
အမေရိကန်သမ္မတ ထရမ့်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်ခွန် အပေးအယူ ဆွေးနွေးမှု အောင်မြင် အထမြောက်သွားကြောင်း သူပိုင် ဆိုရှယ်မီဒီယာဖြစ်သည့် “Truth Social” မှနေ၍ အသေးစိတ်များ မဖော်ပြဘဲ ရေးသား ကြေညာခဲ့ပါသည်။ ဖော်ပြပါ ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်း နေကြစဥ်အတွင်း ထွက်ပေါ်လာသည့် ရိုက်တာ သတင်းတစ်ပုဒ် ကို အခြေခံလျက် သုံးသပ်ရေးသားထားခြင်း ဖြစ်ပြီး ကုန်သွယ်ခွန်လျှော့ချရေး ဆွေးနွေးပွဲ အသေးစိတ်ကို မသိရသော်လည်း ဗီယက်နမ်နိုင်ငံ အနေနှင့် အဆိုပါ သဘော တူညီချက် ရရှိရေး အတွက် ဖြစ်နိုင်ဖွယ်ရှိသော လိုက်လျော အလျှော့ပေး လိုက်ရသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း ခန့်မှန်းရပါသည်။
အမေရိကန်က ကုန်သွယ်ခွန်လျှော့ပေးဖို့ ဗီယက်နမ်ကို တရုတ်နှင့် စီးပွားရေး ဆက်ဆံမှု အဆင့်လျှော့ချရန် ဖိအားပေး တောင်းဆိုမှုများကိုတင်းတင်းမာမာပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ အမေရိကန်နှင့် ဗီယက်နမ် အကြား သွင်းကုန်ခွန်ညှိနှိုင်းပွဲများ၏ နောက်ဆုံးအခြေအနေကို မကြာသေးမီ က ရိုက်တာသတင်းအေဂျင်စီ၏ သတင်း တစ်ပုဒ်ဖြင့် ဖော်ပြခဲ့သည်။

ဆွေးနွေးပွဲ၏ နောက်ဆုံး အခြေအနေကို သိရှိသော အမည်မဖော်လိုသည့် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန် ညှိနှိုင်းရေးသမားများက ဗီယက်နမ် အစိုးရထံ တင်းမာသောတောင်းဆိုမှု အချို့ကို ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ထို့ကြောင့်ဗီယက်နမ်သည်တရုတ်နိုင်ငံမှတင်သွင်းနေသော စက်မှု ထုတ်ကုန်များ အပေါ် မှီခိုနေရမှုကို လျှော့ချရတော့မည်ဖြစ်ရာ ဝါရှင်တန်နှင့်ဘေဂျင်း နှစ်ဖက်စလုံးနှင့် မျက်နှာမပျက်ရအောင် မီးစဥ်ကြည့် က’ နေရသော ဗီယက်နမ်အစိုးရ၏ သံတမန်ရေးဆိုင်ရာ ကကြိုးကကွက်များမှာလည်း ကမောက်ကမ ဖြစ်သွားဖွယ်ရာ ရှိနေပေသည်။
ထိုရိုက်တာသတင်း အရ ဗီယက်နမ်နိုင်ငံ အခြေစိုက် စက်ရုံများအနေနှင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ တင်သွင်း အသုံးပြုနေမှုကိုလျှော့ချရန်နှင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်ကို ထိန်းချုပ်မှုများ ပိုမိုပြုလုပ်ရန် သမ္မတထရမ့် အစိုးရက ဗီယက်နမ် အစိုးရကို တိုက်တွန်း တောင်းဆို လျက်ရှိသည်။
နှစ်နိုင်ငံကြား ပြုလုပ်ခဲ့သော ဒုတိယမြောက် ကုန်သွယ်ရေး ဆွေးနွေးပွဲ အပြီး များမကြာမီ ပင် ဗီယက်နမ် အစိုးရထံ ပေးပို့လိုက်သော အမေရိကန်တို့၏စာတွင် ဤတောင်းဆိုချက်ကိုနောက်ဆက်တွဲ၌ ထည့်သွင်း ဖော်ပြထား သည်။ သမ္မတ ဒေါ်နယ်ထရမ့်က သူနာမည်ပေးထားသည့် “လွတ်မြောက်ရေးနေ့” သွင်းကုန် ခွန်ကြေညာချက်တွင် ပါရှိခဲ့သော ဗီယက်နမ် အပေါ် ကောက်မည့် သွင်းကုန်ခွန် ၄၆% တိုးမြှင့်သွားမည့် အပေါ် သက်ညှာ လျှော့ပေါ့ပေးရန် ညှိနှိုင်း ဆွေးနွေးပွဲတွင် ဗီယက်နမ်တို့ဘက်က မျှော်လင့် နေခဲ့ကြသည်။
အကယ်၍ ဤနှုန်းအတိုင်းသာ နောက်လတွင် အပြည့်အဝ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါက ဗီယက်နမ်၏ ပို့ကုန်ဦးဆောင်သော စီးပွားရေး မော်ဒယ်ကို အကြီးအကျယ် ဒုက္ခပေးတော့မည့် အလားအလာ ရှိနေပေသည်။
ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်အများစုကို အမေရိကန်သို့ တင်ပို့နေရခြင်းဖြစ်ပြီး ၂၀၂၄ တစ်နှစ်တည်း မှာပင် ဒေါ်လာ ၁၃၆ ဒသမ ၆ ဘီလီယံ ရှိကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး စာရင်းများ အရသိရသည် ဤပမာဏမှာ ဗီယက်နမ်ပို့ကုန်အားလုံးစုစုပေါင်း၏ ၂၉% ရှိပြီး ဗီယက်နမ် အမျိုးသား ကုန်ထုတ်တန်ဖိုး ဂျီဒီပီ၏ ၃၀% ရှိပါသည်။

ဗီယက်နမ်၏ စီးပွားရေးမှာ တရုတ် ဗဟိုပြု ထောက်ပံ့ရေး ကွင်းဆက်များနှင့် ပူးကပ်စွာ ချိတ်ဆက်လုပ်ကိုင် နေကြသည်ဖြစ်ရာ အမေရိကန်၏ တောင်းဆိုမှု များသည် ဗီယက်နမ်အဖို့ ကြမ်းတမ်း ခက်ခဲလှသည်ဟု သတင်းရင်း မြစ်များက ပြောကြကြောင်း ရိုက်တာက ဖော်ပြထားသည်။
စီးပွားရေးကဏ္ဍမှ ကြည့်လျှင် ထရမ့်၏ ပထမသမ္မတ သက်တမ်းအတွင်း အကြီးအကျယ် အကျိုးအမြတ် ရခဲ့သော နိုင်ငံများတွင် ဗီယက်နမ်လည်း တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ထုတ်လုပ်ရေး အခြေစိုက် စခန်းအဖြစ် တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ၎င်းတို့၏ ကုန်ထုတ် စက်ရုံများကို ဗီယက်နမ်သို့ပြောင်းရွှေ့ခဲ့ကြရာ ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများမှာ ကဏ္ဍအမျိုးမျိုးတွင် တစ်ဟုန်တိုး ထိုးတက်သွားသည်။ ဗီယက်နမ်၏ အမေရိကန်အပေါ် ကုန်သွယ်ရေး ပိုငွေ အသာရမှုမှာ ၂၀၁၇ တွင် ဒေါ်လာ ၃၈ဒသမ ၃ ဘီလီယံ ရှိခဲ့ရာမှ မနှစ်က ဒေါ်လာ ၁၂၃ ဒသမ ၅ ဘီလီယံ အထိ ထောင်တက် သွားခဲ့သည်။
သို့သော်ဗီယက်နမ်သည်ထိုသို့ပြည်ပပို့ကုန်တွေ တိုးတက်ထုတ်လုပ်နိုင်အောင် တရုတ်ပြည်မှ စက်မှုကုန်ကြမ်း နှင့်အီလက်ထရွန်နစ် ပစ္စည်း အစိတ်အပိုင်းများကို အလားတူပင် တိုးတက်တင်သွင်းနေရသည်။ ဆမ်ဆောင်း နှင့် နိုက်ကီ တို့ကဲ့သို့သော ဗီယက်နမ်အခြေစိုက် နိုင်ငံတကာ ကုမ္ပဏီကြီး များသည် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်း အတွက် လိုအပ်သောကုန်ကြမ်းနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများကို တရုတ်ပြည်မှ တင်သွင်းအသုံးပြုနေရခြင်း ဖြစ်သည်။ ဗီယက်နမ်၏ကုန်သွယ်ရေး စာရင်းအင်းများကိုကြည့်လျှင် တရုတ်ပြည်မှ သွင်းကုန်ပမာဏသည် အမေရိကန်သို့ ပို့ကုန်ပမာဏနှင့် ဆတူလောက် ပင်ရှိနေကြောင်း တွေ့ရှိရသည်။ တရုတ်ကုမ္ပဏီများသည် အခွန်ရှောင်ရန် ၎င်းတို့၏ ထုတ်ကုန်များကို လမ်းကြောင်းလွှဲ၍ ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့နေသည်၊ ထို့ကြောင့်သာ ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေ အဆမတန် များပြားစွာ ရရှိနေခြင်းဖြစ်သည်ဟု အမေရိကန်တို့က ယူဆထားသည်။
သမ္မတထရမ့်၏ ရန်လိုစိတ်ရှိသော ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ် ပီတာ နဗားရိုး က ဧပြီလအတွင်းက ဖောက်က်စ် သတင်းဌာနသို့ ပြောကြားရာ၌ ဗီယက်နမ်နိုင်ငံသည် တရုတ် ထုတ်ကုန် များကို တစ်ဆင့်တင်ပို့ရာ ဆိပ်ကမ်း အဖြစ် အသုံးတော်ခံနေသဖြင့် ကွန်မြူနစ် တရုတ်ပြည်၏ လက်အောက်ခံ ကိုလိုနီသဖွယ် ဖြစ်နေပြီဟု ပြောခဲ့သည်။ ဤသို့သောအခြေအနေများကြောင့် ဗီယက်နမ် သည် ခက်ခဲသိမ်မွေ့သော အနေအထားတွင်ရောက်နေသည်။
သွင်းကုန်ခွန်ကိစ္စများ ဧပြီလတွင်မကြေညာရသေးမီ၊ ထရမ့် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲပင် မလုပ်ရသေးမီကပင် ဗီယက်နမ်သည် ၎င်း၏ ကုန်သွယ်ရေးပိုငွေများကိုလျှော့ချရေး အတွက် အကြံပြုချက် အချို့ကို လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်မှ လေယာဥ်များနှင့် သဘာဝ ဓာတ်ငွေ့ရည် (LNG) များပိုမိုဝယ်ယူရန် ကမ်းလှမ်း ခဲ့ပါသည်။ တရုတ်တို့က ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ပုံမှား ရိုက်၍ ဗီယက်နမ် ဆိပ်ကမ်းများမှ ပြည်ပသို့ တင်ပို့နေမှုကိုလည်း ကြပ်မတ်နှိပ်ကွပ်ပါမည်ဟု ဗီယက်နမ် ခေါင်းဆောင်များက ကတိပြုခဲ့ပါသည်။
ယခုအပတ်စောစောပိုင်းက ဗီယက်နမ်စိုက်ပျိုးရေး ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဗီယက်နမ် ကုမ္ပဏီများ သည် အမေရိကန်လယ်ယာထွက်ကုန် ဒေါ်လာ နှစ်ဘီလီယံ ဖိုးဝယ်ယူရန်အမေရိကန်တို့နှင့် သဘောတူ လက်မှတ် ရေးထိုးတော့မည်ဟု ဆိုပါသည် ဗီယက်နမ်လေကြောင်းလိုင်းသည်လည်း အမေရိကန်ထံမှ Boeing 737 MAX ဂျက်လေယာဥ် အစင်း ၅၀ ဝယ်ယူရန်အမှာစာ ပေးပို့နိုင်ဖို့ နီးကပ်နေပြီဟု သိရှိရသည်။
သို့သော် အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းသူများဘက်က ဒီလောက် လိုက်လျောရုံနှင့်တော့ ကျေနပ် နိုင်လိမ့်မည်မထင်ဟု သတင်းရင်းမြစ်များကပြောကြောင်း ရိုက်တာ သတင်းကဆိုပါသည်။
အမေရိကန်တို့၏ တောင်းဆိုမှုများသည် ဗီယက်နမ်စီးပွားရေးကို အမှန်တကယ် သိရှိ နားလည်မှု အပေါ်တွင် အခြေခံတာမှ ဟုတ်ပါရဲ့လား (သို့တည်းမဟုတ်) ဗီယက်နမ် စီးပွားရေးအဆောက်အအုံကို တကယ်ပင် နားမလည် တာလားဆိုသည်ကတော့ မသဲကွဲချေ။
မည်သို့ပင်ဖြစ်စေ ဗီယက်နမ်အနေနှင့် တရုတ်ပြည်ထုတ် ထောက်ပံ့ရေးကွင်းဆက် ပစ္စည်းများ နှင့် ကင်းရှင်းအောင် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် အမေရိကန်သို့တင်ပို့နေသော ပို့ကုန်ပမာဏမှာ တစ်ဟုန်ထိုး ကျဆင်းသွား တော့မည်မှာ အလွန်သေချာနေပေသည်။ ထိုသို့ဖြစ်လာလျှင် ဗီယက်နမ်၌ စီးပွားရေးနှင့် လူမှုရေးသာမက နိုင်ငံရေးသက်ရောက်မှုများပါရှိလာနိုင်ပေသည်။ ဗီယက်နမ်အနေနှင့် အမေရိကန် ဦးဆောင်သောတရုတ် ဆန့်ကျင်ရေး ညွန့်ပေါင်းအုပ်စုတွင် ဘယ်တော့မှ ပါဝင်မည်မဟုတ်ပါ ဟူသောကတိကဝတ်ဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေးကိုတည်ဆောက်ထားသည်ဖြစ်ရာ ဗီယက်နမ်က ထိုသို့ပြုလုပ်လာ လျှင်နှစ်နိုင်ငံ အကြားဆက်ဆံရေးကို ထိခိုက်သွားနိုင်ပေသည်။
ထိုသို့သောအကြောင်းတရားများကြောင့် ဗီယက်နမ်တို့အနေနှင့် တရုတ်ကုန်ထုတ်ကုမ္ပဏီများ လှည့်ဖြား၍ သွင်းကုန်ခွန် သက်သာရန် ကြိုးစားနေမှုကို ဟန့်တားရန် အရေးယူဆောင်ရွက်မှုများလုပ်လိမ့်မည်ဟု ယုံကြည် ယူဆနိုင် စေကာမူ ဗီယက်နမ်-တရုတ် စီးပွားရေးဆက်ဆံမှုများနှင့်ပတ်သက်၍ မဖြစ်မနေ တာဝန်ခံ ရမည့် သဘောတူ ညီချက်မျိုးကို လိုက်လျောလက်ခံဖို့တော့ ဗီယက်နမ်အဖို့ ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အမေရိကန်အစိုးရအနေနှင့် အတိုင်းအတာတစ်ခုထက် ကျော်လွန်၍ ဗီယက်နမ်အပေါ် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်လာခဲ့သော် အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးကိုသိသိသာသာ ထိခိုက်မှုများ ရှိလာမည်ကို ရှောင်လွှဲ၍မရနိုင်ပေ။

