The Corner

The Corner

cropped-Logo_round_grey-background.png

လူ ၁၁ ယောက်ပဲရှိတဲ့ ဂျပန်ကျွန်းလေးက Manga (မန်ဂါ) လောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီ 

Share မယ်

သူငယ်ချင်းတို့ရေ….  

ဒီနေ့တော့ ဂျပန်နိုင်ငံက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြချင် ပါတယ်။

JAPAN TODAY

“Japan Today” (ဂျပန်တူဒေး) က အွန်လိုင်းသတင်းဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဂျပန်နိုင်ငံက တခိုင့်ကမိရှိမား (Takaikamishima) လို့ခေါ်တဲ့ကျွန်းလေးတစ်ကျွန်းအကြောင်းပါပဲ။ ဒီကျွန်းလေးဟာ လူဦးရေ သိသိသာသာ လျော့နည်းလာတဲ့ ပြဿနာကို ရင်ဆိုင်နေရတာကြောင့် လူတွေကို ပြန်လည်ဆွဲဆောင်ဖို့အတွက် အံ့သြစရာကောင်းတဲ့ အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ ကိုယ်ပိုင် Manga ကျောင်း ကို ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်းလေး ရင်ဆိုင်နေရတဲ့  စိန်ခေါ်မှု

ဒီ  တခိုင့်ကမိရှိမား ကျွန်းလေးမှာ ၁၉၇၀ ခုနှစ်တုန်းက လူဦးရေ ၁၈၄ ယောက် နေထိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ရောက်တော့ ၁၁ ယောက်ပဲ ကျန်ပါတော့တယ်။ စဉ်းစားကြည့်ပါဦးနော်၊ လူဦးရေ ဘယ်လောက်တောင် လျော့ကျ သွားလဲဆိုတာ။ ဒါကြောင့် ကျွန်းပေါ်မှာနေထိုင်သူတွေဟာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ကူးဆန်းဆန်းနဲ့ အိုင်ဒီယာ တစ်ခု ထုတ်ခဲ့ကြတယ်။ လူတွေကို ဒီကျွန်းကို ပြောင်းရွှေ့လာဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ လာရောက် လည်ပတ်ဖို့ အတွက် သူတို့ကိုယ်ပိုင် Manga ကျောင်း ဖွင့်လှစ်ဖို့ပဲ။ ဂျပန်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လူဦးရေ လျော့နည်း လာတာက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဆိုတော့ တခိုင့်ကမိရှိမားကျွန်းရဲ့ ကြိုးပမ်းမှုက အခြားကျွန်းတွေအတွက်လည်း စံနမူနာ ဖြစ်လာနိုင်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းတွေဆိုတာ ဒီလို ကျွန်းလေးတွေ ပြန်လည်အသက်ဝင်လာဖို့အတွက် အရေးပါတဲ့ ကြိုးပမ်းမှုတွေ ဖြစ်လာနေ ပါတယ်။

Manga ရုပ်ပြ စာအုပ်များ (Source: Flickr)

Manga (မန်ဂါ) ဆိုတာ

Manga (မန်ဂါ) ဆိုတာကတော့ ဂျပန် ရုပ်ပြ ကာတွန်းစာအုပ် တွေကို ခေါ်တာပဲ။ သူ့မှာ ကိုယ်ပိုင်စတိုင်နဲ့ ထူးခြားချက် တွေ အများကြီးရှိတယ်။ အဓိကကတော့  –

Manga ကိုဖတ်ရင် သာမန်စာအုပ်တွေလို ဘယ်ကနေ ညာကိုဖတ်တာမဟုတ်ဘူး။ ညာဘက်ကနေ ဘယ်ဘက်ကို ပြောင်းပြန်ဖတ်ရတယ်။ စာမျက်နှာတွေကိုလည်း နောက်ကနေ  ရှေ့ကို လှန်ဖတ်ရတာ။ 

သူ့ရဲ့ ပုံဆွဲတဲ့စတိုင်က မျက်လုံးအကြီးကြီးတွေ၊ ဆံပင်ပုံစံအလန်းစားတွေ၊ တိုက်ခိုက်တဲ့အခါ မြန်နှုန်းပြတဲ့ မျဉ်းတွေနဲ့ သက်ဝင်နေတာ။ အများအားဖြင့် အဖြူအမည်း နဲ့။

Manga က ကလေးတွေအတွက်ပဲ မဟုတ်ဘူး။ အက်ရှင်၊ အချစ်၊ သိပ္ပံ၊ သရဲ၊ အားကစား၊ ဟင်းချက်တာက အစ သမိုင်းအကြောင်းအဆုံး… လူကြီးတွေဖတ်ဖို့၊ ဆယ်ကျော်သက်တွေဖတ်ဖို့ ဇာတ်လမ်းအမျိုးအစားပေါင်းစုံ ထွက်တယ်။

Manga အိပ်မက် စတင်အသက်ဝင်လာပုံ

ဒီမူလစိတ်ကူးကို ကျွန်းနေထိုင်သူ ဆာဒါမူ ကီမူရာ (Sadamu Kimura) နဲ့ အခြားနေရာမှာနေပေမယ့် ကျွန်းကို မကြာခဏလာလည်တတ်တဲ့ အိုဆာမူ ဟာဆယ်ဘဲ (Osamu Hasebe) တို့က ၂၀၁၆ ခုနှစ်မှာ စတင် အကောင် အထည် ဖော်ခဲ့တာပါ။ လူဦးရေနည်းပါးတဲ့ ကျွန်းကို လူပိုရောက်အောင် လုပ်ဆောင်ဖို့ အတွက် သူတို့ဟာ နာမည်ကြီး Manga ဖန်တီးရှင် တခါတိုရှိ ယမာဒါ (Takatoshi Yamada) ရဲ့ အကူအညီကို ရယူခဲ့ကြတယ်။ ယမာဒါရဲ့ နာမည်ကြီး Manga စီးရီးတစ်ခုဖြစ်တဲ့ “Dr. Koto’s Clinic” ကလည်း ဝေးလံခေါင်ဖျားတဲ့ ကျွန်းတစ်ကျွန်းမှာ ဇာတ်အိမ်တည်ထားတာမို့၊ သူက ဒီကျွန်းရဲ့ အခြေအနေ ကို နားလည်ပြီး စာနာစိတ်အပြည့်နဲ့ ပါဝင်ကူညီခဲ့ပါတယ်။ သူက ကျွန်းအတွက် ပထမဆုံး နံရံဆေးပန်းချီ ဒီဇိုင်း တစ်ခုကို ဖန်တီးပေးခဲ့သလို အခြား Manga ဖန်တီးရှင်တွေ ကိုလည်း ပါဝင်ကူညီဖို့ တိုက်တွန်း ခဲ့ပါတယ်။

ကျွန်းတစ်ခွင်က Manga နံရံဆေးပန်းချီကားများ

ဒီလိုကြိုးပမ်းမှုတွေကြောင့် အခုဆိုရင် ကျွန်းရဲ့ဆိပ်ကမ်းနားက အဆောက်အအုံနံရံတွေမှာ Manga ဇာတ်ကောင်တွေရဲ့ ပုံတူပန်းချီကား ရောင်စုံတွေကို မြင်တွေ့နိုင်ပါပြီ။ စိတ်လှုပ်ရှားစရာ ဧရာမ Manga ပန်းချီကား ပေါင်း သုံးဆယ်ကျော် ရှိနေတာဟာ ကျွန်းရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ လူကြိုက်များ လှတဲ့ Manga ယဉ်ကျေးမှုက ကျွန်းကို လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ဖို့ အင်မတန် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

တခိုင့်ကမိရှိမား Manga ကျောင်း ဖွင့်ပွဲ

ဧပြီလ ၂၇ ရက်နေ့မှာ တခိုင့်ကမိရှိမရှိမား Manga ကျောင်း ကို တခမ်းတနား ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းဖွင့်ပွဲ အခမ်းအနားကို ပရော်ဖက်ရှင်နယ် Manga ဖန်တီးရှင်တော်တော်များများ တက်ရောက် ခဲ့ကြပြီး အနီးအနား ကျွန်းတွေ က ကျောင်းသား ၂၀ လောက် လာရောက်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကျောင်းက ၂၀၂၃ ခုနှစ်မှာ ပိတ်ခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းဟောင်း အဆောက်အအုံမှာ ဖွင့်လှစ်တာပါ။ စာသင်ခန်းသုံးခန်းနဲ့ Manga စာအုပ်အပြည့်ရှိတဲ့ အခန်းတစ်ခန်း ပါဝင်ပါတယ်။ ဖွင့်ပွဲမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းသားလေးတွေအတွက် အလုပ်ရုံဆွေးနွေးပွဲ (workshop) တွေလည်း ပါဝင်ခဲ့ပြီး နံရံဆေးပန်းချီကားတွေကို ရေးဆွဲပေးခဲ့တဲ့ Mangaka (Manga ပန်းချီဆရာ) အမျိုးမျိုး ကလည်း ကျောင်းသားတွေကို ကိုယ်တိုင်သင်ကြားပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီကျောင်းမှာ Manga ရေးဆွဲနည်းကို သင်ကြားပေးမှာဖြစ်ပြီး ဒီနွေရာသီကစပြီး စာသင်ကြားမှုတွေ စတင်မှာပါ။

 သင်ကြားရေးစနစ်

ဒါက အချိန်ပြည့်ကျောင်းတော့ မဟုတ်ပါဘူး။ နွေဦးနဲ့ နွေရာသီရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖွင့်ပြီး တစ်လကို သင်ခန်းစာခြောက်ခုနဲ့ နှစ်ရက်အပြည့် စာသင်ချိန် ပေးပါတယ်။ အသက်အရွယ်မရွေး တက်ရောက်နိုင်ပြီး ကုန်ကျ စရိတ်က ယန်း ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၅၅ ဒေါ်လာ လောက်) ရှိပါတယ်။ ဒီငွေကို အစားအသောက် စရိတ်တွေလိုမျိုး ကိစ္စရပ်တွေမှာလည်း အသုံးပြုသွားမှာပါ။ တစ်ကြိမ်ကို ကျောင်းသား ၃၀ ထက်ပိုပြီး လက်ခံမှာ မဟုတ်ပါဘူး။

“ဒီနေရာမှာ သဘာဝအလှကြွယ်ပြီး ခေတ်ဟောင်းကို အမှတ်ရစေတဲ့ လူမှုအသိုင်းအဝိုင်း ရှိတာကြောင့် အချိန်ကုန်မှန်းမသိ ကုန်ဆုံးသွားပြီး တီထွင်ဖန်တီးမှုအတွက် လှုံ့ဆော်မှုတွေ ဖြစ်စေ ပါတယ်။ ဒီ့အပြင် ကျောင်းသား တွေက နာမည်ကြီး Mangaka တွေဆီက Manga နည်းစနစ်တွေကို သင်ယူနိုင်ပါတယ်။  ဘွဲ့ရတွေထဲက တစ်ယောက် ယောက် က တစ်နေ့ကျရင် နာမည်ကြီး Mangaka တစ်ယောက် ဖြစ်လာနိုင်တယ်။ တချို့ဆို Manga ပန်းချီဆရာ တွေက အဝေးကနေ အလုပ်လုပ် လို့ရတာဆိုတော့ ဒီကျွန်းမှာပဲ လာနေထိုင်ဖို့ ရွေးချယ်နိုင်ပါတယ်” လို့ ကျွန်းနေထိုင် သူ မာဆာနိုရီ ဘာဘာ (Masanori Baba) ကမှတ်ချက်ပြုခဲ့ပါတယ်။

ပြန်လည်အသက်ဝင်လာတဲ့ ကျွန်းလေး

ဟာဆယ်ဘဲက ဧည့်သည်တွေ ကျွန်းပေါ်မှာ တည်းခိုနိုင်ဖို့အတွက် ဧည့်ရိပ်သာငယ်လေးတစ်ခုနဲ့ ကော်ဖီဆိုင် တစ်ဆိုင် ကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှာတော့ ဘာဘာမိသားစု (Baba family) ဆိုတဲ့ မိသားစု အသစ်တစ်စု ကျွန်းကို ပြန်လည်အသက်ဝင်လာစေဖို့ ကြိုးပမ်းမှုတွေမှာ ကူညီဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့က ကျွန်းရဲ့ လူဦးရေ တိုးပွားလာတာကို မြင်တွေ့ချင်ပြီး Manga ကျောင်းနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေက လူတွေကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

တခိုင့်ကမိရှိမားဟာ ဂျပန်နိုင်ငံက ကြီးထွားဖွံ့ဖြိုးဖို့ အကူအညီလိုအပ်နေတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းများစွာ ထဲက တစ်ခုပါ။ ကမိရှိမားမြို့တော်ဝန်ကလည်း ဒီ Manga စီမံကိန်းကို ထောက်ခံပြီး ကျွန်းအတွက် အလွန် ကောင်းမွန် တဲ့ အကြံဉာဏ်တစ်ခုလို့ ယုံကြည်ပါတယ်။ 

အိုဆာမူ ဟာဆယ်ဘဲ ကတော့ ကမ္ဘာတစ်ဝန်းကလူတွေဟာ ထူးခြားတဲ့ Manga ယဉ်ကျေးမှုကို ခံစားဖို့ တခိုင့်ကမိရှိမားကို လာရောက်လည်ပတ်ကြမယ့်နေ့ကို အိပ်မက်မက်နေပါတယ်။ ဒီလိုမျိုး ဖန်တီးမှုအခြေပြု စီမံကိန်းတွေဟာ ဂျပန်ရဲ့ ကျေးလက်ဒေသတွေကို ပြန်လည် အသက်ဝင် လာစေဖို့အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ဒီကျွန်းလေးရဲ့ ဇာတ်လမ်းက ဖော်ပြနေ တာပါပဲ။

Manga ယဉ်ကျေးမှု

ဂျပန်မှာ Manga ဆိုတာ နေ့စဉ်ဘဝထဲမှာ မရှိမဖြစ် ပေါင်းစပ်နေတာမျိုးပါ။ ဖျော်ဖြေရေး သက်သက်တင် မဟုတ်ဘဲ၊ ဖက်ရှင်၊ ဘာသာစကား၊ ပညာရေးအထိ လွှမ်းမိုးနိုင်တဲ့ ယဉ်ကျေးမှု ဖြစ်ရပ်ဆန်းကြယ်တစ်ခုလိုပါပဲ။ Manga တွေက အသက်အရွယ်အုပ်စုပေါင်းစုံကို ဖြတ်ကျော်ပြီး အချစ်ဇာတ်လမ်းကနေ စီးပွားရေး၊ သမိုင်း၊ ဒဿနိကဗေဒအထိ အမျိုးအစားစုံလင်စွာ ထွက်ရှိပါတယ်။

ခေတ်သစ်ဂျပန်အနုပညာကိုလည်း Manga က ပုံဖော်ပေးခဲ့တာပါ။ Anime တွေ၊ ဗီဒီယိုဂိမ်း တွေ၊ ရုပ်ရှင်တွေ အထိပါ လှုံ့ဆော်မှုတွေ ပေးခဲ့ပါတယ်။ Manga ရဲ့ ဇာတ်ကြောင်းပြောဟန်က ကမ္ဘာ့ Pop Culture ကို လွှမ်းမိုးခဲ့ပြီး ဂျပန် Manga တွေကို ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ နိုင်ငံတကာ ကာတွန်း တွေအဖြစ် ပြန်လည် အသက်သွင်း တာမျိုးတွေလည်း ရှိပါတယ်။ လူငယ်တွေကြား ခေတ်စားနေတဲ့ အနုပညာ၊ သီချင်း၊ ရုပ်ရှင်နဲ့ ဖက်ရှင် အားလုံးကို Pop Culture လို့ ခေါ်တာပေါ့ ။

Manga ဟာ လူမှုရေးဝေဖန်သုံးသပ်ချက်တွေမှာလည်း အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ်ပိုင် လက္ခဏာ၊ နိုင်ငံရေးနဲ့ လူမှုရေးပြဿနာတွေလိုမျိုး အကြောင်းအရာတွေကို ကိုင်တွယ် ဖြေရှင်းပြပါတယ်။ “Akira” နဲ့ “Attack on Titan” လိုမျိုး လက်ရာတချို့ဆိုရင် ဂျပန်ရဲ့ သမိုင်းကြောင်းနဲ့ အနာဂတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်တဲ့ နက်နဲတဲ့ ဒဿနိကဗေဒနဲ့ နိုင်ငံရေး အကြောင်း အရာတွေ ကိုပါ ဖော်ပြထားပါတယ်။

Source: Pixabay

Manga ဆိုတာ  သမိုင်းကြောင်းရှည်ပြီး အရောင်အသွေးစုံလင်တာကြောင့် ဂျပန်မှာရော ကမ္ဘာ တစ်ဝန်းလုံး က လူတွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်တာပါ။ “Otaku” ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Manga ဟာ ဂျပန်ရဲ့ စာပေထုတ်ဝေရေးလောကမှာ တကယ်ကို ဩဇာကြီးမားလာပြီးတော့ ကလေးလူကြီးမကျန် သန်းပေါင်း များစွာသော စာဖတ်သူတွေဆီကို ရောက်ရှိ နေပါတယ်။ Otaku ယဉ်ကျေးမှုဆိုတာ Manga တွေလို ဂျပန်ရဲ့ စာပေနဲ့ အနုပညာတွေကို အလွန်နှစ်သက်ပြီး လိုက်စားတဲ့ပုံစံမျိုးကို ပြောတာပေါ့။

ဒီရုပ်ပြတွေဟာ သမိုင်းကြောင်းနောက်ခံ စွန့်စားခန်းတွေကနေ ဆယ်ကျော်သက် အချစ် ဇာတ်လမ်း တွေ၊ စိတ်လှုပ်ရှားစရာ သိပ္ပံစိတ်ကူးယဉ်တွေ၊ ဘဝအကြောင်း နက်နဲတဲ့ အတွေး အမြင်တွေအထိ ပုံစံမျိုးစုံ၊ ဇာတ်လမ်း မျိုးစုံကို ပြောပြပါတယ်။ ဒါကြောင့်လည်း Manga ဟာ ဂျပန်ယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

Manga ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း

Manga က အခုမှပေါ်လာတာမဟုတ်ဘူး။ သူ့ရဲ့ဇာစ်မြစ်က ၁၂ ရာစု၊ ၁၃ ရာစုလောက်က စတယ်။ အစောဆုံး ဥပမာတွေထဲက တစ်ခုက “Choju-giga” (ဒါမှမဟုတ် “Scrolls of Frolicking Animals”) လို့ခေါ်တဲ့ ရယ်စရာ ကောင်းတဲ့ တိရစ္ဆာန်ပုံတွေပါတဲ့ ရုပ်ပြစာအုပ်ပါ။ “Manga” ဆိုတဲ့ စကားလုံးကို တော့ ၁၇၉၈ ခုနှစ်မှာ ရုပ်ပြ စာအုပ်တွေကို ဖော်ပြဖို့ ပထမဆုံး စတင်သုံးခဲ့တာဖြစ်ပြီး ၁၉ ရာစုမှာ Katsushika Hokusai လို နာမည်ကြီး ပန်းချီဆရာတွေကြောင့် ပိုပြီး လူသိများလာခဲ့ပါတယ်။

Manga နဲ့ Anime ဘာကွာလဲ

လူတော်တော်များများက Manga နဲ့ Anime ကို မှားတတ်ကြတယ်။ တကယ်တော့ မတူပါဘူး။ ဂျပန်မှာ “Manga” ဆိုတာ ရုပ်ပြနဲ့ ကာတွန်းအားလုံးကို ပြောတာပါ။ “anime” ကတော့ ကာတွန်းကားတွေနဲ့ ရုပ်ရှင်တွေကို ရည်ညွှန်း တာပါ။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အမေရိကန်ရုပ်ပြနဲ့ ကာတွန်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဂျပန် ပန်းချီဆရာ တွေဟာ Manga မဂ္ဂဇင်းတွေ ဖန်တီးခဲ့ကြပြီး ဇာတ်လမ်းတွဲပေါင်းစုံ ပါဝင်လာခဲ့ပါတယ်။ နာမည် အကြီးဆုံး Manga ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Osamu Tezuka ဟာ “Astro Boy” ကို ဖန်တီးခဲ့ပြီး မျက်လုံး ပြူးပြူး ဇာတ်ကောင် စတိုင်လ်ကို လူကြိုက်များအောင် လုပ်ခဲ့သူပါ။

Manga အမျိုးအစားများ

Manga ကြီးထွားလာတာနဲ့အမျှ လူတန်းစားအမျိုးမျိုးကို ဆွဲဆောင်လာခဲ့တယ်။ ဒါကြောင့် Manga အမျိုးအစား အမျိုးမျိုး ပေါ်လာခဲ့တာပေါ့။ ဥပမာ – ကောင်လေးတွေကို ရည်ရွယ်တဲ့ shōnen နဲ့ ကောင်မလေးတွေ ကို ရည်ရွယ်တဲ့ shōjo လိုမျိုးပေါ့။ Shōnen Manga တွေမှာ အက်ရှင်နဲ့ စွန့်စားခန်း တွေ များသောအားဖြင့် ပါတတ်ပြီး shōjo Manga တွေကတော့ အချစ်နဲ့ ဆက်ဆံရေးတွေကို အဓိက ထားပါတယ်။ အခြားအမျိုးအစားတွေလည်း ရှိပါသေးတယ်၊ ဥပမာ- ကလေးငယ်တွေအတွက် kodomo၊ ကောင်လေးချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းတွေအတွက် yaoi၊ ကောင်မလေးချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းတွေအတွက် yuri စသဖြင့်ပေါ့။ လူကြီးတွေအတွက် အကြောင်းအရာတွေ ပါတဲ့ Hentai ကတော့ အစတုန်းက အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုခြင်း မခံရသေးပါဘူး။

Manga ဘာကြောင့် နာမည်ကြီးတာလဲ

Manga ဟာ အမျိုးအစားများစွာရှိပြီး စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်လမ်းတွေကို ပြောပြနိုင်တာကြောင့် နာမည်ကြီး တာပါ။ အသက်အရွယ်မရွေး လူတွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် သက်ဆိုင်တယ် လို့ ခံစားရတဲ့ ဇာတ်ကောင်တွေကို နှစ်သက်ကြတာကြောင့် နှစ်စဉ် Manga အတွက် ငွေတွေအများကြီး သုံးကြတယ်။ သပ်ရပ်တဲ့ လိုင်းတွေနဲ့ ပုံကြီးချဲ့ထားတဲ့ မျက်နှာအမူအရာတွေပါတဲ့ ပန်းချီစတိုင်လ်က ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ကလေးတွေ တော်တော် များများကို ပျော်ပျော်ရွှင်ရွှင်နဲ့ စာဖတ်တတ်ဖို့ Manga တွေ ပေးဖတ်ကြပြီး ဒါက သူတို့ကို စာဖတ် ဝါသနာပါအောင် ကူညီပေးပါတယ်။

နာမည်ကြီး Manga ဇာတ်လမ်းတွဲများ

နာမည်အကြီးဆုံး Manga ဇာတ်လမ်းတွဲတွေထဲမှာ “One Piece” လည်း ပါပါတယ်။ Monkey D. Luffy ရဲ့ စွန့်စားခန်း တွေကို ဖော်ပြထားပြီး အချပ်ရေ သန်း ၃၈၀ ကျော် ရောင်းချရတာကြောင့် အများဆုံးရောင်းရတဲ့ Manga ဖြစ်ပါတယ်။ အခြား နာမည်ကျော် ဇာတ်လမ်းတွဲတွေကတော့ “Dragon Ball”၊ “Naruto” နဲ့ “Golgo 13” တို့ ဖြစ်ပြီး Manga ရဲ့ ကမ္ဘာကြီးကို ပိုပြီး ကြွယ်ဝစေပါတယ်။

Manga ရဲ့ ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှု

Manga ဟာ ဂျပန်ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ထုတ်ဝေရေးလုပ်ငန်းရဲ့ အကြီးဆုံးအပိုင်းကို သိမ်းပိုက်ထားပါတယ်။ သူက ယဉ်ကျေးမှုနယ်နိမိတ်တွေကို ကျော်ဖြတ်ပြီး တခြားနိုင်ငံ တွေမှာ လည်း လူကြိုက်များလာခဲ့ပါတယ်။ Manga ကို နိုင်ငံတကာ ပရိသတ်တွေအတွက် ဘာသာပြန်ပြီး ပြန်လည် ပြင်ဆင် ထားပေမယ့် အနောက်နိုင်ငံက စာဖတ်သူတွေအတွက် မူရင်း ညာဘက်ကနေ ဘယ်ဘက်ကို ဖတ်ရတဲ့ စတိုင်လ်ကိုတော့ ပြောင်းလဲထားတာ များပါတယ်။

Manga ဟာ ခိုးကူးတာတွေနဲ့ ပြိုင်ဆိုင်မှုလိုမျိုး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အထူးသဖြင့် အိန္ဒိယလို နေရာတွေမှာ ပြန်လည်အားကောင်းလာနေပါတယ်။ Japan Anime Tourism Association က နာမည်ကြီး Manga တွေမှာ ပါတဲ့ နေရာတွေကို မီးမောင်းထိုးပြပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင် နေပါတယ်။ Manga ကာဖေးတွေ၊ ပြတိုက်တွေ၊ cosplay ပွဲတွေ ကလည်း အလွန်နာမည်ကြီးပြီး ဒီအနုပညာပုံစံကို လူတွေဘယ်လောက် ချစ်ကြလဲဆိုတာ ပြသနေပါတယ်။

Cosplay ဆိုတာဘာလဲ

Cosplay ဆိုတာ costume (ဝတ်စုံ) နဲ့ play (သရုပ်ဆောင်တာ) ဆိုတဲ့ စကားလုံးနှစ်လုံးကိုပေါင်းပြီး ဖြစ်လာတာပါ။ အဓိပ္ပာယ်ကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး အဲဒီဇာတ်ကောင်အတိုင်း သရုပ်ဆောင်တာမျိုးကို ခေါ်ပါတယ်။ ဒီလို ဇာတ်ကောင်တွေက ဘယ်ကလာတာလဲဆိုတော့ အများအားဖြင့် Anime (ဂျပန်ကာတွန်း)၊ Manga (ဂျပန်ရုပ်ပြ)၊ Video Games (ဗီဒီယိုဂိမ်း)၊ Movies (ရုပ်ရှင်) တွေထဲကနေ ဖြစ်ပါတယ်။

Cosplayer တွေ ဘာတွေလုပ်လဲ

Cosplay လုပ်တဲ့သူတွေကို cosplayer လို့ခေါ်ပါတယ်။ သူတို့က ဝတ်စုံတွေဝတ်ရုံတင်မကဘဲ အဲဒီဇာတ်ကောင်ရဲ့ ဟန်ပန်၊ အသံ၊ ပုံစံတွေကိုပါ အတုယူပြီး သရုပ်ဆောင်ကြပါတယ်။ တချို့ဆိုရင် ပိုပြီးအသေးစိတ်ကျတဲ့ ဖျော်ဖြေမှုတွေ၊ ဇာတ်လမ်းတိုလေးတွေပါ ဖန်တီးပြီး ကပြ ဖျော်ဖြေကြပါတယ်။

Cosplay က ရိုးရိုးဝတ်စုံဝတ်တာကနေစပြီး အလွန်ကိုရှုပ်ထွေးတဲ့ ဖျော်ဖြေမှုတွေအထိ ရှိပါတယ်။ ကိုယ့်ဘာသာ ကိုယ် ဝတ်စုံတွေ ဖန်တီးချုပ်လုပ်တဲ့သူတွေလည်း အများကြီးပါပဲ။

အချုပ်ပြောရရင် Manga ဟာ ဖျော်ဖြေရေးသက်သက်ထက်ကို ပိုပါတယ်။ သူက သန်းပေါင်းများစွာသော လူတွေရဲ့ ဘဝကို လွှမ်းမိုးထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်တစ်ခုပါ။ အမျိုးမျိုးသော ဇာတ်လမ်းတွေကို ပြောပြနိုင်ပြီး စာဖတ်သူတွေနဲ့ ဆက်သွယ်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကြောင့် ဂျပန်ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ဆက်ရှိနေဦးမှာပါ။

SOURCES:

  1. Remote Japan island, population 11, aims to become global manga hub
  2. JAPAN TODAY online news website
  3. A Short History of Manga
  4. https://blog.artsper.com/en/a-closer-look/japanese-manga-comics-history
Click to rate this post!
[Total: 0 Average: 0]