အသက်အရွယ်တခုရလာတဲ့အခါမှာ ဘယ်လိုနေရာ၊ ဘယ်လိုရပ်ဝန်းမှာ နေချင်တယ်ဆိုတာမျိုး ပိုပြီး ပီပြင်လာတာမျိုး မဟုတ်လား။ ကျွန်တော် ကတော့ ဉာဏ်ပညာနံ့လေး သင်းနေတဲ့ ရပ်ဝန်းမှာ နေချင်တဲ့ ဆန္ဒက ပိုပြီး ပြင်းပြင်းပြပြ ရှိလာတယ်။ ကျွန်တော် ဆိုလိုတဲ့ ဉာဏ်ပညာဆိုက အတန်းပညာ တတ်မြောက်တာနဲ့ မတိုင်းတာပါဘူး။ ဉာဏ်ပညာ ဆိုတာက အတန်းပညာမြင့်တာ၊ မမြင့်တာနဲ့ မဆိုင်ဘူးလို့ ကျွန်တော့ တစ်ဦးထဲအမြင်အရ ယူဆထားပါတယ်။ ဉာဏ်ပညာ ဆိုတာက ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်တွေထဲမှာ ရှာဖွေလို့ တွေ့ချင်မှ တွေ့ရတာမျိုးပါ။
ဉာဏ်ပညာဆိုတာ အသိပညာ၊ ဘဝအတွေ့အကြုံ၊ နားလည်မှု၊ အမြင်ကျယ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အရည်အချင်း လို့ ကျွန်တော်ကတော့ နားလည်လက်ခံထားပါတယ်။ ဒါကြောင့်လည်း ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်တွေကရတဲ့ အသိပညာတခုတည်းနဲ့ ဉာဏ်ပညာဆိုတာကို အလုံးစုံ ကိုယ်စားမပြုဘူးလို့ ဆိုရတာပါပဲ။

ဉာဏ်ပညာကတော့ ဘဝရဲ့ စိန်ခေါ်မှုတွေတွေ့တဲ့အခါ ရင်ဆိုင်ဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့နဲ့ ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့အတွက် လက်တွေ့ကျကျ အသုံးချနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။
ကျွန်တော်နားလည်လက်ခံထားတဲ့ ဉာဏ်ပညာရဲ့ အဓိက လက္ခဏာရပ်တွေကတော့ ဒီအချက် တွေပဲ ဖြစ်ပါတယ်။
အသိပညာ
အသိပညာကတော့ ကျွန်တော်တို့သင်ယူလေ့လာထားတဲ့ ပညာရပ်တွေထဲကနေ လာပါတယ်။ အဲဒါက ဘွဲ့ လက်မှတ်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေကနေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင် ဖတ်၊ မှတ်၊ လေ့လာထားတဲ့ အသိပညာတွေထဲကနေလည်း လာပါတယ်။ ကမ္ဘာကြီးအကြောင်း၊ လူတွေအကြောင်း၊ သတ္တဝါတွေအကြောင်း၊ နည်းပညာတွေအကြောင်း၊ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စတဲ့ အကြောင်းအရာအမျိုးမျိုး ကျယ်ကျယ် ပြန့်ပြန့် သိရှိထားလည်ထားတာကို အသိပညာလို့ဆိုလို့ပါတယ်။ ဒီတခုတည်းနဲ့ ကျွန်တော်တို့ ဉာဏ်ပညာလို့ ပြောလို့ မပြည့်စုံနိုင်ပါဘူး။
အတွေ့အကြုံ
ဉာဏ်ပညာလို့ပြောတဲ့အခါ အတွေ့အကြုံကလည်း ဉာဏ်ပညာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ သင်ခန်းစာတွေကနေ ရရှိလာတဲ့ နားလည်မှုနဲ့ အမြင်တွေ အတွေ့အကြုံ ပါပဲ။ ဒါကလည်း ဉာဏ်ပညာရဲ့ တစ်စိတ်တစ်ပိုင်းရယ်လို့ ကျွန်တော်ကတော့ လက်ခံ ယုံကြည်ထား ပါတယ်။
ငါက ဆရာ… ငါပြောတာသာ အမှန်… နင်တို့က ငါလောက်မသိဘူး
အမြင်ကျယ်မှု
ဉာဏ်ပညာလို့ပြောတဲ့အခါမှာ အမြင်ကျယ်မှုကလည်း ကျွန်တော်တို့ ချန်ထားခဲ့လို့မရတဲ့ ဉာဏ်ပညာရဲ့ အစိတ်အပိုင်း တစ်ခုလို့ဆိုရင် မမှားပါဘူး။ တခါတလေမှာ အမြင်ထက် ပိုနက်ရှိုင်းတဲ့ အမှန်တရားတွေကို မြင်နိုင်စွမ်း၊ တွေးတော နိုင်စွမ်း ကလည်း လိုအပ်ပါတယ်။ ကိစ္စရပ်တိုင်းရဲ့ အတွင်းသဘောကို ထိုးထွင်းသိမြင်နိုင်စွမ်းကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဟောခဲ့တဲ့ ကာလာမသုတ်အကြောင်းလေး အကျဉ်းချုပ်လေး ဖြည့်စွက်ချင်ပါတယ်။ ဗုဒ္ဓက ဒီသုတ်တော်မှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အလေးထားတဲ့ သဘောထား ကို ထင်ရှားစွာ ပြသခဲ့ပါတယ်။ အတိုချုပ်ပြောရရင် ကာလာမသုတ်ဟာ “အရာရာကို ချက်ချင်းမယုံကြည်ဘဲ ကိုယ်ပိုင်ဉာဏ် နဲ့ စဉ်းစားဆင်ခြင်ပြီးမှ လက်ခံပါ” ဆိုတဲ့ အခြေခံသဘောတရားကို ဟောကြားထားတဲ့ အရေးပါတဲ့ ဗုဒ္ဓတရားတော်တစ်ပုဒ် ဖြစ်ပါတယ်။
နားလည်မှု
ဉာဏ်ပညာမှာ မပါမဖြစ်တဲ့ လက္ခဏာတစ်ရပ်ကတော့ နားလည်မှုပဲဖြစ်ပါတယ်။ အချက်အလက်တွေရဲ့ ဆက်စပ်မှုကို နားလည်တာ၊ အကြောင်းနဲ့ အကျိုးဆက်ကို ခွဲခြားသိမြင်တာ၊ အခြေအနေတစ်ခုရဲ့ ရှုပ်ထွေးမှုကို သဘော ပေါက်တာ တွေပဲ ဖြစ်ပါတယ်။
လက်တွေ့ကျမှု
ဉာဏ်ပညာအစိတ်အပိုင်းထဲမှာ လက်တွေ့ကျမှုလည်း ပါဝင်ပါတယ်။ ရရှိထားတဲ့ အသိပညာနဲ့ နားလည်မှုကို လက်တွေ့ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့နဲ့ အကျိုးရှိတဲ့ လုပ်ဆောင်မှု တွေကို လုပ်ဆောင်ဖို့အတွက် အသုံးချနိုင်စွမ်းတွေရှိဖို့လိုပါတယ်။ ဒီလိုလက်တွေ့ကျမှုကလည်း ဉာဏ်ပညာရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
စာနာထောက်ထားမှု
ဉာဏ်ပညာမှာ နှလုံးသားမပါဝင်ရင် ဉာဏ်ပညာ မမည်တော့ပါဘူး။ အသိပညာတွေ ဘယ်လောက်ပဲထူးချွန်၊ ထူးချွန်… နှလုံးသားမပါတဲ့ အသိပညာက ဉာဏ်ပညာရယ်လို့ ဖြစ်မလာနိုင်ပါဘူး။ တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ပြီး စာနာနိုင်စွမ်းရှိတာကလည်း ဉာဏ်ပညာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း
ဉာဏ်ပညာမှာ မပါမဖြစ်ပါဝင်တဲ့ အချက်တစ်ခုက ကောင်းမွန်တဲ့ ဆုံးဖြတ်ချတွေချနိုင်တာပါ။ အခြေအနေတစ်ခုမှာ သေချာစွာ ဆန်းစစ်သုံးသပ်ပြီး အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး ရလဒ်ကို ရွေးချယ်နိုင်စွမ်းကလည်း ဉာဏ်ပညာပါပဲ။ အသိပညာတွေ ဘယ်လောက်တတ်တတ် အကောင်းနဲ့အဆိုးကို မှန်ကန်စွာမရွေးချယ်နိုင်ရင်လည်း ဉာဏ်ပညာနဲ့ ပြည့်စုံသူရယ်လို့ မသတ်မှတ်နိုင်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှု
တစ်ခါတလေ အခက်ဆုံးက ကိုယ့်အကြောင်း ကိုယ်သိဖို့ ဖြစ်နေတတ်ပါတယ်။ ကျွန်တော်အပါအဝင် အများစုက ကိုယ့်ကိုယ်ကိုယ် ဖော့ပြီးတွေးတတ်၊ ဖြည့်ပြီးတွေးတတ်ကြပါတယ်။ ကိုယ့်ရဲ့အားသာချက်ကိုသာမြင်ပြီး အားနည်းချက်ကို ဖြစ်နိုင်သမျှ မသိချင်ယောင်ဆောင်ပြီး မေ့ထားတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်ဖို့ ဆိုရင်တော့ ကိုယ့်ရဲ့အားသာချက်ကိုလည်းသိရမယ်၊ အားနည်းချက်ကိုလည်း သိရမယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေကိုလည်း သေသေချာချာသိနားလည်ထားရပါမယ်။
စိတ်ရှည်သည်းခံမှု
ဉာဏ်ပညာရဲ့ အစိတ်အပိုင်းတွေထဲမှာ စိတ်ရှည်သည်းခံမှုကလည်း ပါဝင်နေတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာတော့ မရှိပါဘူး။ ကျွန်တော်က အရင်ကဆိုရင် စိတ်မြန်၊ လက်မြန်ရှိတဲ့သူတယောက်လို့ ပြောလို့ရပါတယ်။ တစ်ခုခုကိုဆိုရင် ဆုံးဖြတ်ချက်မြန်သလို၊ လက်တွေ့လုပ်တာလည်း မြန်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သေသေချာချာ ပြန်တွေးကြည့်တဲ့အခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ အဲဒီလိုမြန်မြန်ဆန်ဆန် ဆုံးဖြတ် လိုက်တာက အမှားတွေ များတယ်ဆိုတာပါပဲ။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကိစ္စရပ်တစ်ခုခုအပေါ်မှာ အလျင်စလို မလုပ်ဘဲ အချိန်ယူ စဉ်းစားဆင်ခြင်တာမျိုး အချိန်ပေးလုပ်ဖြစ်ပါတယ်။
နှိမ့်ချမှု
ဘွဲ့ဒီဂရီတွေအပေါ်မူတည်ပြီး ပညာတတ်လို့ အများက ယူဆသတ်မှတ်ကြပါတယ်။ အဲဒီလိုသတ်မှတ်တဲ့ ပညာတတ် တွေကတော့ ပေါများပါတယ်။ ဒါပေမဲ့ ပညာတတ်ပြီးနှိမ့်ချမှုမရှိတဲ့ ပညာတတ်တွေက ပညာတတ်ဆိုတဲ့ အဆင့်မှာပဲ လမ်းဆုံးသွားပါတယ်။ ဉာဏ်ပညာနဲ့ ပြည့်စုံသူရယ်လို့ မဖြစ်လာတော့ပါဘူး။ ကျွန်တော်က ဆရာမောင်ဝံသရဲ့ တပည့်တယောက်ဖြစ်ပါတယ်။ ဆရာ့ကိုတော့ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့သူလို့ သတ်မှတ်ချင်ပါတယ်။ ဆရာက တခြားသူတွေကို မဆိုထားနဲ့… တပည့်တွေအပေါ်မှာတောင် လေးလေးစားစားနဲ့ ဆက်ဆံတတ်ပါတယ်။ တပည့် ဖြစ်နေလင့်ကစား ကျနော့်ရဲ့အတွေး၊ အမြင်တွေကို လေးလေးနက်နက်နားထောင်လေ့ရှိပါတယ်။ ဆရာက facebook မှာ ဆောင်းပါးရေးတဲ့အခါ ကျွန်တော့ ကို အမြဲတမ်း tag တွဲပါတယ်။ ပြီးတဲ့အခါ အဲဒီဆောင်းပါးဖတ်ပြီး “သမီး ဘယ်လို သဘောရလဲ” “ဘယ်လိုမြင်လဲ” ဆိုတာမျိုး လာမေးတတ်ပါတယ်။ ဆရာက အမြဲအဲဒီလိုမေးတတ်တော့ ဆရာ့ဆောင်းပါးတွေဆို သေသေချာချာဖတ်ပြီးမှ ဆရာမေးတာကို ပြန်ဖြေဖြစ်ပါတယ်။ ဆရာက ဒီလိုတညတရ တပည့်လေးရဲ့ အမြင်ကိုတောင် တကူးတကမေးတတ်ပြီး လေးလေးစားစား နားထောင်တတ်သူဖြစ်ပါတယ်။ ဒါကြောင့် နှိမ့်ချမှုဆိုတာ မိမိရဲ့ အသိပညာက အကန့်အသတ်ရှိတယ်ဆိုတာကို သိနားလည်ပြီး အမြဲတမ်းသင်ယူဖို့ အဆင်သင့်ဖြစ်နေတာလို့ ပြောရပါမယ်။ ငါက ပညာရှင်၊ ငါက ဆရာ… ငါပြောတာသာ အမှန်… နင်တို့က ငါလောက်မသိဘူးဆိုတဲ့ ပညာတတ်တွေကိုလည်း သွားရင်း လာရင်း တွေ့ခဲ့ဖူးပါသေးတယ်။
ဉာဏ်ပညာနံ့ကလေး သင်းနေတဲ့ ရပ်ဝန်းလေးထဲ နေချင်တာက ဘဝရဲ့ ပြင်းပြတဲ့ ဆန္ဒတွေထဲက တခုဖြစ်လာပါတယ်။ ကိုယ်တိုင်လည်း ကိုယ်ဖြစ်ချင်တဲ့ လူတယောက်ဖြစ်ဖို့ ကြိုးစားတည်ဆောက်နေရသလို လိုအပ်ချက်တွေ၊ ဟာကွက်တွေ ကို ကြိုးစား ဖြည့်နေရတုန်းပါပဲ။ ဉာဏ်ပညာက ဘဝအတွေ့အကြုံတွေ၊ သင်ယူလေ့လာမှုတွေနဲ့ မိမိကိုယ်ကို ပြန်လည်သုံးသပ်မှုတွေကနေ တဖြည်းဖြည်းတိုးပွားလာတဲ့ အရည်အချင်းတခုဖြစ်တယ်လို့ ယုံကြည် ထားပါတယ်။ ကျွန်တော်တို့တွေ ဉာဏ်ပညာနံ့လေး သင်းနေတဲ့ ရပ်ဝန်းလေး တည်ဆောက်ကြရအောင်လား။


