွက်က ပစ္စည်း၊ အေအိုင် နည်းပညာတွေဟာ အလကားလိုလို ရရှိနေကြပါတယ်။ နောက်ဆုံး အကြောင်း တစ်ခုကတော့ “ယုံကြည်မှု” ပဲ ဖြစ်ပါတယ်။ ဒီ ယုံကြည်ချက်ကပဲ ပြည်တွင်းလုပ် ဒိပ်ဆိခ်ကို ဘာစိုးရိမ် ကြောင့်ကြမှုမျှ မရှိဘဲ လက်ခံခဲ့ကြတာပါ။ လူအများအသုံးပြုဖို့ အေအိုင်မော်ဒယ်တစ်ခု ထုတ်လုပ်ဖို့ရာ အမေရိကန်နဲ့စာရင် တရုတ်နိုင်ငံက အများကြီး လွယ်ကူပြီး အနှောင့်အယှက်လည်း ကင်းပါတယ်။ တရုတ်နိုင်ငံမှာ မူပိုင်ခွင့်တို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် ထိန်းချုပ်မှုတို့ ထိန်းကျောင်း ကိုင်တွယ်မှု လျော့ရဲ အားနည်း ပါတယ်။ တရုတ်လူမျိုးတို့ဟာ ကော်ဖီတစ်ခွက် သောက်ဖို့ ဝယ်ယူတဲ့ နေရာမှာ ပိုက်ဆံပေးဖို့ လိုတဲ့အခါ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် တွေကို မဆိုင်းမတွ ပေးလိုက်ဖို့ ဝန်မလေးကြပါဘူး။ ဒါကြောင့်မို့လို့ သုံးစွဲသူတွေအနေနဲ့ တရုတ်နိုင်ငံမှာ ရွေးချယ်စရာ တွေ အများကြီး ရှိနေပါတယ်။ အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများဖြစ်ကြတဲ့ ဂူဂဲလ်တို့ မက်တာ (ဖေ့စ်ဘုတ်ခ်) တို့ကတော့ အေအိုင်နဲ့ ပတ်သက်လို့ တရုတ်ပြည်မှာ ထင်သလောက် ပေါက်ပေါက်မြောက်မြောက် မဖြစ်ရှာကြပါဘူး။ 

            အစိုးရပိုင်းနဲ့ သုံးစွဲသူတွေ ပြီးရင် ကုန်ထုတ်လုပ်မှုပိုင်းဟာ တရုတ်ရဲ့ အေအိုင် ဝန်ဆောင်မှု အတွက် တတိယ အကြီးဆုံး စားသုံးသူအုပ်စု ဖြစ်ပါတယ်။ ဒါကတော့ အမေရိကန်နဲ့ လုံးဝကို ခြားနားသွားတဲ့ အချက်တစ်ခုပါ။ တရုတ်ဝန်ကြီးချုပ် လီကျင့်က ဒစ်ဂျစ်တယ် နည်းပညာနဲ့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကို ပေါင်းစပ်ပြီး စျေးကွက် တည်ဆောက်ပါ လို့ သူ့နိုင်ငံကို ညွှန်ကြားထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့  ထုတ်ကုန် စုစုပေါင်း ၂၀% ရှိခဲ့ရာကနေ အခုဆိုရင် ၃၀% ကို ရောက်လာပါပြီ။ သူတို့ဆီမှာ လုပ်ငန်းသုံး စက်ရုပ်တွေ အခြားချမ်းသာတဲ့ နိုင်ငံတွေ ထက် ပိုရှိနေပါပြီ။ ဒါတောင်မှ ထပ်ပြီး ရှေ့ကို ရောက်သထက်ရောက်အောင် တွန်းနေပါတယ်။ ဖေဖော်ဝါရီလက ဘီဝိုင်ဒီ လျှပ်စစ်ကား ကုမ္ပဏီဟာ ကားမောင်းသူကို ကူညီပေးမယ့် စနစ်အတွက် အပိုပေးစရာမလိုဘဲ အခမဲ့ ထည့်သွင်းပေးလိုက်ပါပြီ။ အမေရိကန်က ရှေ့ဆောင်လမ်းပြ လျှပ်စစ်ကား တက်ဆလာ Tesla တော့  အဲဒီ စနစ် ယူမယ်ဆိုရင် ဒေါ်လာ ကိုးထောင် ထပ်ဆောင်း ပေးရပါလိမ့်မယ်။ တရုတ် နည်းပညာ ကုမ္ပဏီတွေက က နိုင်တဲ့၊ ကွန်ဖူးကစားနိုင်တဲ့ စက်ရုပ်တွေ ထပ်ထုတ်နေပါပြီ။

            ၂၀၁၉ ခုနှစ်ကစလို့ အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့လို့ နောက်ဆုံးပေါ် နည်းပညာသစ်တွေကို မရတော့တဲ့အခါ ရှိပြီးသား hardware အဟောင်းတွေပေါ်မှာ အေအိုင်ကို အသုံးချပြီး အဆင့်မြင့်လာတဲ့ software တွေနဲ့ တွဲဖက်သုံးကြတဲ့အခါ သက်တမ်းကုန်လို့ လွှင့်ပစ်ရ ခါနီး hardware များ ပြန်လည် အသက်ဝင်လာကာ အသုံးပြုနိုင်ခဲ့ပါတယ်။ အဆင့်မြင့် hardware များ တရုတ်နိုင်ငံကို မရောင်းရတော့တဲ့ အမေရိကန်ကတော့ ခါတိုင်းထက် ပို့ကုန် ပမာဏ ၂၀% လျော့နည်း သွားခဲ့ပါတယ်။ တရုတ်နိုင်ငံကထွက်လာတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များ အရ တရုတ်ပြည် ကုန်စည် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် software များ ဝယ်ယူနှုန်းဟာ အရင် ဆယ်နှစ်က ထက်စာရင် နှစ်ဆ တိုးလာတယ်လို့ သိရပါတယ်။ 

            အားနဲ့ အင်နဲ့ တွန်းတွန်းတိုက်တိုက် လုပ်တတ်တဲ့ နေရာမှာတော့ အမေရိကန်က အားသာ နေတုန်းပါပဲ။ ဒီနှစ်အတွင်း အမေဇုန်(Amazon)၊ ဂူဂဲလ်ပိုင်တဲ့ အယ်လဖာဘတ် (Alphabet)၊ မိုက်ခရိုဆော့ဖ် (Microsoft) နဲ့ ဖေ့စ်ဘုခ်ပိုင်တဲ့ မက်တာ (Meta) စတဲ့ အမေရိကန် ကုမ္ပဏီကြီးများဟာ လူပြောများနေတဲ့ အေအိုင်နောက်လိုက်ဖို့ ဒေါ်လာ ဘီလီယံ ၃၀၀ လောက် ရင်းနှီးမြှုပ်နှံကြမယ်လို့ သိရပါတယ်။ တရုတ်ရဲ့ အလီဘာဘာ (Alibaba)၊ ဘိုင်ဒု (Bအေအိုင်du)၊ ဘိုက်ဒန့်စ် (ByteDance) နဲ့ တန်းဆန့် (Tencent) ကုမ္ပဏီတွေကလည်း အမေရိကန်တို့ ရင်းနှီးမြှုပ်နှံမှုရဲ့ ခြောက်ပုံတစ်ပုံလောက်သာ သုံးကြလိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ဒေတာ အချက်အလက်သိုလှောင်ရေး စင်တာ (Datacenter) ပေါင်းဟာ တရုတ်နိုင်ငံထက် ဆယ်ဆလောက်များလို့ ဒီနေရာမှာတော့ အမေရိကန်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရည်ဟာ တရုတ်နဲ့ ယှဥ်မယ်ဆိုရင် သာသွားပါတယ်။ 

            ဒါပေမယ့်လဲ ဒိပ်ဆိခ် ကို နမူနာ ထားကြည့်မယ်ဆိုရင် နောက်ဆုံးပေါ်နည်းပညာကို အမေရိကန်တွေ ကုန်ကျသလောက် မသုံးဘဲ စရိတ် နည်းနည်းနဲ့ လုပ်ပြသွားနိုင်တာက အရာရာမှာ ငွေအားက အရေးမကြီးဘူး ဆိုတာကို သက်သေပြနေပါတယ်။ တရုတ်နိုင်ငံဘက်က အမြင်ကတော့ အမေရိကန်ဟာ ဘာပဲလုပ်လုပ် ငွေကို ဗုံးပေါလအော သုံးနေကြတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲ ပြောပြော တရုတ်နိုင်ငံအနေနဲ့ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ဆိုတာကတော့ အတားအဆီးတွေ အများကြီး ရှိနေဆဲပါ။ အချက်အလက်တွေ ရဖို့က မလွယ်သေးပေမယ့် တရုတ်နိုင်ငံက ကုမ္ပဏီ အများစုဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလှမ်းဝေး နေပါ သေးတယ်။ အမေရိကန်က နည်းပညာ အသစ်တွေကို မြန်မြန်ဆန်ဆန် လက်လှမ်း မီနိုင်တယ်ဆိုတဲ့ အဆိုအတွက် မှန် မမှန် မပိုင်းဖြတ်နိုင်သေးပါ။ အမေရိကန်ရဲ့ အေအိုင် မော်ဒယ်တွေက အကောင်းဆုံးလို့ ဆိုလာရင်တောင်မှ လူတွေ တွင်တွင်ကျယ်ကျယ် မသုံးရသေးဘဲနဲ့ ဘာကြောင့် ကောင်းတယ်လို့ ပြောနိုင်ရတာလဲလို့ ပြန်မေးရမလို ဖြစ်နေပါပြီ။ 

ကိုးကား Use it or lose it, The Economist, April 2025 

Click to rate this post!
[Total: 1 Average: 5]