တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒအပေါ် ဘယ်လိုပဲ ရှုမြင်ရှုမြင်၊ အိန္ဒိယနိုင်ငံကို သွင်းကုန်တို့ရဲ့ ဘုရင်လို့ သမုတ်လိုက်တာက အလွဲကြီးလွဲတယ်လို့တော့ မဆိုနိုင်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော ဝန်ကြီးချုပ်ဖြစ်တဲ့ ဂျဝါဟာလာလ်နေရူးဟာ ပြည်ပကုန်သွယ်ရေး ဆိုတာ ကိုလိုနီဇာတ်သွင်းခံရမယ့် လမ်းကြောင်းလို့ပဲ ရှုမြင်ခဲ့တာပါ။ နေရူးက ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး မူဝါဒအပေါ် လေးစားအားကျခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေမှာ နိုင်ငံတော်အစိုးရက ထိန်းချုပ်ထားရမယ်ဆိုတဲ့ နေရူးရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့ ၁၉၉၁ ခုနှစ်အထိ သက်ဆိုးရှည်ကြာခဲ့ပါတယ်။ ဒီလို သက်ဆိုးရှည်ကြာခဲ့မှုကပဲ အိန္ဒိယနိုင်ငံမှာ စျေးကွက် လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ရေးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်ပွားစေခဲ့တာပါ။ ပြောရရင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံရဲ့ သွင်းကုန်ခွန် နှုန်းထားဟာ ကမ္ဘာ့စံချိန်နဲ့ ချိန်ထိုးကြည့်ရင် အတော်ကြီးကို မြင့်မားနေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ကြည့်လိုက်ရင်လည်း အိန္ဒိယနိုင်ငံရဲ့ သွင်းကုန်က ပိုပြီး မြင့်မားလာပါတယ်။
အခုအချိန်မှာ အိန္ဒိယနိုင်ငံဟာ အရေးကြီးတဲ့အလှည့်အပြောင်းကာလကို ရင်ဆိုင်နေရပါတယ်။ ဧပြီလ ၂ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် တုံ့ပြန် သွင်းကုန်ခွန် ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲ တင်သွင်းလာတဲ့ အိန္ဒိယ ကုန်စည်တွေ အပေါ် (၂၇)ရာခိုင်နှုန်း သွင်းကုန်ခွန် ကောက်မှာပါ။ အိန္ဒိယ အရာရှိတွေရဲ့ လူသိရှင်ကြား ပြောဆို ချက်တွေက အကောင်းမြင် တက်ကြွနေပါတယ်။ အိန္ဒိယအစိုးရ အရာရှိတွေရဲ့ အလိုအရ အိန္ဒိယ နိုင်ငံဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လို ရေတိုဆိုးကျိုးသက်ရောက်မှုကိုမဆို တောင့်ခံနိုင်စွမ်းရှိပြီး အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် မြန်မြန်သွက်သွက် ရရှိစေမှာပါ။ ဒီအခြေအနေကပဲ အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် တွန်းတင်ပေးမယ်လို့ ယူဆထားကြတာပါ။ တချို့က လက်ရှိ အခြေအနေကို (၁၉၉၁) မြင်ကွင်းနဲ့ နှိုင်းယှဉ်ကြပါတယ်။ ဒါပေမဲ့ အတွင်းစည်း သဘော ရင်းရင်းနှီးနှီး ပြောဆို ကြတဲ့အခါ အိန္ဒိယအရာရှိတွေက သူတို့ရဲ့ ပုံရိပ်သောကကို ထုတ်ဖော်ပြောဆိုကြပါတယ်။ အမေရိကန်နိုင်ငံနဲ့ ရရှိလာမယ့်သဘောတူညီချက်ကြောင့် ပြည်တွင်းမှာပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ် နေကြတာပါ။ ပြောရရင် ကုန်သွယ်ရေးစစ်ပွဲသာ သက်ဆိုးရှည်ကြာနေခဲ့ရင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ရည်မှန်းချက်မြင့်မားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နစ်နာစေမှာပါ။
ဝန်ကြီးချုပ်မိုဒီရဲ့ ဖေဖော်ဝါရီလ၊ ဝါရှင်တန်ခရီးစဉ်မတိုင်ခင် အိန္ဒိယနိုင်ငံဟာ ဒေါ်နယ်ထရမ့်ကို လိုက်လျောအကြိုက် ဆောင်တဲ့အနေနဲ့ အမေရိကန်ဝီစကီနဲ့ မော်တော်ဆိုင်ကယ်အပါအဝင် တချို့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် ကောက်ခံတဲ့ သွင်းကုန်ခွန်တွေကို လျှော့ချပေးခဲ့ပါတယ်။ ဒီခြေလှမ်းက အလုပ်ဖြစ်တယ်လို့ ပြောရမှာပါ။ နှစ်နိုင်ငံခေါင်းဆောင်တွေက သဘောတူညီချက်ရဲ့ ပထမပိုင်းကို ဆောင်းဦးရာသီမှာ အပြီးသတ် ညှိနှိုင်းကြဖို့ သဘောတူခဲ့ကြသလို နှစ်နိုင်ငံကြား ကုန်စည်နဲ့ ဝန်ဆောင်မှုကုန်သွယ်ရေးကို ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၅၀ဝ အထိ မြှင့်တင်ဖို့ သဘောတူ ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံကြား ကုန်စည်နဲ့ ဝန်ဆောင်မှု ကုန်သွယ်ရေးဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာဘီလီယံ ၂၁၀ ပဲရှိပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ သူ့ရဲ့ ပမာဏ ကြီးမားတဲ့ ကုန်သွယ်ရေး ပိုငွေတွေ လျှော့ချနိုင်ရေးကိုဦးတည်ပြီး လက်နက်အပါအဝင် ရေနံသဘာဝဓာတ်ငွေ့လို အမေရိကန် ကုန်ပစ္စည်းတွေ ပိုမိုဝယ်ယူဖို့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကြား သဘောတူခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်တဲ့ ဖီယွက်ရှ် ဂိုရယ်လ် (Fiyush Goyal) ဟာ မတ်လမှာ ဝါရှင်တန်ကို သွားရောက်ပြီး တချို့ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်လျှော့ချပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အိန္ဒိယနိုင်ငံက သူ့နိုင်ငံဆီတင်ပို့လာတဲ့ အမေရိကန် ကုန်ပစ္စည်းတွေရဲ့ (၅၅) ရာခိုင်နှုန်းအပေါ် သွင်းကုန်ခွန်တွေ လျှော့ပေါ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒစ်ဂျစ်တယ်ကြော်ငြာတွေအပေါ် ကောက်ခံတဲ့ အခွန်(၆)ရာခိုင်နှုန်းကို ရုပ်သိမ်း ပေးခဲ့ပါတယ်။ ဒီခြေလှမ်းက အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေအဖို့ ကုန်ကျစရိတ် သက်သာစေ မှာပါ။ အိန္ဒိယ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Reliance Jio နဲ့ Bharti အေအိုင်rtel တို့က အိန္ဒိယနိုင်ငံမှာ အီလွန်မက်စ်ရဲ့ စတားလင့်ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ သဘောတူညီချက် ရယူခဲ့ပါတယ်။

ဒီခြေလှမ်းတွေက ရေတိုမှာ အမေရိကန်နိုင်ငံက ချမှတ်မယ့် သွင်းကုန်ခွန်သစ်ကို ရှောင်လွှဲ စေနိုင်မှာ မဟုတ်ပေမယ့် အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ အရှိန်အဟုန်မပျက်အောင်တော့ ထိန်းထား ပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့မှာ နှစ်နိုင်ငံကြား ဆွေးနွေးပွဲ နောက်တစ်ဆင့်ထက် ပို သဘောတူညီချက် ရရှိထားပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိ ခြေလှမ်းတွေရဲ့ ရည်ရွယ်ချက်က ကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ကို အစောဆုံး သြဂုတ်လမှာ ရရှိဖို့ဖြစ်ပြီး ဒီအဆင့်ပြီးရင် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆက်ညှိနှိုင်း ကြမှာပါ။ လက်ရှိ အခြေအနေအရ ပြောရရင် အိန္ဒိယနိုင်ငံဟာ အမေရိကန် နိုင်ငံအပေါ် တုံ့ပြန်သွင်းကုန်ခွန် မကောက်ခံဖို့ ဆုံးဖြတ်ထား ပုံပဲ။
အမေရိကန်သွင်းကုန်ခွန်သစ်တွေရဲ့ အိန္ဒိယစီးပွားရေးအပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှုဟာ အကန့်အသတ်နဲ့ပဲ ရှိနေမှာပါ။ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား နှစ်နိုင်ငံကုန်သွယ်ရေးဟာ အိန္ဒိယဂျီဒီပီ (GDP) ရဲ့ (၃) ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။ သုတေသနဌာန ဖြစ်တဲ့ Golbal Trade Research Initiative ကို ဦးဆောင်နေတဲ့ အိန္ဒိယကုန်သွယ်ရေးဌာနအရာရှိ ဟောင်း အာဂျေး ဆရီဗတ်စတာဗာ (Ajay Srivastava) က အခြားအာရှနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ မြင့်မားတဲ့သွင်းကုန်ခွန် ချမှတ်ခဲ့ရင် အိန္ဒိယနိုင်ငံအတွက် အကျိုးအမြတ်ရှိနိုင်တယ်လို့ အကြံပြု ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမြင့်မားတဲ့ သွင်းကုန်ခွန် ချမှတ် ရာမှာ အမေရိကန်နိုင်ငံဆီ အိန္ဒိယနိုင်ငံက အဓိကတင်ပို့နေတဲ့ “ဆေးဝါးမျိုးစုံ” ကို ခြွင်းချက်ထား၊ ဖယ်ထုတ်ထားဖို့ကိုပါ သူက အကြံပြုခဲ့တာပါ။
ဒါပေမဲ့လည်း အမေရိကန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတင်ပို့ရာ အဓိက နိုင်ငံဖြစ်နေတဲ့အတွက် လုပ်ငန်း ပမာဏကျယ်ပြန့်တဲ့ လယ်ယာစိုက်ပျိုးရေးကို ကဏ္ဍတစ်ခုချင်း အပေါ်မှာတော့ သွင်းကုန်ခွန်က အနည်းနဲ့ အများတော့ ထိခိုက်စေမှာပါ။ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ ကဏ္ဍတွေထဲမှာ ပင်လယ်စာထွက်ကုန်ကဏ္ဍ ပါနိုင်သလို ကျောက်မျက်ရတနာ ကဏ္ဍလည်း ပါနိုင်တယ်လို့ အာဂျေး ဆရီဗတ်စတာဗာက ထောက်ပြခဲ့ပါတယ်။ သွင်းကုန်ခွန် ကြောင့် ထိခိုက်နိုင်တဲ့အထဲမှာ အိန္ဒိယနိုင်ငံတွင်းမှာ တပ်ဆင်တဲ့ iPhone နဲ့ တခြားသော စမတ်ဖုန်း တွေအပါအဝင် အိန္ဒိယနိုင်ငံရဲ့ အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ဧပြီလ ၃ ရက် ဈေးဖွင့်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပင်မရှယ်ယာညွှန်းကိန်းဟာ ကျဆင်း ခဲ့ပါတယ်။ နည်းပညာကဏ္ဍ ရှယ်ယာတွေက အထိနာဆုံးပါ။ ဆေးဝါး ထုတ်ကုန်ဆိုင်ရာ ရှယ်ယာတွေကတော့ စင်ပေါ်ကလို့ပြောရမှာပါ။ သွင်းကုန်ခွန်ရဲ့ အိန္ဒိယနိုင်ငံအပေါ် သွယ်ဝိုင်အကျိုးသက်ရောက်မှုဟာ ပိုကြီးမားမှာပါ။ ထရမ့်ရဲ့ သွင်းကုန်ခွန်မူဝါဒ အပေါ် အခြေပြုတဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာတာဟာ အိန္ဒိယရဲ့ပို့ကုန်တွေရဲ့ ဝယ်လိုအားကို ကျဆင်းသွားစေမှာပါ။
တခြားနိုင်ငံတွေရဲ့ အစဉ်အဆက် အမေရိကန်နိုင်ငံဆီကို တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေနဲ့လည်း အိန္ဒိယနိုင်ငံ ပို့ကုန်တွေဟာ ပိုပြီး အကြိတ်အနယ် ယှဉ်ပြိုင်လာရမှာပါ။ ဥပမာပေးရရင် သံမဏိနဲ့ဓာတုပစ္စည်းတွေလို အိန္ဒိယ ပို့ကုန်တွေပါ။ မျှော်လင့်ထား တာထက် ပိုမိုမြင့်မားလာတဲ့ သွင်းကုန်ခွန်ဟာ အိန္ဒိယနိုင်ငံရဲ့ဖွံ့ဖြိုးမှုကို (ဝ.၈)ရာခိုင်နှုန်း ဝန်းကျင်ပမာဏအထိ ကျဆင်းသွား စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက တွက်ချက် ထားပါတယ်။
ဒါပေမဲ့လည်း စီးပွားရေးနှေးကွေးလာတာနဲ့ စတော့ဈေးကွက် ကျဆင်းလာတာဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီအဖို့ ရေတိုကာလမှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးပါ။ ကုန်သွယ်ရေးစစ်ပွဲသက်တမ်း ရှည်ကြာခဲ့ရင်တော့ ဝန်ကြီးချုပ်မိုဒီရဲ့ ၂၀၃၀ခုနှစ်မှာ အိန္ဒိယပို့ကုန်တန်ဖိုး ဒေါ်လာ နှစ် ထရီလီယံရှိရေးဆိုတဲ့ ရည်မှန်းချက်ကို ထိခိုက် စေမှာပါ။ ၂၀၂၃-၂၄ ခုနှစ်မှာ အိန္ဒိယ ပို့ကုန် ပမာဏဟာ ဒေါ်လာ ၇၇၈ ဘီလျံရှိပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ နှစ်စဉ်ဂျီဒီပီ (GDP) တိုးတက်နှုန်းဟာ အနည်းဆုံး (၈) ရာခိုင်နှုန်းရှိရမှာပါ။ ဒီလိုသာ ရေရှည်ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ရင် ဝန်ကြီးချုပ်မိုဒီဟာ ဒေါ်နယ်ထရမ့်ကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်ဆိုတဲ့ အိန္ဒိယ လူထုအမြင် ကိုလည်း ထိခိုက် စေမှာပါ။
ဒါကြောင့် ဝန်ကြီးချုပ်မိုဒီရဲ့ ကိုင်တွယ်ပုံကိုကြည့်ရတာ ကိုယ့်ဘက်က အသာရနိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင် ကြိုးစားနေခဲ့ပုံရပါတယ်။ သူအာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်နိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ သွင်းကုန်ခွန်တွေကို မြှင့်တင်ခဲ့ပါတယ်။ နိုင်ငံခြားကုန် ပစ္စည်း ထုတ်လုပ်သူတွေ ဆွဲဆောင်နိုင်ရေးမှာ အခြေခံသတ်မှတ်ချက်ထက် ကျော်လွန်မြင့်မားအောင် ကုန်ပစ္စည်း ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေကို ကုန်ထုတ်လုပ်မှုဆိုင်ရာ မက်လုံးတွေလည်း ပြဋ္ဌာန်းပေးအပ်ခဲ့ပါတယ်။ အရည်အသွေးထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ သွင်းကုန်ဆိုင်ရာ အန္တရာယ် ကင်းရေး စံချိန်စံညွှန်းတွေဟာ ဝန်ကြီးချုပ်မိုဒီ လက်ထက်မှာ ပိုမိုကျယ်ပြန့် လာခဲ့ပါတယ်။ ဒီလို အမိန့်ညွှန်ကြားချက် တွေဟာ အိန္ဒိယဈေးကွက်ထဲ ဝင်ယှဉ်ပြိုင်ချင်တဲ့ ပြည်ပ ကုန်ပစ္စည်းတွေအတွက် အဟန့်အတား တွေ ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုဟာ တိုင်းပြည်ဂျီဒီပီရဲ့ (၁၄)ရာခိုင်နှုန်းပဲ တန်းနေ ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ (၁၆)ရာခိုင်နှုန်း ရှိနေခဲ့တာပါ။ (တရုတ်နိုင်ငံရဲ့ အဲဒီအချိန်က အလားတူ ကိန်းဂဏန်း ဟာ (၂၅) ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်) ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုက တိုးမလာသလို ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခြေအနေ ကလည်း ကျဆင်း ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် မူလရည်မှန်းချက်အပေါ် အပြောင်းအလဲတွေ လုပ်လာ နိုင်ပါတယ်။ မေလ ၂၄ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ ရိုက်တာ (Reuters) သတင်းအရ ကုန်ထုတ်လုပ်မှုဆိုင်ရာ မက်လုံးစနစ်မှာ လျှော့ပေါ့စဉ်းစားမှုတွေ ရှိလာမှာပါ။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂိုရယ်လ်က အိန္ဒိယ ပို့ကုန် လုပ်ငန်းရှင်တွေကို “ကိုယ်ကျိုးစီးပွားကာကွယ်ရေး အတွေးအခေါ်တွေ စွန့်လွှတ်ဖို့” မကြာသေးခင်ကပဲ သတိပေး ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံက ကြီးမားကျယ်ပြန့်တဲ့ ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက် လုပ်ငန်းစဉ်ကနေ ကျောခိုင်းထွက်ခွာလာခဲ့ပေမယ့် (Regional Comprehensive Economic Partnership-RCEP က နုတ်ထွက်ခဲ့တာပါ။) လက်ရှိမှာတော့ အိန္ဒိယနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ရော ဗြိတိန်နိုင်ငံနဲ့ပါ ကုန်သွယ်ရေး သဘောတူညီချက်တွေ ညှိနှိုင်းဆွေးနွေး နေပါတယ်။
ဈေးကွက်ဖွင့် ပြုပြင်ပြောင်းလဲရေးတွေ ရှောင်လွှဲနိုင်ဖို့ ကုန်သွယ်ရေး သဘောတူညီချက်တွေ အပေါ် အမြတ်ထုတ် အသုံးချတဲ့နေရာမှာ ဝန်ကြီးချုပ်မိုဒီဟာ ပထမဦးဆုံးသော ခေါင်းဆောင် မဟုတ်ပါဘူး။ ဘယ်လိုပဲ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာရှိလာ နိုင်ငံခြားသားတွေအပေါ် အပြစ်တင်တာ ကလည်း လုပ်နေကျကိစ္စပါ။ ကနေဒါနိုင်ငံ ကလက်တန်တက္ကသိုလ် (Carleton University) မှ ဗီဗက်ဒီဟီဂျာ (Vivek Dehejia) က “ဒီလိုလုပ်ကွက် တွေဟာ နိုင်ငံရေးဘောဂဗေဒ ၁၀၁ တွေပါပဲ” လို့ မှတ်ချက် ပြုပါတယ်။ အိန္ဒိယစီးပွားရေးပညာရှင် အတော်များများရဲ့ အမြင်အရ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာ သိပ်ကို ကြာနေပါပြီ။ ဗီယက်နမ်နဲ့ မလေးရှားလို နိုင်ငံတွေဟာ တရုတ်နိုင်ငံက ကုန်ထုတ်လုပ်သူတွေကို ဆွဲဆောင်ရာမှာ ပိုအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ ဒီလိုအောင်မြင်မှုတွေရဲ့ တစ်စိတ်တစ်ဒေသဟာ သွင်းကုန်ခွန်နည်းပါးတာနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ညိနှိုင်းနိုင်တာတွေကြောင့်ပါ။
ဒီနေရာမှာ မေးရမယ့်မေးခွန်းဟာ ဝန်ကြီးချုပ်မိုဒီဟာ ထရမ့်ရဲ့တောင်းဆိုချက်တွေကို လိုက်လျော သဘောတူနိုင်ပါ့မလားဆိုတာပါပဲ။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးနဲ့ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး (e-commence) လို နိုင်ငံရေးအရ အမှားအယွင်း မခံနိုင်တဲ့ ကိစ္စရပ် တွေမှာပါ။ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယအစိုးရရဲ့ ပစ္စည်းဝယ်ယူမှု မြှင့်တင်ရေးကိစ္စရပ်တွေမှာ အမေရိကန် ကုမ္ပဏီတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုဖို့ အိန္ဒိယနိုင်ငံကို ဖိအားပေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သတင်းအချက်အလက် တွေရရှိရေးမှာ အဟန့်အတားပြုထားတဲ့ ကန့်သတ်ချက်တွေ ကိုလည်း ထရမ့်ကဖယ်ရှားပေးစေချင်တာပါ။ ပြောရရင် အိန္ဒိယ နိုင်ငံဟာ ဒီတောင်းဆိုချက်အပေါ် မသိကျိုးကျွံပြုနေတာ ကြာလှပါပြီ။ အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံထဲကို အဝတ်အထည်တွေ ပိုရောင်းချခွင့်ရဖို့ မျှော်လင့်နေပေမယ့် ဒီမျှော်လင့်ချက်ကို အမေရိကန်ထုတ်လုပ်သူတွေက ဟန့်တားကြမှာပါ။
အိန္ဒိယနိုင်ငံက ထရမ့်ရဲ့ ဖိအားပေးမှုကို သိပ်လိုက်လျောခဲ့ရင် အိန္ဒိယနိုင်ငံလယ်သမားတွေက ဆန့်ကျင် ကန့်ကွက်ကြမှာ ဖြစ်သလို အိန္ဒိယရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း မကျေမနပ် ဖိအားပေး ပြောဆို လာကြမှာပါ။ ပြောမယ်ဆိုရင် အိန္ဒိယအစိုးရအဆက်ဆက်က ဒီစီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ပြည်ပ ပြိုင်ဆိုင်မှု မရှိရလေအောင် အကာအကွယ် ပေးခဲ့ကြတာပါ။ ဒီအိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဆိုတာကလည်း ဝန်ကြီးချုပ် မိုဒီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြသလို ဝန်ကြီးချုပ် မိုဒီရဲ့ နိုင်ငံရေးပါတီအတွက် အဓိကထည့်ဝင်ကြတဲ့ အလှူရှင်တွေလည်း ဖြစ်ကြပါတယ်။ သွင်းကုန်ခွန်တို့ရဲ့ဘုရင်လို့ ပြောရမယ့် အိန္ဒိယဝန်ကြီးချုပ်နဲ့ အမေရိကန်နိုင်ငံရဲ့ သွင်းကုန်အဓိကဝါဒီတို့ရဲ့ အလျှော့အတင်း၊ အပေးအယူဈေးဆစ်ပွဲကတော့ စပြီး အသက်ဝင်လှုပ်ရှားနေပြီလို့ပဲ ပြောရမှာပါ။
မူရင်း – India sees opportunities, as well as risks, in Trump’s trade war, The Economist, April 2025


