ကျွန်တော်တို့ သတင်းစာ ကောက်ကိုင်လိုက်တိုင်း ဒါမှမဟုတ် သတင်းတွေကို ဖွင့်လိုက်တိုင်း ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဇာတ်လမ်းတွေကို တွေ့ရတယ်။ ကမ္ဘာကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆိုးရွားလှတဲ့အရာတွေကို ပြုလုပ်နေကြတဲ့ လူတွေနဲ့ ပြည့်နေတယ်။ ပဋိပက္ခတွေကနေ ထွက်ပြေးဖို့ ဒုက္ခသည်တွေ သက်စွန့်ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ တချို့က အမြတ်ထုတ်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပြုမူနေကြတာတင် မကပါဘူး။ မိုးခေါင်ရေရှားတာ၊ အငတ်ဘေးဆိုက်တာ၊ ငလျင် လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေရယ် ဒါမှမဟုတ် ကြောက်စရာ ကပ်ရောဂါတွေရယ်ကြောင့် အပြစ်မဲ့သူ တွေဟာ နေ့တိုင်း သေကြေပျက်စီးနေရပါတယ်။ ခင်ဗျားက မေးလိမ့်မယ်။ ဘာကြောင့်များ မဟာဂရုဏာတော်နဲ့ ပြည့်စုံတဲ့ ဘုရားသခင်က ဒါတွေကို ဖြစ်ခွင့်ပေးရသလဲ။
ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။ ဒါပေမဲ့ တားဆီး နိုင်စွမ်း မရှိဘူးလား
ဒီမေးခွန်းကိုမေးတာ ခင်ဗျား ပထမဆုံး မဟုတ်ပါဘူး။ လုံးဝကို မနီးစပ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဆိုတာက အသက်ရှင်နေထိုင်ဖို့ အန္တရာယ်များလွန်းတဲ့ နေရာဖြစ်တယ်။ ကိုယ့်ရဲ့အမှားကြောင့် မဟုတ်ဘဲ အချိန် မတိုင်ခင် သေဆုံးနေတဲ့သူတွေ၊ ဒုက္ခခံနေရတဲ့သူတွေနဲ့ ပြည့်နေတယ်။ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံလှကြောင်း မှတ်ယူသင့်တဲ့ ဘုရားသခင်က သူတို့ကို ဘာကြောင့် ပစ်ပယ်နေရသလဲလို့ အဲဒီလူတွေ မစဉ်းစားကြဘူးဆိုရင် အံ့ဩစရာ ဖြစ်မှာပါ။ ဒီလိုဖြေရခက်တဲ့ မေးခွန်းကို ရှေးခေတ်ဂရိနိုင်ငံမှာ ပထမဆုံးသော ဒဿနပညာရှင်တွေ စတင်မေးခဲ့စဉ်ကတည်းကဆိုရင် နှစ်ကာလပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့က ဒိဋ္ဌိလို့ စွပ်စွဲခံရမှာကို ကြောက်ကြပုံရတယ်။ သူတို့ထဲက တစ်ယောက်က ဒီမေးခွန်းကို တိုက်ရိုက် မမေးခင်အထိ အတော်ကြာ သွားခဲ့သေးတယ်။
အဲဒီ ဒဿန ပညာရှင်ကတော့ အဲပီကျူးရပ်စ် ဖြစ်တယ်။ သာယာမှုကိုရှာဖွေပြီး ဝေဒနာကို ရှောင်ရှားတဲ့ ဘဝနေနည်း ဒဿန အဲပီကျူးရပ်စ်ဝါဒကို အမည်ပေးခဲ့သူလည်း ဖြစ်တယ်။ ဘုရားသခင်ရယ် ဆိုးယုတ်ခြင်း ပြဿနာရယ်ကို ပဟေဠိတစ်ခု ပုံသဏ္ဍာန်အနေနဲ့ တွက်ချက်ပြတဲ့အတွက် အသိအမှတ်ပြုခံရတယ်။ အဲဒါကို အဲပီကျူးရီးယန်း ဝိရောဓိ လို့ခေါ်တယ်။ သူရဲ့ ကျိုးကြောင်းပြချက်က ဒီလိုပါ။ ဘုရားသခင်ဆိုတာ အနန္တ တန်ခိုးရှင် လည်း ဖြစ်ရမယ်။ မေတ္တာ ဂရုဏာ အကြင်နာတရားလည်း ရှိရမယ်။ ဒါပေမဲ့ ကမ္ဘာကြီးမှာ မကောင်းတဲ့ အရာတွေ ဖြစ်ပျက်နေတယ်။ အဲဒီ ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။ ဒါပေမဲ့ တားဆီး နိုင်စွမ်း မရှိဘူးလား။ ဒါဆို သူက အနန္တတန်ခိုးရှင် မဟုတ်လို့ပေါ့။ သူက တားနိုင်စွမ်းတော့ရှိတယ်။ ဒါပေမဲ့ တားလို စိတ်မရှိတာလား။ ဒါဆိုရင် သူက မေတ္တာဂရုဏာရှိသူ မဟုတ်လို့ပေါ့။ တကယ်လို့ သူက တန်ခိုးတော်အနန္တလည်းရှိ၊ မေတ္တာဂရုဏာနဲ့လည်း ပြည့်စုံသူဖြစ်ရင် ဒီဆိုးယုတ်ခြင်းအားလုံး ဘယ်ကရောက်လာရတာလဲ။
ခင်ဗျားရဲ့ မေးခွန်းကို အတိအလင်း အဖြေမပေးပေမယ့် ဘုရားသခင် တည်ရှိခြင်း အပေါ် အဲပီကျူးရပ်စ် ဘာတွေ စဉ်းစားခဲ့သလဲ ဆိုတာကတော့ ထင်ရှားပါတယ်။ ဆိုလိုချက်က ဘုရားသခင်ဟာ တန်ခိုးတော် အနန္တ၊ မေတ္တာ ဂရုဏာရှင် ဖြစ်ရင် ဆိုးယုတ်ခြင်းတွေ ဘယ်ရှိရမလဲ။ ဒါပေမဲ့ ဆိုးယုတ်ခြင်းတွေက ထင်ထင်ရှားရှားကြီးကို ရှိနေ တယ်လေ။ အဲဒီတော့ ဘုရားသခင်ဆိုတာ မရှိဘူးတဲ့။ အဲဒီ အကျိုးအကြောင်းပြချက်ကို ငြင်းဆိုဖို့ဝောာ့ မလွယ်လှ ပါဘူး။ နှစ် ၂၀၀၀ လောက် ကြာပြီးနောက်မှာလည်း “အဲပီကျူးရပ်စ် ရဲ့ မေးခွန်းဟောင်းတွေကို အခုထိ မဖြေနိုင် ကြသေးဘူး” လို့ ဘာသာရေးမယုံသူ စကော့လူမျိုး ဒေးဗစ်ဟူးမ်က သူ့ရဲ့ “သဘာဝဘာသာရေးနှင့် ပတ်သက်သော ဒိုင်ယာလော့များ (၁၇၇၉)” ဆိုတဲ့ စာအုပ်ထဲမှာ ပြောခဲ့တယ်။

ဒါပေမဲ့ ဒါကို ဘုရားသခင် တည်ရှိခြင်းအပေါ် ဆန့်ကျင်ရာမှာ ရေပက်မဝင်လှတဲ့ ဆွေးနွေးချက်တစ်ခုအဖြစ် ကောက်ချက်မချလိုက်ပါနဲ့ဦး။ ဘုရားသခင် တည်ရှိခြင်းအတွက် လက်ခံလောက်စရာ ဆွေးနွေးချက်တွေကို ပြောခဲ့ကြတဲ့ ဒဿန ပညာရှင်တွေလည်း အများကြီးရှိသေးတာကိုး။ အဲဒီလူအများစုက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဂျူးဘာသာလို တစ်ဆူတည်းသောဘုရားကို ယုံကြည်တဲ့ ဘာသာဝင်တွေ ဖြစ်နေတာတော့ အံ့ဩစရာ မဟုတ်ပါဘူး။ အဲပီကျူးရပ်စ်ဝိရောဓိကနေ ပေါ်လာတဲ့ “ဆိုးယုတ်ခြင်းရဲ့ပြဿနာ” ကို အစောဆုံးခရစ်ယာန်ဒဿနပညာရှင် တစ်ယောက်ဖြစ်တဲ့ ဘိုးသီးယပ်စ် က ဝင်ဆွေးနွေးခဲ့သေးတယ်။ (“ဘုရားသခင်ရှိရင် ဆိုးယုတ်တဲ့အရာတွေ ဘယ်နေရာက ရောက်လာပါသလဲ။ ဘုရားသခင် မရှိရင် ကောင်းတဲ့အရာတွေ ဘယ်နေရာက ရောက်လာပါသလဲ” ခင်ဗျားရဲ့ နောက်လိုက်တစ်ယောက်ယောက်က ဒီမေးခွန်းကို အကြောင်းမဲ့ မေးခဲ့မှာ မဟုတ်ဘူး။ ဘိုးသီးယပ်စ်) ကမ္ဘာပေါ်မှာ ဆိုးယုတ်ခြင်းတွေရှိကြောင်း ခင်ဗျားရဲ့ ထောက်ပြချက်ကို ဘိုးသီးယပ်စ်က လက်ခံတယ်။ ဒါပေမဲ့ အဲဒါဟာ တန်ခိုးတော်အနန္တရှိပြီး မေတ္တာဂရုဏာနဲ့ပြည့်စုံတဲ့ ဘုရားသခင်မရှိကြောင်း အဓိပ္ပါယ်မရောက်ဘူးတဲ့။ ဘုရားသခင်ဆိုတာ ရှိတယ်။ သူက ကောင်းမြတ်တယ်။ ဒါပေမဲ့ သူက ဉာဏ်တော်နဲ့ ဆင်ခြင်ပြီး သူ့ရဲ့တန်ခိုးတော်ကို သုံးပြီး ကျွန်တော်တို့လူသားတွေကို လွတ်လပ်စွာဆုံးဖြတ်ခွင့် ပေးလိုက်တယ်။ အဲဒီအခါ ကျွန်တော်တို့က သူ့လို ပြီးပြည့်စုံတဲ့သူ မဟုတ်တဲ့အတွက် မကောင်းမှုတွေကို လျှောက်လုပ်ကြတော့တယ်။ အဲဒီအကုသိုလ်တွေအတွက် အပြစ်ဒဏ်မခံရဘဲ မပြီးသွားပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်အပေါ်ကို ပလိပ်ရောဂါ၊ ကပ်ရောဂါနဲ့ တခြား ဆိုးဆိုးရွားရွားအရာတွေကို ပြန်ကျရောက်စေပါတယ်။ ဒီအကျိုးအကြောင်းပြချက်အရ အပြစ်ကင်းသူတွေအပြင် တကယ့်လူကောင်းတွေတောင် ဒုက္ခခံရတဲ့အကြောင်းကို ခင်ဗျားမေးရင်တော့ ဝေ့လည်ကြောင်ပတ် ဖြစ်နေ တတ်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေက ဒါကို လူသားအားလုံးမှာ မွေးကတည်းကပါလာတဲ့ “မူလအပြစ်” ကြောင့် ပြန်ပေး ဆပ်ရတာဆိုပြီး လျှောချသွားပါလိမ့်မယ်။
သက်သေပြပါ
အဲဒီ ဆိုးယုတ်ခြင်းပြဿနာရဲ့ ချေပချက်အပေါ် ခင်ဗျားက လုံးဝဘဝင်မကျဘူးဆိုရင် ခင်ဗျားတစ်ယောက်ထဲ မဟုတ်ဘူးလို့ ပြောရမယ်။ ဘုရားသခင်ကို ယုံကြည်သူတွေတောင် အဲဒီချေပချက်မှာ အားနည်းချက်ရှိကြောင်း ဝန်ခံကြတယ်။ ဒါကြောင့် ငြင်းခုံရာမှာ တန်ပြန်တာတွေဘာတွေ မလုပ်တော့ဘဲ ဘုရားသခင်တည်ရှိခြင်းကို သူတို့နည်း သူ့တို့ဟန်နဲ့ ဖော်ပြလာခဲ့ကြတယ်။ တင်ပြခဲ့ကြတဲ့ ငြင်းခုံချက်တွေကတော့ မျိုးစုံပါပဲ။ ဒါပေမဲ့ အများစုဟာ ပင်မ အကျိုးအကြောင်း ငြင်းခုံချက် သုံးခုထဲကနေ ကွဲထွက်လာကြတာချည်း ဖြစ်ပါတယ်။
ပထမတစ်ခုကို “စကြဝဠာဆိုင်ရာ ငြင်းခုံချက်” လို့ ဆိုကြတယ်။ ဒီတစ်ခုကတော့ ကြာလှပါပြီ။ အစောဆုံး ဂရိဒဿနပညာရှင်တွေ ခေတ်ကတည်းကတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီငြင်းခုံချက်ကို လူရိုသေ ရှင်ရိုသေ ဖြစ်အောင် လုပ်ခဲ့တာက အရစ်စတော့တဲလ် ပါပဲ။ သူက နည်းလမ်းတကျ စနစ်တကျ တွေးခေါ်တတ်တဲ့ လူတစ်ယောက် ဖြစ်တယ်။ အရာဝတ္ထုတွေဟာ အစီအစဉ်တကျပုံစံနဲ့ ဖြစ်ပေါ်လာရမယ်လို့ သူက စဉ်းစားခဲ့တယ်။ ဘယ်အရာကမှ ရုတ်တရက် ဘာမှမရှိရာကနေ မဖြစ်ပေါ်လာနိုင်ဘူးလို့ ရှင်းပြခဲ့တယ်။ အကြောင်းတရားဆိုတာ ရှိကိုရှိရမယ်။ တစ်စုံတစ်ခုကို တစ်စုံတစ်ခုက ဖြစ်ပေါ်စေရင် အဲဒီတစ်စုံတစ်ခုအတွက်လည်း အကြောင်းတရားတစ်ခု ရှိရမယ်တဲ့။ စကြဝဠာထဲက အရာအားလုံးကိုကြည့်ရင် သူတို့ဟာ အကြောင်းတရားတွေ သက်ရောက်မှုတွေရဲ့ ဆက်စပ်မှုကတဆင့် ဖြစ်ပေါ်လာကြတာချည်းပါပဲ။ အဲဒါတွေကို ခင်ဗျားက နောက်ကြောင်းပြန်လိုက်ကြည့်ရင် သီအိုရီအရ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ အရစ်စတော့တဲလ်ရဲ့ ငြင်းခုံချက်ဟာ ခင်ဗျားကို ပထမဆုံး အကြောင်း တရားဆီ ပြန်ရောက်သွားစေတယ်။ အကြောင်းတရားမရှိတဲ့ အကြောင်းတရားပေါ့။ အဲဒါက စကြဝဠာတစ်ခုလုံးရဲ့ အစပြုရာလည်းဖြစ်တယ်။ ပြီးတော့ အဲဒီ ပထမဆုံးအကြောင်းတရား ဒါမှမဟုတ် စကြာဝဠာရဲ့ ဖန်ဆင်းရှင်ဟာ ဘုရားသခင် ဖြစ်ပါတယ်။
ဒါကို ခင်ဗျား သဘောမကျဘူး မဟုတ်လား။ ဟူးမ်အပါအဝင် ဒဿနပညာရှင် အတော်များများကလည်း သဘောမကျကြပါဘူး။ ဒုတိယအရာတစ်ခုဟာ ပထမအရာတစ်ခုရဲ့ နောက်မှဖြစ်လာရုံလေးနဲ့ ပထမတစ်ခုကြောင့် ဒုတိယတစ်ခု သေချာပေါက်ဖြစ်ရမယ်ဆိုတဲ့အပေါ် ဟူးမ်က ဘဝင်မကျပါဘူး။ အရာရာတိုင်းမှာ အကြောင်းတရား ရှိရမယ် ဆိုတာကို ကျွန်တော်တို့ လက်ခံရင်တောင် ဘုရားသခင်ဟာ အကြောင်းတရားမရှိတဲ့ အကြောင်းတရားဆိုပြီး ကောက်ချက်ချဖို့က အလှမ်းကျယ်ရာ မရောက်ပါလား။ ဒါပေမဲ့ တစ်စုံတစ်ခုက စကြဝဠာရဲ့ ဖန်ဆင်းရှင်ကို ဖြစ်စေခဲ့ရင် အဲဒါကိုရော ဘယ်အရာက ဖြစ်စေတာလဲ။ ဒီလိုနဲ့ ဒဿနပညာရှင်တွေ ပြောတဲ့ အဆုံးမဲ့ ဒုံရင်း ပြန်ဆိုက်ခြင်း ဆိုတာကို ကျွန်တော်တို့ ရောက်သွားပါလိမ့်မယ်။ အဲဒါက ဘယ်မေးခွန်းကိုမှ အဖြေပေးနိုင်မှာ မဟုတ် ပါဘူး။ ဖန်ဆင်းခြင်းအယူအဆကို အခြေခံတဲ့ ပိုကျေနပ်လောက်စရာ နောက်ထပ်ငြင်းခုံချက်တစ်ခု ခင်ဗျားအတွက် ရှိနေပြန်တယ်။ “ဒီဇိုင်းအခြေခံ ငြင်းခုံချက်” (argument from design) ဒါမှမဟုတ် အကျိုးအကြောင်းဆိုင်ရာ ငြင်းခုံချက် (teleological argument) လို့ သိကြပါတယ်။ ဂရိဘာသာစကား တဲလိုစ် (telos) က လာတာဖြစ်ပြီး ရည်ရွယ်ချက် ဒါမှမဟုတ် အစီအစဉ်လို့ အဓိပ္ပါယ်ရတယ်။ အဲဒီ ငြင်းခုံချက်ကို ပလေတိုးက တင်ပြခဲ့ပြီး ရောမ ဒဿနပညာရှင်တွေက ဆက်လက်ကိုင်စွဲခဲ့တယ်။ မကြာသေးခင်အထိ ခရစ်ယာန် ဖန်တီးခြင်းဝါဒီတွေက လက်ခံ ထားကြတယ်။ (ဒါပေမဲ့ အဲဒါတွေက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို မလွှမ်းမိုးစေပါနဲ့) တိုတိုပြောရရင် ပလေတိုးနဲ့ သူ့နောက်လိုက်တွေက ခင်ဗျားကို ပတ်ဝန်းကျင်မှာရှိတဲ့ ကမ္ဘာကြီးကို ကြည့်ခိုင်းလိမ့်မယ်။ ပြီးရင် အရာရာဟာ သူ့ပတ်ဝန်းကျင်နဲ့သူ ပြီးပြည့်စုံအောင် လိုက်ဖက်နေပုံက ရင်သပ်ရှုမောစရာကောင်းကြောင်း၊ ဒါ့ထက်ပိုပြောရရင် အရာရာဟာ တခြားအရာတွေနဲ့ ဆက်နွှယ်နေပြီး ရည်ရွယ်ချက်ရှိရှိ အလုပ်လုပ်နေကြောင်းကို ပြောပါလိမ့်မယ်။ အဖြစ်အပျက်တွေ တသီတသန်းက ကြုံရာကျပန်း ဖြစ်လာတာမဟုတ်ဘူးတဲ့။ စကြဝဠာကြီးထဲက အရာရာအတွက် သိသာထင်ရှားလှတဲ့ ဒီဇိုင်းရှိနေတယ်။ အနုစိတ်လှတဲ့ အစီအစဉ် ရှိတယ်။ အဲဒီတော့ ဒီဇိုင်းနာဆိုတာ ရှိရမယ်တဲ့။ ဘုရားသခင်ပဲပေါ့။
လက်မခံနိုင်သေးဘူးလား။ ဒါဆိုရင် သူတော်စင် အန်ဆလ်မ် (၁၀၃၃-၁၁၀၉) အကြံပြုခဲ့တဲ့ ငြင်းခုံချက်ကို ခင်ဗျား ပိုသဘောကျနိုင်တယ်။ အန်ဆလ်မ်က ရှိမှုဆိုင်ရာ ငြင်းခုံချက်ကို သုံးပြီး ဖြစ်နိုင်သမျှ အပြီးပြည့်စုံဆုံး အရာတစ်ခုကို ခင်ဗျားရဲ့စိတ်ထဲမှာ ပုံဖော်ကြည့်ခိုင်းတယ်။ (ရှိမှုပညာဆိုတာက တည်ရှိနေသမျှ အရာအားလုံးရဲ့ သဘာဝနဲ့ ပတ်သက်တယ်။ ဒဿနပညာရဲ့ ဘာသာရပ်ခွဲတစ်ခုလည်း ဖြစ်တယ်) အဲဒီအရာ ပြီးပြည့်စုံဖို့ တစ်ခု တည်းသော လိုအပ်ချက်က တကယ်တည်ရှိခြင်း ဖြစ်တယ်။ ခင်ဗျားရဲ့ စိတ်ထဲမှာပဲ ရှိနေတာကိုး။ အဲဒီတော့ သူက ပြောတယ်။ ခင်ဗျား စိတ်ကူးကြည့်တဲ့ အရာက ဖြစ်နိုင်သမျှ အပြီးပြည့်စုံဆုံး အရာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တကယ်ရှိတဲ့အရာက ပိုပြီး ပြီးပြည့်စုံလိမ့်မယ်တဲ့။ သူတော်စင်အန်ဆလ်မ်ရဲ့ ဘုရားသခင်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံက ဒီလိုပါ။ “မည်သည့် သာလွန်ကြီးမြတ်သော အရာကိုမျှ စိတ်ကူးကြည့်၍ မရနိုင်။ ကျွန်ုပ်တို့ စိတ်ကူးကြည့်နိုင်သမျှ အကြီးမြတ်ဆုံးသောအရာ ဖြစ်ရန်အလို့ငှာ ထိုအရာ၌ တကယ်တည်ရှိခြင်းဆိုသည့် ပင်ကိုယ်လက္ခဏာ ရှိရမည်။ ထိုကြောင့် ဘုရားသခင် ဧကန်မုချ တည်ရှိရပေမည်။”
ယုံကြည်မှုအတွက် မေးခွန်း
ထုံးစံအတိုင်း ဒီငြင်းခုံချက်ကို ချေဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဒဿနပညာရှင်တွေ နောက်ပိုင်းမှာ ပေါ်လာခဲ့တယ်။ အတိုင်းအတာတစ်ခုအထိလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာ ပိုပြီး အပြုသဘော လည်းဆောင် စဉ်းစားစရာလည်းကောင်းတဲ့ သုံးသပ်ချက်ကို အီမန်နျူဝယ်လ်ကန့်ဆီက ရခဲ့တယ်။ ဘုရားမယုံသူ တစ်ယောက်ရဲ့ အဖြေလို့ ခင်ဗျား ပြောချင်လည်းပြောနိုင်တယ်။ ကန့်က သေသေချာချာ စစ်ဆေးသုံးသပ်ပြီး ပြောခဲ့တယ်။ “အဲဒီငြင်းခုံချက်တွေဟာ တစ်ခုမှ ယုတ္တိမရှိဘူး။ ခိုင်လည်းမခိုင်လုံဘူး ဆိုတာကို ခင်ဗျားတို့ တွေ့ရ လိမ့်မယ်။ ဘုရားသခင်တည်ရှိခြင်းအပေါ် သက်သေပြဖို့ကြိုးစားနေတာကို ခင်ဗျားတို့ ရပ်လိုက်ရင် အများကြီး ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရှိခဲ့ရင်တောင် သူက ကျွန်တော်တို့ နားလည်သဘောပေါက်နိုင်စွမ်းရဲ့ အပြင်ဘက်မှာ ရှိနေမှာကိုး။ ပြီးတော့ သူ့ကို ခင်ဗျား ယုံချင်နေမယုံချင်နေ ဒါက ကျိုးကြောင်းဆီလျော်တဲ့ ငြင်းခုံချက် မဟုတ်တော့ဘူး။ ယုံကြည်သက်ဝင်မှုနဲ့ပဲ ဆိုင်တဲ့ကိစ္စ ဖြစ်သွားပြီ”။ အဲဒီအမြင်ကို ဘာထရန်ရပ်ဆဲလ်က ဟာသနှောပြီး ထောက်ခံချက်ပေးခဲ့တယ်။ အရာဝတ္ထုတစ်ခု မရှိကြောင်းကို သက်သေပြဖို့ကြိုးစားတာဟာ အတော်ကလေး အဓိပ္ပါယ် မရှိဘူးလို့ ရပ်ဆဲလ်က ထောက်ပြတယ်။ ခင်ဗျားကို သူက ပြောလိမ့်မယ်။ မမြင်ရတဲ့ ကိုယ်ပျောက် လက်ဖက်ရည်အိုးတစ်အိုးက နေကို ပတ်နေတယ်လို့ သူယုံကြည်ပါတယ်တဲ့။ ပြီးရင် သူမှားကြောင်း သက်သေပြဖို့ ခင်ဗျားကို သူက ဖိတ်ခေါ်ပါလိမ့်မယ်။ (“ဘုရားသခင်မရှိကြောင်း ကျုပ်အနေနဲ့ သက်သေမပြနိုင်ပါဘူး။ ထပ်ဖြည့် ပြောရရင် ဟိုးမားရဲ့ နတ်ဘုရားတွေ မရှိကြောင်းကိုလည်း ကျုပ်အနေနဲ့ သက်သေမပြနိုင်ပါဘူး။ အတူတူပဲလို့ ပြောရလိမ့်မယ်” ဘာထရန်ရပ်ဆဲလ်) ပက်စတာကိုးကွယ်သူလို့ အဓိပ္ပါယ်ရတဲ့ ပက်စတာဖေးရီယန်တွေက ဘုရားသခင် ရှိကြောင်း ငြင်းခုံချက်နဲ့ အလားတူငြင်းခုံချက်ကို သုံးပြီး ပျံနေတဲ့ စပါဂတီ သတ္တဝါကြီး တစ်ကောင် ရှိကြောင်း အရွဲ့တိုက်ကြတယ်။ အဲဒီအပေါ်အခြေခံပြီး ပက်စတာဖေးရီယန်ဘာသာတရား ဆိုတဲ့ အပြောင်အပျက် ဘာသာတစ်ခု ပေါ်လာခဲ့တယ်။
ဒီလောက်နဲ့ ဘာသာမဲ့ဒဿနပညာရှင်တွေက မရပ်တန့်ခဲ့ကြဘူး။ ၁၉ ရာစုလောက်ကစပြီး ဘာသာမဲ့ ဒဿနပညာရှင် အတော်များများဟာ သူတို့ရဲ့အမြင်တွေကို ထုတ်ပြောလာခဲ့ကြတယ်။ လုဒ်ဗစ်ခ်ဖောယာဘာ့ခ် (၁၈၀၄-၇၂) က ဘုရားသခင်ကို လူသားတွေ ဖန်တီးထားတာဖြစ်ပြီး ကျွန်တော်တို့ရဲ့မျှော်လင့်ချက်နဲ့ အကြောက်တရား အားလုံးကို ထင်ဟပ်ပြသတဲ့ပုံရိပ် ဖြစ်တယ်လို့ ဆိုတယ်။ အဲဒါကို ဘာသာမဲ့ဒဿနပညာရှင် အများစုက သဘောတူ ကြတယ်။ ကားလ်မာ့က်စ်ကတော့ ဘာသာတရားကို ဒုက္ခဆင်းရဲရဲ့ အဖြေအဖြစ်မပြောနဲ့ သက်သာစေတဲ့ အရာလို့ တောင် မမြင်ဘူး။ ရောဂါစွဲကပ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ပြီး ဖယ်ရှားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် ပုဂ္ဂိုလ်ရေးအရကို အာဃာတထားသူက ဖရီးဒရစ်ခ်နစ်ရှေး ဖြစ်ပါတယ်။ သူ့အဖေနစ်ရှေးစီနီယာက လူသီယန်ဘုန်းတော်ကြီး ဖြစ်တယ်။ နစ်ရှေးစီနီယာ နေမကောင်းဖြစ်ပြီး သေဆုံးမသွားခင်အထိ လူငယ် နစ်ရှေးလေးဟာ ဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းခဲ့ပါတယ်။ သူ့အဖေက ဝေဒနာကို အပြင်းအထန် တမြေ့မြေ့ ခံစားရပြီးမှ သေသွားခဲ့တာဖြစ်တယ်။ အဲဒီနောက်မှာတော့ နစ်ရှေးရဲ့အဖြေက ရှင်းလင်းပြီး ဒဲ့ဒိုးပါပဲ။ ဘုရားခင် သေဆုံးသွားပြီ။ သူ့ကို ကျုပ်တို့ သတ်လိုက်ပြီ။ ပြီးပြည့်စုံအောင် ကောင်းတဲ့ ဘုရားသခင်ရှိတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီအချက်အရ ကောင်းတယ်ဆိုတာဘာလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ကျင့်သိက္ခာ အယူအဆကို အခြေခံပြီး ဆက်သွားရင် မိုက်မဲရာရောက်တော့မှာပေါ့။
အဲဒါကို ခင်ဗျားစိတ်ထဲမှာ ဆုံးဖြတ်နေတုန်း ဘလေ့ဇ်ပက်စကယ်လ် (၁၆၂၃-၆၂) ရဲ့ အတွေးအခေါ်ကိုလည်း စဉ်းစားသုံးသပ်ကြည့်ပါဦး။ ဘဝနဲ့ လောင်းကြေးထပ်တဲ့ ပက်စကယ်လ်ရဲ့ အလောင်းအစားလို့ လူသိများတယ်။ တကယ်လို့ ဘုရားသခင်ဆိုတာ ရှိမယ်၊ ခင်ဗျားကလည်း သူ့ကို ယုံကြည်ရင် ထာဝရသုခချမ်းသာ ဒါမှမဟုတ် အလားတူ ကောင်းတာတစ်ခုခုကို ခင်ဗျား ရလိမ့်မယ်။ တကယ်လို့ ဘုရားသခင်ရှိပြီး ခင်ဗျားက မယုံမိရင် ထာဝရ ငရဲကို ခင်ဗျား ကြုံရလိမ့်မယ်။ တကယ်လို့ ဘုရားသခင်မရှိဘူးဆိုရင် ခင်ဗျားအတွက် ဘာဖြစ်ဖြစ် အတူတူပဲပေါ့။ ဒါဆို ခင်ဗျားရဲ့ အကောင်းဆုံးရွေးချယ်မှုက ဘာဖြစ်မလဲ။
ဆုံးဖြတ်ချက် ချမှတ်ခြင်း
အဲပီးကျူးရပ်စ်နဲ့ ဟူးမ်တို့က လက်ရှိကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေရယ် တန်ခိုးတော်အနန္တ မေတ္တာ ဂရုဏာရှင် ဘုရားသခင်ရယ် အကြားမှာ ဘာအဆက်အစပ်မှ မရှိဘူးလို့ မြင်ကြတယ်။ အခုအချိန်မှာ ခင်ဗျားက သူတို့လို ဘုရားသခင်ကို သံသယရှိသူတစ်ယောက် ဖြစ်နိုင်တယ်။ ဘုရားသခင်ကို ယုံကြတဲ့ အရစ်စတော့တယ်လ်၊ ပလေတိုးနဲ့ သူတော်စင်အန်ဆလ်မ် တို့ရဲ့ ငြင်းခုံချက်ထဲမှာ နှစ်သိမ့်စရာ တစ်ခုခုကို တွေ့ရင်လည်း တွေ့နိုင်တယ်။ ဒါမှမဟုတ် ဘုရားသခင် ရှိတဲ့ဘက်ရော မရှိတဲ့ဘက်ရောအတွက် တကယ့်သက်သေမရှိပါဘူးလို့ပြောခဲ့ကြတဲ့ အီမန် နျူဝယ်လ်ကန့် နဲ့ ဘာထရန်ရပ်ဆဲလ် တို့လို စဉ်းစားကောင်း စဉ်းစားနေနိုင်တယ်။ ခင်ဗျားရဲ့ ယုံကြည် သက်ဝင်မှုက တကယ်ပဲ တစစီကြေကွဲသွားရင်တော့ လုဒ်ဗစ်ခ်ဖောယာဘာ့ခ်၊ ကားလ်မာ့က်စ်၊ ဖရီးဒရစ်ခ် နစ်ရှေးတို့နဲ့အတူ တစ်ဖွဲ့ထဲနေလို့ ရပါပြီ။
စာရေးဆရာ Marcus Weeks ရေးတဲ့
What would Nietzsche do?
How the greatest philosophers would solve your everyday problems စာအုပ်က
With all the trouble in the world today, how can I believe in God? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

