The Corner

The Corner

cropped-Logo_round_grey-background.png

မိုးကထာ

Share မယ်

မိုးသည် တစိမ့်စိမ့်ဖြင့်။ တက်လန်းစဉ်အခါက ဤအချိန်မျိုးတွင် စာအုပ်တစ်အုပ်ဖတ်နေခြင်း စည်းစိမ်က မြိန်လှသည်။ ယခု မဟုတ်။ ကော်ဖီခါးခါးသာမက ကော်ဖီမှုန့်ကိုချည်းဝါးစားနေပြီး စာအုပ် တစ်အုပ် ဖတ်မည် ဆိုလျှင်လည်း မျက်လုံးကချော့သိပ်နေသည့်အလား။ အပြင်ထွက်ရန်ကလည်း မိုးရေကာပစ္စည်းများက အပြည့်အဝ အကာအကွယ် မပေးနိုင်ကြ။ အိမ်ထဲ၌လည်းကိုယ်လုပ်ချင်တာ ကိုလုပ်မရ။ ကြာလျှင် အိပ်ခြင်း ဘူတာဆီသို့သာ ဆိုက်ရောက်ချေမည်။ ဆိုးသည်ကလေဖိအားနည်း ရပ်ဝန်းကြောင့်ရွာသောမိုးဖြစ်၍ ထိုလေဖိအားနည်း ရပ်ဝန်းအား မလျော့မချင်း ရွာနေ ဦးမည်။ လက်တွေ့တွင် ကိုယ့်အတွက် ကယောင်ချောက်ချား ဖြစ်စေသော်လည်း ဦးကြီးများက ဝမ်းသာပျော် ရွှင်နေ လိမ့်မည်။ ထိုမိုးရေမှ မရလျှင် မိုးစပါး မည်သို့ စိုက်မည်နည်း။ ကိုယ်ကလေဖိအားနည်းရပ်ဝန်း ကိုအပြစ်တင်နေ သလောက် ဦးကြီးတို့ကလက်ဆွဲနှုတ်ဆက်နေလိမ့်မည်။ ဟုတ်သည်။ ယနေ့တွင် သိသိသာသာ အနောက်တောင် မုန်သုံလေတွင် မိုးရေပါဝင်မှု နည်းသွားသည်။ ကျွန်တော်တို့ ကျောင်းတက်စဉ် ရှစ်ဆယ်ကျော် ကာလအတွင်း၌ မိုးရွာသည်နှင့် ယနေ့မိုးရွာသည်က ကလေးနှင့်လူကြီးလို ဖြစ်နေကြောင်းပြန်တွေးမိသည်။ လေဖိအားနည်း ရပ်ဝန်း မရှိလျှင် နေကကျဲလို့။ မိုးခမျာ နေမင်းကို အတင်းတိုးဝှေ့နေရသည်။ မိုးရာသီ၏ အပျိုမတစ်ပါးဖြစ်သည့် သက်တံကို လည်း မြင်ရခဲလေပြီ။ တကယ်ဆိုလျှင် သက်တံဟု အလွယ် ခေါ်နေကြခြင်းဖြစ်သည်။ အချိန်ကာလ နေရာကိုလိုက်၍ အခေါ် အဝေါ်ကွဲသည်။ ညနေနေတွင် အရှေ့ဘက်၌ မြင်ရသည် ကိုသာ သက်တံဟုခေါ်ခြင်းဖြစ်သည်။ မနက် နေ အနောက်ဘက်တွင်မြင်ရသည်ကို စို့ပေါက်သည်ဟုခေါ်သည်။ မွန်းတည့်ချိန် ကောင်းကင်အလယ်တွင် မြင်ရသည်ကို ကျိတ်ထွက်သည် ဟုခေါ်သည်။

Source: Pexels

မိုးသည် နွေအပူကြောင့် အခိုးအငွေ့တို့ အရည်ပြန်၍ ဖြစ်ကြောင်း ကလေးက အစ သိသည်။ ပင်လယ် သမုဒ္ဒရာတို့မှ ရေငံသည် အငွေ့ပြန်ကာ မိုးအဖြစ် ရေချို ရွာချခြင်းသဘောကို ရှေးဦးမဆွကတည်းက သိခဲ့ကြသည်။ ထိုသူများသည် ယနေ့လို စမ်းသပ်ကိရိယာများ ခေတ်မီခြင်းမရှိပါသော်လည်း သဘာဝ၏ သဘောတရားကို ပိုင်နိုင်စွာ ချဥ်းကပ်၍ အနိမ့်ဆုံးအတတ်ပညာအဖြစ် ပင်လယ်ဆားကိုထုတ်လုပ် နိုင်ခဲ့သည်။ “ တိမ်တေလေဧက် ၊ လျှပ်စစ်ပဉ္စော ၊ သံတယော” ဆိုသည့်အလင်္ကာလေးတွင် မိုးတိမ် တို့ကို သုံးယူဇနာက မြင်ရသည်။ လေဆင်လာသည်ကို တစ်ယူဇနာက မြင်ရသည်။ အလွန်ပြင်းထန် သည့် မိုးသံကို သုံးယူဇနာကကြားရသည် ဟု မှတ်တမ်းတင်သွားသည်မှာ လေးစား လောက်စရာ ဖြစ်သည်။ ထိုအပြင် လယ်ယာအလုပ်သမားများကလည်း “ ထန်းသီးဗြုန်းဗြုန်း၊ မိုးအုန်းအုန်း။ ခံသီးဒုန်းဒုန်း၊ မိုးအုန်းအုန်း “ ဟူ၍ မိမိ နေရာဒေသနှင့် လိုက်လျော ညီထွေသည့် ပတ်ဝန်းကျင်ကို အကဲခတ်ကာ မိုးရွာမည့်အကြောင်းကို ဖော်ထုတ်သွားခဲ့ကြသည်။ “ ရာငါ့ဆယ့်လေး ၊ မဝေးသင်္ချာ ၊ ပဒုံကြာနှင့် ၊ ရင်းမာထုံသင်း ၊ တော်သလင်း၌ ၊ ကန်ဆင်းခေါ်မြဲ ၊ ဖျောက်ဆိပ်လွဲဟု ၊ နှမ်းကြဲကာ လ ၊ ယူကုန်ကြ၏” လို့ပင် မန်လည် ဆရာတော်ကြီး ကိုယ်တိုင် မဃဒေဝလင်္ကာသစ်တွင် ထည့်သွင်း ရေးဖွဲ့ ခဲ့ရ လောက်ပေသည်။ ဆိုသည်က သင်္ကြန် အတက်နေ့မှ ရက်ပေါင်း ၁၅၄ ရက်အရောက်တွင် ကန်ဆင်းမိုးရွာပြီး နှမ်းကြဲ ရမည်ဖြစ်သည်။ အတိအကျ မဟုတ်သော် လည်း အနီးစပ်ဆုံး မှန်သည်ချည်း ဖြစ်သည်။

သင်္ကြန်မိုးဆိုသည်ကိုလည်း နောက်တစ်မျိုးအနေဖြင့် ဖက်ဆွတ်မိုးဟု ခေါ်သေးသည်။ ကျနော့်တစ် ကိုယ်ရေ ဆန္ဒအရဆိုလျင် သင်္ကြန်မိုးဆိုသည်ထက် ဖက်ဆွတ်မိုးဆိုသည့် နာမကို ပိုသဘောကျသည်။ သင်္ကြန်မိုး ဆိုပေမင့် သင်္ကြန်မကျခင်လည်းရွာသည်။ သင်္ကြန်ကာလအတွင်း၌ လည်းရွာသည်။ သင်္ကြန်ပြီးဆုံးတော့လည်းရွာသည်။ ဘယ်အချိန်ရွာမည်ကို အသေအချာမသိ။ မည် သည့်အချိန်ပဲရွာရွာ ထိုရွာသောမိုးသည် ဖက်ဆွတ်ရုံသာ ရွာသည်။ ထိုကြောင့် အနက်ဆီသို့ တိုက်ရိုက် ရောက်သည့် ဖက်ဆွတ်မိုးကိုသဘောကျခြင်းဖြစ်သည်။ ထိုမိုးကြောင့် ဖြစ်လာသော ရေကိုလည်း  လောင်သင်းရေ သို့မဟုတ် ပြာရေ ဟုခေါ်သည်။ ပူလောင်နေသည့် အပူကို ငြှိမ်းသတ် လိုက်သည် ဖြစ်၍ဆိုခြင်းဖြစ်သည်။ မည်သို့ပင်ခေါ်ခေါ် မိမိဒေသနှင့် လိုက်လျောညီထွေဖြစ်သည်ကိုခေါ်ဆိုခြင်း ဖြစ်သော်လည်း သဘာဝအဖြစ်အပျက်ပေါ်တွင်သာမူတည်ထားကြသည်။ တစ်ခုသတိထားရန်ရှိ သည်က ထိုကဲ့သို့ အမည် နာမပေးခဲ့ကြသည့် ဘိုးဘေးများသည် မိမိ‌ဒေသ ၊ မိမိပတ်ဝန်းကျင်ရှိအဖြစ် အပျက်တို့ကို ပြောဆို သုံးနှုန်းနိုင် ရန်အတွက် ဝေါဟာရ သတ်မှတ်ခဲ့ကြခြင်း ကိုပင်။ 

မိုးနှင့်ပတ်သက်လျှင် ရုပ်ရှင်ဇာတ်ကားသည်သာမက စာကဗျာ သီချင်းပေါင်းများစွာရှိသည်။ ထိုထို အရာများကို ထုတ်နုတ်မည်ဆိုလျှင် ကိုရီးယားဇာတ်လမ်းတွဲထက် ရှည်လျားသွားနိုင်သည်။ ထိုကြောင့် မိုးသီချင်းများ စွာအထဲမှာ တေးပြုစာဆိုဆရာရွှေပြည်အေးရေးသည့် မိုးသီချင်းထဲမှ စာသားလေး တစ်ပါဒကို ထုတ်ပြပါမည်။ အခြားမဟုတ် ဖန်တရာတေနေ၍ ယနေ့ခေတ်တွင်အသုံး မပြုသလောက်နည်းသွားပြီဖြစ်သည့် “ အသူရာသိကြားမင်းတို့ စစ်ခင်းကာပြိုင်ကြသည်” ဆိုသည့် ပါဒလေးပဲဖြစ်သည်။ သေချာသည်က တစ်ချိန်တုန်းက သီချင်းများတွင် ဘုရားဖြစ်စဉ်များ ၊ ပုံဝတ္ထု ၊ ပုံပြင် ၊ ဒဏ္ဍာရီ စသည်တို့အထဲမှ မိမိ ရေးဖွဲ့မည့် အကြောင်းအရာများ တွင် နှိုင်းယှဥ်၍ လည်းကောင်း ယှဉ်တွဲ၍လည်းရေးဖွဲ့ကြလေ့ရှိသည်။ အဘယ်ကြောင့်နည်းဟု တွေးထင်ကြည့်လျင် ထိုထိုအရာများ သည်က မြန်မာ့ယဉ်ကျေးမှု၊ မြန်မာထုံးစံ၊ မြန်မာ့ဓလေ့များထဲတွင် စီးဆင်းနေသည့် သွေးများပင် မဟုတ်ပါလား။ ထိုအရာများကို ထည့်သွင်းရေးဖွဲ့ခြင်းသည်က တစ်နည်းအားဖြင့် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း တစ်မျိုးပင် ဖြစ်သည်။ ဆက်၍ဆင့်၍ သယ်ဆောင်သွားကြလျှင် သေချာသည်က ခါးဆက်မပြတ်သည်သာပင်။ သုံးနေကျ ရိုးနေ၍ ပစ်ပယ်မည့် အစား တီထွင် အသုံးပြုဖို့ ကြိုးစားခြင်းသည်က မှန်ကန်သည့်နည်းလမ်းဖြစ်သည်။ ဤအချက်သည် အရာအားလုံးကို ဆိုလိုခြင်း မမည်။ ပစ်ပယ်ရန်ကြိုးစားသူများကို တိုက်တွန်းခြင်းသာဖြစ်သည်။ ထိုကြောင့် တေးပြု စာဆို ဆရာရွှေပြည်အေး၏ အသူရာသိကြားမင်းတို့ စစ်ခင်းကာ ပြိုင်ကြသည်ကို ထုတ်ပြခြင်းဖြစ်သည်။ ထိုစာသားကို ယနေ့ခေတ် လူငယ်တွေ ကွေ့ရှောင်သွားကြလိမ့်မည်။ ဘာကြီးမှန်း လည်းမသိဘူး။ ဘယ်မှာလည်း အသူရာ ပြစမ်း ပါဦးလို့ ခပ်ရွဲ့ရွဲ့ ဆိုကောင်းဆိုမည်။ ထိုကြောင့် လူငယ်များ၏အမေးကို အပြစ်တင်ရန်မရှိပေ။ မိုးဆိုသည်က အပူအအေးဖြစ်စဉ်ကြောင့် ရွာသည်ဟု သာသိထားကြ၍ဖြစ်သည်။ သို့သော်လည်း သိပ္ပံပညာရပ်အနေဖြင့်လက်ခံသည် လက်မခံ သည်မသိ။ နတ်တို့ မြူးတူး ခြင်းကြောင့် ရွာသော မိုးတစ်မိုးရှိနေသေးသည်။ မိုးရွာပါက စတုမဟာရာဇ် နတ်ဘုံအထိ ရောက်သည်ဟု လည်း ဆိုသည်။ ထိုနေရာကို ဘူမဋ္ဌနတ်ကအုပ်စိုးသည်။ ဘူမဋ္ဌနတ်နယ် ပယ်နှင့်တဆက်တည်း စင်္ကြာဝဠာအထိကို အာကာသနတ်ကအုပ်စိုးသည်။ထိုကြောင့်လည်းမိုးခေါင် သည့်အခါများတွင် နတ်ကွန်းများတွင် ပူဇော်ပသခြင်း ၊ လွန်ဆွဲပွဲများကျင်းပခြင်း စသည့်ဓလေ့များ ပေါ်ပေါက်လာသည်ဟုဆိုနိုင်သည်။ အတိအကျ မသိနိုင်သော်လည်း ထိုနတ်တို့ရှိနေခြင်းကြောင့် အသူရာ သိကြားမင်းတို့စစ်ခင်းကာပြိုင်ကြသည် ဆိုသည့် စကားရပ် ပေါ်ပေါက် လာခြင်း ဖြစ်နိုင်သည်။ 

Source: Pexels

သို့ဖြစ်၍ အသူရာနဲ့သိကြားမင်းတို့စစ်ပဲခင်းခင်း၊ အလမ္ဗရစည်ကြီးကိုပဲတီးတီး သေချာသည်က ရှေး လူကြီးများ သည် ကိုယ့်ယဉ်ကျေးမှုတစ်ရပ်ကိုထူထောင်ခဲ့ခြင်းဖြစ်ကြောင်းကို မလွဲမသွေလက်ခံရမည် သာ ဖြစ်သည်။ တချို့ ဓလေ့များ ဆိုလျင် ယနေ့တိုင်မြင်တွေ့နေကြဆဲဖြစ်သည်။ ယနေ့သိပ္ပံပညာထွန်း ကားသော ခေတ်တွင် ထိုဓလေ့ အယူအဆများ သည် ခေတ်မမီဟုဆိုနိုင်ပါသည်။ ပစ်ပယ်ချင်လည်း ပစ်ပယ်နိုင်ပါသည်။ သို့သော် ထိုခေတ်မမီဟု ယူဆထားသည်တို့အစား မည်သည့်ယဉ်ကျေးမှုဓလေ့ ဖြင့်အစားထိုးမည်နည်း။ သို့မဟုတ် မည်သည့် ဓလေ့ထုံးစံမှ မခံယူဘဲ နေမည်လား။ သို့မဟုတ် အခြား လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တိုက်ရိုက်ယူမည်လား။ သို့မဟုတ်ပြုပြင်ဖန်တီးယူ မည်လား။ ထိုအရာသည်ကား လူအများ၏ စိတ်ကြိုက်ပင် ဖြစ်သည်။ ယဉ်ကျေးမှု၏ အနက်ကိုက လူအများ ကျင့်သုံးခြင်းနှင့် သက်ဆိုင်နေပေသည်။ အဟောင်းပစ်၍ အသစ်ထွင်လျှင် ခရီးတာ ရှည်သည်။ “ လမ်းရိုးဟောင်းကို ဆင့်ကာထွင် ၊ သုတ်သင် ကာမျှ အလွယ်ရ “ ဆိုသည့် ရှေးလူကြီးတို့လမ်း ညွှန်ခဲ့သည့် အတိုင်း ဆိုလျှင် မြန်မည်။ မည်သို့ပင်ရှိစေကာမူ တိမ်တမန်သီချင်းထဲက “ ပုလဲလုံးရွဲ အလှ ရွာစေချင်ပါသည် “ ဆိုသည့်အတိုင်း ကိုယ်ယဉ်ကျေးမှု ကိုယ့်ဓလေ့များ ဝင်းပတောက်ကြွားစေချင်သည် ကဖြင့် ဆန္ဒမွန် ဖြစ်ပါတော့သည်။

ကိုးကား

  • ကဝိလက္ခဏာသတ်ပုံကျမ်း
  • စွယ်စုံကျော်ထင်ကျမ်း
  • တက္ကသိုလ်ပညာပဒေသာစာစောင် ( အတွဲ ၁၅၊ အပိုင်း ၄ ၊ ‌၁၉၈၁ ဇူလိုင် )
  • ဆယ့်နှစ်ရာသီ မြန်မာ့ယဉ်ကျေးမှု ပဒေသာ ( ဖိုးရာဇာ စာတည်းအဖွဲ့ )
Click to rate this post!
[Total: 0 Average: 0]