Find something outside yourself that is yourself.
Then devote yourself to it with all your heart.
– Bob Walker
သင့်ခန္ဓာပြင်ပက သင့်ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့အောင်ရှာ။
ပြီးလျှင်ထိုအရာကို သင့်နှလုံးသားနှင့်သိမ်းကျုံးပူဇော်ပါ။
– ဘော့ပ်ဝေါ်လ်ကာ

တဆောင်းလုံးမိုးစွေခဲ့သမို့ ကျွန်မတို့ခြံနောက်ဘေးကွက်လပ်မှာ ပေါင်းပင်တွေဟီးထနေသည်။ နွေဦးပေါက်လာ သည်နှင့် သူတို့တစ်တွေထိုးထိုးထောင်ထောင် အပြိုင်းအရိုင်းဖြစ်လာသည်။ ကျွန်မ တစ်ခုခုလုပ်ရတော့မည်။ မဟုတ်လျှင် ဒီပေါင်းပင်တွေက ကျွန်မတို့ ဥယျာဉ်တစ်ခုလုံး စုံးစုံးမြုပ် ပစ်ရော့မည်။ လက်အိတ်တစ်စုံ စွပ်ပြီး ပေါင်းပင်တွေ ကျွန်မ စ ရှင်းသည်။ တစ်နာရီခန့်ကြာသွားချိန်မှာ ဒီအလုပ်ကြီးနှင့် နေကုန်နေခန်း တိုင်တော့မည် ဆိုတာ ကျွန်မသိလိုက်ပြီ။ တစ်နေကုန်ပြန်တော့ ဒီအလုပ်က သုံးရက်လေးရက်ပိုပိုသာသာ သို့တည်း မဟုတ် တစ်ပတ်ထိ တိုင် ကြာသွားနိုင် ကြောင်းကျွန်မသိ လိုက်ရပြီ။ ဒါမှမဟုတ် တစ်သက်တာလုံးကြာသွားနိုင်သည်။ ဒီပေါင်းတွေကို တစ မကျန်ရှင်းလင်းဖို့ရာက ကျွန်မအတွက်ကပ်ကမ္ဘာတစ်ခုဖြစ်သွားနိုင်သည်။ ကပ်ကမ္ဘာဆိုတာ ဗုဒ္ဓ၏ စကြဝဠာ ဖြစ်စဉ်ထဲက အချိန်အပိုင်းအခြားတစ်ခုဖြစ်သည်။ သင်က ဧဝရက် တောင်ကြီးရဲ့ နံရံကို အနှစ်တစ်ရာမှာ တစ်ကြိမ်ကျငှက်တောင်မွေးနဲ့ပွတ်သပ်တယ်ဆိုပါစို့။ ဧဝရက်တောင်ကြီးက သဲတစ်မှုန် ဖြစ်သွားသည် အထိ ကပ်ကမ္ဘာ တစ်ခု ရဲ့သက်တမ်းက မကုန်ဆုံးသေး ချေတဲ့။ ကျွန်မရဲ့ ပေါင်းရှင်းတဲ့ ကိစ္စကြီးကလည်း အဲဒီကာလတိုင် အပြီးမသတ် နိုင်သေးချေ ဖြစ်မှာပေါ့ရှင်။
သို့နှင့် ကျွန်မမြက်ခင်းပေါ်ထိုင်ချလိုက်ပြီးလက်အိတ်တွေချွတ်သည်။ စိတ်ဓာတ်ကျချင်သလိုလို ဖြစ်လာသည်။ ဒီအချိန်မှာပဲ ကယ်လီဖိုးနီးယားတေးဆို (towhee) ငှက်ညိုကလေးကို ကျွန်မ သတိထားမိသည်။ ဝက်သစ်ချရွက် တွေပုံထားတဲ့ နေရာတစ်ဝိုက်ကို ကုတ်ခြစ်ရှာနေတာ။ အသိုက်ဆောက် ဖို့ကုန်ကြမ်း ပစ္စည်း ရှာနေတာဖြစ်မည်။ သူ့ခြေလေးနှစ်ချောင်းနှင့် မြေကြီးကို ယက်ပြီးသည်နှင့် နောက်သို့ တစ်စွေ့ခုန်သည်။ မြေကြီးထဲက ဘာထွက်လာမလဲ သူကြည့်သည်။ ယက် ယက် … တစ်စွေ့ခုန်။ ယက် ယက် … တစ်စွေ့ခုန်။

နွေဦးပေါက်တိုင်း ခွေးမွေး၊ ကြောင်မွေး၊ အခြားအမွေးနုလေးတွေ အပြည့်အသိပ်ထည့်ထားသည့် ပိုက်ကွန်အိတ်ကို ကျွန်မထုတ်သည်။ ငှက်ကလေးတွေအသိုက်ဆောက်ရာမှာသုံးဖို့ပစ္စည်းလေးတွေ။ ဒီအိတ်ကို သစ်ပင်မှာ တွဲလောင်း ချိတ်ထားလိုက်သည်။ တစ်ခါတစ်ခါ သစ်ခက်လေးတွေ၊ မြက်ပင်တွေကို မြေကြီး တစ်နေရာမှာ စုပုံ ပေးထားသည်။ ဒါကမြေကြီးယက်ရှာတတ်တဲ့ငှက်ကလေးတွေဖို့။ ခင်ပွန်းဖြစ်သူက ကျွန်မလုပ်ရပ် ကို ရယ်စရာ ဟု သဘောထားသည်။ အိမ်ကြမ်းပြင်က ကြောင်မွေးတွေကို ကျွန်မ လိုက်ကောက် တိုင်း “မင်းကတော့ တကယ့် ငကြောင် ပဲဟေ့” ဟုသူကဆိုတတ်သည်။ “မင်း ဒီမရောက်ခင်ကတည်းက ငှက်ကလေးတွေက သူတို့အသိုက် သူတို့ဘယ်လို ဆောက်ရမယ်ဆိုတာ သိထားနှင့်တာကြာပြီကွ”ဟု သူကပြောတတ်သည်။
သူ့ဘာသာဖြစ်နေတဲ့သဘာဝဖြစ်စဉ်ထဲ ကျွန်မကဘာကြောင့်များကြားဝင်စွက်ဖက်ချင်ရသလဲဆိုတာ ကျွန်မ ကိုယ်ကျွန်မ နားမလည်။ ဒီဖြစ်စဉ်က လူသားတွေရဲ့ကြားဝင်မှုလုံးဝမလို။ သို့ပေမယ့်ကျွန်မအဖို့ ဒီအလုပ်က ပျော်စရာ ကောင်းသည်။ ဒီအလုပ်ကမည်သူ့ကိုမျှဒုက္ခမပေး။ အခုပဲကြည့်လေ။ တိုးဟီ ငှက်ကလေးက ကျွန်မပုံထားတဲ့ အပုံကို စူးစမ်းကြည့်ကြည့်နေတာ။ လူပုံပေးထားတဲ့ အပုံရယ် လို့လည်း သူက သဘောထား ဟန်မတူ။ အပုံထဲက သစ်ခက်လေး တစ်ခုကို သူ့နှုတ်သီးနှင့်ကောက်ချီလိုက်သည်။ ပြီးတော့လွှတ်ချလိုက်သည်။ ဒီနောက် ပိုသေးတဲ့ သစ်ခက်လေးကို ကောက်ချီပြီး ပစ်ချလိုက်ပြန်သည်။ နောက်ဆုံး သူ့စိတ်ကြိုက် သစ်ခက်လေး တွေ့သွားသည်နှင့် နှုတ်သီးနှင့်ကောက်ချီပြီး အဝေးသို့ ပျံထွက်သွားသည်။ တစ်အောင့်နေ သူပြန်လာသည်။ သူ့စိတ်ကြိုက် သစ်ခက်လေးတွေထပ်ရှာလာတာ။ ဒီလိုနှင့် သူ့ခမျာ သွားချည်ပြန်ချည်။ ဒီအသွားအပြန်ကိစ္စကို အကြိမ်ပေါင်း ရာချီသည့် တိုင်သူ လုပ်လိမ့်မည်။ သူ့သိုက်မြုံလေးဆောက်ဖို့ရာ ကပ်ကမ္ဘာ တစ်ခုတိုင် အချိန်ယူရလေမလား ဟု ကျွန်မ ထင်စားမိသည်။ ဤအတွေး ဝင်မိသည်နှင့် ကျွန်မစိတ်နှလုံး နူးညံ့ ပျော့ပျောင်း သွားသည်။ တစ်နေ့ခင်းလေး ပေါင်းသင်ရတာနှင့် ကျွန်မက မိမိ အလုပ်ကို လက်မြှောက်ချင် နေပြီကော။ ငှက်ကလေးကဖြင့် တစ်နေကုန်တစ်နေခန်း သူ့အလုပ်သူဆက်လုပ်နေတာ။ ငှက်သိုက်တစ်ခုသူဆောက်ကို ဆောက်ရမည်။ ဒီအတွက် ဘယ်လောက် အချိန်ကြာကြာ သူမမှု။ သူ့အဖို့ အလံဖြူ ထောင်စရာမရှိ။ ဒီအလုပ်ကို သူအားမစိုက်ခဲ့ရင်ဖြင့် နောင်နွေဦးပေါက်မှာ တိုးဟီငှက် ပေါက်စလေးတွေ ရှိတော့မည် မဟုတ်။
တိုးဟီငှက်ကလေးရဲ့အလုပ်က ကျွန်မရဲ့ပေါင်းသင်တဲ့အလုပ်ထက်အများကြီးရှုပ်ထွေးနက်နဲသည်။ တိုးဟီငှက်သိုက်လေးလို မြက်ပင်တွေနှင့်သီထားတဲ့ခွက်ကလေးက အင်ဂျင်နီယာပညာ၊ တီထွင်မှု ပညာအရ အံ့ချီးဖွယ်လက်ရာတစ်ဆူဖြစ်သည်။ ငှက်သိုက်ဆိုသဟာ သစ်ခက်လေးတွေကိုဖြစ်ကတတ်ဆန်း စုစည်း ချည်နှောင်ထားသည့်အရာ မဟုတ်လေ။ ငှက်သိုက်ဆိုသဟာ ရည်ရွယ်ချက်ရှိစွာ၊ ဗိသုကာ ပညာပြည့်ဝစွာ ဖန်တီးထားတဲ့အရာ။ ပထမဦးဆုံး မြက်ပင်တွေ၊ သစ်ခက်တွေ၊ ပန်းပွင့်ခြောက်တွေ၊ အမျှင်တွေ၊ မြေကြီးကို သူတူးဆွ ကြည့်လို့ ရသမျှဟာတွေ … အားလုံးစုပေါင်းစပ်ပေါင်းပြီး ခွက်ပုံ သဏ္ဌန်တစ်ခုရအောင်သူရက်သည်။ (ဒီငှက်ကလေးတွေက သူတို့ အသိုက်လုပ်ဖို့ရာ မြင်းမြီးကိုတောင် နှုတ်သီးနှင့်ကိုက်ချီ၍ဆွဲပြေးသည်ဟုဆိုသည်။) ပြီးလျှင်ပင့်ကူမျှင်နှင့် ခွက်ကိုမံသည်။ အနွေးဓာတ်ရအောင်၊ အသိုက်ကို ပျော့ပျောင်းအောင်နှင့် သစ်ကိုင်းကနေ ပြုတ်မကျအောင်။ ထို့နောက် ငှက်တောင်၊ ရေညှိ၊ ဆူးလေပွင့်နုနု၊ အစေ့နုနု၊ သစ်ခေါက်ကြေနုနု၊ တိရစ္ဆာန်မွေးစသည်တို့ နှင့် အသိုက်ကိုစည်းနှောင်သည်။ ငှက်သိုက် ဆိုသဟာ သူထိုင်တဲ့သစ်ကိုင်း သို့တည်းမဟုတ် နွယ်ပင်ပေါ် တည် နေနိုင်အောင်လည်း ပေါ့ပါးရမည်။ သူ့ ဥတွေကို အကာအကွယ် ပေးနိုင်အောင်လည်း ခိုင်ခံ့ရမည်။ ကြီးထွားလာတဲ့ ငှက်ပေါက်စလေးတွေအတွက်လည်း နေစရာအိမ်ဖြစ်ရမည်။ သူတို့ အသိုက်ကို ဘယ်မှာနေရာချရမလဲ။ အကောင်းဆုံးနေရာက ဘယ်နေရာလဲ။ မိုးရေမစွတ်တဲ့နေရာ၊ သူတို့ကိုသတ် ဖြတ်ဖမ်း စားမယ့် သတ္တဝါတွေရဲ့ ရန်ကလွတ်တဲ့နေရာ၊ အစာရေစာနှင့် နီးနီးကပ်ကပ် နေရာ။ ဒီလိုနေရာကို ရှာရသေးသည်။
ဒီလိုစွမ်းရည်မျိုး၊ ဒီလိုဇွဲသန်မှုမျိုးကို တိရစ္ဆာန်လောကနေရာအနှံ့ ကျွန်မတွေ့ရသည်။ ပင့်ကူတွေကို ကြည့်ပါလေ။ ဆောင်းဦးဝင်စအချိန် ဒီဇိုင်းလှ လှပင့်ကူအိမ်လေးတွေကို ကျွန်မ ခြံပတ်ပတ်လည်မှာ တွေ့ရသည်။ မကြာ မကြာဆိုသလို အိမ်ရှေ့လှေကားထစ်မှာ ပင့်ကူသုံးအိမ်၊ ငါးအိမ်၊ ဆယ်အိမ်တိုင် ကန့်လန့်ဖြတ် ဆောက် ထားတာတွေ့ရသည်။ (ဒါ့ကြောင့် နောက်ဖေးလှေကား ကျွန်မသုံးရတာ။) အောက်တိုဘာလလယ် လောက်ဆိုလျှင် လမ်းတွေကို ပင့်ကူအိမ်ပဒေသာနှင့်အလှဆင်ထားပြီ။ သစ်ပင်တွေကြား၊ ခြံစည်းရိုးတွေကြား၊ တံစက်မြိတ်တွေ ကြား၊ ချုံပင်တွေကြား။ တစ်နေ့တာ ကုန်ဆုံးသွားပြီဆိုလျှင် ပင့်ကူအိမ်တွေညစ်ထေးလာသည်။ အစအနတွေက တင်းကြမ်းကပ်နေပြီ။ သို့နှင့် ညချိန်ရောက်လျှင် ပင့်ကူကသူ့အိမ်ကိုသူပြန်စားပြီး ခဏနားသည်။ ပြီးလျှင် နောက်တစ်နေ့ အတွက် ပင့်ကူအိမ်အသစ် တစ်လုံးတစ်ကနေသူပြန်စသည်။
လူတွေက ငှက်တွေ၊ ပင့်ကူတွေလို အသိုက်ဆောက်ဖို့၊ ပင့်ကူအိမ်ရက်ဖို့ရာ မွေးရာပါစွမ်းရည်ပါမလာခဲ့။ ထို့ပြင် ကိုယ့်ဘဝကိုယ်ဘယ်လိုနေရမှာ၊ ဘယ်မှာနေရမှာ၊ ဘာလုပ်ရမှာဆိုတာကိုလည်း ကျွန်မတို့ လူသား အများစုက မသိကြ။ ကျွန်မတို့လူသားမျိုးနွယ်က တကယ့်ကိုအဖြေညှိရခက်တဲ့ပဟေဠိပုစ္ဆာပါပဲ။ ဒီပဟေဠိကို အဖြေရှာဖို့ရာအတွက် ကျွန်မတို့ဘဝတွေကိုရင်းနှီးခဲ့ရသည်။ နာမည်ကျော် ဂေဟ ဗေဒပညာရှင် ပီတာဖာ့ဘ်က ဤသို့ရေးသည်။ ကျွန်ုပ်တို့ လူသားမျိုးနွယ်နှင့် တိရစ္ဆာန်လောကကို စည်းခြားလိုက်တဲ့အခြေခံကျတဲ့အချက်က လူသားတွေက အပြောင်းအလဲကို တမင်သက်သက်လိုက်ရှာနေခြင်းပဲဖြစ်သည်တဲ့။ ကျွန်မတို့က ကျွန်မတို့ကိုယ် ကျွန်မတို့ပြောင်းလဲအောင်အစဉ်တစိုက် ကြိုးစားနေကြတာ၊ ထူးခြားတာတစ်ခုခု / ပိုကောင်းတာ တစ်ခုခု တွေ့အောင်ရှာနေကြတာ။ ကျွန်မတို့ အားလုံးနီးပါး “ငါ့ဘဝကို ငါဘာလုပ်ရမလဲ” ဆိုတဲ့မေးခွန်းနဲ့ နပန်းလုံး နေကြတာ။
ရွေးချယ်စရာတွေ ပြည့်နေတဲ့ကြားထဲ၊ တစ်နည်း ရွေးချယ်စရာတွေများလွန်းလှ၍ ကျွန်မဘဝရဲ့ နှစ်ကာလအတော်များများ ကိုယ့်ဘဝကိုယ်ဘာလုပ်ရမလဲဆိုတာမသိဘဲ ကုန်ဆုံးခဲ့ရသည်။ ဆူမတြား ကျွန်းသွားပြီး လူဝံတွေပဲလေ့လာရမလား။ ဒါမှမဟုတ် ကနေဒါနိုင်ငံအနောက်မြောက်ယွန်းယွန်း ဒေသက ယူးကန်း (Yukon) သွားပြီး ခွေးစွတ်ဖားပဲ မောင်းရမလား။ အမေရိကန် အရှေ့ဘက်ခြမ်းပဲ နေရမလား၊ အနောက်ဘက်ခြမ်းပဲနေရမလား။ ဒီစနေမှာ ပင်လယ်ကမ်းခြေပဲသွားရမလား။ တောင်ပဲတက်ရမလား။ ညစာ ချောကလက်စားပြီး ဘာမှမစားဘဲ နေရမလား။ နောက်ဆုံးကျမှ ကျွန်မ မေးနေတဲ့မေးခွန်းမှားနေမှန်း ကျွန်မသဘောပေါက်သွားသည်။ မေးခွန်းတွေ မေးတိုင်း “ငါဘာကိုလိုချင်တာလဲ” ဆိုတာပဲ ကျွန်မတွေးနေခဲ့တာ။ မေးသင့်တဲ့မေးခွန်းက “ငါဘာကို မြတ်နိုး တန်ဖိုး ထားသလဲ”ဖြစ်ရမှာ။ ဒီမေးခွန်းက မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ကျွန်မကို အစဉ်အမြဲ ဦးတည့်ပေးသည်။

“အရေးအကြီးဆုံးအချက်က ဘယ်ဟာကအရေးအကြီးဆုံးလဲဆိုတာကို ရှာတွေ့ဖို့ပါပဲ” ဟု ဇင်ဆရာကြီး ဆူဇူကီးက ရေးဖူးသည်။ ဘာအရေးအကြီးဆုံးလဲဆိုတာ ငှက်ကလေးတွေသိသည်။ ဒါကိုဖော်ပြဖို့ရာ သူတို့မှာ ဝေါဟာရ မရှိ။ သူတို့မှာသာ ဘာသာစကားရှိခဲ့ရင် အရေးအကြီးဆုံးအရာက “ယခုအချိန်”ပဲ ဟု ရိုးရိုးလေး ပြောလိမ့် မည်။ “အရေးအကြီးဆုံးအရာက အခုလက်ရှိငါဘာလုပ်နေနေ ငါလုပ်နေတဲ့ အရာပဲ”။ တိုးဟီငှက်ကလေးတွေ၊ ပင့်ကူတွေ၊ တခြားတောရိုင်းသတ္တဝါအားလုံး သူတို့ ဘာလုပ်ရမည် ဆိုတာသိသည်။ ဒီနေရာမှာ သူတို့က လူသားတွေ ထက် ကံကောင်းသည်။ ကယ်လီဖိုးနီးယား တိုးဟီငှက် ကလေးက ရွှေလင်းယုန်ဖြစ်ဖို့ရာ၊ ပင်ဂွင်းငှက်ဖြစ်ဖို့ရာ တောင့်တမည် မဟုတ်။ သူ့မိဘဘိုး ဘွားတွေ ကျက်စားတဲ့နေရာမှာပဲ သူ့ဘဝကုန်ဆုံးမည်။ တိုးဟီငှက်တွေ စားနေကျ အစေ့တွေ၊ ဘယ်ရီသီးတွေ၊ အင်းဆက်ပိုးတွေ သူစားမည်။ အချိန်တန်လျှင် အဖော်ရှာမည်။ အသိုက် ဆောက်မည်။ ဒီအစဉ် အဆက်က သူ့နောက်ပေါက်တိုးဟီငှက်တွေနှင့် သူ့ကိုချိတ်ဆက်ထားသလို သူ့ရှေ့ ဘိုးစဉ် ဘောင်ဆက် တိုးဟီငှက် တွေနှင့်လည်း သူ့ကိုချိတ်ဆက်ထားပြန်သည်။ လူသားတွေမှာလည်း အစဉ်အလာတွေ၊ ဓလေ့ထုံးတမ်းတွေက ကျွန်မတို့၏ဘိုးစဉ်ဘောင်ဆက်များနှင့် ကျွန်မတို့ကို ချိတ်ဆက်ထားသည်။ ဤကွင်းဆက်က ကျွန်မတို့ ဘဝကို ထောက်တည်ရာရစေသည်။
အရေးအကြီးဆုံးအရာဘာဆိုတာကျွန်မသိသွားပြီထင့်။ ဒါ့ကြောင့် နွေဦးပေါက်တိုင်း ငှက်ကလေးတွေ အတွက် သစ်ခက်လေးတွေ ကျွန်မစုပုံထားသည်။ ငှက်ရေကန်လေးကို ရေအသစ်အပြည့်ဖြည့် ပေးထားသည်။ ငှက်စာအိမ်ကို ကျွန်မအပတ်စဉ်လဲသည်။ လိပ်ပြာလေးတွေရေသောက်ဖို့ ပန်းကန်ပြားထဲ ကျောက်ခဲလေးတွေ စီပြီး ရေဖြည့်ထား သည်။ အိမ်နှင့် လမ်းပေါ်ကလွင့်စဥ်လာသည့် ဖန်ကွဲစတွေ သမင်ပြေးလမ်းပေါ် မရောက်အောင် ကျွန်မကြောင့်ကြ စိုက်သည်။ ကိုယ့်နည်း ကိုယ့်ဟန်နှင့် ပူဇော်သမှု ကျွန်မပြုသည်။ မြို့ပြရိပ်မြုံရဲ့ ကျန်ကောင်း ကျန်ရာ မြေနေရာ ကလေးကို ဂရုတစိုက်စောင့်ရှောက်ရ၊ ပူဇော်သမှုပြုရတာ ကျွန်မအဖို့ အလွန် အင်မတန် စိတ်ချမ်း မြေ့ဖွယ်ဖြစ်သည်။ ကျွန်မအဖို့ဆောက်တည်ရာရသည်။ မကြာမကြာ ကျွန်မတို့ကို ပျော်ရွှင်စေတဲ့အရာက ကျွန်မတို့ကိုပျော်ရွှင်စေ မည်ဟုထင်ထားသည့်အရာတွေမဟုတ်ဘဲတခြားစီဖြစ်နေတတ်သည်။ ဒါ့ကြောင့်အစပထမ ဒီအချက်ကို ကျွန်မတို့သတိမမူမိဘဲရှိတတ်သည်။
ကျွန်မတမင်ရည်ရွယ်ပြီးစိုက်ထားတဲ့အပင်လေးပေါ် ကျွန်မရည်ရွယ်ထားတဲ့ လိပ်ပြာလေးလာနားပြီး ဥအုတာမြင်လိုက်ရတဲ့အခိုက် ကျွန်မလုပ်ရပ်နှင့်မလိုက်အောင် ဝမ်းသာလုံးအကြီးအကျယ်ဆို့သွားတာ ကျွန်မ ဝန်ခံပါသည်။ ဒီလိပ်ပြာမျိုးလေး ကျွန်မစိုက်ထားတဲ့အပင်ကိုရှာတွေ့ဖို့ရာ ကျွန်မမှာ ဆုတောင်း လိုက်ရတာ။ ဒီလိပ်ပြာလေးလည်းကျွန်မအပင်ကိုရှာတွေ့သွားရော ကျွန်မ အတွက်အရေးအကြီးဆုံး အရာက ဒါပဲဆိုတာ ကျွန်မသိလိုက်ရသည်။
ဇွန်လ ၈ ရက် ၂၀၂၅
စာညွှန်း။
Tai Moses. 2014. Zooburbia. Parallax Press. Berkeley, California.
https://en.wikipedia.org/wiki/California_towhee
https://www.reddit.com/r/biology/comments/zzusb0/an_orb_spider_that_moves_its_web_everyday/#lightbox
မှတ်စု
ကပ် (ကပ္ပ) မရေမတွက်နိုင်၊ မမှန်းဆနိုင်လောက်အောင်ရှည်လျားသောကာလ။ ပုံမှန်ကပ်က နှစ်သန်းပေါင်း ၁၆ သန်းခန့်ရှိပြီး မဟာကပ်က နှစ်ထရီလျံပေါင်း ၁.၃ ခန့်ရှိသည်ဟုဆိုသည်။
towhee: မြောက်အမေရိကတိုက်တေးသီငှက်။ အမွေးကအများအားဖြင့်အညိုရောင်။ တစ်ခါတစ်ရံ အနက်နှင့်နီကြင်ကြင် အရောင်ရှိသည်။
Tai Moses ၁၉၆၁ ခုဖွားအမေရိကန်အမျိုးသမီးစာရေးဆရာ / အယ်ဒီတာ

