The Corner

The Corner

cropped-Logo_round_grey-background.png

ကပ်ဘေးများအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ – မောင်လူထွန်း

Share မယ်

“အလျင်လို လမ်းအိုလိုက်” ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အလုပ်ခွင်မှာ မကြာခဏ ကြားရတာ ကတော့ “copy with pride” လို့လည်း ခေါ်ပါတယ်။ တစ်စုံတစ်ယောက်က အားထုတ် ပြုစုပြီးသား ရှိလျှင် အတုယူပြီး လုပ်လိုက်တာမျိုး ကိုခေါ်ပါတယ်။ နောက်ပြီး “you don’t need to reinvent the wheel” လို့လည်း ပြောလေ့ပြော‌ထ‌ ရှိပါတယ်‌။ “ဘီးကို အသစ်ကစလို့ ပြန်ပြီး တီထွင်စရာမလိုဘူး” လို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပါတယ်။ ဆိုလိုရင်းကတော့ ဖြစ်ရပ်များအားလုံးအတွက် လမ်းအသစ် ဖောက်စရာ မလိုဘူးဆိုတာ ပြောချင်တာပါ။ လမ်းသစ် ထွင်ကြတာ ကောင်းပါတယ်၊ ကြိုဆိုရမှာပါ။ သို့သော် အခြား နိုင်ငံများ လူများ လုပ်ဆောင်ပြီး အောင်မြင်ပြီးသားဆိုလျှင် အချိန်ကုန်ခံပြီး တီထွင် ပြုစုနေစရာမလိုတော့ဘဲ ကိုယ့် ယဥ်ကျေးမှု ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ လုပ်ထုံးလုပ် နည်းတစ်ခုဖြစ်‌အောင် ပြုစုပြင်ဆင်ပြီး  အချိန်တိုအတွင်း လုပ်ကြမယ်ဆိုရင် ပိုပြီး ထိရောက် အောင်မြင် နိုင်မယ်လို့ ယုံကြည်ပါတယ်။

            နိုင်ငံရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီများက စလို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ အထိ နယ်ပယ်အစုံ ကမ္ဘာပေါ်မှာ လုပ်ငန်းရပ်များ၊ မူဝါဒများ၊ စီမံခန့်ခွဲရေး အစီအစဥ်များ အစရှိသဖြင့် နမူနာ ယူစရာ တော်တော်များများရှိပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရပ်များရှိသလို လက်လျှော့ သွားရပြီး မအောင်မြင်တဲ့ သာဓက များစွာလည်း ရှိပါလိမ့်မယ်။ အောင်မြင်တဲ့ လုပ်ငန်းရပ် အစဥ်အလာများကိုတော့ Best practices များလို့ခေါ်ကာ အတုယူပြီး လိုအပ်သလို ပြုပြင် အသုံးပြုနိုင်သလို မအောင်မြင် ခဲ့တဲ့ နမူနာများကို ကြည့်ပြီး ပြုပြီးသားအမှားတွေကို နောက်တစ်ခါ ထပ်မလုပ်မိအောင် သင်ခန်းစာ ယူနိုင်ပါတယ်။ 

            မြန်မာနိုင်ငံမှာ မတ်လနှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ မြန်မာပြည်သူများအတွက် မကြုံဖူးတဲ့အပြင် အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုတွေ ဒုက္ခများစွာနဲ့ ကြီးငယ် ရွယ်လတ် လူမျိုး ဘာသာ မရွေး ထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ထုထည် ကြီးမားတဲ့ ငလျင်ရိုက်ခတ်မှု တစ်ခု ဆိုပေမယ့် တခြား ကမ္ဘာ့နေရာ များမှာတော့ ဒီထက် အင်အားကြီးမားတဲ့ ငလျင်မျိုး ဖြစ်ပွား ဖူးပြီးသား ဖြစ်နေမှာပါ။ ဒီလို ကပ်ဘေးအန္တရာယ်ကြီး ကျရောက်လာရင် ပထမဆုံး အရေးတကြီးလုပ်ကြရတာက အပြိုအပျက်တွေ ကြားမှာ အသက်ရှင် ကျန်ရစ်သူ ရှိမရှိ ရှာဖွေရေးနှင့် အတိ ဒုက္ခရောက်နေသူများထံ ကူညီကယ်ဆယ်ရေးများ အမြန်ဆုံးရောက်အောင် ရေတို လုပ်ဆောင်ရေးနှင့် ကပ်ဘေးသင့် ပြည်သူများ အနည်းဆုံး နေ့စဥ်ဘဝ ပြန်ရောက်ပါက ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလေအလွင့်မရှိ လုပ်ဖို့ လိုအပ်ပါတယ်။ 

            ဒီလို အခြေအနေမျိုးမှာ နိုင်ငံခြား အခြေစိုက် ကူညီကယ်ဆယ်ရေး အဖွဲ့များလဲ အလုံးအရင်းနဲ့ ဝင်ရောက်လာကြသလို ပြည်တွင်းရှိ သဒ္ဓါတရား ထက်သန်သူများကလည်း တစ်ပိုင်တစ်နိုင် လှူဒါန်းမှုတွေနဲ့ ကူညီကြတာ အစဥ်အလာပါပဲ။ ထိုကဲ့သို့ ကူညီမှုမျိုးကို လိုအပ်သူများ လိုနေသူများ ထံ ထိထိရောက်ရောက် နဲ့ အလေအလွင့်နည်းပါးအောင် အချိတ်အဆက်မိမိ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ဆိုတာကတော့ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ဖြစ်လာမည် မှန်းမသိတဲ့ ကပ်ဘေးအတွက် ကြိုတင် ပြင်ဆင် ဇာတ်တိုက်မှုတွေ လုပ်ထားဖို့ ဆိုတာမှာလည်း ဖွံ့ဖြိုး တိုးတက်နေသည့် နိုင်ငံတစ်ခု မဟုတ်တဲ့ အတွက် လက်တွေ့ အကောင်အထည် ဖော်ဖို့ အခက်အခဲ တချို့ ရှိပါလိမ့်မယ်။

            ဒီအတွက် အချိန်တိုအတွင်း အကူအညီနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိ ရောက်ရောက် လုပ်ဖို့အတွက် ကိုယ်လိုပဲ ဒီလိုကပ်ဘေးအန္တရာယ် ကြုံဖူးတဲ့ နိုင်ငံများက အဖြစ်အပျက် များကို ပြန်လည် သုံးသပ်ရင်း သူတို့မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားအောင် အကူအညီများ လိုအပ်သူ များထံ အချိန်တိုတိုအတွင်း ရောက်ရှိ ကူညီနိုင်အောင် မြန်မာနိုင်ငံ အခြေအနေနဲ့ အလားတူတဲ့ ဟေတီနိုင်ငံ နဲ့ နီပေါနိုင်ငံများမှာ လှုပ်ခတ်ခဲ့တဲ့ ဧရာမ ငလျင်ဘေးကြီးများကို အကူအညီပေးရင်း ပြန်လည် သုံးသပ်ထားတဲ့ စာတမ်းတချို့ကို လေ့လာ သုံးသပ်နိုင်ရန် တင်ပြလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Global Facility for Disaster Reduction and Recovery (GFDRR), ကုလသမဂ္ဂ နိုင်ငံများ ဖွံ့ဖြိုးရေး အစီအစဥ် UNDP နှင့်  ဥရောပ သမဂ္ဂ (EU) စသည့် အဖွဲ့အစည်းများက ကပ်ဘေးသင့် နိုင်ငံများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လိုက်နာလုပ်ဆောင်သင့်တဲ့ မူကြမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူကြမ်းဟာ နိုင်ငံ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကပ်ဘေးကျရောက် ပြီးနောက်  ကပ်ဘေးဒဏ်ခံ ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အချိတ်အဆက်မိမိ စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင် သွားစေရန် ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ကပ်ဘေးဒဏ်သင့် ခံရတဲ့ နိုင်ငံများမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ များကို ကောက်သင်းကောက်သလို စုဆောင်း ထားတာကြောင့် ပြီးပြည့်စုံသည့် လုပ်ငန်းစဥ်တစ်ခုလို့ မဆိုနိုင်ပေမယ့် အထိုက်အလျောက် မှီငြမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီမူကြမ်းက အဆိုပြုထားတဲ့ သဘာဝကပ်ဘေးများအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ လုပ်စရာများ ကတော့

      (၁) ကပ်ဘေးကျရောက်လာလျှင် နိုင်ငံရဲ့ ရေမြေသဘာဝ ယဥ်ကျေးမှု အခြေခံများ အပေါ်မူတည်ပြီး လိုက်နာလုပ်ဆောင်ရန် ချမှတ်ထားသည့် လုပ်ငန်းအဆင့်ဆင့်များ

      (၂) အဆိုပါ လုပ်ငန်း အဆင့်ဆင့်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရန်၊ သာတူညီမျှ ဖြစ်ရန်နှင့် ဖြစ်ပေါ်လာနိုင်မည့် အတားအဆီးများကို ကျော်လွှားနိုင်ရန် 

      (၃) လုပ်ဆောင်လိုက်နာရန် မူဝါဒများ၊ သက်ဆိုင်ရာ ဌာနများအား ကြိုတင် တာဝန် ပေးထားမှုများ၊ ကပ်ဘေး ပေါ်ပေါက်လာလျှင် အထိရောက်ဆုံး စွမ်းဆောင်နိုင်ရန် ပြင်ဆင်ထားခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှုကို စောင့်ကြည့် မှတ်တမ်းတင်သွားရန်

      (၄) ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်မှုကို တိုင်းတာမည့် နည်းလမ်းများ ရှာဖွေနိုင်ရန် နှင့် အချက်အလက်များကောက်ယူ စိစစ်သွားနိုင်ရန် 

အစရှိသဖြင့် အကြံပြုထားပါတယ်။ 

ငလျင် သဘာဝဘေး အန္တရာယ်ကြီး ခံခဲ့ရတဲ့ ဟေတီနဲ့ နီပေါ နိုင်ငံတွေမှာ ကူညီ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဘယ်လို လုပ်ခဲ့ကြ ပါသလဲ။ 

ဟေတီ ငလျင်

၂၀၁၀ ခုနှစ်က ဟေတီနိုင်ငံမှာ ငလျင်ဘေးဒဏ် သင့်လာတဲ့အခါ နဂိုကတည်းက ဆင်းရဲတွင်းနက် နေသည့် အခြေအနေ နှင့် နိုင်ငံရေး ရှုပ်ထွေးမှု များကြောင့် လိုအပ်ချက်များ များပြားလှပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၄င်းလိုအပ်ချက်များ ကိုပါ ထည့်သွင်း စဥ်းစားခဲ့ ကြရပါတယ်။  သို့သော်လည်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ တကယ်တမ်း စတင် လုပ်ဆောင် ချိန်မှာတော့ ဒုက္ခရောက်ကြသူများ အစုလိုက်အပြုံလိုက် မြို့များဆီသို့ ပြောင်းရွှေ့ လာကြ သလို ပုံမှန်မဟုတ်တဲ့ အခြေချ နေထိုင်မှုများ ကြောင့် ပြန်လည်တည်ဆောက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နောက်ထပ် စိန်ခေါ်မှု အသစ်များ ထပ်မံကြုံတွေ့ လာခဲ့ရပါတယ်။

            ဟေတီငလျင်ဟာ အုပ်ချုပ်သူ အစိုးရအတွက် ဘာလုပ်ရမှန်း မသိနိုင်လောက်အောင်ကို အကြီး အကျယ် အရှိုက်ထိသွားစေပြီး ဒီလောက်ကြီးမားတဲ့ အပျက်အစီးအတွက်လည်း ကြိုတင် ပြင်ဆင်မှု တွေ လုပ်မထားခဲ့ပါဘူး။ မကြာခဏဆိုသလို ဖြစ်လေ့ရှိတဲ့ ဟာရီကိန်းမုန်တိုင်းနဲ့ ရေကြီးမှုတွေကိုသာ ကြုံဖူးတဲ့ ဟေတီ အာဏာပိုင်များ အတွက် ငလျင် အရေးပေါ်အခြေအနေ ပြင်ဆင်ထားမှု ဘာဆိုဘာမှ မရှိပါဘူး။ အကောင်အထည်ဖော်ကာစ ကပ်ဘေး တုံ့ပြန်ရေးစနစ် နဲ့ အကျွမ်းတဝင်မရှိလှတဲ့ နိုင်ငံ့ ခေါင်းဆောင် များဟာ ဖြစ်လာတဲ့ သဘာဝ ကပ်ဘေးကို ကိုင်တွယ်ဖို့ အဖွဲ့တစ်ဖွဲ့ကို မြန်မြန် ဆန်ဆန်ပဲ ဖွဲ့စည်းလိုက်ပါတယ်။ လုပ်လက်စ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေကို ဘေးချိတ်ထားလိုက်ပြီး သမ္မတ ပရီဘေးဟာ စိတ်ချ ယုံကြည် ရသူများနဲ့ စုစည်းထားတဲ့ အရေးပေါ် ကောင်စီတစ်ခု ကောက်ကာငင်ကာ ဖွဲ့စည်းလိုက်ပြီး ဒီအဖွဲ့ဆီကတစ်ဆင့် အသက်ဆုံးပါးသွားသူများ နဲ့ အပျက်အစီးများ အတွက် ကိုင်တွယ် ဆောင်ရွက်ဖို့ နဲ့ သူ့ကို တိုက်ရိုက် အကြံပေးဖို့ စီစဥ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ ဘယ်လာရိဗ် ကလဲ ကပ်ဘေး တုံ့ပြန်ရေး ကော်မတီငယ်တစ်ခု အမြန်ဖော်ဆောင်လိုက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းကို မဟာဗျူဟာကျကျ ကိုင်တွယ်ဖို့ စတင်လိုက်ပါတယ်။ 

ကပ်ဘေးကျရောက်မှုကြောင့် ထိခိုက်အဆုံးအရှုံးများကို အကဲဖြတ်သည့် ကာလမှ ပြန်လည် တည်ဆောက်ရေး သို့

PDNA (Post-Disaster Need Assessment) လို့ခေါ်တဲ့ ကပ်ဘေး ကြောင့် အပျက်အစီး ထိခိုက်ဆုံးရှုံးမှုများ အကဲဖြတ်တဲ့ အလုပ်ကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်အောင် နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ နိုင်ငံရှိ ဝန်ကြီးဌာနများ ပူးပေါင်းဆက်စပ် လုပ်ဆောင်နိုင်ရေးအတွက် ဝန်ကြီးချုပ်က တာဝန်ယူ ဦးဆောင် ဆောင်ရွက်ပါတယ်။ PDNA ကို အဆင့်မြင့်အရာရှိများနဲ့ အပြည်ပြည်ဆိုင်ရာ မှတာဝန်ရှိသူများက ကြပ်မတ် အကောင်အထည်ဖော်ပါတယ်။ ဟေတီ အစိုးရ အရာရှိများက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ၂၀၀ခန့် အကူအညီနဲ့ PDNA လုပ်ငန်း တစ်ခုချင်းစီကို ဦးဆောင်လုပ်ကိုင်ကြပါတယ်။ တကယ်တော့ ဒီလုပ်ငန်းဟာ ပါဝင်သူအားလုံး အမြင်ကျယ်ကျယ်ထားပြီး စည်းချက်ညီညီလုပ်ကိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တချို့ ပညာရှင်များရဲ့ အဆိုအရ ဟေတီနိုင်ငံရဲ့ အခြေအနေ၊ ဘာသာစကား ရင်းနှီးကျွမ်းဝင်မှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ အတားအဆီး များကြောင့် သက်ဆိုင်ရာ အစိုးရက PDNA လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နိုင်မယ် ဆိုရင် ဒီထက်ပိုပြီး အများကြီး ထိရောက်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဆိုရင် လူနည်းနည်းနဲ့ ကျဲကျဲဝိုင်း နိုင်မှာလဲ ဖြစ်ပါတယ်။ 

            အမှန်တော့ PDNA လုပ်ငန်းစဥ်ဟာ ပြန်လည်တည်ဆောက်ရေး အတွက် အလွန် အခရာ ကျပြီး အချိန်တို အတွင်းမှာ လုပ်နိုင်လေ ထောက်ပံ့မှုတွေ အမြန်ဆုံး ရနိုင်မှာဖြစ်ပါတယ်။ ဘယ်လောက် ပမာဏ ပျက်စီး ဆုံးရှုံးသွားတယ်ဆိုတာသိရမှ လှူဒါန်းမယ့် သူများထံမှ အကူအညီများ ရရှိနိုင်မှာ ဖြစ်လို့ ဒီလုပ်ငန်း ပြီးပြီးချင်းမှာ ဆက်လက် လုပ်ဆောင်ရမယ့် ရေတို ရေရှည် လုပ်ငန်း ဆောင်တာများ ရေးဆွဲဖို့လိုပါတယ်။ ဟေတီငလျင် ဖြစ်ပြီး PDNA လုပ်ငန်းပြီးသွားတာနဲ့ ရေတို လုပ်ငန်း ဆောင်တာ များကို ဆယ်နှစ်အတွင်း လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ လာမည့် အနှစ်နှစ်ဆယ် မှာ ဟေတီကို ထွန်းကား ဖွံ့ဖြိုးလာမည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆောင်ရွက်ဖို့ ရေရှည် လုပ်ငန်းဆောင်တာများ ပါဝင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဘယ်သူက ဘာလုပ်မယ်ဆိုတာ တစ်ခါတည်း ခွဲဝေပြီး သားဖြစ်လို့ အလုပ်တွေ လုပ်တဲ့နေရာမှာ ထပ်နေမှာလည်း စိုးရိမ်စရာ မလိုပါဘူး။ ဥပမာ ဘယ်သူက ဘယ် အလုပ်ကို ဦးဆောင်မယ်ဆိုတဲ့ နေရာမှာ 

      ၁) ဟေတီနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများပူးတွဲ လုပ်ကိုင်ကြမယ့် လုပ်ငန်းများ

      ၂) ဟေတီ အစိုးရ ဦးဆောင်မယ့် လုပ်ငန်းများ

      ၃) ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ဦးဆောင်မယ့် လုပ်ငန်းများ

      ၄) အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဦးဆောင်မယ့် လုပ်ငန်းများ 

      ၅) ပုဂ္ဂလိက အဖွဲ့အစည်းများမှ ဦးဆောင်မယ့် လုပ်ငန်းများ အစရှိသဖြင့် 

သတ်မှတ် ပေးလိုက်ခြင်း အားဖြင့် မဟာဗျူဟာ အဖွဲ့မှ လုပ်ငန်းများ လုပ်ဆောင်တိုးတက်မှုများကိုသာ စောင့်ကြည့်ကာ အဖွဲ့အစည်းများကြား ညှိနှိုင်းပေးခြင်းများနှင့် လိုအပ်သည့် အထောက်အပံ့များ ပေးသွားခြင်းများ လုပ်ရန်သာ လိုအပ်ပါတယ်။ 

အမှန်တော့ ဟေတီ ငလျင်ကြောင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ယခုအချိန်အထိ ဆက်လက် လုပ်ဆောင်လျက် ရှိပါသေးတယ်။ မပြီးသေးပါ။ ဟေတီငလျင်မှ ရရှိခဲ့တဲ့ သင်ခန်းစာများ ကတော့

      ၁) ငလျင်ဖြစ် ဖြစ်ချင်း အသက်ကယ်လုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်ဖို့ နဲ့ အပျက်အစီးများ တိုင်းတာရေးအတွက် ဘယ် အစိုးရ ဝန်ကြီးဌာနကိုမှ သီးသန့် တာဝန်ပေးထားမှု  မရှိခြင်း

      ၂) ပြန်လည်ထူထောင်ရေး ကာလအစပိုင်းမှာလည်း အကူအညီပေးလိုတဲ့ နိုင်ငံခြား နိုင်ငံများမှ အစိုးရများက ထောက်ပံ့မှုများကို ဟေတီနိုင်ငံအတွင်း လိုအပ်တဲ့ နေရာများကို အရောက် ပို့နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာ တွေ့ရခြင်း

      ၃) အချိန်ကြာပြီးမှ အစိုးရမှ ပြင်ပ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ချိတ်ဆက်ပေးမှုများ လုပ်ပေးနိုင်ခဲ့ခြင်း

      ၄) ငလျင်ဘေးသင့် ဒေသများ ကူညီကယ်ဆယ်ရေး လုပ်ပုံကိုင်ပုံများ မတူညီကြဘဲ အဆင်ပြေသလို ရရာ ပစ္စည်းကိရိယာများ ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်ကြရာတွင်  အမျိုးသား အဆင့် ကယ်ဆယ်ရေး လုပ်ငန်း ကော်မတီနှင့် ချိတ်ဆက်မမိသည့်အတွက် ခရီးမတွင် ကြန့်ကြာ နှောင့်နှေးမှုများစွာ ကြုံတွေ့ရခြင်း

      ၅) အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဟေတီနိုင်ငံသို့ ငလျင်ကပ်ဘေး သင့်ပြီးနောက်ပိုင်း မှိုလို ပေါက်လာသည့်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်ခြင်း အားနည်း သည့်အတွက် ကူညီရေးလုပ်ငန်းများ မတွင်ကျယ်ခြင်း 

အစရှိသည့် အတွေ့အကြုံများ စွာ ရရှိခဲ့ပါသည်။

နီပေါ ငလျင်

၂၀၁၀ ဟေတီ ငလျင်ကြီးအပြီး ငါးနှစ်အကြာ ၂၀၁၅မှာတော့ နီပေါနိုင်ငံမှာ လှုပ်ခတ်သွားသည့် ငလျင်ကြီး နှစ်ခု ကြောင့် အပျက်အစီး အသေအပျောက် အဆုံးအရှုံးများစွာ ရှိခဲ့ပါတယ်။ နီပေါ ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှု ပမာဏ တွက်ချက်နိုင်ရေးအတွက် အားလုံး ပါဝင်သည့် ငလျင်သင့် မြေပုံတစ်ခု ထုတ်ပြန်နိုင်ရေး ကြိုးစားကြသည့် ပရောဂျက်မှာလည်း စိတ်ဝင်စားစရာကောင်းသည့် နမူနာယူစရာ တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ် တစ်ခု ကျရောက်ပြီဆိုလျှင် ကမ္ဘာ့နိုင်ငံ အသီးသီးက ရိုင်းပင်းကူညီကာ အရေးပေါ် အသက်ကယ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဟာ လုပ်ရိုးလုပ်စဥ် တစ်ခုပါ။ သို့သော် ဒေသဆိုင်ရာ နယ်မြေကျွမ်းကျင်မှု ဘာသာစကားနှင့် ယဥ်ကျေးမှု အခြေခံများ သိကျွမ်းမှု မရှိသော နိုင်ငံတကာ ကူညီရေး အဖွဲ့များကို ထိရောက်စွာ အချက်အလက်များ မပံ့ပိုးနိုင်ပါက ကူညီမှုများ အဟောသိကံ ဖြစ်ပါလိမ့်မယ်။ ဒီအတွက်ကြောင့် ဒေသခံလူအများက သိကျွမ်းပြီးသား အချက်အလက်များ ကောက်ယူရာမှာ ပါဝင် အားဖြည့်ပေးခြင်းဖြင့် အသက်ပေါင်း များစွာကို ကယ်တင်နိုင်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ပိုမိုထိရောက် သွက်လက် စေမှာ ဖြစ်ပါတယ်။

            နီပေါနိုင်ငံမှာ ၁၉၀၀ မှ ၂၀၁၁ ခုနှစ်အတွင်း ငလျင်ကြီး ခြောက်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၃၅၀၀ နီးပါး အသက် ဆုံးရှုံး ခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဧပြီလ (အင်အား အဆင့် ၇.၇) နှင့် မေလ (အင်အား ၆.၃) များ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီး ငယ်များအတွင်း လူပေါင်း ၈၈၉၈ ယောက် အသက်ဆုံးရှုံးခဲ့ပြီး ၂၅၀၀၀ ကျော် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။ ငလျင်ကြောင့် အိမ်ခြေ ငါးသိန်းခန့် ပျက်စီးသွားခဲ့ပြီး ကျေးရွာ အများအပြား ပျောက်ကွယ် ပျက်စီးသွားခဲ့ ပါတယ်။ ဒီငလျင်ဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ အပြင် ဆင်းရဲ တွင်းနက်နေတဲ့ နီပေါနိုင်ငံကို အကြီးအကျယ် ရိုက်ခတ်သွားတာပါ။ 

            ဒီလို အဖြစ်အပျက်မျိုး ဖြစ်ပြီဆိုရင် အရေးကြီးတာက ထိခိုက်မှု အားလုံး၊ ဆုံးရှုံးမှုများ အားလုံး ကို အမှန်အတိုင်း သိရှိဖို့ အသေအပျောက် နဲ့ ပျက်စီးမှု အတိုင်းအတာများကို မှတ်တမ်း တင်ဖို့ အလွန် လိုအပ်ပါတယ်။ သို့မှသာ ကူညီထောက်ပံ့ရေးနဲ့ အရေးတကြီး လိုအပ်နေတဲ့ နေရာများကို ထိထိ ရောက်ရောက် ကူညီနိုင်မှာ ဖြစ်ပါတယ်။  ဒီလုပ်ငန်းမှာ နည်းပညာ တတ်ကျွမ်း နားလည်သူတွေ၊ အချက်အလက်များ ကောက်ယူသူ စေတနာ့ ဝန်ထမ်းတွေ၊ သတင်းအချက်အလက်များ မျှဝေ ပေးသူတွေနဲ့ အချက်အလက်များ ထပ်နေခြင်း မဖြစ်ရအောင် စိစစ် မှတ်တမ်းတင်သူများ ပါဝင် ပါတယ်။ နီပေါ ငလျင်ဘေးကြီးမှာ နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းပေါင်း ငါးခု ပါဝင်ပြီး အချက် အလက်များ စုဆောင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် အဓိက အကျိုးရှိသူများကတော့ ငလျင်ဒဏ်ကို ခံစားခဲ့ကြရတဲ့ နီပေါ ပြည်သူလူထုဖြစ်ပြီး မှန်ကန်တဲ့ အချက်အလက်များကို ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများနဲ့ လှူဒါန်းသူ စေတနာရှင်များဟာ လိုအပ်နေတဲ့ အကူအညီများကို ထိထိရောက်ရောက် ကူညီ ကယ်ဆယ် ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အများကြီး ပံ့ပိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက် တစ်ခါ ဒီအချက်အလက်များကို သတင်းနှင့် စာနယ်ဇင်း များကတစ်ဆင့် ဖြန့်ဝေခြင်းအားဖြင့် ကူညီရေး လုပ်ငန်းများ ပိုမိုအားဖြည့်နိုင်ရာ ရောက်ပါတယ်။ 

            ဒီ ပရောဂျက်ဟာ အချက်အလက် စုဆောင်းရုံ တင်မကဘဲ ကူညီရေး လုပ်ငန်းများ အလဟဿ မဖြစ်စေရန် HRRP 4W လို့ခေါ်တဲ့Housing Recovery and Reconstruction – Who is doing What  and Where ဘယ်သူက ဘယ်နေရာမှာ ဘာတွေ လုပ်နေလဲဆိုတဲ့ အချက်အလက်တွေကိုပါ စုဆောင်း မှတ်သားပေးလို့ အင်မတန်မှ အကျိုးရှိခဲ့တယ်လို့ သိရပါတယ်။ ငလျင်ဒဏ် ကြီးကြီးမားမား ခံခဲ့ရတဲ့ ဒေသ ၁၄ ခုမှာ ကူညီကယ်ဆယ်ရေး အဖွဲ့ပေါင်း ၃၅၀ လောက်ဆောင်ရွက်နေတဲ့ 4W အချက်အလက် တွေကို နှစ်ပတ်တစ်ခါ ပို့ပေးနေပြီး စိစစ်ကာ နိုင်ငံတော်အဆင့်အထိ ဆက်လက်တင်ပြ ဆောင်ရွက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

            ဒီလုပ်ငန်းတွေကို အမှားကင်းကင်းနဲ့ဆောင်ရွက်နိုင်ခဲ့တာတော့ မဟုတ်တာ သတိချပ်စေ လိုပါတယ်။ ကပ်ဘေးကြီး စဖြစ်တဲ့ ကာလတွေမှာ သတင်းအချက်အလက် ဖောင်းပွမှုတွေ ဖြစ်ခဲ့ တယ်လို့ ပါဝင်တဲ့ အဖွဲ့များက ပြန်ပြောကြပါတယ်။ သေသေချာချာ လေ့ကျင့် ပေးနိုင်ခြင်း မရှိတာ ကြောင့်နဲ့ ကူညီချင်ဇောနဲ့ အချက်အလက်တွေကို ပိုပိုသာသာ ထည့်ပေးလိုက်တာကြောင့် အစပိုင်းမှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဟာ မယုံကြည်ရတဲ့ သတင်းအချက်အလက်တွေကြားမှာ ရှုပ်ထွေး မှုများနဲ့ ကြုံခဲ့ကြရပါသေးတယ်။ မရည်ရွယ်ပဲ အချက်အလက်ကို နှစ်ခါ သုံးခါ ထည့်ဖြစ် ခဲ့တာတွေ၊ မှန်းပြီးထည့်ထားတဲ့ အချက်အလက်တွေကလည်း အများကြီးပါ။ တချို့ဆို ကောလာဟလတွေ ကိုတောင် တကယ့် အချက်အလက် အမှန် ဆိုပြီး ထည့်ခဲ့ပါသေးတယ်။ 

နီပေါက သင်ခန်းစာတွေ

            နီပေါငလျင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှာ ဟေတီ ငလျင်မှာ တွေ့ကြုံခဲ့ရတာတွေကို အခြေခံပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ အမှားတချို့ကို ထပ်မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ ငလျင်ဒဏ်ခံရတဲ့ ဒေသများကို မြေပုံပေါ်မှာ ဖော်ပြဖို့ ကြိုးစားတဲ့အချိန်ကျမှ နီပေါအစိုးရက တရားဝင် ပြဋ္ဌာန်းထားတဲ့ နိုင်ငံမြေပုံဟာ ဆယ်နှစ်နဲ့ နှစ်အစိတ်လောက် ခေတ်နောက်ကျ နေမှန်း သိခဲ့ရတယ်လို့ ပြောကြပါတယ်။ ဟေတီငလျင် အတွေ့အကြုံများကြောင့် နီပေါကို စိတ်ဝင်စား လာပြီး ကူညီဖို့ ရောက်လာတဲ့ ဒေါက်တာ နာမာ ဘူဒါသိုကီက နီပေါနိုင်ငံဟာ ကြောက်စရာ အကောင်း ဆုံး ငလျင်ကြောတည့်တည့်ပေါ်မှာ ကျနေပါတယ်။ “ဟေတီကတော့ ဒါကို ငလျင်ဒဏ် ခံခဲ့ရပြီးမှ သိရတာ၊ ကျွန်တော်ကတော့ ငလျင်မဖြစ်ခင်ကတည်းက ကြိုတင်ပြီး ဒီလို မြေပုံမျိုး ထုတ်ထားပေးချင် တာ” လို့ သူက ပြောပါတယ်။ 

            နောက်တစ်ခုက နိုင်ငံတကာက ထောက်ပံ့ပေးပို့ကြတဲ့ ငွေကြေးများပါ။ ဟေတီမှာတော့ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ အများအပြား မတော်တရော် သုံးစွဲတာ၊ မှားယွင်း ပြီး ခွဲဝေတာတွေ အများအပြားကြုံခဲ့ကြလို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကဲ့ရဲ့စရာ ဖြစ်ခဲ့ပါတယ်။ “ဒါမျိုးတွေ ထပ်မဖြစ်အောင် ဘယ်သူက ဘယ်အတွက် ဘယ်သူ့ကို ငွေပမာဏ ဘယ်လောက် ဘယ်ရွေ့ ပေးတယ်ဆိုတာကို ထင်သာမြင်သာရှိအောင်လုပ်ရပါမယ်။ ဒီလို မဟုတ်ရင် ဟေတီလို ထပ်ဖြစ် နိုင်တယ်” လို့ Yong Innovation ရဲ့ CEO ဖြစ်သူ ဘီဘူဆန် ဘစ်စတာက ပြောပါတယ်။ 

            ဘီဘူဆန်က ဆက်ပြီး “အစိုးရရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ ဒါမှသာ အောင်မြင် နိုင်မယ်။ အစိုးရအဖွဲ့ရဲ့ အမြော်အမြင်ကြီးမှုနဲ့ လိုက်လျောမှုက ပရောဂျက်များ ဆောင်ရွက်ရာမှာ အထိ ရောက်ဆုံးနဲ့ အဆင်ပြေချောမွေ့ဖို့ ဖြစ်စေမှာ ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီနေရာမှာလည်း ရင်းနှီးမှု၊ ယုံကြည်ရမှုနဲ့ လုပ်သာကိုင်သာရှိမှုတွေက အရေးကြီးတယ်။ နီပေါလို နိုင်ငံမျိုးက ရှေးရိုးစွဲဖြစ်တော့ ဒါတွေကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။ စေတနာ့ ဝန်ထမ်းတွေဟာ တကယ် ကူညီ ကြသူတွေလား၊ လုပ်ငန်းကို အထစ်အငေါ့ ဖြစ်စေသူများလားဆိုတာတော့ ဝေခွဲလို့ မရသေး ပါဘူး။ စေတနာ့ဝန်ထမ်းတွေကို သေသေ ချာချာ နားလည်အောင် သင်ကြားပြသပေးဖို့ အထူးအရေးကြီးပါတယ်။ သင်ကြားပြသပြီးရင်လည်း သူတို့က ဝေးလံတဲ့ အရပ်ဒေသ တွေမှာ လုပ်နေ ကြတာဆိုတော့ သူတို့ကို ထိန်းကျောင်းဖို့ ခက်ပါတယ်။ မရေရာတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ ဒေါက်တာ ဘူဒါသိုကီက  ဒေသခံတွေရဲ့ အကူအညီနဲ့ ပါဝင်မှုသာ မရဘူးဆိုရင် မြေပုံနဲ့ အချက်အလက် စုဆောင်းတဲ့ လုပ်ငန်းတွေ ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။ 

နီပေါပြန်လည်ထူထောင်ရေး နောက်ဆုံးအခြေအနေ

            နီပေါနိုင်ငံမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဟာ ရေတိုနဲ့ အလယ်အလတ် ပရောဂျက်များသာ ထားရှိပါတယ်။ အချက်အလက် စုဆောင်းတာနဲ့ပတ်သက်တဲ့ ပရောဂျက်တော်တော်များများ ပိတ်သိမ်း ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ရရှိပြီးသား အချက်အလက် များကို ထိန်းသိမ်းထားကာ နောင် ဖြစ်လာနိုင်ခြေ ရှိတဲ့ ကပ်ဘေးများမှာ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း  ဒေါက်တာ ဘူဒါသိုကီကဆက်  ပြောပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာကာလအထိ ငလျင်ဒဏ်တုံ့ပြန်ရေးနိုင်ရေး အချက်အလက် စုဆောင်းမှုကို ဆက်လက် လုပ်ဆောင် နေပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နောက်ထပ် ငါးနှစ်အထိ လုပ်ဆောင်သွားရမယ်လို့ ဘစ်စတာက ပြောပါတယ်။ သူက အစမှာ ရှုပ်ရှုပ်ထွေးထွေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စလုပ်ခဲ့ကြရာကနေ အခုတော့ တကယ့် ပြန်လည်တည်ဆောက်ရေးဆီ ရောက်လာခဲ့ပြီ၊ ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ဂေဟာတွေ တည်ဆောက်ပေးနိုင်ခဲ့ပြီ၊ အချက်အလက်တွေကို စီကာ စဥ်ကာ ထည့်သွင်း ထိန်းသိမ်းသွားနိုင်ရင် ထောက်ပံ့လှူဒါန်းလာမယ့် ငွေတွေရဖို့က သိပ်မခက်ခဲတော့ပါဘူး လို့ ဆက်ပြောပါတယ်။ 

            အထက်က နမူနာများကို ကြည့်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ လုပ်ငန်းစဥ်များလို့ ပြောလို့ရမယ် မထင်ပါဘူး။ ထိထိရောက်ရောက် လုပ်ကိုင်ခဲ့တာများလည်း ရှိသလို လူတိုင်းအမှားနဲ့ မကင်းနိုင်တာမို့ သင်ခန်းစာ ယူစရာများလဲ အများအပြားရှိနေပါလိမ့်မယ်။ သို့သော် လည်း အစမှာ တင်ပြခဲ့သလို လမ်းသစ်တစ်ခု တီထွင် ဖောက်လုပ်စရာမလိုဘဲ ရှိပြီးသား လုပ်ဆောင်ချက်များကို မျှမျှတတ ကိုင်တွယ် ဆောင်ရွက်တဲ့ တာဝန်ယူ ချိတ်ဆက်ပေးမယ့် ကဏ္ဍတစ်ခု ထင်ထင်ရှားရှား ပေါ်ပေါက်လာ ဖို့နဲ့ သို့မှသာ ရေတို ရေရှည် ကူညီ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိထိ ရောက်ရောက် မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်ရေး အကြံပြု တင်ပြပါတယ်။ 

ကိုးကား

၁) Haiti, Recovery from mega disaster, recovery framework case study, 2014 

၂) Nepal, Open data to improve disaster relief, 2017

Click to rate this post!
[Total: 2 Average: 5]