The Corner

The Corner

cropped-Logo_round_grey-background.png

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ

Share မယ်

မလေးရှားနိုင်ငံအတွက် သူ့ရဲ့အမြော်အမြင်ကတော့ ကံကောင်းထောက်မလို့ လက်တွေ့ဖြစ် မလာသေးပါဘူး

အသက် ၁၀၀ ပြည့် မွေးနေ့ ဆင်နွှဲနေသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ (Source: Muhd Fazli on Facebook)

၁၉၈၁ ခုနှစ် ကနေ ၂ဝဝ၃ခုနှစ် အထိ တစ်ကြိမ်၊ နောက်တစ်ခါ ၂ဝ၁၈ကနေ ၂ဝ၂၂ ခုနစ်အထိ တစ်ကြိမ် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာ မိုဟာမက်ဟာ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ တုန်းက သူတရင်းတနှီး နေခဲ့တဲ့ ရိုနယ်ရေဂင်၊ မာဂရက်သက်ချာ၊ လီကွမ်ယူနဲ့ တိန့်ရှောင်ဖိန် တို့လို အခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့အားလုံးမှာ ထူးခြား ထင်ရှားတဲ့ နိုင်ငံရေး မူဝါဒတွေ ရှိတယ်။ သူတို့ အားလုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ကမကထ လုပ်ခဲ့ကြတယ်။ သူတို့အားလုံးဟာ ဝင့်ဝါတယ်၊ ဩဇာ တိက္ကမ ကြီးတယ်၊ အများတကာထက် ထူးခြားပြီး အားကောင်းမောင်းသန် ကိုယ်ရည် ကိုယ်သွေး ရှိတဲ့သူတွေပဲ ဖြစ်ကြတယ်။ ဒါပေမဲ့ အခုအချိန်ထိ ကတော့  သူတို့ထဲက မဟာသီယာ တစ်ယောက်ပဲ အသက်ရှည်ရှည် နေရတယ်။ အခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က  အသက် ၁ဝဝ ပြည့်ပြီ။ သူက အခုအချိန်အထိပဲ သူ့ရဲ့ ဩဇာ လွှမ်းမိုးမှုကို ဆက်ပြီး ကိုင်စွဲနိုင်ဖို့ အတိတ်က သူ့ရဲ့အောင်မြင်မှုတွေက တစ်ဆင့်ရော အခုခေတ် နိုင်ငံရေးမှာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတဲ့သူတစ်ယောက်လိုက တစ်ဖုံဆက်ပြီး ကြိုးပမ်းနေတုန်းပါပဲ။ စိတ်မကောင်းစရာ ကတော့ အဲဒီ ဩဇာ လွှမ်းမိုးမှု ဆိုရာမှာ အများဆုံးက ခြိမ်းခြောက်မှု နဲ့ အန္တရာယ် ရှိတာ တွေပါပဲ။

လွန်ခဲ့တဲ့ ၄၄ နှစ်အတွင်း ၂၄နှစ်မှာ မဟာသီယာဟာ ဝန်ကြီးချုပ်အဖြစ်နဲ့ မလေးရှားနိုင်ငံ စီပွားရေး အောင်မြင်မှု အတွက် အတော်ကလေး ဂုဏ်ယူ လေးစားစရာရှိပါတယ်။ ၁၉၈၁ခုနှစ်မှာ မလေးရှားနိုင်ငံဟာ စက်မှု ကုန်ကြမ်းတွေ တင်ပို့မှု အပေါ်မှာပဲ အဓိက မှီခို အားထား နေခဲ့ရတယ်။ ပထမကတော့ ရော်ဘာ နဲ့ သံဖြူပဲဖြစ်တယ်။ စက်မှု လုပ်ငန်းဆိုလို့ ဗြိတိသျှတွေ ပျိုးထောင်ပေးခဲ့တဲ့ စက်မှုလုပ်ငန်းပဲ ရှိတယ်။ နောက်တော့ ရေနံ၊ သစ်နဲ့ ဆီအုန်းပဲဖြစ်တယ်။ အခု အချိန် မှာတော့ စက်မှု လုပ်ငန်းမျိုးစုံရဲ့ မဏ္ဍိုင် ဖြစ်လာပြီး အီလက်ထရွန်နစ် ပစ္စည်းတွေဟာ အရေးအပါဆုံး ပို့ကုန်ပစ္စည်း ဖြစ်လာတယ်။

ဒေါက်တာ မဟာသီယာဟာ ပြင်ပ ကမ္ဘာနဲ့ ပတ်သက်လာရင် ယေဘုယျအားဖြင့် ကတော့ ခက်ထန် ကြမ်းတမ်းသူ ဖြစ်တယ်။ ဒါပေမယ်လို့ သူက နိုင်ငံခြားက ရင်နှီးမြှုပ်နှံမှုတွေ ကျပြန်တော့ ကြိုဆိုခဲ့တယ်။ မလေးရှား နိုင်ငံကို ကမ္ဘာ့ ကုန်ပစ္စည်း ရောင်းချ‌ရေး ကွင်းဆက်ထဲမှာ မြန်မြန်ဆန်ဆန် စုစည်း ပါဝင်လာနိုင်ရေးနဲ့ အထင်ကြီး ချီးမွမ်းရ လောက်အောင် (နိုင်ငံပိုင် မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်း တို့လို ဈေးကြီးလွန်းပြီး ရစရာ မရှိတဲ့ လုပ်ငန်းမျိုးတွေ လည်းပါတယ်) ကို ကောင်းမွန်တဲ့ စီးပွားရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကိုပါ သူကိုယ်တိုင် ကြီးကြပ် ကွပ်ကဲ ဆောင်ရွက် ခဲ့တယ်။ လူတစ်ဦးချင်းစီရဲ့ စုစုပေါင်း ပြည်တွင်း ထွက်ကုန်တန်ဖိုး (GDP) ဟာ ၁၉၈ဝ ပြည့်နှစ်မှာ အမေရိကန်‌ ဒေါ်လာ ၁၉ဝဝ လောက်ပဲရှိရာကနေ ၂ဝ၂၄ ခုနှစ်က ဆိုရင် ဒေါ်လာ ၁၂၅ဝဝ လောက်အထိ တိုးတက် လာတယ်။

စီးပွားရေး စီမံခန့်ခွဲမှုနဲ့ စပ်လျဉ်းလို့ သူ့ရဲ့ ဂုဏ်သတင်း ကျော်ကြားထားတာကို ၁၉၉၇-၉၈ အာရှဒေသ တစ်ခုလုံး ဘဏ္ဍာရေး အကျပ်အတည်းဆိုက်မှုကြီးကို သူ့ရဲ့ သမားရိုးကျ  မဟုတ်တဲ့တုံ့ပြန်မှု က ပို၍မြှင့်တင် ပေးခဲ့တယ်။ မလေးရှား နိုင်ငံသုံးငွေ ရင်းဂစ် တန်ဖိုး ထိုးကျပြီး စီးပွားရေး အခြေအနေ ဆိုးရွား လာခဲ့တယ်။ ဒါပေမဲ့ ဒေါက်တာ မဟာသီယာက အိုင်အမ်အက်ဖ် ခေါ်တဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အကူအညီကို လက်မခံဘဲ ငြင်းပယ် လိုက်တယ်။ သူက အရင်းအနှီး ထိန်းချုပ်ရေး ဥပဒေတွေ သတ်မှတ် ပြဋ္ဌာန်းပြီး သူ့နိုင်ငံ ပြည်တွင်း သုံးငွေကို အမေရိကန် ဒေါ်လာနဲ့ ချိတ်ဆက် ထားခဲ့ပါတယ်။ မလေးရှား စီးပွားရေး မြန်မြန်ဆန်ဆန် နာလန် ထူလာချိန်မှာတော့ သူ့အောင်ပွဲကို မော်ကြွား နိုင်ခဲ့တာပေါ့။

ဒီမှတ်တမ်းက သူ့ရဲ့ လူကြိုက်များမှု အဓွန့်ရှည် တည်တံ့နေတာကို ရှင်းပြဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါ တယ်။ ထောင်လွှား မာနမရှိတဲ့ အခြေခံနဲ့ ဆရာဝန် တစ်ယောက်ကနေ သူက အမှန်တရားလို့ မြင်တဲ့ ဖြစ်ရပ် တစ်ခုဘက်ကနေ ပြတ်ပြတ်သားသား တိုက်ခိုက်လိုတဲ့ ဆန္ဒရှိသူ ပြည်သူလူထု အတွက် စကားကို တည့်တည့်မတ်မတ်ပြောတတ်ပြီး ရိုးသားဖြောင့်မတ်သူ ဆိုတဲ့ သူ့ပုံရိပ်ကို ဖော်ရာမှာလည်း ဒီအချက်က အထောက်အကူ ဖြစ်စေခဲ့တယ်။ သူ့လက်ရင်း တပည့်ဖြစ်တဲ့ နာဂျစ်ရာဇတ်ကို ဖြုတ်ချဖို့ အတွက် သူ့တပည့် နောက်တစ်ဦးနဲ့ လက်ထောက်ဟောင်း ဖြစ်တဲ့ အန်ဝါ အီဘရာဟင် နောင်တော့ သူ့ရဲ့ မဟာရန်သူ ဖြစ်သွားရတဲ့သူနဲ့ ပူးပေါင်း လိုက်ပြီးတော့ ၂ဝ၁၈ခုနှစ်မှာ မလေးရှား နိုင်ငံရေး လောကကို ထင်ထင်ရှားရှား ပြန်ဝင် လာပြန်တယ်။

မလေးရှားနိုင်ငံတစ်နေရာ မဟာသီယာ၏ နံရံတွင်ရေးဆွဲထားသည့် သရုပ်ဖော်ပုံ (Source: Wikimedia)

သို့တိုင် နိုင်ငံရေးအရ ဆိုရင်တော့ ဒေါက်တာ မဟာသီယာဟာ အဆိပ်အတောက် ဖြစ်စေတဲ့ အမွေအနှစ် တွေကိုပဲ အတော်များများ ထားခဲ့တယ်လို့ သုံးသပ်ကြတယ်။ သူ့ကို တွန်းအားအဖြစ် မောင်းနှင်ခဲ့တဲ့ အရေးကိစ္စတွေက မလေးရှား လူ့အဖွဲ့အစည်းမှာ ထိလွယ်ရှလွယ်ပြီး အမှားအယွင်းမခံ ထင်ဟပ် တုံ့ပြန်လွယ်တဲ့ အရေး ကိစ္စမျိုးတွေဖြစ်တဲ့ လူမျိုးစုနဲ့ ဘာသာရေး ပြဿနာမျိုးတွေ ဖြစ်တယ်။ (မလေးရှား နိုင်ငံမှာ ခွဲထုတ်လို့ မရတဲ့ အယူအဆတွေက နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာကို မလေးလူမျိုး တစ်ယောက် ဆိုရင် မူဆလင် ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အချက်ကို အခိုင်အမာ ပြဋ္ဌာန်း ထားတယ်။) “မလေးရဲ့ ဘေးကျပ်နံကျပ် အခြေအနေ” ဆိုတဲ့ ၁၉၇ဝ ပြည့်နှစ် က မဟာသီယာ ရေးသား ထုတ်ဝေခဲ့တဲ့ လှုံ့ဆော်ရေးစာအုပ် တစ်အုပ်မှာ သူ ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားထားတာက နိုင်ငံ လူဦးရေ ရဲ့  ၅၆ ရာခိုင်နှုန်း ရှိတဲ့ မလေးလူမျိုးတွေဟာ မလေးရှားနိုင်ငံမှာ ဒုတိယတန်းစား နိုင်ငံသား အဆင့်အတန်းကို လက်ခံထားရတယ် ဆိုတဲ့ အချက်ပါပဲ။ စိုက်ပျိုး မွေးမြူရေးနဲ့ ရေလုပ်ငန်းဟာ မလေး လူ့အဖွဲ့အစည်း တိုးတက်မှုကို ဟန့်တားထားတဲ့  တော်စ လျော်စွ အလုပ် ရွေးချယ်မှု တစ်ခုပဲလို့ သူကဆိုတယ်။ မလေး လူမျိုးတွေကို တရုတ်နဲ့ အိန္ဒိယလူနည်းစု လူ မျိုးတွေ (လူဦးရေရဲ့  ၃၄ ရာခိုင်နှုန်း နဲ့ ၉ ရာခိုင်နှုန်း အသီးသီးရှိကြတဲ့) ထက်ပိုပြီး သာစေမယ့် လူမျိုးအ သား အရောင် အရ ခွဲခြားပြီး အနှိမ်ခံရတာကို ကျော်လွှားရေး ကျင့်စဉ် မူဝါဒတွေ ချမှတ် ဆောင်ရွက်ဖို့ သူကထောက်ခံ အားပေး ခဲ့တယ်။ ဒီလူနည်းစုတွေကို မဟာသီယာက သူ့ရဲ့ လုပ်ငန်းသက်တမ်း တစ်လျှောက်လုံးမှာ မလေးရှား နိုင်ငံကို သစ္စာမဲ့သူတွေလို့ပဲ မြင်ပြီး‌ ဒေါသနဲ့ ပြောခဲ့ ဆိုခဲ့တာပဲ ဖြစ်တယ်။

၁၉၈ဝ ခုနှစ်မှာ လူနည်းစု တရုတ် တိုင်းရင်းသား မျိုးနွယ်တွေဟာ မလေးရှားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုံးကို အုပ်စီး ထားခဲ့တယ်။ ဒီလို မမျှတတာကို မလေး လူမျိုး စီးပွားရေး လုပ်ငန်းရှင်တွေကို ဦးစားပေးပြီး ပြည်သူ့ ဘဏ္ဍာငွေကို ရက်ရက်ရောရော သုံးစွဲကာ ထောက်ပံ့ ပေးကမ်းပြီး လူမျိုးနဲ့ အသား အရောင်ခွဲခြားပြီး အနှိမ်ခံမှု ကျော်လွှားရေး ကျင့်စဉ်နဲ့ မျှတမှုရှိအောင် တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်ဖို့ ကြိုပမ်းခဲ့ တယ်။ ဒီလို ဆောင်ရွက် တာက ကြိုတင် ခန့်မှန်းနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်။ အကျင့်ပျက် ခြစားမှုနဲ့ ခရိုနီ ခေါ် အပေါင်းအသင်း ရောင်းရင်းကောင်းစားရေး ဝါဒ ထွန်းကားတဲ့ ယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်း လာခဲ့ပြီး မဟာသီယာ ရာထူးက ဆင်းသွားတဲ့ အချိန်အထိ ရှင်သန်နေခဲ့တယ်။ ဒေါ်လာဘီလီယံ သန်းချီ အလွဲသုံးစားမှုကြီးလို့ တွင်တဲ့ 1 MBD  Scandal  ခေါ်တဲ့ အကျင့်ပျက် လာဘ်စားတဲ့ ပြဿနာကြီး ၂ဝ၁၅ ခု နှစ်မှာ ပေါ် ပေါက်ခဲ့ရတယ်။ အတွင်း လူတွေနဲ့ ဆက်သွယ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတော် ကြွယ်ဝ ချမ်းသာရေး ဓနဥစ္စာ ရန်ပုံငွေထဲ ကနေ ဒေါ်လာဘီလီယံနဲ့ ချီပြီး ခိုးယူခဲ့တဲ့ အမှုဖြစ်တယ်။ (မစ္စတာ နာဂျစ်ဟာ အခုအချိန်အထိ ဒီမှုနဲ့ စပ်ဆိုင်တဲ့ တရားစွဲဆို မှုတွေအတွက် ထောင်ကျ ခံနေရတုန်း ဖြစ်တယ်။) ဒေါက်တာ မဟာသီယာကို သူကိုယ်တိုင် အပါအဝင် အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ကြီးကြပ်တဲ့ တာဝန် လစ်ဟင်း တာတို့၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတို့ စတဲ့ ချွတ်ယွင်းအားနည်းမှု အတွက်လည်း အပြစ်တင် ရနိုင်တယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေကာလတုန်းက မဟာသီယာ ကိုယ်တိုင် ထိပ်တိုက် ရင်ဆိုင်တိုးပြီး အငြင်းပွားရတဲ့ ကိစ္စမျိုးတွေ ပေါ်ပေါက်ခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အခြားသူတွေ အပါအဝင် လူပေါင်း ၁ဝဝ ကျော်ကို ဖမ်းဆီးဖို့ အရေးမှာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးစနစ်က နောင်လာနောက်သားတွေ အတွက် ထားရစ်ခဲ့တဲ့ ပြည်တွင်း လုံခြုံရေးဥပဒေ (Internal Security Act) ကို မဟာသီယာက ထိထိရောက်ရောက် အသုံးချခဲ့ တာကြောင့် တရားစီရင်ရေး၊ နိုင်ငံရဲ့ ပြည်နယ် ကိုးခုက ရိုးရာ အစဉ်လာ နန်းမွေခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သူ့ရဲ့ အတိုက်အခံတွေနဲ့ပဲ ဖြစ် တယ်။ ဒီဖြစ်စဉ်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းတဲ့ အင်အားကောင်း အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ရှိလာစေဖို့ကို ဦးတည်ခဲ့တယ်။

၂၀၁၆ ခုနှစ်က မဟာသီယာ (Source: Wikimedia)

ဖြစ်ချင်တော့  ၂ဝ၁၈ ခုနှစ်မှာ ခွဲထွက်သွားတဲ့ ပါတီဂိုဏ်း တစ်ခုမှာ မဟာသီယာ ခေါင်းဆောင် အဖြစ် အရွေး ခံရပြီး အောင်ပွဲရခဲ့တာပါ။ မလေး အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ (The United Malays National Organisation – UMNO) ပထမဆုံး အကြိမ် ရွေးကောက်ပွဲမှာ ရှုံးနိမ့် ဖူးသွားတာ ပါပဲ။ မလေးလူမျိုးတွေ နိုင်ငံရေးမှာ လွှမ်းမိုးနိုင်အောင် တည်ဆောက်ဖို့ အတွက် ယာဉ်တစ်ခုအဖြစ် မဟာသီယာ ကိုယ်တိုင် ဒီပါတီကို အသုံးချခဲ့တာပါ။ မဟာသီယာအတွက် အ‌ခြေအနေ ပိုဆိုးသွားတာက သူ့ရဲ့ ညွန့်ပေါင်း အဖွဲ့က ခဏပဲ ခံတယ်။ သက်တမ်း မရှည်ဘူး။ ၂ဝ၂ဝ ခုနှစ်မှာ သူအာဏာ လက်လွှတ် လိုက်ရပြီး  နောက်နှစ်နှစ်အကြာ မစ္စတာ အန်ဝါ ဝန်ကြီးချုပ် ဖြစ်လာတာကို မြင်တွေ့ခဲ့ရတယ်။

ဒေါက်တာ မဟာသီယာဟာ မလေးရှား လူ့အဖွဲ့အစည်းမှာ သူ့ရဲ့ သဘောထား ကွဲစေတဲ့ အမြင်အတွက် ဆက်ပြီး တိုက်ပွဲဝင် တုန်းပဲ။ သေချာတာ ကတော့ သူနောက်တစ်ကြိမ် အာဏာ ပြန်ရလာဖို့ ဆိုတာကတော့ အတော်ကို နောက်ကျ လွန်းနေပါပြီ။ ဒါပေမဲ့ အပေးအယူ ရှိပြီး သဘောထား ပျော့ပျောင်းတဲ့ ယဉ်ကျေးမှုမျိုး ပါဝင်ရာ မလေးရှား လူ့အဖွဲ့အစည်း ပေါ်ထွန်းလာစရာ ရှိတဲ့ အ‌ခြေအနေ မှာတော့ မဟာသီယာဟာ ခလုတ် တံသင်း တစ်ခု အဖြစ် ဆက်ပြီး တည်ရှိနေတုန်း ပါပဲ။ ဒီတိုးတက်မှုတွေကို ဟန့်တားနှောင့်ယှက်တာတွေ ကတော့ သူ့ရဲ့ အကြာဆုံးခံမယ့် အမွေအနှစ် ပါပဲ။

စာကိုး –  The Economist, July 12th 2025

Click to rate this post!
[Total: 1 Average: 5]