The Corner

The Corner

cropped-Logo_round_grey-background.png

အသက်တွေနဲ့ လဲရပြီးရတဲ့ သင်ခန်းစာ

Share မယ်

I have no desire to die.

I understand this kind of risk.

No one’s dying on my watch… period!

Stockton Rush (1962-2023), CEO, Oceangate

“ဒါလုပ်ရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို နားလည်တယ်၊ ကျုပ် မသေချင်သေးဘူး..

ကျုပ် မျက်စေ့အောက်မှာ တစ်ယောက်မှ အသက် မသေစေရဘူး..”

လို့ ပြောခဲ့တဲ့ အိုးရှင်းဂိတ် (Oceangate) ရဲ့ စီအီးအို စတော့တန် ရှက်ရှ် တစ်ယောက် ၂၀၂၃ ခုနှစ် ဇွန်လက ရေအောက်မှာရှိတဲ့ တိုင်တန်းနစ် သင်္ဘောပျက်ဆီ အသွား တိုင်တန် (Titan) ဆိုတဲ့ ရေငုတ်သင်္ဘောငယ်လေးကို ထိန်းကျောင်း မောင်းနှင်သွားရင်း မတော်တဆ ဖြစ်စဥ်မှာ သူအပါအဝင် လူ ငါးဦး စလုံး အသက်ဆုံးရှုံးသွားရပါတယ်။

Source: Liveandletsfly

OceanGate ဆိုတာကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သုတေသနလုပ်ငန်းနဲ့ စူးစမ်းရှာဖွေရေးတွေအတွက် လူလိုက်ပါနိုင်တဲ့ ရေငုပ်သင်္ဘောတွေကို ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ OceanGate ကုမ္ပဏီရဲ့ ရုံးချုပ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ Everett မှာ ရှိပါတယ်။  Silicon Valley မှာ တည်ရှိတာ မဟုတ်ပါဘူး။ သို့သော်လည်း အချို့သော သတင်းဆောင်းပါးတွေနဲ့ စာရေးဆရာတွေကတော့ OceanGate ရဲ့ လုပ်ငန်းပုံစံနဲ့ အန္တရာယ်ကို လျစ်လျူရှုပြီး နည်းပညာအသစ်တွေကို အလျင်အမြန် အကောင်အထည် ဖော်ချင်တဲ့ စိတ်ဓာတ်ကို “Silicon Valley ရဲ့  (Fake it till you make it) ဆိုတဲ့ ယဉ်ကျေးမှု” နဲ့ ဆက်စပ်ပြီး ရည်ညွှန်းပြောဆိုတတ်ကြပါတယ်။ ဒါက လုပ်ငန်းတည်နေရာကို ပြောတာမဟုတ်ဘဲ လုပ်ငန်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြောတာဖြစ်ပါတယ်။

Silicon Valley ရဲ့   “မလုပ်တတ်သေးပေမဲ့ လုပ်တတ်ဟန်ဆောင်ပြီး ကြိုးစားလိုက်၊ နောက်တော့ တကယ်လုပ်တတ်သွားလိမ့်မယ်” (Fake it till you make it) ဆိုတဲ့ ယဉ်ကျေးမှု ဆိုတာ နည်းပညာကုမ္ပဏီအသစ်တွေ (startups) ရဲ့ စိတ်ဓာတ်နဲ့ အလေ့အကျင့်တစ်ခုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အသက်တွေပေးပြီး ရလိုက်ရတဲ့ သင်ခန်းစာ

အဆိုပါ ဖြစ်ရပ်ကို Netflix က Titan အမည်နဲ့ မှတ်တမ်းရုပ်ရှင် တင်ဆက်ခဲ့ပါတယ်။

Source: Betootaadvocate

Titan ရေငုပ်ယာဉ် ရေဖိအားကြောင့်  ပေါက်ကွဲ  

၂၀၂၃ ခုနှစ် ဇွန်လက ကနေဒါနိုင်ငံ၊ နယူးဖောင်လန် (Newfoundland) ကမ်းလွန် ပင်လယ် ရှိ   တိုက်တန်းနစ် သင်္ဘောပျက်ကို သွားကြည့်တဲ့ ခရီးစဉ်တစ်ခုမှာ OceanGate Titan လို့ခေါ်တဲ့ ရေငုပ်ယာဉ်တစ်စင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီယာဉ်ဟာ ရေအောက်ကို ဆင်းနေတုန်းမှာပဲ ရေဖိအားကြောင့်  ပေါက်ကွဲခဲ့ရပါတယ်။

သေဆုံးခဲ့ရ ငါး ဦးထဲမှာ Titan ရေငုပ်ယာဉ်ကို လုပ်ခဲ့တဲ့ OceanGateကုမ္ပဏီရဲ့ CEO Stockton Rush၊ ဗြိတိန်-ပါကစ္စတန် စီးပွားရေးသမား Shahzada Dawood နဲ့ သူ့ရဲ့ ၁၉ နှစ် သားလေး Suleman၊ နာမည်ကြီး စူးစမ်းရှာဖွေသူ Hamish Harding နဲ့ ပြင်သစ် ရေအောက်စူးစမ်းလေ့လာသူ Paul-Henri Nargeolet တို့ ပါဝင်ပါတယ်။ Harding က ဗြိတိန်လူမျိုး စီးပွားရေးသမား၊ လေယာဉ်မှူးနဲ့ စွန့်စားရှာဖွေသူတစ်ဦးပါ။ သူက UAE မှာ နေထိုင်ပါတယ်။ Paul-Henri Nargeolet ကို ‘မစ္စတာတိုက်တန်းနစ်’ လို့ လူသိများပါတယ်။ သူက တိုက်တန်းနစ် ကျွမ်းကျင်သူပါ။ ၃၇ ကြိမ်အထိ ရေငုပ်ပြီး လေ့လာခဲ့ ဖူး ပါတယ်။ ဒီခရီးစဉ်အတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကုန်ကျခဲ့ပါတယ်။

OceanGate  က ဒီဇိုင်းထုတ်

OceanGate ဆိုတာက ပုဂ္ဂလိက သုတေသနကုမ္ပဏီတစ်ခုဖြစ်ပြီး Titan ရေငုပ်ယာဉ်ကို တည်ဆောက်ခဲ့တာပါ။ အဓိကအားဖြင့် တိုက်တန်းနစ်သင်္ဘောပျက်ရှိတဲ့ ပင်လယ်ကြမ်းပြင် လေ့လာ ရေး  ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပင်လယ်ရေအောက်အနက် မီတာ ၃,၈၀၀ လောက်မှာရှိတဲ့ တိုက်တန်းနစ် သင်္ဘောပျက်ကို ခရီးသည်တွေနဲ့အတူ သွားရောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒီလို ရေအောက် နက်နက်ပိုင်းကို သွားဖို့အတွက် သမားရိုးကျ သံမဏိ (steel) ဒါမှမဟုတ် တိုက်တေနီယမ် (titanium) တွေအစား ကာဗွန်ဖိုက်ဘာ (carbon fiber) ကို သုံးခဲ့တာဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ အန္တရာယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကာဗွန်ဖိုက်ဘာဟာ ပင်လယ် ရေအောက်ဖိအားကို ခံနိုင်ရည်  အားနည်းပါတယ်။ နက်ရှိုင်းတဲ့ ပင်လယ်ရေအောက်မှာ ဖိအားက အလွန်ပြင်းထန်ပါတယ်။ သမားရိုးကျ သံမဏိ (steel) နဲ့ တိုက်တေနီယမ် (titanium) လိုမျိုး သတ္တုတွေဟာ ဒီဖိအားကို ပိုပြီးကောင်းမွန်စွာ ခံနိုင်ရည်ရှိပါတယ်။ သူတို့ရဲ့ မာကျောမှုနဲ့ ကြံ့ခိုင်မှုက တောင့်တင်းတဲ့အတွက် ပြင်းထန်တဲ့ဖိအားဒဏ်ကို ခံနိုင်ပါတယ်။

Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ OceanGateရဲ့ ဝန်ထမ်းဟောင်းတွေက ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ပြောပြထားပါတယ်။ သူတို့ပြောတာအရ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာကို အစကတည်းက ကြိုသိထားခဲ့ကြလို့ အံ့ဩစရာ မရှိပါ၊ရေငုပ်ယာဉ်ရဲ့ ဒီဇိုင်းပိုင်းမှာ ချို့ယွင်းချက်တွေ အများကြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ ဘေးအန္တရာယ် ကြိုတင်သတိပေးလက္ခဏာတွေပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်မယ်ဆိုရင် အင်မတန် ခမ်းနားတဲ့ ခရီးစဉ်တစ်ခုဟာ သတိပေးချက်တွေကို လျစ်လျူရှုခဲ့လို့ ကြေ‌ကွဲစရာ အဖြစ်နဲ့    ဘယ်လိုအဆုံးသတ်ခဲ့ရသလဲဆိုတာကို မြင်ရမှာပါ။

Mark Monroe ရိုက်ကူးတဲ့ “Titan: The OceanGate Submersible Disaster” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်က နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ၊ ဆုံးဖြတ်ချက်မှားတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ CEO Rush က အလုပ်ထုတ်ပစ်ခဲ့တဲ့ David Lochridge ရဲ့ ထွက်ဆိုချက်တွေလည်း ပါဝင်ပါတယ်။  David ဟာ ရေငုပ်ယာဉ်ရဲ့ လုံခြုံစိတ်ချရမှုအပိုင်းကို စိုးရိမ်ခဲ့တဲ့အတွက် ရေငုပ်ယာဉ်ရဲ့ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်ပြီး သတိပေးခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူက OceanGate ကုမ္ပဏီရဲ့ ရေကြောင်းလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ (Director of Marine Operations) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတစ်ဦးပါ။

ဒါ့အပြင် ရေအောက်ခရီးစဉ်ကျွမ်းကျင်သူ Rob McCallum နဲ့ သေဆုံးသွားတဲ့ ပြင်သစ် ရေအောက်စူးစမ်းလေ့လာသူ Paul-Henri Nargeolet ရဲ့ သမီးဖြစ်သူ Sydney Nargeolet တို့ရဲ့ အင်တာဗျူးတွေလည်း ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။  Rob ကတော့ နယူးဇီလန် လူမျိုးတစ်ဦးဖြစ်ပြီး၊ ပင်လယ်ရေအောက်စူးစမ်းလေ့လာရေးနဲ့စွန့်စားခရီးစဉ်တွေ စီစဉ်ရာမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ကမ္ဘာ့သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာတွေကို သွားတဲ့ ခရီးစဉ်တွေကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်လို့လည်း လူသိများပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာ Challenger Deep လို့ခေါ်တဲ့ ကမ္ဘာ့သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာကို မီတာ ၁၀,၉၂၅ မီတာအထိ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ အနက်ဆုံး ရေငုပ်နိုင်တဲ့ နယူးဇီလန်နိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

“Titan: The OceanGate Disaster”  မှတ်တမ်းရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်မှာ နယူးယောက်မြို့မှာ ကျင်းပတဲ့ Tribeca ရုပ်ရှင်ပွဲတော်မှာ စပြသခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှာတော့ Netflix ကနေ ကမ္ဘာတစ်ဝန်းလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။                

Titan ရေအောက်ယာဉ် ပျက်စီးပြီးနောက်ပိုင်း OceanGate ကုမ္ပဏီဟာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရပြီး လုံခြုံစိတ်ချရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီရေအောက်ယာဉ်ဖြစ်ရပ်ဆိုးဟာ အချိန်နဲ့တစ်ပြေးညီ သတင်းတွေမှာ ဖော်ပြခံခဲ့ရပြီး နိုင်ငံပေါင်းစုံက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လေးရက်အကြာမှာတော့ ရေအောက်ကြမ်းပြင်ပေါ်က အပျက်အစီးတွေကိုပဲ ရှာတွေ့ခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်က မဆင်မခြင်လုပ်တတ်တဲ့ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ပိုင် စိတ်ဆန္ဒတွေကြောင့် လုံခြုံရေး သတိပေးချက်တွေကို လျစ်လျူရှုခဲ့ပုံကိုလည်း မီးမောင်းထိုးပြထားပါတယ်။

ချို့ယွင်းနေတဲ့ ပစ္စည်းတွေ

ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ရေငုပ်ယာဉ်ကို စလုပ်ကတည်းက သုံးခဲ့တဲ့ ပစ္စည်းတွေဟာ ချို့ယွင်းချက်တွေ ရှိနေခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ အထူးသဖြင့် ကာဗွန်ဖိုက်ဘာ (Carbon Fiber) ကို စမ်းသပ်ကြည့်တဲ့အခါ တိုက်တန်းနစ်ရှိတဲ့ ရေအောက်အနက်ကြီးအထိ သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ စမ်းသပ်မှုတွေမှာ ဖိုက်ဘာကြိုးတွေဟာ ဖိအားကို မခံနိုင်ဘဲ “ဖောက်” ခနဲ၊ “စွပ်” ခနဲ အသံတွေနဲ့ ပြတ်တောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီအသံတွေက ရေငုပ်ယာဉ်က ရေမျက်နှာပြင်နဲ့ အတော်လေးနီးနေတုန်းကတည်းက ထွက်ပေါ်လာတာလို့ လူတိုင်းက ပြောကြတယ်” လို့ Monroe က ပြောပါတယ်။ “အဲဒါဟာ တစ်ခုခုမှားနေပြီဆိုတဲ့ သတိပေးချက်တစ်ခု ဖြစ်ခဲ့သင့်တာပေါ့” လို့လည်း သူက ထပ်ပြောပါတယ်။

Titan ရေငုပ်ယာဉ်ဟာ အကြိမ် ၈၀ မြောက် စမ်းသပ်ရေငုပ်တုန်းကတောင် ပြဿနာတွေ ရှိနေဆဲဖြစ်တာကြောင့် အောင်မြင်တဲ့ ခရီးစဉ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ဝန်ထမ်းဟောင်းတွေက ဒါရိုက်တာကို ပြောပြခဲ့ပါတယ်။

OceanGate ကုမ္ပဏီက Titan ရေငုပ်ယာဉ်ကို ဒီဇိုင်းထုတ်ထားတာ မှန်ကန်မှု ရှိ-မရှိ စစ်ဆေးဖို့အတွက် အစမ်းရေငုပ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။၂၀၁၈ ခုနှစ်၊ ဇွန်လမှာ မီတာ ၄,၀၀၀ အနက်ကို အောင်အောင်မြင်မြင် စမ်းသပ်ရေငုပ်ခဲ့ဖူးပါတယ်။၂၀၁၉ ခုနှစ်မှာတော့ မီတာ ၃,၇၆၀ အနက်အထိ စံချိန်တင်အောင် စမ်းသပ်ရေငုပ်ခဲ့ပါတယ်။စီးပွားဖြစ်ခရီးစဉ်တွေ မစတင်ခင်မှာ Titan ဟာ အစမ်းရေငုပ်တာတွေ အများကြီး လုပ်ခဲ့ပေမဲ့၊ ဘယ်နှစ်ကြိမ်အတိအကျ လုပ်ခဲ့တယ်ဆိုတာကိုတော့ တရားဝင်မှတ်တမ်းတွေမှာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။

ငွေကြေးနဲ့အချိန်ကို လျှော့သုံးတာကြောင့် ကြေကွဲစရာ ဖြစ်ရပုံ

TIME မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒါရိုက်တာ Mark Monroe ပြောတာက  Titan ရေငုပ်ယာဉ်မှာ သုံးထားတဲ့ ကာဗွန်ဖိုက်ဘာဟာ တကယ်တမ်း လုံခြုံစိတ်ချရတယ်ဆိုတာ သက်သေပြဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာနဲ့ နှစ်ပေါင်းများစွာ စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ OceanGate ကုမ္ပဏီက အဲဒီလို လုပ်ခြင်း မရှိခဲ့ပါဘူး။

ကာဗွန်ဖိုက်ဘာဟာ ရေအောက်ရေယာဉ်တည်ဆောက်ဖို့ ဘေးကင်းတယ်လို့ သက်သေပြဖို့ ဒေါ်လာသန်းပေါင်းများစွာနဲ့ နှစ်ပေါင်းများစွာ စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း Monroe က ပြောပါတယ်။ ဒါ့အပြင် OceanGate က ဘယ်ကနေ ငွေတွေ ရလဲဆိုတာလည်း မရှင်းလင်းပါဘူး။ “ကျွန်တော် သုတေသနလုပ်တာနဲ့ လူတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ ရှင်းရှင်းလင်းလင်း သိရတာက သူတို့ဟာ ငွေမရှာနိုင်ခဲ့ကြပါဘူး။ OceanGate အနေနဲ့ အမြတ်အစွန်းရဖို့ဆိုတာ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး” လို့ Monroe က ပြောပါတယ်။

ကုမ္ပဏီ CEO ဖြစ်သူ Stockton Rush ဟာ ကာဗွန်ဖိုက်ဘာကို သုံးဖို့ပဲ စိတ်စွဲနေခဲ့ပြီး အဲဒီစိတ်စွဲလမ်းမှုက ခုလို ကြေကွဲစရာ အဖြစ်ဆိုးကို ဖြစ်စေခဲ့တာပါ။

“သူသာ စက်မှုလုပ်ငန်းရဲ့ စံနှုန်းတွေကို လိုက်နာခဲ့မယ်ဆိုရင် ကာဗွန်ဖိုက်ဘာနဲ့ ရေငုပ်ယာဉ်ကို တည်ဆောက်ပြီး တိုက်တန်းနစ်ဆီ သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အဲဒီလူတွေ အသက်ရှင်လျက် ရှိနေဦးမှာပါ” လို့  Monroe က မှတ်ချက်ပေးခဲ့ပါတယ်။

အသက်တွေကို လျစ်လျူရှုပြီး အလျင်စလိုလုပ်

Titan ရေငုပ်ယာဉ်ကို တည်ဆောက်ခဲ့တဲ့ CEO Stockton Rush ဟာ ပေါ့ဆတဲ့လူ တစ်ယောက်ဖြစ်ကြောင်း အင်ဂျင်နီယာတွေက ဒါရိုက်တာ Mark Monroe ရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောပြခဲ့ကြပါတယ်။ သူဟာ စမ်းသပ်မှုတွေကို အလျင်စလိုလုပ်ပြီး ခရီးသည်တွေရဲ့ ဘေးကင်းရေးကို သိပ်အလေးမထားခဲ့ဘူးလို့ ဆိုပါတယ်။

အကြီးမားဆုံး သတိပေးချက်ကတော့ အခြားပြင်ပအဖွဲ့အစည်းတစ်ခုကနေ စစ်ဆေးမှုခံယူဖို့ ငြင်းဆန်ခဲ့တာပါပဲ။ ဒါဟာ လုပ်ငန်းရဲ့ စံနှုန်းတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်ပါ။ Rush ဟာ ရေငုပ်ယာဉ်ကို ယာဉ်အဖြစ် မှတ်ပုံတင်ရမယ့် စည်းကမ်းတွေကိုလည်း ရှောင်ခဲ့ပြီး ဘယ်တုန်းကမှ မှတ်ပုံတင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဒီရေယာဉ်ကို နိုင်ငံတကာ  အသိအမှတ်ပြု အဖွဲ့အစည်းတွေကနေ မှတ်ပုံတင်တာ၊ အသိအမှတ်ပြုလက်မှတ်ပေးတာ၊ စစ်ဆေးတာ ဒါမှမဟုတ် အဆင့်သတ်မှတ်တာမျိုး တစ်ခုမှ မလုပ်ခဲ့ဘူးလို့  Monroe ပြောကြားခဲ့ပါတယ်။

ဒီစီမံကိန်းလုပ်နေတုန်းမှာ ရေငုပ်ယာဉ်ရဲ့ ကိုယ်ထည်က ကွဲသွားလို့ အသစ်တစ်ခု ပြန်တည်ဆောက်ခဲ့ရပါသေးတယ်။ အဲဒီကိုယ်ထည်ကို ပထမတစ်ခုလိုပဲ ဖိအားဒဏ်ခံနိုင်-မခံနိုင် စမ်းသပ်ခဲ့ရပါတယ်။ ကာဗွန်ဖိုင်ဘာကိုယ်ထည်ဟာ “တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေရဲ့ တောင့်တင်းခိုင်မာမှုကို အားနည်းစေတယ်” လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီလိုစမ်းသပ်မှုတွေမှာ  မအောင်မြင်ခဲ့ပေမဲ့ OceanGate ကုမ္ပဏီကတော့ ရေငုပ်ယာဉ်ကို ဆက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ OceanGate ရဲ့ အကြီးတန်းအင်ဂျင်နီယာရဲ့ လက်ထောက်ဖြစ်သူ Emily Hammermeister ဟာ အလုပ်ကနေ ထွက်သွားခဲ့ပါတယ်။

” ဝက်အူတွေနဲ့ ရစ်ပြီး ရေငုပ်ယာဉ်ထဲမှာ လူတွေကို ထည့်ပေး လိုက်ရတာကို စိတ်ထဲမသက်မသာ ခံစားရတယ်” လို့ Emily ပြောပြခဲ့တာ တကယ့်ကို ရင်ထဲထိစေပါတယ်။ တခြားဝန်ထမ်းတွေလည်း အလုပ်အပေါ် အားမရတာမျိုးတွေ ရှိခဲ့ပါတယ်။  “မော်ဒယ်လ်ကို မပေါက်ကွဲအောင် မလုပ်နိုင်ရင် ဘာလို့ ဆက်လုပ်နေတာလဲဆိုတာကို လူအများစု နားမလည်ကြဘူးလို့ ကျွန်မထင်တယ်” လို့  Emily ပြောပြတယ်။

အော်ပရေးရှင်း ဒါရိုက်တာဟောင်း David Lochridge ကသူစိုးရိမ်တဲ့ဘေးအန္တရာယ်ကင်းရှင်းရေးကိစ္စတွေကို မှတ်စုရေး တင်ခဲ့တာကြောင့် Rush က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောဆိုနေတဲ့ အသံဖိုင်ကို ပရိသတ်တွေ နားဆင်ရမှာဖြစ်ပါတယ်။ ဒီအသံဖိုင်ကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်း ရရှိခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှုတွေကို ရှောင်လွှဲဖို့ “ခြိမ်းခြောက်တာတွေ” လုပ်ခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ စွပ်စွဲထားပါတယ်။

“ကျွန်တော်တို့ရဲ့ ခရီးစဉ်တိုင်းမှာ ပြဿနာတွေ ရှိခဲ့တယ်” လို့ Lochridgeက အသံဖိုင်ထဲမှာ ပြောထားတယ်။ Rush ကတော့ Lochridge ကို သူ့အမြင်ကို နားမလည်ဘူးလို့ ပြောခဲ့ပါတယ်။ Rush က သူ့ရဲ့စီမံကိန်းကို ဝေဖန်ပြောဆိုတာတွေကို သူ့အပေါ် တိုက်ခိုက်တယ်လို့ ထင်ခဲ့ပုံရပါတယ်။

ကာစီနို ကစားပွဲတစ်ခုလိုဖြစ်ခဲ့တဲ့ ဘီလျံနာတွေရဲ့ ခရီးစဉ်

ကာစီနိုမှာ ပိုက်ဆံ အပုံလိုက်ပုံပြီး ကစားသလိုပဲ ဘီလျံနာသူဌေးတွေဟာ သူတို့ပဲ တတ်နိုင်တဲ့အရာတွေကို လုပ်ချင်ကြတယ်။ တခြားသူတွေ မလုပ်နိုင်တာတွေ လုပ်ရင်းနဲ့ နေချင်ကြတယ်။ တကယ်တော့ အဲဒီစိတ်က လူတိုင်းမှာ ရှိတတ်တာပါပဲ။ ဒါကြောင့် ဒီကိစ္စကို ကြည့်ပြီး နောက်ပိုင်း အဲလိုခရီးတွေ ထွက်ဖို့ လိုအပ်သလားဆိုတာ လူတွေ သံသယဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဆီလီကွန်ဗယ်လီက စွန့်ဦးတီထွင်သူတွေဟာ စည်းမျဉ်းတွေကို ရှောင်ပြီး လုပ်နိုင်တယ်၊ သူများနဲ့ မတူဘဲ လုပ်တယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့ တချို့လုပ်ငန်းတွေအတွက်က အဲဒီလို လုပ်လို့ရပေမယ့် လူအများကြီးရဲ့ အသက်အန္တရာယ်ကို ထည့်စဉ်းစားရတဲ့အခါမျိုးကျတော့ အရမ်းအန္တရာယ်များတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီလို သူများနဲ့ မတူဘဲ လုပ်တယ်လို့ ကြွေးကြော်နေတဲ့သူတွေကိုလည်း လူတွေ သံသယဝင်မယ်လို့ မျှော်လင့်ပါတယ်။

ဝန်ထမ်းတွေအပေါ် ဖိအားပေးမှု

ဒီအစီရင်ခံစာမှာ ကုမ္ပဏီအနေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှုတွေကို ရှောင်လွှဲဖို့ “ခြိမ်းခြောက်တာတွေ” လုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ OceanGate မှာ အကြီးတန်းဝန်ထမ်းတွေကို အလုပ်ဖြုတ် ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေသုံးပြီး ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို မပြောရဲအောင် ဖိအားပေးထားတဲ့ “အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်” တစ်ခုရှိခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ကုမ္ပဏီရဲ့ ပေါ့ဆမှုများ

ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ OceanGate ကုမ္ပဏီဟာ ရေငုပ်ယာဉ်ရဲ့ ကိုယ်ထည်နဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပျက်စီးခဲ့တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ရှိခဲ့ပေမဲ့လည်း ကိုယ်ထည်ကို သေသေချာချာ စစ်ဆေးတာ၊ အကဲဖြတ်တာမျိုးမလုပ်ဘဲ Titan ရေယာဉ်ကို ဆက်လက်အသုံးပြုနေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းမှာ ချွတ်ယွင်းချက်တွေဖြစ်တဲ့ သီးခြားထုတ်လုပ်ထားတဲ့ ကာဗွန်ဖိုင်ဘာကိုယ်ထည်ဟာ “တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေရဲ့ တောင့်တင်းခိုင်မာမှုကို အားနည်းစေတယ်” လို့လည်း ဖော်ပြထားပါတယ်။

ဒီလို ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်ကာကွယ်ရေးအစီအမံတွေကို မလုပ်မ‌နေရ လုပ်သွားရမှာပါပဲ။  မတော်တဆမှုတွေကနေ သင်ခန်းစာယူပြီး ပင်လယ်ရေအောက်သွားရေယာဉ်တွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့ စည်းမျဉ်းတွေကို ပိုပြီးတိုးတက်အောင် လုပ်ဆောင်သွားရမှာပေါ့။

Sources:

Titan: The OceanGate Disaster Explores Why Titan Imploded (TIME)

Probe blames operator for ‘preventable’ Titanic sub disaster (AFP)    

Click to rate this post!
[Total: 1 Average: 5]