တခါတုန်းက တရုတ်သမ္မတ တိန်ရှောက်ဖိန်က ဒီလိုပြောခဲ့ဖူးတယ်။ “အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံ ရှိတယ်။ တရုတ်က မြေရှားသတ္တုရှိတယ်“
တိန်ရှောက်ဖိန်ရဲ့စကားက တကယ်မှန်ပါတယ်။ ဒီနေ့အချိန်မှာ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေး တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အပေါ်စီးက စကားပြောနိုင်ခဲ့ပြီ။

တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း၊ မြေရှားသတ္တုသန့်စင်ရေး ၈၅ ရာခိုင်နှုန်း နဲ့ အမြဲတမ်းသံလိုက်ပစ္စည်း (Permanent magnet) ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ အမြဲတမ်းသံလိုက်ပစ္စည်းတွေကို လျှပ်စစ်ကားတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ လေရဟတ်တာဘိုင်တွေမှာ အသုံးပြုကြတယ်။
ဒီလိုအခြေအနေကြောင့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဟာ တရုတ်ရဲ့နောက်မှာ ကျန်နေခဲ့ပြီး ခုကျမှ မြေရှား သတ္တုကို တရုတ်ဆီက မဝယ်ယူဘဲ အခြားနေရာက ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ အသည်းအသန် ကြိုးစားလာခဲ့ကြတယ်။
လေ့လာ သုံးသပ်သူတွေရဲ့ အဆိုအရ တရုတ်ဆီက မြေရှား သတ္တုအပေါ်မှီခိုနေရမှု လျှော့ချနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြပေမယ့် ရင်းနှီးမြှုပ်နှံမှု နဲ့ နည်းပညာပိုင်း အားနည်းမှုကြောင့် သံတမန်ရေးအပေါ်မှာပဲ အများကြီး အားကိုးနေရတာ တွေ့မြင်နေရတယ်။
သူတို့ရဲ့ ပြောဆိုချက်အရ တရုတ် နဲ့ အနောက်နိုင်ငံတွေကြား မြေရှားသတ္တုရရှိရေး အသည်းအသန်ပြိုင်ဆိုင်မှုမှာ မြေရှားသတ္တု အရင်းအမြစ် ပိုင်ဆိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခုအခါမှာ ရှေ့တန်း ရောက်လာတယ်လို့ဆိုတယ်။
“အမေရိကန် နဲ့ အခြားနိုင်ငံတွေဟာ အခြားနည်းလမ်းများနဲ့ မြေရှားသတ္တု ရရှိရေးကို နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ကြတယ်။ ဒါပေမဲ့ ကျော်လွှားနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော့ နော့်အထင် အရင်ကထက် စာရင် ခု အရှိန်ပိုရလာနေပါပြီ” လို့ ဝါရှင်တန် မဟာဗျူဟာ နဲ့ နိုင်ငံတကာလေ့လာရေးစင်တာ က တရုတ်လုပ်ငန်းများနဲ့ စီးပွားရေးရာဌာနက လက်ထောက် ညွှန်ကြားရေးမှူး အီလာရီယာ မက်ဇော့ကို က ဆိုတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က ဖြေရှင်းချက် အများအပြားဟာ အချိန်ယူရမှာဖြစ်ပြီး ဒီအတောအတွင်း ပြည်ပပို့ကုန် ထိန်းချုပ်ရေး ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရမှာပဲ ဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း “သံလိုက်သတ္တု တူးဖော်ရေး” လို့ ခေါ်တွင်တဲ့ အမေရိကန် ကာကွယ်ရေး ဌာနဟာ အရှိန်ရလာ တာတွေ့ရတယ်။ သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ မြေရှားသတ္တုတူးဖော်ထုတ်ရေးကို အပြည့်အဝ ပြည်တွင်းမှာ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်။ ဒီအထဲမှာ အရင်းအမြစ် ရှာဖွေရေး၊ မြေရှား သတ္တု ခွဲခြား သန့်စင်ရေး၊ သတ္တုအဖြစ် ထုတ်လုပ်ရေးကနေ သံလိုက်ပစ္စည်းထုတ်လုပ်ရေးအထိ ပါဝင်တယ်။

၂၀၂၃ ခုနှစ်တုန်းက တရုတ်ပိုင်မဟုတ်တဲ့ စီးပွားဖြစ်မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ Lynas Rare Earths က တက္ကဆက်ပြည်နယ်မှာ စက်ရုံတည်ဆောက်ဖို့ ဒီဌာနက ဒေါ်လာ ၂၅၈ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဩစတြေးလျ ကုမ္ပဏီ Lynas ဟာ အခုနှစ်အတွင်း လေးလံမြေရှား ဒိုင်စပရိုစီယမ်အောက်ဆိုဒ်ကို သူ့ရဲ့ မလေးရှားက စက်ရုံမှာ ထုတ်လုပ်ပြီး သမိုင်းမှတ်တိုင်ထူနိုင်ခဲ့တယ်။ ဒါဟာ မြေရှားသတ္တုကို ပထမဆုံး တရုတ်နိုင်ငံပြင်ပမှာ စီးပွားဖြစ် ထုတ်လုပ်လာနိုင်တာဖြစ်တယ်။
အလားတူ အမေရိကန်နဲ့ မဟာမိတ်တွေဟာ တရုတ်က ချုပ်ကိုင်ထားတဲ့ မြေရှားသတ္တု ရှာဖွေထုတ်လုပ်ရေးကို အခြားနေရာတွေမှာ လုပ်ဆောင်လာနိုင်တာတွေ့ရတယ်။
၂၀၂၂ ခုနှစ်မှာ အမေရိကန်ဟာ ဓာတ်သတ္တုလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဂျပန်၊ တောင်ကို ရီးယား၊ အိန္ဒိယ၊ ဗြိတိန်၊ ဩစတြေးလျ အစရှိတဲ့နိုင်ငံတွေနဲ့ စတင်အကောင်အထည်ဖော်ခဲ့တယ်။ သဘာဝ သယံဇာတ ပေါများတဲ့ ကွန်ဂို၊ ကာဇက်စတန်၊ ယူကရိန်း စတဲ့နိုင်ငံများက စီမံကိန်းဖွံ့ဖြိုးရေးနဲ့ မူဝါဒ ဆွေးနွေးဖက် အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြတယ်။
ပြီးခဲ့တဲ့ ဇွန်လကတော့ ဂျီ ဆဲဗင်းနိုင်ငံတွေက အရေးကြီး ဓာတ်သတ္တုရှာဖွေရေးလုပ်ဆောင်ချက် အစီအစဉ်သစ် တစ်ခု ချမှတ်ခဲ့တယ်။ ဇူလိုင်လမှာ အခြားနည်းများနဲ့ အရေးကြီး ဓာတ်သတ္တု စဉ်ဆက်မပြတ် ထုတ်လုပ်ရရှိရေး Quad အစီအစဉ်ကို ချမှတ်ခဲ့ကြတယ်။
အရှိန်အဟုန် ရသင့်သလောက် ရနေပြီဆိုပေမယ့် မြေရှားသတ္တုထုတ်လုပ်ရေးကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ တရုတ်ကိုတော့ စိန်ခေါ်နိုင်စွမ်းမရှိသေးဘူးလို့ သုံးသပ်သူတွေက ဆိုတယ်။
“G-7၊ Quad နဲ့ ဓာတ်သတ္တုလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့လို နည်းလမ်းစုံ ဆောင်ရွက်ချက် အစီအမံ တွေဟာ ခုထိတော့ သံတမန်ရေးအဆင့်မှာပဲ ရှိနေသေးတယ်” လို့ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာနရဲ့ အရေးကြီး တွင်းထွက်လုံခြုံရေးအစီအစဉ် ညွှန်ကြာရေးမှူး ဂရာဆီလင် ဘက်စကာရန်က ဆိုတယ်။
အလားတူ ဓာတ်သတ္တုလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဟာ တရုတ်ရဲ့ မြေရှား သတ္တု ထိန်းချုပ်ထားမှုကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ခုဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ စင်ကာပူနိုင်ငံ ရာဇရက်နမ် နိုင်ငံတကာလေ့လာရေးကျောင်းရဲ့ တရုတ်အစီအစဉ် ဝါရင့်လေ့လာသုံးသပ်သူ ဟူရှင်းယူက ဆိုတယ်။
“အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြေရှားသတ္တုတူးဖော်ရေးနဲ့ ထုတ်လုပ်ရေးစွမ်းဆောင်နိုင်မှုမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စဟာ အကြီးမားဆုံး အဟန့်အတား တစ်ခု ဖြစ်နိုင်တယ်” လို့ သူမကပြောပါတယ်။
အခွင့်အလမ်း နဲ့ စိန်ခေါ်မှု
တရုတ် နဲ့ အနောက်နိုင်ငံရင်းနှီးမြှုပ်နှံသူတွေဟာ သယံဇာတပေါကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ချဉ်းကပ်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတယ်။ မြေရှားသတ္တုအပေါ် အထူးပြုလေ့လာနေတဲ့ ကနေဒါအခြေစိုက် သုတေသန အဖွဲ့တစ်ခုက ဂျိုနသန် ဟိုင်ကေး ဆိုသူက အမေရိကန်ထက်စာရင် တရုတ်နိုင်ငံက ဈေးကွက်ပမာဏရော၊ ပထဝီ နိုင်ငံရေး တည်ငြိမ်မှုအရပါ ဒီနိုင်ငံတွေကို ပိုပြီး ချဉ်းကပ်နိုင်တာတွေ့ရတယ်လို့ ဆိုတယ်။
“လက်ရှိအမေရိကန်အစိုးရဟာ မရေရာမှုနဲ့ အခက်အခဲ အရှုပ်အထွေးတွေကို စေ့စပ်ရေးနည်းနာတခုအဖြစ် အသုံးချနေပုံရတယ်။ ဒါပေမယ့် ခုလို မရေမရာကာလကြီးထဲမှာ အသုံးပြုဆုံးဖြတ်ချက်ချဖို့ အတွက်တော့ ခက်ခဲ နေတယ်” လို့ သူက ဆိုတယ်။
“အလားတူ အမေရိကန်ဟာ သူ့ကို အခြားနိုင်ငံတွေက မိတ်ဆွေအဖြစ်၊ မဟာမိတ်အဖြစ် သဘောထားနိုင်ဖို့ ခက်ခဲနေမှာဖြစ်သလို တစ်ချိန်တည်းမှာ တရုတ်က သူနဲ့ပူးပေါင်းဖို့ တံခါးဖွင့်ပေးထားသလို ဖြစ်နေတယ်“
စင်ကာပူတက္ကသိုလ်က လေ့လာသုံးသပ်သူ ဟူရှင်းယူက မြေရှားသတ္တုနဲ့ပတ်သက်လို့ တရုတ်ရဲ့ ပထဝီနိုင်ငံရေး ဇာတ်ညွှန်းက “Carrot and Stick” မုန့် နဲ့ တုတ် ချဉ်းကပ်မှုလို့ ဆိုတယ်။ နည်းပညာလွှဲပြောင်းပေးမှုနဲ့ အရင်းအမြစ် ရယူခွင့် ကို ဆွဲဆောင်မှုနဲ့ ဆုတစ်ခုအဖြစ် နိုင်ငံတချို့ကို ပေးအပ်ထားချိန်မှာပဲ ပထဝီနိုင်ငံရေးပြိုင်ဘက်နိုင်ငံတွေကိုတော့ ပို့ကုန် ထိန်းချုပ်ရေးနဲ့ တားမြစ်ထားတယ်။
မြေရှားသတ္တုအရင်းအမြစ် အမြောက်အမြားပိုင်ဆိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ ဒါဟာ အခွင့်အရေး နဲ့ စွန့်စားမှုပဲ။ “တရုတ် ကုမ္ပဏီတွေဟာ မြေရှားသတ္တုတူးဖော်ရေးနဲ့ သန့်စင်ရေးလုပ်ငန်းတွေမှာ အကောင်းဆုံး အနေအထား ကို ပိုင်ဆိုင်ထားတယ်။ ရလဒ်ကတော့ ဒီလုပ်ငန်းမှာ ဦးဆောင်နေတဲ့ နိုင်ငံကြီးတွေနဲ့ ပူးပေါင်းပြီး မြေရှားသတ္တု တူးဖော် သန့်စင်ရေး လုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီနဲ့ နိုင်ငံတွေအဖို့ အခက်အခဲဲနဲ့ ရင်ဆိုင်ရခြင်းပါပဲ” လို့ CSIS က မက်ဇော့ကို က ဆိုတယ်။
နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာနရဲ့ အရေးကြီး တွင်းထွက်လုံခြုံရေးအစီအစဉ် ညွှန်ကြားရေးမှူး ဂရာဆီလင် ဘက်စကာရန်က မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းစဉ်ဟာ နည်းပညာနဲ့ အရင်းအနှီး အလွန် ကြီးမားတယ်လို့ ဆိုတယ်။ အသစ်ထွက်လာတဲ့ စီးပွားဖွံ့ဖြိုးနိုင်ငံတွေက ဘက်လိုက်မှုကင်းကြပြီး တရုတ်နဲ့ဖြစ်စေ အနောက်နိုင်ငံတွေနဲ့ ဖြစ်စေ ပူးပေါင်းလုပ်ကိုင်ချင်ကြတယ်လို့ ဆိုတယ်။
ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအကြီးမားဆုံး မြေရှားသတ္တု အရင်းအမြစ် ပိုင်ဆိုင်ထားပြီး စုစုပေါင်း ကမ္ဘာ့မြေရှား သတ္တု အရင်းအမြစ်ရဲ့ ၁၉% ရှိတယ်။ ဒါဟာ ကမ္ဘာမှာ တရုတ်ပြီးရင် ဒုတိယအများဆုံးပဲ။
၂၀၂၃ ခုနှစ်မှာ ဗီယက်နမ်နဲ့ အမေရိကန်ဟာ မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးအတွက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဗီယက်နမ်ရဲ့ စက်မှုလုပ်ငန်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာစေဖို့ဖြစ်တယ်။
ဒီအချိန်မှာ တရုတ်ကလည်း သူလည်း ဒီလုပ်ငန်းစဉ်မှာ တစိတ်တစ်ပိုင်း ပါဝင်ချင်တယ်လို့ ဆိုတယ်။ တရုတ်နိုင်ငံ ပိုင် China Rare Earth Group ဟာ ဗီယက်နမ် သတ္တုတူးဖော်ရေးကုမ္ပဏီ Vinacomin နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား ခဲ့တယ်။
ပြီးခဲ့တဲ့ ဧပြီလ က တရုတ် နဲ့ ဗီယက်နမ်တို့က မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေး ပူးပေါင်း ဆောင်ရွက်ကြမယ့် အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ မြေရှားသတ္တု သန့်စင်ထုတ်လုပ်ရေး လာရောက် လုပ်ကိုင်နေတဲ့ ဩစတြေးလျ ကုမ္ပဏီ Lynas ကြောင့် မလေးရှားကလည်း မြေရှားသတ္တု ထောက်ပံ့ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ ကွင်းဆက် တစ်ခု ဖြစ်လာတယ်။ မလေးရှားမှာ မြေရှား သတ္တုအရင်းအမြစ် အနည်းငယ်ရှိပေမယ့် နည်းပညာ လိုအပ်ချက် ကြောင့် ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်း မရှိသေးဘူး။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တရုတ်ဟာ မြေရှား သန့်စင် ထုတ်လုပ်ရေး နည်းပညာဖလှယ်ပေးဖို့ သဘောတူခဲ့ကြောင်း ဧပြီလမှာ ကြေညာခဲ့တယ်။
ဒီအထဲမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ “မြန်မာ” ပါ။ မြန်မာဟာ တရုတ် နဲ့ အမေရိကန်ပြီးရင် ကမ္ဘာမှာ တတိယမြောက် မြေရှားသတ္တုရိုင်း ထုတ်လုပ်ပေးနေတဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံက ကချင်ဒေသမှာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုမိုင်းတွေ ရှိနေပြီး အဲဒီက မြေရှားသတ္တုရိုင်းတွေကို တရုတ်နိုင်ငံမှာ သန့်စင်ဖို့ တင်ပို့ပေးနေတယ်လို့ သိရတယ်။
ရိုက်တာသတင်းဌာနက ရရှိတဲ့သတင်းအရ ပြီးခဲ့တဲ့ တစ်ပတ်က ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ (တရုတ်ကိုအားမကိုးတော့ဘဲ) မြန်မာပြည်က မြေရှားသတ္တု တိုက်ရိုက်ရရှိဖို့ အဆိုပြုချက်တစ်ခုကို ကြားနာခဲ့တယ်လို့ သိရတယ်။ နောက်ဆုံး အတည်ပြုချက် မရရှိသေးပေမယ့် ဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် အမေရိကန် အစိုးရအနေနဲ့ မြန်မာမြေရှားသတ္တုအရင်းအမြစ်တွေ ရှိတဲ့နေရာက တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ လိုအပ်လာမှာ ဖြစ်တယ်။
ကနေဒါအခြေစိုက် သုတေသနအဖွဲ့က ဟိုင်ကေးရဲ့ အဆိုအရ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အမေရိကန် နဲ့ တရုတ် အပြိုင်လုနေကြတဲ့ မြေရှားသတ္တုရရှိရေးကြိုးပမ်းမှုမှာ အရေးပါတဲ့နေရာ ရောက်လာတယ်လို့ ဆိုတယ်။
“မြန်မာနိုင်ငံက ထွက်တဲ့ ဒိုင်စပရိုဆီယမ် နဲ့ တာဘီယမ် တို့လို လေးလံမြေရှားသတ္တုတွေဟာ အရေးပါတဲ့ NdFeB သံလိုက်သတ္တုတွေကို ထုတ်လုပ်နိုင်ပြီး ဒီသံလိုက်တွေဟာ လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေးမှာ လိုအပ်တဲ့ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်စွမ်းရှိတယ်”
“ဒါပေမယ့် မြန်မာပြည်က မြေရှားသတ္တုအရင်းအမြစ်တွေ ရရှိဖို့ဟာ အခက်အခဲတွေ ရှိနေတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေက မရေမရာဖြစ်နေတုန်းမို့ပါ” လို့ သူက ဆိုတယ်။
အမေရိကန် နဲ့ အနောက်အုပ်စုအနေနဲ့ မြေရှားသတ္တုရရှိရေးကြိုးပမ်းမှုမှာ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အရေးပါတဲ့နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်။
Ref: In US-China battle over rare earths, developing nations are the front line. CNA, World

