ဂါဇာရဲ့ အခြေအနေဟာ ငတ်မွတ်ခေါင်းပါးမှုက သိသိသာသာ ဝါးမျိုစ ပြုလာတဲ့ အခြေအနေပါ။ ဒီအခြေအနေဟာ ဟားမတ်စ်ကပဲ ဖြစ်ဖြစ်၊ အစ္စရေးကပဲ ဖြစ်ဖြစ် အဆုံးသတ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ ရလဒ်မဲ့ စစ်ပွဲကာလအတွင်းမှာ ဖြစ်ပွားနေတာပါ။ ပါလက်စတိုင်းပြည်သူတွေရဲ့ အတိဒုက္ခကို အလေးအနက်ထား ဖော်ပြနိုင်ဖို့၊ စစ်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့၊ “လူမျိုးနှစ်မျိုး နိုင်ငံနှစ်နိုင်ငံ” ဆိုတဲ့ အတွေးအခေါ်တွေ ဆက်လက် ရှင်သန် နိုင်ဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ မကြာမီ ရက်များအတွင်းက ပါလက်စတိုင်း နိုင်ငံတော် အသိအမှတ်ပြုရေးကို ဦးတည်ပြီး အရေးပါတဲ့ ခြေလှမ်း လှမ်းလာကြပါတယ်။ အီကောနောမစ် မဂ္ဂဇင်း အနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ဦးတည်ချက်အပေါ် နှစ်နှစ်ကာကာ ထောက်ခံသဘောတူပေမယ့် ဒီလို အသိအမှတ်ပြုမှုက လက်တွေ့မှာ တစ်စုံတစ်ရာ အကျိုး သက်ရောက်မှု ရှိပါ့မလားဆိုတာကို သံသယ ဖြစ်မိပါတယ်။ ပြောမယ်ဆိုရင် ပါလက်စတိုင်း နိုင်ငံတော် အသိအမှတ်ပြုရေးမှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ စွဲကိုင်ထားတဲ့ သဘောတွေက “အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့” ဆိုတာမျိုး ဖြစ်မှာ စိုးရိမ်မိပါတယ်။
ပြင်သစ်နိုင်ငံက ပထမ ဆောင်ရွက်ခဲ့တာပါ။ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်က စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပါလက်စတိုင်း နိုင်ငံတော်ကို အသိအမှတ် ပြုမယ်လို့ ကြေညာခဲ့ပါတယ်။ နောက် ငါးရက် အကြာမှာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဆာ ကီးရာ စတမ်မာက ဗြိတိန် နိုင်ငံကလည်း ပြင်သစ်နိုင်ငံနည်းတူ ဆောင်ရွက်မယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံက စစ်ပွဲကို ရပ်စဲမယ်၊ “လူမျိုးနှစ်မျိုး နိုင်ငံနှစ်နိုင်ငံ” အပေါ် အခိုင်အမာ ကတိပြုမယ်၊ ပါလက်စတိုင်း နယ်မြေတွေ ဖြစ်တဲ့ ဂါဇာကို ဖြစ်ဖြစ် အနောက်ဘက်ကမ်းကိုဖြစ်ဖြစ် မသိမ်းပိုက်ဘူးလို့ အာမခံမယ် ဆိုရင်တော့ ဗြိတိန်နိုင်ငံက တစ်ဖက်သတ် အသိအမှတ် ပြုရေးကို ပြန်ရုပ်သိမ်းမယ်လို့ ကီရာ စတမ်မာက ဖြည့်စွက် ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ဒီနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်အပေါ် သုံးသပ်ရရင် လူထုထောက်ခံမှု ကျဆင်းနေတဲ့ ခေါင်းဆောင်တွေက ပြည်တွင်း ထောက်ခံမှု ရလာအောင် အမှန်တရားဘက်ကနေ ရပ်တည်ကြတယ်ဆိုတဲ့ ပုံရိပ်ဖန်တီးပြတယ်လို့ပဲ တွေးကြမှာပါ။ ဗြိတိန် ဝန်ကြီးချုပ် စတမ်မာ ဆိုရင်လည်းပဲ သူ့ရဲ့ ပါတီတွင်း ခေါင်းဆောင်မှုကို ဆုံးရှုံးနေရတာပါ။ စတမ်မာရဲ့ ပါတီဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ အရေးအပေါ် အခိုင်အမာ ထောက်ခံတဲ့ ပါတီပါ။ ဒီအချက်ဟာ စတမ်မာရဲ့ ကျန်ဝန်ကြီးချုပ် သက်တမ်းကာလအတွင်း ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုတွေကို ဖြစ်ပေါ်စေမှာပါ။ နောက်ခံ အခြေအနေတွေက ဒီလိုရှိနေပေမယ့် ပြင်သစ်သမ္မတနဲ့ ဗြိတိန် ဝန်ကြီးချုပ် တို့ရဲ့ ရပ်တည်ချက်တွေ အပေါ် စိတ်ရင်းအတိုင်း ပြောဆိုမှုကို လက်ခံစဥ်းစားသင့်ပါတယ်။ ပြောလိုတာက ဒီခေါင်းဆောင် နှစ်ယောက်ရဲ့ ပြောဆိုချက် တွေအပေါ် အသိအမှတ် ပြုလိုက်တာဟာ အရှေ့ အလယ်ပိုင်း အရေးမှာ သူတို့နိုင်ငံတွေရဲ့ မျှော်မှန်းချက်တွေကို ဆုပ်ကိုင် ရရှိရေးနဲ့ ပတ်သက်ပြီး ရှေ့ကို တိုးတက် စေနိုင်မလား ဆိုတာပါပဲ။

သမ္မတ ဒေါ်နယ်ထရမ့် ပြောစကားအရဆိုရင်တော့ ဒီလို အသိအမှတ်ပြုမှုဟာ လက်တွေ့မှာ ဘာမှ အကျိုးသက်ရောက်စေမှာ မဟုတ်ပါဘူး။ ထရမ့်က မက်ကရွန်ရဲ့ ကတိစကား အပေါ် ဘာမှ အရာ ရောက်မှ မဟုတ်ဘူးလို့ သရော်ပါတယ်။ ဒေါ်နယ်ထရမ့် ဘာဆိုလိုတယ် ဆိုတာ တွေးကြည့်လို့ ရပါတယ်။ ပါလက်စတိုင်း နိုင်ငံအပေါ် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၄၇ နိုင်ငံက အသိအမှတ်ပြုထားတဲ့ အခြေအနေမှာ နောက်ထပ် နှစ်နိုင်ငံ ထပ် အသိအမှတ်ပြုလိုက်တာက သိသိသာသာ ထူးခြားလာစရာတော့ မရှိပါဘူး။
ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ရပ်တည်ချက်ဟာ အတိတ်ကာလတုန်းကလိုပဲ အရေးပါမှု ရှိမှာ မဟုတ်ပေမယ့် သက်ရောက်မှုကတော့ ရှိပါတယ်။ ဒါကြောင့်လည်း အစ္စရေး အစိုးရက ပြင်သစ်နဲ့ ဗြိတိန် အစိုးရတွေရဲ့ သဘောထား ပြောင်းလဲမှုအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ တာပါ။ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတို့ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်သလို စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံ (၇) နိုင်ငံ အုပ်စု အဖွဲ့ဝင် နိုင်ငံတွေပါ ဖြစ်တဲ့အတွက် သူတို့နှစ်နိုင်ငံက ပါလက်စတိုင်း နိုင်ငံ အသိအမှတ်ပြုရေး အပေါ် သုံးသပ်နေတဲ့ နိုင်ငံတွေကို သူတို့နည်းတူ အသိအမှတ်ပြုလာအောင် တိုက်တွန်းနိုင်ပါတယ်။ ဒီလို ယူဆထားတဲ့ အတိုင်းပါပဲ ဇူလိုင်လ ၃၀ ရက်နေ့က ကနေဒါနိုင်ငံက ပါလက်စတိုင်း နိုင်ငံကို စက်တင်ဘာလမှာ အသိအမှတ်ပြုမယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။ ဘယ်လို အခြေအနေတွေ ပြည့်စုံမှ အသိအမှတ် ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ ရှိနေပါတယ်။ ဗြိတိန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း အရေးမှာ သမိုင်းစဥ်ဆက် သူတို့ပါဝင် ပတ်သက်ခဲ့မှုကို ထပ်ဆင့် ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ၁၉၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဘဲလ်ဖိုး ကြေညာချက် (Balfour declaration) မှာ ဗြိတိန်နိုင်ငံက ဂျူး လူမျိုး တွေအတွက် ကိုယ်ပိုင်နိုင်ငံ လိုအပ်တာကို အသိအမှတ်ပြုပြီး ဒီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် အားပေး ကူညီမယ် ဆိုတာကို ကတိကဝတ် ပြုခဲ့ပါတယ်။ ဗြိတိန်ပဲ ဖြစ်ဖြစ်၊ ပြင်သစ်ပဲ ဖြစ်ဖြစ် သူတို့မှာရှိတဲ့ သြဇာက ဘယ်လောက်ပဲ နည်းနည်း ရှိတဲ့ သြဇာ အာဏာကို သုံးကို သုံးရမှာပါ။ ဒီလိုမှ မသုံးဘူး ဆိုရင်တော့ သြဇာအာဏာဆိုတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
အခုအချိန်မှာ ဆောင်ရွက်ဖို့ တိုက်တွန်းနေရတာက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဦးဆောင်တဲ့ အစ္စရေး အစိုးရ အဖွဲ့အနေနဲ့ သူတို့နိုင်ငံဟာ ရေရှည် မဟာမိတ်တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးနေပြီဆိုတာ တုန်လှုပ်သဘောပေါက်သွားမှာမို့လို့ပါ။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံဟာ အစ္စရေး အစိုးရကို သူရဲ့ လက်ရှိလမ်းကြောင်းကနေ ပြောင်းသွားအောင် ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပယ်ခံဘဝ မရောက်ဖို့ အတွက် နေတန်ယာဟု ကို ငြိမ်းချမ်းတဲ့ လမ်းကြောင်း ရွေးလာအောင်တော့ တိုက်တွန်းနိုင်ခြေ ရှိပါတယ်။ အမေရိကန် နိုင်ငံက အစ္စရေးနိုင်ငံ ကို ထိထိရောက်ရောက် ဖိအား မပေးတဲ့အတွက် ဥရောပတိုက်ရဲ့ သံတမန်ရေး အင်အားကြီး နှစ်နိုင်ငံက အစားထိုး ဖိအားပေးရမှာပါ။
ဒီအခြေအနေဟာ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ မူဝါဒ အားပြုဖော်ဆောင်ဖို့ အခြေခံ အုတ်မြစ် နည်းနေတဲ့ အခြေအနေမျိုးပါ။ အကြောင်းရင်း တစ်ရပ်ကတော့ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ သူ့အစိုးရ အဖွဲ့ဝင်တွေဟာ အပေးအယူ ညှိနှိုင်းမှု လုပ်ဖို့ထက် သူတို့ရဲ့ မူလ ရပ်တည်ချက် ကိုပဲ ဆုပ်ကိုင်ထားဖို့ များနေတာပါ။ ဝန်ကြီး အဖွဲ့ဝင် အများစုက သူတို့ ဘာပဲ လုပ်လုပ် ဥရောပ အစိုးရအဖွဲ့တွေက ပြစ်တင် ရှုတ်ချကြမယ်ဆိုတာကို ကြိုသိမြင် သုံးသပ်ထားပြီးသားပါ။ ဒီကနေ့မှာ ဖိအားတွေကို လိုက်လျော သဘောတူ ပေးခဲ့ရင် နောက်တစ်နေ့မှာ ပိုပြင်းထန်တဲ့ ဖိအား တွေ ရှိလာမှာပါ။ အစ္စရေးနိုင်ငံ အတွင်းမှာ တချို့က “ပြင်ပနိုင်ငံတွေက ဖိအားဘယ်လိုပေးပေး ခုချိန်မှာ သူတို့ လုပ်ချင် တာကိုပဲ လုပ်ပြီး နောက်မှ ဆက်ဆံရေး ပြန်တည်ဆောက်” ဆိုတဲ့ သဘောထားမျိုး ရှိကြပါတယ်။ အသိအမှတ်ပြုမှုအတွက် အစ္စရေးနိုင်ငံ အနေနဲ့ သေးပင်သေးငြားသော်လည်း တန်ရာတန်ကြေးပေးပြီးပြီလို့ ယူဆခဲ့ရင် နေတန်ယာဟု နဲ့ သူ့အစိုးရ အဖွဲ့က လုပ်လာနိုင်တာဟာ ပိုပြင်းထန်တဲ့ မူဝါဒမျိုးပဲ ဖြစ်ဖို့ များပါတယ်။
အခြား ပြဿနာကတော့ အစ္စရေး ဝန်ကြီးချုပ်သစ် တစ်ဦးရဲ့ ဦးဆောင်မှု အောက်မှာ “လူမျိုးနှစ်မျိုး၊ နိုင်ငံ နှစ်နိုင်ငံ” ကို ပြန်ဆွေးနွေး ကြမယ်ဆိုရင် အောင်မြင်တဲ့ သဘောတူညီချက်တစ်ရပ် ရဖို့အတွက် နှစ်ဖက်စလုံးက အပြန်အလှန် လိုက်လျော မှုတွေ လုပ်ကြရမှာပါ။ ဗြိတိန်နဲ့ ပြင်သစ်က ပါလက်စတိုင်း နိုင်ငံ အသိအမှတ်ပြုမှုကို အစ္စရေး နိုင်ငံအပေါ် ဖိအားတစ်ရပ် အနေနဲ့ ဒီကနေ့ ပြုလုပ်ခဲ့တာဟာ အနာဂတ်မှာ သူတို့ နှစ်နိုင်ငံ အနေနဲ့ ပါလက်စတိုင်းတွေအပေါ် ဖိအားပေးနိုင်စွမ်း ကို လက်လွှတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဖိအားပေးနိုင်စွမ်း လက်လွှတ်ရမယ်ဆိုတာက “လွယ်ကူ၊ ရိုးစင်း၊ အရေးမပါ” တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အကြောင်းရင်းက “လူမျိုး နှစ်မျိုး၊ နိုင်ငံနှစ်နိုင်ငံ” ကို ညှိနှိုင်းတဲ့အခါ လုံခြုံရေးနဲ့ နယ်မြေဆိုင်ရာ အသေးစိတ် ကိစ္စတွေ အပါအဝင် အခက်အခဲ၊ အကျပ်အတည်း အများကြီး ကို ရင်ဆိုင်ကြရမှာပါ။ ကံမကောင်း အကြောင်းမလှတာကတော့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ မာမွတ် အဘာ့စ်က အလွယ်တကူ ညှိနှိုင်း လိုက်လျောပုံမရှိတာပါဘဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇) ရက် ဟာမတ်စ်အဖွဲ့ရဲ့ အကြမ်းဖက် သတ်ဖြတ် တိုက်ခိုက်မှုအပေါ် သမ္မတ မာမွတ် အဘာ့စ်က မကြာသေးခင် ကမှ ပထမဆုံး ရှုတ်ချခဲ့တာပါ။ သမ္မတ မာမွတ် အဘာ့စ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ အကြိမ်များစွာ ပျက်ကွက်ခဲ့သလို ပါလက်စတိုင်း ပြည်သူတစ်ရပ်လုံးကိုယ်စား ရပ်တည်ပြောနိုင်တဲ့ တရားဝင်မှုမျိုးလည်း သူ့မှာ မရှိပါဘူး။

ပါလက်စတိုင်းတွေရဲ့ အပြုသဘော လုပ်ဆောင်လာမှုကြောင့် ဆုလာဘ် ချီးမြှင့်တာမျိုးမဟုတ်ဘဲ အစ္စရေး နိုင်ငံအပေါ် ဖိအား ပေးတယ်ဆိုတဲ့ သဘော “ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြု” မယ် ဆိုတာဟာ ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ပြီးစလွယ် ပဥ္စလက်ပါ။ မကြာခင် ရင်ဆိုင်ရမယ့် အနာဂတ်ကို တွေးကြည့်ရင် ပါလက်စတိုင်းတွေ အပေါ် ဖိအားပေးနိုင်စွမ်းမရှိ ဖြစ်မယ်ဆိုတဲ့ တူညီသော “ယုတ္တိဗေဒ” ဟာ ပြီးစလွယ် ပဥ္စလက်ကို “ရှုပ်ထွေး၊ အလုပ်မဖြစ်” ဖြစ်စေမှာပါ။ ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတမ်မာက “ဒီအချိန်မှာ အခုလို ဆုံးဖြတ် ဆောင်ရွက် လိုက်ရတာဟာ ဂါဇာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ သူ သန္နိဌာန် ချထားလို့ပါ” ဆိုပြီး ပြောခဲ့သလို “အနည်းဆုံး အစ္စရေးအပေါ် သြဇာ သက်ရောက်မှု ပေးနိုင်မှာပါ“လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန် ဝန်ကြီးချုပ်ဟာ “တကယ်လို့ ဟားမတ်စ်က ဖမ်းဆီး ထားတဲ့ ဓားစားခံ တွေကို လွှတ်ပေးဖို့ ငြင်းဆန်ခဲ့ရင် ဖြစ်ဖြစ်၊ စစ်ပွဲ အဆုံးသတ်ဖို့ သဘောမတူခဲ့ရင် ဖြစ်ဖြစ်” ပါလက်စတိုင်း နိုင်ငံတော်အဖြစ် အသိအမှတ် ပြုမှုကို ရုပ်သိမ်းမယ်လို့တော့ ခြိမ်းခြောက်မှု မလုပ်ခဲ့ပါဘူး။ ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြု မယ်ဆိုတဲ့ အလားအလာ ဟာ ဟားမတ်စ်အတွက် စက်တင်ဘာလ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်မီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို ဟန့်တားထားဖို့ မက်လုံးဖြစ်နေပါတယ်။ ဗြိတိန်နိုင်ငံက ပေးအပ်တဲ့ ဆုလာဘ်ကို ဟားမတ်စ်တို့ အိတ်ကပ်ထဲ ထည့်လိုက် နိုင်ပြီ ဆိုတာနဲ့ ဝန်ကြီးချုပ် စတမ်မာ အနေနဲ့ အစ္စရေး နိုင်ငံအပေါ် ဖိအားပေးနိုင်စွမ်း ဆုံးရှုံးသွားတော့မှာပါ။ အစ္စရေးနိုင်ငံဟာ ဖိအားပေးမှုကို လက်ခံ လိုက်လျောမယ်လို့ တွေးဆခဲ့ရင်တောင်မှ ဗြိတိန် ဝန်ကြီးချုပ်ရဲ့ မူဝါဒဟာ ကိုယ့် မူဝါဒ ဖော်ပြချက်နဲ့ ကိုယ့်လည်ပင်းကို ကိုယ်တိုင် ကြိုးကွင်းစွပ်သလို ဖြစ်နေပါတယ်။
ပကတိ အမှန်တရားကို ပြောရရင် ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့ဟာ ဒေါ်နယ်ထရမ့်က တစ်ဆင့် ချဥ်းကပ်ခဲ့ရင် အစ္စရေး နိုင်ငံအပေါ် သွယ်ဝိုက် သြဇာ အပေးနိုင်ဆုံး နိုင်ငံတွေပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူကိုယ်တိုင် လိုလားတယ်လို့ ပြောဆိုနေတဲ့ အပစ်အခတ် ရပ်စဲရေးကို အစ္စရေးက သဘောတူလာအောင် ဖိအားပေးနိုင်တဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပါ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အလားအလာ ဆက်လက် ရှင်သန်နေဖို့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အခုတော့ ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုမယ်ဆိုတဲ့ ခြေလှမ်းလှမ်းလိုက်ပြီး ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ဒေါ်နယ်ထရမ့်အပေါ် ရှိနိုင်တဲ့ သြဇာကိုလည်း ဆုံးရှုံး လိုက်ရပါပြီ။
ကိုးကား – In recognizing Palestine, Britain and France won’t advance peace, The Economist Aug 2025

