ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖက်တာ အယ်လ် ဘာဟန် ဦးဆောင်တဲ့ ဆူဒန် တပ်မတော် (Sudanese Armed Forces – SAF) ဟာ ကမ်းရိုးတန်းဘက်က ပို့တ်ဆူဒန် ဘက်ဆီကို ဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက် နှစ်နှစ် လောက်ကြာတဲ့ ယခု အချိန်မှာတော့ မြို့တော် ခါတွန်ကို အောင်မြင်စွာ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ မြို့တော်ရဲ့ တောင်ဘက်ပိုင်းနဲ့ နိုင်းမြစ် အနောက်ကမ်းဘက်ဆီက အွမ်ဒါမာန် ဒေသဘက် ကနေ ပြန်ခုခံတာတွေ တစ်ခါတစ်ရံ ရှိနေဆဲပါ။ သို့သော်လည်း မြို့တော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ လူပေါင်း ၁၂ သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ ရာ ထောင် ချီပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းကြာ ပြည်တွင်းစစ် အတွက် အပြောင်းအလဲ တစ်ခု ဖြစ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး စကားပြောဖို့ ခါးခါး သီးသီးကို ငြင်းဆန်ထားသူပါ…
အဲဒီနောက် အဓိက ကျတဲ့ မေးခွန်းက ဆူဒန်တပ်မတော် SAF အနေနဲ့ သူတို့ ဒီနေရာမှာပဲ ရပ်လိုက်မှာလား နိုင်ငံရဲ့ အနောက်ဘက်ဆီကို ဆက်လက် ထိုးစစ်ဆင် သွားမှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဆက်လုပ်ရမယ့် ထိုးစစ်ဟာ ဗိုလ်ချုပ်ရဲ့ မဟာမိတ်များဆီက တွန်းအားပေးမှုနဲ့လဲ တစ်စိတ်တစ်ပိုင်း ဆက်စပ်နေပါတယ်။ ပြည်တွင်းစစ် အစပိုင်း လောက်မှာ Rapid Support Forces – RSF ကို ခါတွန်မြို့တော် တော်တော်များများ နဲ့ နိုင်ငံတစ်ဝှမ်းက နေရာများ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အဲဒီ အချိန်လောက် ကတည်းက စုစည်းမိခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်းတပ်များရဲ့ ကူညီမှု တို့ကြောင့် မကြာသေးခင် လများအတွင်းမှာ တိုက်ပွဲများ အောင်မြင်မှုများ ရလာခဲ့တာ ဖြစ်ပါတယ်။ RSF ဆိုတာ အာရပ်စစ်သွေးကြွ တစ်မျိုးဖြစ်တဲ့ ဂျန်ဂျာဝိ အဆက်အနွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးသမားတွေပါ။ သူတို့ဟာ ဆူဒန်မှာရှိတဲ့ ကျယ်ပြန့်တဲ့ ဒါဖာ ဒေသတစ်ဝိုက်ကို ဆယ်စုနှစ် နှစ်ခုလောက် သိမ်းပိုက်ထားခဲ့တာပါ။ RSF ကို ဟီမက်တီလို့ လူသိများတဲ့ မူဟာမက် ဟမ်ဒန် ဒေဂလို က ဦးဆောင်ပြီး သူဟာ အဆုံးတိုင် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်လို့ လူသိများ ပါတယ်။
ဆူဒန်တပ်မတော် (SAF) ကို ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိမ်နီးချင်း အီဂျစ်တို့က လေကြောင်း ထောက်ပံ့မှု တွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။ ရုရှား၊ တူရကီနဲ့ အီရန်တို့က လက်နက်တွေ ဒရုန်းတွေ ရောင်းချ ပေးတယ် လို့လည်း ကြားသိရပါတယ်။ အဲဒီအထဲက တစ်ချို့နိုင်ငံတွေက ဗိုလ်ချုပ် ဘာဟန်ကို RSF နဲ့ ပြေလည်နိုင်ရေး ညှိနှိုင်းဖို့ တိုက်တွန်း နေကြတယ်လို့လည်း ပြောနေကြပါတယ်။ ဗိုလ်ချုပ် ဘာဟန်က ငြိမ်းချမ်းရေး စကားပြောဖို့ ခါးခါး သီးသီးကို ငြင်းဆန်ထားသူပါ။ ပြည်ပက တွန်းအားပေးသူများက ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် ဆူဒန်တပ်မတော် ဦးဆောင်တဲ့ အစိုးရကို အားပေးထောက်ခံမယ်လို့ ပြောပြီး ပျက်စီးနေတဲ့ ခါတွန်မြို့တော်ကိုလည်း ပြန်လည် တည်ဆောက် ပေးမယ်လို့ မက်လုံးတွေ ပေးထားကြပါတယ်။ ဒါပေမဲ့လည်း တပ်တွင်း အင်အားစုတွေကြားထဲမှာ အပြိုင်အဆိုင်တွေ ရှိနေတာကြောင့် ဒီကမ်းလှမ်းချက်တွေဟာ အချိန်မရွေး ပျက်ပြယ်သွားဖို့ ရှိနေပါတယ်။ RSF တွေရဲ့ လုယက်တာ သောင်းကျန်းတာ ခံခဲ့ရတဲ့ ပြည်သူတွေဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာ စေတနာ့ဝန်ထမ်း ကာကွယ်ရေး အဖွဲ့တွေကို SAF က တပ်မတော် အတွင်း သွတ်သွင်း လိုက်ပါတယ်။ ထို့အတူပဲ ဒါဖာဘက်က သူပုန်တပ်တွေနဲ့လည်း SAF က မဟာမိတ်လုပ်လိုက်ပါတယ်။ ခုတော့ RSF တွေရှိတဲ့ ဒါဖာဒေသဆီကို ချီတက် တိုက်ခိုက်သိမ်းယူဖို့ လုပ်မှာလား၊ မြို့တော် ခါတွန်မှာပဲ ရပ်ပြီး မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကြမလား ဆိုတာ ဆုံးဖြတ်ရပါတော့မယ်။ ခနော်နီခနော်နဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အုပ်စုလည်း မကြာခင် ထပ်ပြီး ကွဲထွက်ကြဖို့ မြင်နေရပါတယ်။
အစိုးရ အရာရှိဟောင်း အမ်ဂျက် ဖာရစ်လိုမျိုး သြဇာရှိတဲ့ သူတွေထံက “ဒါဖာဟာ ဆူဒန်ရဲ့ တစ်စိတ် တစ်ဒေသ ဖြစ်တယ်၊ SAF ဟာ ဒါဖာကို RSF လက်ထဲ ထည့်ပေးလိုက်ပြီး အရှုံးမပေးလိုက်သင့်ဘူး”” ဆိုတဲ့ အသံ တွေလည်း စထွက်လာနေပါပြီ။ RSF လက်အောက်မှာ လူမျိုးတုန်း သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာတွေ လူ့ငရဲကို ကိုယ်တိုင် ကြုံခဲ့ကြရတဲ့ ဒါဖာ ဒေသခံတွေကလည်း ဒီလိုမျိုး သူတို့ RSF အောက်က လွတ်မြောက်ချင် နေကြပါတယ်။
ဒီလိုတွန်းအားပေးမှုတွေကြောင့် ရှေ့ကိုဆက်တိုးမယ်ဆိုရင် ပိုဆိုးသွားမယ့် အဆုံးသတ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မကြာသေးခင်လေးကပဲ ဆူဒန်တပ်မတော် SAF ဟာ သူတို့ရဲ့ အမာခံ နယ်မြေဖြစ်တဲ့ ဆူဒန် အလယ်ပိုင်း မှာ အကြီးအကျယ်အနိုင်ရခဲ့တာပါ။ မြေပြင်ကနေ ဒါဖာကို တိုက်မယ်ဆိုရင် RSF ရဲ့ ပိုင်နက် နယ်မြေထဲကို ရောက်အောင် သွားပြီး တိုက်ပွဲတွေကို တိုက်ရမယ့်အပြင် မလွယ်ကူတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကိုလည်း ကြုံတွေ့ရဦးမှာပါ။ ၂၀၀၀ ပြည့်နှစ် များအတွင်း ဒါဖာဒေသမှာ ပထမအကြိမ် စစ်ဖြစ်တဲ့ အချိန်တုန်းက ဗိုလ်ချုပ် ဘာဟန်ဟာ ကွပ်ကဲရေးမှူးဘဝနဲ့ တာဝန်ယူခဲ့ရလို့ ဒါဖာဒေသ အကြောင်း နောကျေ အောင် သိသူပါ။ ဒေသခံ မဟာမိတ်များက ဝိုင်းတိုက် ပေးတယ်ဆိုရင်တောင်မှ နောက်တစ်ကြိမ်ထပ်ပြီး ရှေ့မတိုး နောက်မဆုတ် အခြေအနေကို ပြန်ရောက် သွားနိုင် ပါတယ်။ ဆူဒန်မှာ ထင်ရှားတဲ့ အကြံပေးအဖွဲ့မှာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ခိုလွတ်ခဟာက “ဆူဒန် တပ်မတော် (SAF) ဟာ ဒါဖာ ဒေသကို ဘယ်တုန်းကမှ အနိုင်မရခဲ့ပါဘူး” လို့ ဆိုပါတယ်။

ခုချိန်အထိတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေကို လူရှေ့သူရှေ့ မှာ နည်းနည်း လောက် လေသံထွက် လာတာလောက်ပဲ ရှိနေပါသေးတယ်။ SAF က အရပ်သားတွေကို ဆက်တိုက် ဆိုသလို ဗုံးတွေ ကြဲချ နေပါသေးတယ်၊ မတ်လ ၂၄ ရက်နေ့က ဒါဖာ ဒေသက စျေးတစ်စျေး ကို ဗုံးသွားကြဲခဲ့လို့ အနည်းဆုံး လူပေါင်း ၅၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ မြို့တော် ခါတွန်တစ်ဝိုက်မှာလည်း ဥပဒေမဲ့ လုပ်ရပ်တွေ မြင့်တက်နေကြောင်း သိရပါတယ်။ တပ်ကိုထောက်ခံသူများက RSF နဲ့ ပတ်သက်လို့ဆိုပြီး စွပ်စွဲခံရတဲ့ လူတစ်ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ် နေတဲ့ ဗီဒီယို တစ်ခုလည်း လူတွေကြားမှာ မကြာသေးခင်က ပျံနှံ့နေခဲ့ပါသေးတယ်။
ခါတွန်ကို ရှုံးနိမ့်ခဲ့ပြီး ပြန်လည်တိုက်ခိုက်မှုတွေ အနည်းအကျဥ်းလောက်လုပ်ခဲ့ပေမယ့် RSF အဖွဲ့ဟာ ငြိမ်းချမ်းရေး အတွက် စကားပြောဖို့ အသင့်ဖြစ်နေတဲ့ အရိပ်လက္ခဏာတွေ ပြသနေပါတယ်။ ဖေဖော်ဝါရီလ တုန်းက သူတို့ ထိန်းချုပ်ထားနဲ့ နယ်မြေတွေမှာ စင်ပြိုင်အစိုးရ ဖွဲ့မယ်လို့ ကြေညာခဲ့ပါသေးတယ်။ ပြည်ပက သူတို့ရဲ့ အဓိက ကျောထောက်နောက်ခံ နိုင်ငံဖြစ်တဲ့ အာရပ်စော်ဘွားများ နိုင်ငံကလည်း လက်နက်ထောက်ပံ့မှုတွေ မရပ်သေးပါဘူး။ အီဂျစ်နဲ့ အီရီထရီးယား နိုင်ငံကလွဲလို့ ဆူဒန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံး အာရပ်အုပ်စုရဲ့ သြဇာ လွှမ်းမိုးမှု အောက်မှာ ရောက်နေတာပါ။ ဒါဟာ ဘာကို ပြသလဲ ဆိုတော့ RSF ဟာ လက်နက်ရိက္ခာ အပြည့်အစုံနဲ့ ဆက်လက် ရပ်တည်ပြီး နေနိုင်ဦးမယ်ဆိုတာပါပဲ။
အနည်းဆုံးတော့ ဆူဒန် တပ်မတော် (SAF) အောင်ပွဲရလိုက်တာဟာ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့တွေက လူတွေ အတွက် အစားအသောက်နဲ့ အရေးပေါ်သုံးပစ္စည်းတွေ ဝေငှနိုင်ဖို့ ဖြစ်လာပါတယ်။ ငတ်မွတ်ခေါင်းပါးမှု ဘေး ကတော့လွတ်မြောက်လာလို့ ဆူဒန်ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခ သုက္ခတွေ ယာယီတော့ သက်သာရာ ရသွား ပါတယ်။ “ဒါဟာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်သွားနိုင်မှာလား” လို့ အမေရိကန် သံတမန်ဟောင်း ပေတွန် နော့်ဖ် ကိုမေးတဲ့အခါ သူက “မရပ်နိုင်လောက်ပါဘူး” လို့ ဖြေပါတယ်။
မူရင်း Khartoum changes hands, marking a new phase in Sudan’s civil war, The Economists, April 2025


