၁၉၇၅-၁၉၇၉ ခုနှစ် ကာလတွေအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဏာရှင်ဟောင်း ပိုလ်ပေါ့ဟာ မိမိနိုင်ငံသား တစ်သန်းကျော်ကို လူသတ်ကွင်းမှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ သူဟာ ထိုလူသတ်မှုတွေအတွက် တာဝန်အရှိဆုံးသူ ဖြစ်တယ်။ သူဟာ မိမိကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ မိမိရဲ့ နိုင်ငံရေးပုံရိပ်ကို မိမိဘာသာ ဖျက်ဆီးခဲ့သူလည်း ဖြစ်ပါတယ်။

ပိုလ်ပေါ့ဟာ ၁၉၂၅ ခုနှစ်မှာ ကွန်ပွမ်သွမ်ပြည်နယ်၊ ပရက်စတောရွာမှာ ချမ်းသာတဲ့ လယ်သမား မိသားစုမှာ မွေးဖွားခဲ့တယ်။ မူလတန်းကျောင်းသားအရွယ်က သူဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ စာစတင်သင်ခဲ့တယ်။ ဒီနောက် ကမ္ဘောဒီးယားနိုင်ငံမှာ ပြင်သစ်တွေ ဖွင့်လှစ်ထားတဲ့ကျောင်းမှာ ဆက်လက်ပညာသင်ခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ ပညာသင်ဆုရပြီး ပြင်သစ်နိုင်ငံကို သွားရောက်ကာ ပညာ သင်ခဲ့တယ်။ သူဟာ ပြင်သစ်နိုင်ငံမှာ ကျောင်းတက်နေစဉ်မှာ လက်ဝဲနိုင်ငံရေးနဲ့ ပထမဆုံးထိတွေ့ခဲ့ရတယ်။ ပြင်သစ်နိုင်ငံရောက် ကမ္ဘောဒီးယားကျောင်းသား အသိုင်းအဝိုင်းထဲကို ရောက်ရှိသွားခဲ့တယ်။ ထိုကျောင်းသားတွေထဲက အများအပြားဟာ နောင်မှာ ကမ္ဘောဒီးယားအစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတယ်။
ပိုလ်ပေါ့နဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေက “သူဟာ စကားပြောရာမှာ တိုးတိုးညင်ညင် ပြော တတ်သူဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်တယ်။ တစ်ခါတစ်ရံမှာလည်း စိတ်ဓာတ်ခက်ထန်မှုရှိတယ်“လို့ သုံးသပ်ကြတယ်။ သူဟာ ပြင်သစ်ကဗျာတွေကို ရွတ်ဆိုလေ့ရှိပြီး အထူးသဖြင့် သူအကြိုက်နှစ်သက်ဆုံး ဖြစ်တဲ့ ပြင်သစ်ကဗျာ ဆရာ Verlaine ရဲ့ ကဗျာတွေကို ရွတ်ဆိုလေ့ရှိခဲ့တယ်။
ပိုလ်ပေါ့ရဲ့ နောက်အရည်အချင်းတစ်ခုကတော့ စကားပြောရာမှာ လူတွေကို ဆွဲဆောင်နိုင်မှုပါပဲ။ ပိုလ်ပေါ့ဟာ ၁၉၇၇ ခုနှစ်မှာ ရေဒီယိုမိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ ၁၉၆၅ ခုနှစ်မှ စတင်ကာ နေထိုင်ခဲ့တဲ့ ပြင်သစ် ခရစ်ယာန်ဘုန်းကြီး Francois Ponchaud က ထိုမိန့်ခွန်းကို နားထောင်ခဲ့ပြီး နောက်မှာ သူ့အမြင်ကို အောက်ပါအတိုင်း ရေးခဲ့ပါတယ်။
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာ မှတ်မိနေတယ်။ ဒီလူဟာ စကားကို ဘယ်လိုပြောရမယ် ဆိုတာကို သိတဲ့လူ၊ ဒေါသတကြီးနဲ့ မအော်ဘူး။ ညင်ညင်သာသာနဲ့ အသံအတိုးအကျယ် အနိမ့်အမြင့်ကို လိုအပ်သလို ပြောင်းလဲပြီး ပြောတတ်သူပါ“လို့ ရေးခဲ့ပါတယ်။ Francois Ponchaud ဟာ Cambodia: Zero ဆိုတဲ့စာအုပ်ကို ရေးခဲ့ပြီး ခမာနီတို့ရဲ့ ရက်စက်မှုတွေကို ကမ္ဘာသိအောင် ပထမဆုံး ဖော်ထုတ်ခဲ့သူပါ။
ပိုလ်ပေါ့ဟာ အာဏာမရမီ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလကတည်းက မြေအောက်ကွန်မြူနစ်ပါတီဝင်တစ်ဦး ဖြစ်ခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ ပြင်သစ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ခဲ့တယ်။ ကမ္ဘောဒီးယားကို ပိုလ်ပေါ့ ပြန်လာချိန်မှာ အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီမှာ ပါတီဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီးမှ ပြန်လာ တာ ဖြစ်နိုင်ပါတယ်။ ပိုလ်ပေါ့ကို သူ့ရဲ့ ရဲဘော်တွေက နံပါတ်တစ်အစ်ကိုကြီးလို့ ခေါ်ကြပါတယ်။
ပိုလ်ပေါ့ဟာ ၁၉၅၃ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ဖနွမ်းပင်မြို့တော်ရှိ အလွတ် ပညာသင်ကျောင်း တစ်ကျောင်းမှာ ကျောင်းဆရာလုပ်ခဲ့တယ်။ ထိုသို့ ကျောင်းဆရာလုပ်နေစဉ်မှာပဲ တော်လှန်ရေးအတွက် စည်းရုံးလုပ်ငန်းတွေကို လျှို့ဝှက်စွာ လုပ်ခဲ့တယ်။
ပိုလ်ပေါ့ ဦးဆောင်တဲ့ ခမာနီတပ်ဖွဲ့ဝင်တွေဟာ ၁၉၇၅ ခုနစ် ဧပြီလ ၁၇ ရက်မှာ ဖနွမ်းပင် မြို့တော် အတွင်းကို အလံနီတွေ တလူလူလွှင့်ထူပြီး ဝင်ရောက်လာကာ အာဏာရယူခဲ့ကြတယ်။ ထို့နောက် နာရီပိုင်းအတွင်းမှာပဲ ပိုလ်ပေါ့ဟာ သူ့အစိုးရ ဝန်ကြီးအဖွဲ့အစည်းအဝေးကို ခေါ်ယူပြီး နိုင်ငံရဲ့အမည်ကို ကမ်ပူးချားနိုင်ငံ (Kampucha) လို့ ပြောင်းလဲခဲ့တယ်။
ပိုလ်ပေါ့အစိုးရ အာဏာရရှိခဲ့ပြီးနောက် ပထမဆုံးလုပ်ခဲ့တဲ့ အလုပ်ကတော့ ပြုတ်ကျသွားတဲ့ လုံနိုး အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ဝန်ကြီးဟောင်းတွေ၊ အစိုးရအရာရှိဟောင်းတွေနဲ့ ယခင်အစိုးရလက်ထက်က စစ်အရာရှိဟောင်းတွေကို သတ်ဖြတ် ပစ်တဲ့ အလုပ်ပါပဲ။ ဒီနောက် ပိုလ်ပေါ့အစိုးရဟာ မြို့တော်နဲ့မြို့ပြတွေမှာ နေထိုင်သူတွေကို ကျေးလက်တွေသို့ ပြောင်းရွှေ့စေခဲ့တယ်။ မြို့ကြီးပြကြီးတွေနဲ့ ကျေးရွာတွေမှာ နေထိုင် သူတွေကို လုပ်သားလူ့အဖွဲ့အစည်းတွေ ထူထောင်ရေး အတွက် အတင်းအဓမ္မ ပြောင်းရွှေ့စေခဲ့တယ်။

ဒီနောက် ဈေးတွေအားလုံးကို အမြတ်ကြီးစား ယန္တရားအဖြစ် ရှုမြင်ကာ ဖျက်သိမ်းစေခဲ့တယ်။ ငွေကြေးသုံးစွဲမှုကို ဖျက်သိမ်းခဲ့တယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွေအားလုံးကို ဖျက်သိမ်း ပစ်ခဲ့တယ်။ ဒါ့အပြင် ပညာတတ်လူတန်းစားအပေါ် စက်ဆုပ်ရွံရှာတဲ့ ပိုလ်ပေါ့ဟာ တက္ကသိုလ်ပါမောက္ခတွေ၊ တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ မူလတန်းပြ ဆရာ၊ ဆရာမတွေ အပါအဝင် ဆရာ၊ ဆရာမအများအပြားကို သတ်ခိုင်းခဲ့တယ်။ ဆရာဝန်တွေ ကိုလည်း သတ်ခိုင်းခဲ့ပြီး နောင်တရတဲ့ ဆရာဝန်အချို့ကိုတော့ ဖိနပ်မစီးတဲ့ ခြေဗလာဆရာဝန် (bare foot doctor) များ အဖြစ် ကျေးရွာတွေကို စေလွှတ်ကာ ဆေးကုသစေခဲ့တယ်။
ပိုလ်ပေါ့ရဲ့ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးသူကတော့ သူ့ရဲ့ လက်ထောက် မကောင်းဆိုးရွား အီယန်ဆရီဆိုသူပဲ ဖြစ်တယ်။ ပိုလ်ပေါ့ဟာ သန့်စင်တဲ့ ခမာလူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးဆိုတဲ့ စီမံကိန်းကို ချမှတ်ခဲ့တယ်။ သူဟာ လူနည်းစုလူမျိုးခြားတွေကို နိုင်ငံအတွင်းမှာ မနေ နိုင်အောင် ဆောင်ရွက်ခဲ့တယ်။ သူဟာ ဗီယက်နမ်၊ ထိုင်းနဲ့ တရုတ်လူမျိုးတွေရဲ့ ပွဲတော်တွေ၊ ဘာသာစကား တွေနဲ့ ယဉ်ကျေးမှုတွေကို နိုင်ငံတွင်းမှာ တရားဝင် ရပ်တည်ခွင့်မပေးခဲ့ပါဘူး။ ထိုအမိန့်ကို လွန်ဆန်ပါက သေဒဏ်ချမှတ်ခဲ့တယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်ခဲ့တဲ့ ချမ် (Cham) မျိုးနွယ်တွေရဲ့ ဘာသာစကား၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဓလေ့ထုံးစံဘာသာအယူဝါဒတွေကို ပိတ်ပင်ခဲ့တယ်။ ခမာနီ တပ်ဖွဲ့ထဲက အစွန်းရောက် လူငယ်တွေဟာ ချမ်တွေကို ရက်စက်စွာ နှိပ်ကွပ်သတ်ဖြတ် ခဲ့ကြတယ်။ မူလက လူဦးရေ နှစ်သိန်းခန့် ရှိခဲ့တဲ့ ချမ်မျိုးနွယ်တွေရဲ့ အရေအတွက်ဟာ တစ်သိန်းအထိ လျှော့ကျသွားခဲ့တယ်။
ပိုလ်ပေါ့ဟာ လူလတ်တန်းစားတွေကိုလည်း အလွန်မုန်းတီးသူ ဖြစ်တယ်။ “လူလတ်တန်းစားတွေ ဟာ ရှေးရိုးဆန်တဲ့ အယူအဆရှိပြီး ငွေနဲ့ဂုဏ်မက်သူတွေ ဖြစ်တယ်။ အရင်းရှင်စနစ်ကို လိုလားသူတွေ ဖြစ်တယ်“လို့ ပြောဆိုကာ ပြစ်တင်ရှုတ်ချခဲ့တယ်။ ပိုလ်ပေါ့အစိုးရဟာ လူလတ်တန်းစားတွေ ထောင်နဲ့ချီပြီး အလုပ်ကြမ်း စခန်းတွေကို ပို့ကာ တစ်နေ့လျှင် ၁၂ နာရီအထိ အလုပ်ကြမ်းတွေ ခိုင်းစေခဲ့တယ်။
ထိုစခန်းတွေဟာ နာဇီခေတ်က ဆောက်လုပ်ခဲ့တဲ့ သံဆူးကြိုးကာ အလုပ်ကြမ်းစခန်းတွေအတိုင်းပဲ ဖြစ်ပါတယ်။ ပိုလ်ပေါ့ရဲ့ အလုပ်ကြမ်းစခန်းတွေမှာ ကုန်သည်ပွဲစား ဈေးသည်တွေ၊ စာရေးစာချီတွေ၊ ဝန်ထမ်းတွေ၊ ငွေချေးစားသူတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ စသည်ဖြင့် မြို့နေလူတန်းစားပေါင်းစုံ ပါဝင်ပါတယ်။ သူတို့ဟာ နံနက်အရုဏ်မတက်ခင် အလုပ်ကြမ်း စခန်းတွေကို သွားရောက်ကာ အလုပ်လုပ်ကြရတယ်။ အလုပ်လုပ်နေစဉ်မှာလည်း အစောင့်တွေရဲ့ အရိုက်အနှက် အထုအထောင်းတွေ ခံကြရတယ်။

ထိုသူတွေ အဓိကလုပ်ရတဲ့ အလုပ်တွေကတော့ စပါးစိုက်ခြင်းနဲ့ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတဲ့ အလုပ်တွေကို လုပ်ကြရပါတယ်။ သူတို့ဟာ ညနေပိုင်းစခန်းကို ပြန်ရောက်ချိန်မှာတော့ ထမင်းတစ်ဇလုံ သို့မဟုတ် ဆန်ပြုတ်တစ်ခွက်နဲ့ ငါးခြောက်သေးသေး နှစ်ကောင်သုံးကောင် စားကြရပါ တယ်။ စားသောက်ပြီးချိန်မှာတော့ မာ့က်(စ)ဝါဒဆိုင်ရာ သဘောတရားသင်တန်းကို တက်ကြရတယ်။
အလုပ် ၁၀ ရက်လုပ်ပြီးတိုင်း တစ်ရက်နားကြရတယ်။ ထိုနားရက်တစ်ရက်မှာလည်း သဘောတရားရေး သင်တန်းကို မဖြစ်မနေတက်ကြရတယ်။ အလုပ်စခန်းမှာ ရောက်ရှိနေတဲ့ ဇနီးမောင်နှံတွေကို အတူတူနေခွင့်မပေးဘဲ တခြားစီနေရပါတယ်။ အသက်ခုနစ်နှစ်ပြည့်ပြီးဖြစ်တဲ့ ကလေးငယ်တွေကို မိဘနဲ့ အတူတူနေခွင့်မပေးဘဲ အလုပ်လုပ် စေပါတယ်။ ထိုကလေးတွေထဲက အချို့ကို သားသမီးမမွေးတဲ့ပါတီ ဝန်ထမ်းတွေကိုပေးပြီး မွေးစားစေပါတယ်။
ပိုလ်ပေါ့ခေတ်မှာ တက္ကသိုလ်ကျောင်းတွေနဲ့ ထိုကျောင်းတွေရှိ စာအုပ်တွေကို အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာတွေအဖြစ် သတ်မှတ်ပြီး မီးပုံရှို့ခဲ့တယ်။ ပထမပိုင်းမှာတော့ ပိုလ်ပေါ့ခေတ် ကမ္ဘောဒီးယားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကမ္ဘာက အသေးစိတ်မသိခဲ့ပါဘူး။ နောက်ပိုင်းမှာမှ တစ်ကမ္ဘာလုံး သိရှိလာပြီး ကုလသမဂ္ဂရဲ့ အာရုံစိုက်မှုကို ခံလာရတယ်။
ပိုလ်ပေါ့ရဲ့နောက်လိုက် ခမာနီတွေ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူတွေရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေဟာ ထောင်ပုံရာပုံ ရှိလာခဲ့တယ်။ ထိုအချိန်တုန်းက အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ ဘီလ်ကလင်တန်က ပိုလ်ပေါ့ကို ဖမ်းဆီးပြီး နိုင်ငံတကာ ခုံရုံးတင်ဖို့ သူ့ရဲ့ လုံခြုံရေးအကြံပေးတွေကို ပြောကြားခဲ့တယ်။
ထိုအချိန်မတိုင်မီကာလမှာလည်း အစဉ်အလာ ရန်ဘက်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြားမှာ နယ်စပ်စစ်ပွဲတွေ ဖြစ်ခဲ့တယ်။ ပြည်တွင်းမှာ စီးပွားရေးပြဿနာတွေ၊ လူမှုရေးစီမံကိန်းတွေ မအောင်မမြင် ဖြစ်လာတဲ့ အခါမှာတော့ ပိုလ်ပေါ့ဟာ လူထုရဲ့ အာရုံစိုက်မှုကို ပြောင်းလဲတဲ့အနေနဲ့ ရာစုနှစ်နဲ့ချီပြီး ရန်ဘက်ဖြစ်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံဘက်ကို မျက်နှာမူခဲ့တယ်။
၁၉၇၇ ခုနှစ်မှ ၁၉၇၈ ခုနှစ်အတွင်းမှာ သွေးထွက်သံယိုများတဲ့ နယ်စပ်တိုက်ခိုက်မှုတွေကို ဖော်ဆောင်ခဲ့တယ်။ ဗီယက်နမ်နိုင်ငံနဲ့ ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေဟာ တိုးပွားလာတာနဲ့အမျှ ရှေ့တန်း စစ်မျက်နှာဆီကို အစားအစာ ရိက္ခာတွေ အရင်းအမြစ်တွေ ထောက်ပံ့ရတဲ့အတွက် နိုင်ငံရဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့တယ်။ သို့ပေမယ့် ပိုလ်ပေါ့ဟာ သူ့ရဲ့လုပ်ရပ်တွေကြောင့် မိမိရဲ့ ပြည်သူတွေ ဒုက္ခရောက်နေတာကို သတိမူမိတဲ့ လက္ခဏာမရှိခဲ့ပါဘူး။
သူဟာ ဖနွမ်းပင်မြို့ရဲ့ လူသူကင်းဝေးတဲ့နေရာမှာ နေအိမ်တစ်အိမ်ပြီး တစ်အိမ်ပြောင်းကာ လျှို့လျှို့ဝှက်ဝှက် နေထိုင်ခဲ့တယ်။ သူဟာ ဘယ်သူ့ကိုမှ မယုံကြည်ဘဲ တွေ့သမျှလူတွေကို ရန်သူတွေလို့ မြင်တတ်တဲ့ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံတတ်တဲ့ အကြောက်ရောဂါ စွဲကပ်လာခဲ့တယ်။ ခမာနီကေဒါတွေထဲက အမြောက်အမြားကိုပင် သစ္စာဖောက်တွေအဖြစ် တံဆိပ်ကပ်ကာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်။
၁၉၇၈ ခုနှစ်အတွင်းမှာတော့ ဗီယက်နမ်တပ်တွေဟာ နစ်ပေါင်းများစွာကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ် အရေးအခင်းကို အကြောင်းပြုပြီး ခမာနီတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်။ ၁၉၇၉ ခုနှစ်ရဲ့အစောပိုင်းမှာ ဗီယက်နမ်တပ်တွေဟာ ဝရုန်းသုန်းကား ဖြစ်ကာ ပျက်ချင်တိုင်းပျက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပိုလ်ပေါ့ဟာ ဗီယက်နမ်တွေ ဝင်မလာမီ နာရီအနည်းငယ်အလိုမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သူ့ရဲ့ အဖြူရောင် မာစီဒီးကားကြီးနဲ့ ထွက်ပြေးခဲ့ပါတယ်။
ပိုလ်ပေါ့ဟာ ၁၉၇၈ ခုနှစ်မှာ ၁၉၉၈ ခုနှစ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ သစ်တောကြီးတွေ အတွင်းမှာ ခိုအောင်း နေခဲ့ရတယ်။ သူ့ရဲ့ ခမာနီတပ်တွေဟာ ကမ္ဘောဒီးယားအစိုးရတပ်တွေရဲ့ ထိုးစစ်ဒဏ်ကို အလူးအလဲခံနေရတယ်။ ခမာနီတပ်ဖွဲ့အတွင်းမှာ ပိုလ်ပေါ့ရဲ့ ခေါင်းဆောင်မှုဟာ ကျဆင်းလာခဲ့တယ်။ သူတစ်ချိန်က သူ့အပေါ် တလေးတစား ဆက်ဆံသူတွေက သူ့ကို မလေးမခန့်ပြုမူလာကြတယ်။
၁၉၉၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အာဏာလုပွဲမှာ စစ်ခေါင်းဆောင် ခြေတစ်ဖက်ပြတ် တာပေါ့က အနိုင်ရ သွားခဲ့တယ်။ ထို့နောက်မှာတော့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ပိုလ်ပေါ့ရဲ့ ကျန်းမာရေးဟာ ချို့ယွင်းလာခဲ့တယ်။ ၁၉၉၅ ခုနှစ်အတွင်းက လေဖြတ်ခံခဲ့ရတဲ့အတွက် သူ့ရဲ့ ဘယ်ဘက်တစ်ခြမ်းဟာ မလှုပ်ရှားနိုင်တော့ပါဘူး။ ဒါ့အပြင် နှစ်ပေါင်းများစွာကတည်းက သူ့မှာ စွဲကပ်နေတဲ့ ငှက်ဖျားရောဂါကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။
၁၉၉၈ ခုနှစ် ဧပြီလရဲ့ တတိယပတ်အတွင်း နေ့တစ်နေ့မှာတော့ ပိုလ်ပေါ့ဟာ ဒန်ဂရက် တောင်တန်းတွေ ကြားမှာရှိတဲ့ တဲတစ်လုံးအတွင်းက ခုတင်ပေါ်မှာ သက်သောင့်သက်သာနဲ့ အသက်ထွက် သွားခဲ့ပါတယ်။ “သူ ခေါင်းမူးတယ်ဆိုပြီး အိပ်ရာပေါ်လှဲချလိုက်ရာကနေ အသက်ထွက်သွားတာပါပဲ“လို့ သူ့ရဲ့ ဒုတိယဇနီး မီယာဆန်က ပြောခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ပိုလ်ပေါ့ဟာ ဇာတ်သိမ်းသွားခဲ့ပါတယ်။ တကယ်တော့ သူဟာ တစ်ချိန်တုန်းက အလွန် ရိုးသားပြီး ကိုယ်ကျိုးရှာမှု ကင်းမဲ့သူပါ။ ကမ္ဘောဒီးယားပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် တစိုက် မတ်မတ် ကြိုးပမ်းခဲ့သူပါ။ သို့ပေမယ့် သူဟာ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ မာ့က်(စ)ဝါဒကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အစွန်းရောက်ဝါဒီတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ပိုလ်ပေါ့ဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ဇာတ်သိမ်းမကောင်းဘဲ ကမ္ဘောဒီးယားနိုင်ငံသားတွေရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်ဖြတ်ခဲ့တဲ့ လူသတ်ကောင်အဖြစ် သမိုင်းတွင်ခဲ့ရပါတယ်။

