ပါလက်စတိုင်း ဟားမာ့စ် အုပ်စုက အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်က စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲဟာ အခုအခါမှာ ၂၂လ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါ မှာတော့ ဂါဇာ ဒေသမှာ ငတ်မွတ်မှု အခြေအနေဟာ ပိုမိုဆိုးရွား လာနေပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ထိုးစစ်ဆင်ခဲ့တဲ့ ဇူလိုင် ၂၀ ရက် ကစပြီး လေကြောင်း တိုက်ခိုက်မှု တွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရ ပါတယ်။

သို့ပေမဲ့ အစ္စရေးကတော့ သူ့အနေနဲ့ စီးပွားရေး စစ်ပွဲလို့ ခေါ်နေတဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဆန္ဒရှိ နေပါတယ်။ အဓိက အချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေထံမှ အကူအညီတွေကို ပြန်လည် နေရာ ချထားဖို့ ရည်ရွယ်ပုံရပါတယ်။ အစ္စရေးက ထိုအကူအညီတွေကို ဟားမာ့စ်တွေက ထိန်းချုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင် အတွင်းသို့ ဝင်ရောက်လာဆဲ အကူအညီတွေကို ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ရဲ့ ကြီးကြပ်မှုနဲ့ စခန်းနေရာ လေးခုမှာ ဖြန့်ဝေပေးနေတာပါ။
မကြာသေးမီ ရက်တွေ အတွင်းက ဂါဇာဒေသသား ဒါဇင်ပေါင်းများစွာဟာ ရိက္ခာဝေတဲ့ နေရာမှာ တန်းစီရင်း လူတိုးမိပြီး သေဆုံးခဲ့ကြရပါတယ်။ ရိက္ခာဖြန့်ဝေတဲ့ စခန်းတွေ စတင်စ မေလတုန်းကလည်း ရိက္ခာတန်းစီနေတဲ့ ဂါဇာမှာ နေထိုင်သူတွေထဲက ရာဂဏန်းမျှရှိတဲ့ လူတွေဟာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က “အကူအညီပေးမှု လုပ်ငန်းတွေဟာ သွေးကြောထဲ ဒရစ် (drip) ပိုက် သွင်းသလို (ခပ်ဖြည်းဖြည်းချင်း) လုပ်နေတာဖြစ်တယ်” လို့ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂဝင် နိုင်ငံတွေက ပြောဆိုကာ ရှုတ်ချခဲ့ကြတယ်။ အစ္စရေးနိုင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်း ခဲ့ကြတယ်။
ဇူလိုင် ၂၃ ရက်ကလည်း နိုင်ငံတကာ အဖွဲ့အစည်း ၁၀၀ ကျော်ဟာ ကသောင်းကနင်းဖြစ်မှုတွေ၊ ငတ်မွတ်မှုတွေနဲ့ သေဆုံးမှုတွေ ဖြစ်စေခဲ့တဲ့လို့ ပြောဆိုကာ ရှုတ်ချခဲ့ကြတယ်။ ထိုနေ့မှာပဲ ဂါဇာရှိ ကျန်းမာရေး အာဏာပိုင်တွေက “လူ ၄၆ ဦးဟာ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ပြီး ထိုအထဲက ၁၀ ဦးဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက သေဆုံးခဲ့ကြတယ်” လို့ ပြောဆိုပါတယ်။
ဂါဇာမှာ ငတ်မွတ်မှု ဖြစ်ပွားနေတဲ့ သတင်းများဟာ အခြား ဘယ်နေရာမှာမဆို လွှမ်းမိုးမှု ရှိခဲ့ပေမယ့် ပထမပိုင်းမှာတော့ အစ္စရေး နိုင်ငံတွင်း သတင်းတွေမှာ လွှမ်းမိုးမှု မရှိခဲ့ပါဘူး။ သို့ပေမဲ့ နောက်ပိုင်းမှာတော့ နေတန်ယာဟုကို စာနာတဲ့ နိုင်ငံရေး သမားတွေနဲ့ ဂျာနယ်လစ် တွေအတွက် ထိုပြဿနာဟာ အမှန်တကယ် ဖြစ်တယ် ဆိုတာကို ကြေညာဖို့အတွက် ခွင့်ပြုနိုင်တဲ့ အရာ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ အပတ်က အမေရိကန် သမ္မတထရမ့်က ထိုပြဿနာဟာ တကယ့်အစစ်အမှန် အငတ်ပြဿနာလို့ ပြောဆိုခဲ့တယ်။ သို့ပေမဲ့ ထရမ့်မပြောမီကပင် ထိုပြောင်းလဲမှုဟာ ဖြစ်လာပါတယ်။
ချန်နယ်-၁၂ (Channel 12) သတင်းဌာနရဲ့ နိုင်ငံရေးသတင်းထောက် (နေတန်ယာဟုနဲ့ အနီးကပ် ဆက်ဆံရေးရှိသူ) အမစ်ဆီးဂဲလ်က ဂါဇာဟာ တကယ့် ငတ်မွတ်မှု အထွတ်အထိပ်ကို ချဥ်းကပ်နေပါပြီ။ ဒီသတင်းကို ဖတ်ရတဲ့အတွက် အထိတ်တလန့်တော့ မဖြစ်ကြပါနဲ့ ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူးလို့ ဆိုရှယ်မီဒီယာမှာ ပို့စ်တစ်ခု တင်ခဲ့တယ်။
ဆီးဂဲလ်ဟာ ဂျေရူဆလင်ရှိ ဟီဘရူး တက္ကသိုလ်က သုတေသီ ယန်နေစပစ်ဇာ ကိုလည်း သူ့ဘက်က ရပ်တည်စေခဲ့တယ်။ ယန်နေ စပစ်ဇာက ဂါဇာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ပစ္စည်း စျေးနှုန်းတွေနဲ့ သမိုင်း တစ်လျှောက်မှာ အလားတူ ဖြစ်ပွားခဲ့တဲ့ အစားအစာ ပြတ်လပ်ချိန် တွေမှာ ပေါ်ပေါက်ခဲ့တဲ့ စျေးနှုန်းတွေကို နှိုင်းယှဥ် ထောက်ပြခဲ့တယ်။ ကုန်ခဲ့တဲ့ နှစ်တွေ အတွင်း အဆိုးရွားဆုံး ဒုဗ္ဗိကန္တရကပ်တွေ ဆိုက်ရောက် ချိန်မှာ ကုန်စျေးနှုန်းတွေဟာ ၁၀ ဆ မြင့်တက်ခဲ့တယ်။ ယခုအခါမှာတော့ ဂါဇာမှာ ကုန်စျေးနှုန်းတွေဟာ အဆ ၈၀ မြင့်တက်ခဲ့ပါတယ်။
ယန်နေ စပစ်ဇာက လူ အစုလိုက်အပြုံလိုက် ငတ်မွတ်မှုတွေဟာ မလွှဲသာ မရှောင်သာဖြစ်လာမှာပါလို့ ကောက်ချက်ချခဲ့တယ်။
ဂါဇာ ပြဿနာနဲ့ ပတ်သက်ပြီး အစ္စရေးအပေါ် နိုင်ငံတကာက ဒေါသထွက်နေတာကို အစ္စရေးတွေက သတိမမူမိတာတော့ မဟုတ်ပါဘူး။ အီတလီနိုင်ငံက အခြားဥရောပ နိုင်ငံတွေလိုပဲ အစ္စရေး စစ်ပွဲကို ဝေဖန်လာတဲ့အခါမှာတော့ ဘာသာရေး အခွင့်အရေးနဲ့ ဆက်သွယ်နဲ့ အစ္စရေး သတင်းဝက်ဘ်ဆိုက် တစ်ခုက စိတ်မသက်မသာနဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ “အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချတဲ့ လှိုင်းတံပိုးတွေဟာ ဆက်လက်ထွက်ပေါ်နေပြီ” လို့ ထုတ်ပြန်ခဲ့တယ်။
ဒါ့အပြင် အစ္စရေးနိုင်ငံ အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာနေပါတယ်။ တက်ကြွ လှုပ်ရှားသူတွေ ဟာ အစာငတ်မွတ်မှုကို ကန့်ကွက်တဲ့ အနေနဲ့ ဂျုံအိတ်တွေကို ထမ်းပိုးပြီး တဲလ်အဗစ်မြို့ရဲ့ လမ်းတွေ ပေါ်မှာ ချီတက် ဆန္ဒပြ ကြတယ်။ လစ်ဘရယ် သတင်းစာ Haaretz က ယခုနှစ် စောစောပိုင်းတုန်းက အစ္စရေး အစိုးရက ထောက်ပံ့ကူညီမှုတွေကို သီတင်း ၁၁ ပတ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ လူသားဆိုင်ရာ ဘေးဆိုးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသား ဖော်ပြခဲ့တယ်။ သို့ပေမဲ့ အစ္စရေး လူမျိုးများအကြား တုံ့ပြန်မှုကလည်း ထိရောက်လှပါတယ်။ “ဟားမာ့စ်တွေကို အပြစ်တင်ပါ။ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့” လို့ ပြန်လည် တုံ့ပြန် ခဲ့ကြတယ်။

အကယ်၍ ဟားမာ့စ်တွေက ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးပြီး သူတို့ရဲ့ လက်နက်တွေကို စွန့်လွှတ်မယ် ဆိုရင် စစ်ပွဲဟာပြီးစီးသွားမှာပါလို့ စောဒက တက်ကြတယ်။ ထို့ထက်ပိုတာကတော့ အဆိုပါ သံသယ ဝါဒီတွေက စစ်ပွဲကာလ အတွင်းမှာ ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံက ၄င်းရဲ့ ရန်သူကို လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့သလဲလို့ မေးခွန်းထုတ်ပါတယ်။ (ပိတ်ဆို့နေတဲ့ နယ်နိမိတ် အတွင်းရှိ ဂါဇာဒေသရဲ့ ကူးလူးသွားလာနေတဲ့ လမ်းအားလုံးကို အစ္စရေးက ထိန်းချုပ်ထားတာကိုတော့ လူထုအကြား အချေအတင် ကျယ်ကျယ် ပြန့်ပြန့်ပြောဆိုကြတာမျိုး မရှိကြဘူး)
လက်ယာ ဝါဒီတွေ ဘက်ကတော့ လုံးဝကို ငြင်းဆိုပါတယ်။ နေတန်ယာဟုနဲ့ ရင်းနှီးတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ ချယ်နယ်-၁၄ ကတော့ “ကလေးသူငယ်တွေ အစာငတ်မွတ်နေတဲ့ ဗီဒီယိုပြကွက်တွေဟာ လုံးဝ မှားယွင်းနေတယ်”လို့ ငြင်းပယ်ခဲ့တယ်။ CNN သတင်းတစ်ပုဒ်ကို အစ္စရေး ပညာကျော်တစ်ဦးက “ပုံထဲက ကလေးတွေက သိပ်ကို ပိန်နေပေမယ့် သူတို့ရဲ့ မိဘတွေက စိုပြည် ဝဖြိုးပြီး ကျန်းမာနေပုံပဲ၊ စာနာမှုကို ဖော်ပြတာဟာ မဟာဗျူဟာ မဟုတ်ပါ” လို့ ပြောခဲ့တယ်။
လွန်ခဲ့တဲ့နှစ် မတ်လအတွင်းက ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ (IPC) က “ဂါဇာ ဒေသအတွင်းကို နောက်ထပ် စားနပ်ရိက္ခာတွေ မရောက်ရင် ကြီးမားတဲ့ အငတ်ပြဿနာ ပေါ်ပေါက်လာလိမ့်မယ်” လို့ ခန့်မှန်းခဲ့တယ်။ နောက်တစ်လအကြာမှာတော့ ထိုစဥ်က သမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်နဲ့ နေတန်ယာဟုတို့ မိနစ် ၃၀ ကြာ ဖုန်းပြောခဲ့ကြပြီး အစ္စရေး မြောက်ပိုင်း ဒေသတစ်ခုလုံးရှိ ဖြတ်သန်းသွားလာတဲ့ လမ်းတွေကို ဖွင့်ပေးခဲ့တယ်။
အစ္စရေး နိုင်ငံထဲမှာတော့ ဒီအဖွဲ့က ပြောဆိုထောက်ပြချက်တွေကို ငြင်းဆိုပါတယ်။ ဆီးဂဲလ်နဲ့ အခြားသူတွေက IPC ရဲ့ လပေါင်းများစွာ ပြောဆိုမှုတွေကို လက်မခံခဲ့ပါ။ ထိုသူတွေက IPC ဟာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ကိန်းဂဏန်းတွေကို အလွန်အကျွံ မှီခိုနေတယ်လို့ ပြောဆိုပြီး Haaretz ရဲ့ သတင်းတင်ဆက်မှုတွေကို သရော်ခဲ့ကြတယ်။ ဆီးဂဲလ်က Haaretz အတွက်ကတော့ ဝါဒဖြန့်ချိမှုဟာ အသေးအမွှားမဟုတ်ဘဲ အစီအစဥ်တကျ တင်ဆက်မှုပါပဲ လို့ ပြောခဲ့ပါတယ်။
ယခုအခါမှာတော့ ဂါဇာပြည်သူတွေဟာ ငတ်မွတ်နေကြပြီဆိုတာကို ပြောဆိုလာတဲ့ အစ္စရေး လူမျိုးဦးရေဟာ ပိုမို များပြား လာနေပါပြီ။ အခြေအနေတွေက ပိုမိုဆိုးရွားလာတဲ့အတွက် လစ်လျူရှုဖို့ မဖြစ်နိုင်အောင် ရှိလာပါတယ်။ Haaretz က လေးရက်အတွင်း ပါလက်စတိုင်း ၄၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းပေးခဲ့တယ်။
စစ်ပွဲရဲ့ ဖော်ပြထားတဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဟားမာ့စ်ကို အနိုင်ရအောင် တိုက်ရေးနဲ့ သုံ့ပန်းတွေ ပြန်လွှတ်ရေး ဆိုတဲ့ ရည်မှန်းချက် တွေကို အမှန်အတိုင်း သိရှိလာသူတွေ တိုးပွားလာတဲ့အခါမှာတော့ ပြောဆိုဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ လူထု ဆန္ဒကောက်ယူမှု စစ်တမ်းတစ်ခုမှာ အကြမ်းဖျင်းအားဖြင့် အစ္စရေး နိုင်ငံသား ၇၅ ရာခိုင်နှုန်းက ကျန်ရှိတဲ့ ဓားစားခံတွေ လွှတ်ပေးရေးနဲ့ စစ်ပွဲ ရပ်စဲရေး သဘောတူညီချက် ရရှိရေးကို ထောက်ခံကြပါတယ်။ “အကယ်၍ လူထုက စစ်ပွဲ လုံးဝအောင်နိုင်ရေး ဆိုတာကို ယုံကြည်ရင် ထိုရလဒ်မျိုး ထွက်ပေါ်လာမှာ မဟုတ်ဖူး” လို့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ အိုရမ် ပါဆီကိုက ပြောပါတယ်။
ယူကေနိုင်ငံထုတ် ဒေးလီး အိပ်စပရက်စ် သတင်းစာက အာဟာရချို့တဲ့နေပုံရတဲ့ ကလေးငယ်တစ်ဦးရဲ့ ဓာတ်ပုံကို ဖော်ပြပြီး “သနားညှာတာသော အားဖြင့် ဤစစ်ပွဲကို အခုပဲ ရပ်ပါတော့” ဆိုတဲ့ ခေါင်းစီး စာလုံးကြီးတွေနဲ့ သတင်းဖော်ပြခဲ့တယ်။ အစ္စရေးဘက်မှာ အနည်းနဲ့ အများရပ်တည်ခဲ့တဲ့ အဆိုပါ သတင်းစာက အခုလို ဖော်ပြလာခဲ့တဲ့အတွက် အစ္စရေးလူမျိုး အချို့ တုန်လှုပ်ကြတယ်။
အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ ချယ်နယ်-၁၃ (Channel 13) က ကလေးတစ်ယောက်ရဲ့ မှုန်ဝါးဝါး ပုံကို ဖော်ပြခဲ့ပြီး “အစ္စရေး ဘက်တော်သား သတင်းဌာနတွေဟာ ဂါဇာမှာ အငတ်ဘေးဆိုက်တဲ့ ပုံရိပ်တွေ ဖော်ပြကာ စစ်ပွဲကို ရပ်ဖို့ တောင်းဆိုနေကြတယ်” လို့ မှတ်ချက်ပြုတယ်။ အစ္စရေးရဲ့ မိတ်ဆွေဖြစ်တဲ့ Fox News ကလည်း ဂါဇာ အကျပ်အတည်းတွေကို ဖော်ပြခဲ့ပါတယ်။ မိုဟမ်မက် မာဂါဒီလီ ဆိုသူ ပါလက်စတိုင်းလူမျိုး အစ္စရေး နိုင်ငံသားက “ခင်ဗျားတို့ လုပ်ချင်တယ်ဆိုရင် ဂါဇာက ကျွန်တော့် အမျိုးတွေနဲ့ ဆက်သွယ် ချိတ်ဆက် ပေးလို့ရတယ်၊ သူတို့နဲ့ စကားပြောစေချင်တယ်။ သူတို့က ဟားမာ့စ်နဲ့လည်း မပတ်သက်ကြသလို ထောက်ခံနေတဲ့ သူတွေလည်း မဟုတ် ကြဘူး။ ဒီလူတွေဟာ မနက်လင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဂျုံတစ်အိတ်ရဖို့ အပြေးအလွှား ရှာဖွေ အသက်ဆက်နေကြရတာ တစ်နှစ်ခွဲ လောက် ရှိပြီ” လို့ မှတ်ချက်ပေး ရေးသားခဲ့တယ်။
ယခုအခါမှာ မီဒီယာအသိုင်းအဝိုင်းမှာ ပြည်သူတွေရဲ့ အကျယ်တဝင့် ပြောဆိုမှုတွေဟာ အမြောက်အမြား ထွက်ပေါ်လာနေပါတယ်။ ပင်မ သတင်းစာကြီး တစ်စောင်ဖြစ်တဲ့ မာရိဗ် (Maariv) ရဲ့ စစ်တမ်းကောက်ယူမှုအရဆိုရင် အစ္စရေး နိုင်ငံသားတွေရဲ့ ၄၇ ရာခိုင်နှုန်းက ဂါဇာမှာ အငတ်ပြဿနာမရှိဘူးလို့ ပြောဆိုကြောင်း ဖော်ပြထားပါတယ်။ အစာငတ်မွတ်နေတယ် ဆိုတဲ့ကလေးတွေရဲ့ ပုံတွေကို ဟားမာ့စ်တွေက တင်တာ သို့မဟုတ် အေအိုင်နဲ့ ဖန်တီးတာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အစ္စရေးနိုင်ငံက တက်ကြွလှုပ်ရှားသူတွေကတော့ ငတ်မွတ် ခေါင်းပါးမှုဆိုတဲ့ ဇာတ်လမ်းတွေကို ရှုတ်ချကြတယ်။
တစ်ဦးကတော့ ဒေးလီး အိပ်စပရက်စ် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံထဲက ကလေးဟာ ဦးနှောက်အလုပ်မလုပ်တဲ့ ရောဂါ ဖြစ်နေတယ် ဆိုတာကို အထောက်အထားနဲ့ ဖော်ထုတ်ပြသခဲ့တယ်။ ထိုဖြစ်ရပ်ကို နာမည်ကြီး သတင်းမဂ္ဂဇင်းတွေဖြစ်တဲ့ တိုင်းမ်စ် (Times) နဲ့ အခြားစာစောင်တွေက စောစာပိုင်းက ဖော်ပြခြင်း မပြုခဲ့ကြပါဘူး။
အစ္စရေး စစ်ဌာနတစ်ခုဖြစ်တဲ့ COGAT ဟာ ဂါဇာမှာ အရပ်ဘက်ဆိုင်ရာ ပေါ်လစီတွေကို ဦးဆောင်ချမှတ်တဲ့ တာဝန်ကို ယူတဲ့ အဖွဲ့ပါ။ သူတို့က ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မနေဘူးဆိုတာကို သက်သေပြဖို့အတွက် ကျန်းမာရေး ပုံမှန်မဟုတ်တဲ့ ကလေးတွေရဲ့ ပုံတွေကို လူအများသိအောင် ဖြန့်ဝေတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ မကြာသေးမီ ကလည်း COGAT ဟာ အီတလီ သတင်းစာ တစ်စောင်က မူလကပင် ကျန်းမာရေးအခြေအနေမကောင်းတဲ့ ကလေးတစ်ယောက်ရဲ့ ပုံကို ဖော်ပြပြီး ထိုကလေးငယ်ဟာ အစာရေစာ ဝလင်အောင် မစားရတဲ့ သဘောမျိုး တင်ပြခဲ့တယ်။ ထို့နောက်မှာတော့ အစ္စရေး တာဝန်ရှိသူတွေက ထိုကလေးငယ်ကို ပြုစုကုသဖို့အတွက် ဆေးရုံတင်ခဲ့တယ်။
ဂျာနယ်လစ် ပါစီကိုကတော့ “ပြဿနာဖြစ်နေတဲ့ ကိစ္စရပ် အနည်းငယ်ကို အသုံးချပြီး ထို့ထက်ပိုမိုကြီးမားတဲ့ ဖြစ်စဥ် တစ်ခုလုံးကို ဖယ်ရှားပစ်တဲ့ အသာစီး ရရှိရေး ဆောင်ရွက်မှုပဲ” လို့ ပြောဆိုတယ်။ သို့ပေမဲ့လည်း COGAT ရဲ့ သတင်းစကားတွေကို အစ္စရေးနိုင်ငံရဲ့ ရှေ့ဆောင် သတင်းဌာနတွေကပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးကြတယ်။ ပါစီကိုက “အရင်ကတည်းက မကျန်းမမာဖြစ်နေတဲ့ ကလေး တစ်ယောက် အကြောင်း ရေးသားကြတဲ့ သတင်းခေါင်းစီးတွေဟာ သေဆုံးသွားတဲ့ ကလေးငယ် နှစ်သောင်းတို့ရဲ့ အကြောင်းထက် ပိုမိုအာရုံစိုက် ခံရတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေး အစိုးရရဲ့ အမာခံထောက်ခံသူတွေ အကြားမှာတော့ ငတ်မွတ်မှု ပြဿနာ ရှိနေခြင်း သို့မဟုတ် မရှိခြင်းဟာ ကန့်သတ်ချက် တစ်ရပ် ဖြစ်မနေပါဘူး။ မာရိဗ် သတင်းဌာနရဲ့ စစ်တမ်းကောက်ယူမှု တစ်ခုမှာ ဖြေကြားသူ ၁၈ ရာခိုင်နှုန်းက “ဂါဇာမှာ အငတ်ပြဿနာ ပေါ်နေသည့်တိုင် သူတို့အနေနဲ့ ဂရုစိုက်မှာ မဟုတ်ဘူး” လို့ ဖြေကြားခဲ့ကြတယ်။ အစ္စရေးနိုင်ငံမှာ ရှိတဲ့ ဂါဇာ ပြဿနာနဲ့ ပတ်သက်ပြီး သတိပြု စောင့်ကြည့်နေသူအများစုကတော့ ဂါဇာမှာ ထိတ်လန့် တုန်လှုပ် ဖွယ်ကြောင်းတဲ့ အကြောင်းအရာ အချို့ ဖြစ်ပွားနေတယ်ဆိုတာကို သိရှိ နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပျောက်ပျက်သွားမှာလို့ပဲ သိနေကြတယ်။
မကြာသေးခင်က အစ္စရေးနိုင်ငံမှာ လူကြိုက်များတဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Yedioth Ahronoth မှာ “အဲဒီ နေရာမှာမှာ ငတ်မွတ်မှု ဖြစ်ပွားနေတယ်ဆိုတာ အဲဒီမှာပဲ ဟားမာ့စ်ရဲ့ ဝါဒဖြန့်ချိရေး စစ်ဆင်မှု တစ်ခုရှိ နေတယ်။ အကြောင်းအရာ နှစ်ခုစလုံးဟာ တစ်ပြိုင်နက်တည်းမှာ ဖြစ်နေနိုင်ပါတယ်“လို့ ဆောင်းပါးရှင် နာဒေ့ဗ် အီရယ်လ်က ရေးပါတယ်။ ဒါ့အပြင် ဆောင်းပါးရှင်က ကလေးငယ်တွေက မူလကပင် ကျန်းမာရေး ပြဿနာ ရှိနေတယ် ဆိုတဲ့အချက်ကို ပယ်ချခဲ့ပါတယ်။ “လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကာလမှာ ပထမဆုံး သားကောင် ဖြစ်သူ တွေဟာ ထိုအချိန်မှာ အားနည်းမှု ရှိနေသူတွေပါပဲ။ သို့ပေမဲ့ သူတို့ဟာလည်း အသက်ရှင် ရပ်တည် နေထိုင်ခွင့် ရှိပါတယ်။ အစာ မငတ် သင့်ပါဘူး” လို့ ရေးခဲ့တယ်။
“ဂါဇာမှာ အငတ်ပြဿနာ မရှိဘူး”လို့ အတိအလင်း ကြေညာခဲ့တဲ့နေ့ နေတန်ယာဟုကိုယ်တိုင်က ဂါဇာမှာ ပြဿနာတစ်ခု ရှိနေ ပါတယ်လို့ ကြေညာခဲ့တယ်။ ဒါ့အပြင် ဂါဇာဒေသရဲ့ အခြေအနေဟာ ခက်ခဲမှုတွေ ရှိနေတယ်လို့လည်း ဆိုရှယ်မီဒီယာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
ဒါ့အပြင် အခြား လူသားဆိုင်ရာ အတိဒုက္ခရောက်မှုတွေကလည်း ဆက်လက် ထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဟားမာ့စ်နဲ့ ပါလက်စတိုင်း အစ္စလာမစ် ဂျီဟတ်အဖွဲ့တို့က ၄င်းတို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ နှစ်ဦးရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့တယ်။ ထိုသူ နှစ်ဦးစလုံးဟာ ပိန်ချုံးချည့်နဲ့နေတာကို တွေ့ရတယ်။ သူတို့နှစ်ဦးထဲက တစ်ဦးကတော့လက်ထဲမှာ ဂေါ်ပြားတစ်ခုကို ကိုင်ထားပြီး သူ့ကို ဖမ်းဆီး ထားသူတွေက အတင်းအကျပ် စေခိုင်းတဲ့အတိုင်း သူ့ကို သတ်ပြီးရင် မြှုပ်နှံမယ့် တွင်းကို တူးဖို့ လုပ်နေပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းက အစ္စရေးနဲ့ ဟားမာ့စ်တို့အကြား ယာယီ အပစ် ရပ်စဲမှု ရရှိခဲ့စဥ်က လွတ်မြောက်ခဲ့တဲ့ အီလီယာ ကိုဟင် က သူတို့ကို ဖမ်းဆီးထားသူတွေထဲက တစ်ဦက “မင်းတို့ရဲ့ လူတွေက ငါတို့ကို အငတ်ထားတော့ ငါတို့ကလည်း မင်းကို အငတ်ထား ရတာပဲ” လို့ ပြန်ပြောခဲ့တယ်။
ဂါဇာမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ နင်းမ်ရော့ဒ် ဆိုသူရဲ့ မိခင် ဖြစ်သူ ဗစ်ကီ ကိုဟင်က “၂၀၂၅ ခုနှစ် နာဇီ ငရဲခန်းပါပဲ” လို့ ဆိုရှယ် မီဒီယာမှာ ပို့စ်တင်ပြီး ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာတော့ အစ္စရေးနဲ့ ဟားမာ့စ်အကြားမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုဟာ ပျက်သွားခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုက ထိထိရောက်ရောက် ကြားဝင် စွက်ဖက်မှသာလျှင် ဂါဇာမှာ ဖြစ်ပျက် နေတာတွေ ကို လုံးဝပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ အဆင့်မြင့် အရာရှိ တစ်ဦးကတော့ “သမ္မတ ထရမ့်အနေနဲ့ သွေးထွက် သံယိုမှုတွေကို အဆုံးသတ်စေချင်တယ်” လို့ များမကြာမီကပဲ ပေါ်လက်တီကို မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
ကိုးကား – Israelis are starting to talk about famine in Gaza, The New Yorker

