The Corner

The Corner

cropped-Logo_round_grey-background.png

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး

Share မယ်

၂၀၂၅ ဇွန်လ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‘လင်ကျန့်’ က ပုံမှန် သတင်းစာ ရှင်းလင်း ပွဲကို ကြီးမှူး ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ သတင်းထောက်တစ်ဦးက မကြာသေးမီက (၂၀၂၅ မေလ ၃၁ ရက်နေ့ ) စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Shangri-la ဆွေးနွေးပွဲအတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်တစ်ဦးက ‘ထိုင်ဝမ် ပြဿနာ’ နဲ့  ‘ယူကရိန်း ပြဿနာ’ ကို နှိုင်းယှဉ်ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

Source: Wikimedia

အဆိုပါ မေးမြန်းချက်နဲ့ ပတ်သက်လို့ ‘လင်ကျန့်’ က “မိမိတို့သည် သက်ဆိုင်ရာ ပြောဆိုချက် အပေါ် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ‘ထိုင်ဝမ်’ သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်သလို ထိုင်ဝမ် ပြဿနာသည် တရုတ် ပြည်တွင်းရေးပင် လုံးဝဖြစ်၍ ယူကရိန်း အကျပ်အတည်းနှင့် နှိုင်းယှဉ်၍ မရကြောင်း၊ တရုတ် နိုင်ငံသည် ထိုင်ဝမ် ပြဿနာ၏ သဘော သဘာဝကို ရောနှောရှုပ်ထွေးစေရန်နှင့် တလွဲတချော် ဖြစ်စေရန် ကြံစည်သည့် ပြုမူပြောဆိုခြင်း မှန်သမျှကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်ကြောင်း၊ သက်ဆိုင်ရာဘက်အား လက်တွေ့ဆောင်ရွက်ချက်ဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စောင့်စည်းလိုက်နာပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို လေးစားရန် တိုက်တွန်းကြောင်း” တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရတယ်။

ဘေဂျင်းမှာ ပြုလုပ်တဲ့ (၁၄) ကြိမ်မြောက် တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော် တတိယ အစည်းအဝေး ( ၂၀၂၅ မတ်လ ၇ ရက်နေ့) အပြီးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ ထိုင်ဝမ်နဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’ က မှတ်ချက် စကားပြောပါတယ်။ “ထိုင်ဝမ်ဟာ ဘယ်တုန်းကမှ တိုင်းပြည်တစ်ခု မဟုတ်ခဲ့သလို နောင်အနာဂတ်မှာလည်း ဘယ်တော့မှ တိုင်းပြည်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး၊  ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်ဒေသတစ်ခုသာဖြစ်တယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြား ခဲ့ပါတယ်။

သမိုင်းဖြစ်စဉ်အရရော လက်ရှိပကတိအမှန်တရားအရရော ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း တစ်ခု မျှသာဖြစ်ပါတယ်။ “ထိုင်ဝမ်လွတ်လပ်ရေး” ကို ထောက်ခံတာဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်တယ်။ ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းမှုကြောင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ ဝမ်ယိ က ဆိုပါတယ်။

အချုပ်အခြာအာဏာရဲ့ အခြေခံစည်းမျဥ်း ဥပဒေဟာ ကုလသမဂ္ဂပဋိညာဉ်စာချုပ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်၊ ဘယ်တိုင်းပြည် ဒါမှမဟုတ် ဘယ်လူပုဂ္ဂိုလ်မှ စံပြုဥပဒေ နှစ်ခု မရှိသင့်ဘူး” လို့ ဝမ်ယိက ထောက်ပြတယ်။

“တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံ အတည်ပြုခြင်းရဲ့သဘောက ‘ထိုင်ဝမ်လွတ်လပ်ရေး’ ဟာ ဘယ်လို ဘယ်ပုံဖြစ်ပါစေ  လုံးဝ လက်မခံဘူးဆိုတဲ့သဘောဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းလာရေးဟာ တရုတ်ပြည်သူတွေရဲ့ ထက်သန် ပြင်း ပြတဲ့ ဆန္ဒ ဖြစ်တယ်” လို့ ဝမ်ယိ က ဆိုပါတယ်။

တရုတ်နိုင်ငံဟာ လတ်တလော လပိုင်းတွေအတွင်းမှာ ‘ထိုင်ဝမ်’ နယ်နိမိတ်တစ်ဝိုက် စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာတဲ့ အတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်လာကြတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်တဲ့ နယ်မြေတစ်ခုအဖြစ် သတ်မှတ် ပြောဆိုနေပေမယ့် ထိုင်ဝမ်‌ ဒေသခံတွေကတော့ တရားဝင် လွတ်လပ်ရေး ကြေညာထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ‘ထိုင်ဝမ်’ ဟာ သီးခြား နိုင်ငံတစ်ခုဖြစ်ပြီးသား ဖြစ်တယ်လို့ မှတ်ယူထားကြတယ်လို့ ဆိုတယ်။

ယခုနှစ် ဧပြီလ ၂၃ ရက်က အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော  (USS William P. Lawrence) ဟာ ထိုင်ဝမ် ရေလက်ကြား မှတစ်ဆင့် ဖြတ်သန်းသွားခဲ့တဲ့အပေါ်  စောင့်ကြည့်ပြီး သတိပေးဖို့ ရေတပ်နဲ့လေတပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ် လို့ တရုတ် စစ်တပ်က ဧပြီလ ၂၄ ရက်မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း အရသိရတယ်။ ထိလွယ် ရှလွယ်တဲ့ ထိုင်ဝမ် ရေလက်ကြားကတစ်ဆင့် ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ အမေရိကန် ဖျက်သင်္ဘောနဲ့အတူ မဟာမိတ်နိုင်ငံတွေက စစ်သင်္ဘောတွေ လည်း ဝန်းရံလိုက်ပါလာတယ်လို့ တရုတ်စစ်တပ်က ဧပြီလ ၂၄ ရက်မှာ ပြောကြားခဲ့တယ်။ အမေရိကန်ရေတပ်ဟာ လစဉ် တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်လေ့ရှိကြောင်း Reuters သတင်းအရ သိရတယ်။

တရုတ်နိုင်ငံက ဒီလအစောပိုင်းမှာ ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်တစ်ဝိုက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့မှုအပေါ်  အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေက ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရတယ်။

ထိုင်ဝမ်ရေလက်ကြားဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်မှာ မရှိကြောင်း ထိုင်ဝမ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန် ပြောဆိုခဲ့ပြီး ထိုင်ဝမ်နဲ့ သဘောထားတူတဲ့ နိုင်ငံတွေရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာနေမှုက ထိုင်ဝမ်ရဲ့ တရားဝင်မှုကို သက်သေထူနေကြောင်း အလေးထားပြောကြားခဲ့တယ်လို့ သိရတယ်။ ထိုင်ဝမ်နှဲ့ အိမ်နီးချင်း နိုင်ငံ တွေရဲ့ ရေကြောင်း လွတ်လပ်ခွင့်ကို ဆန့်ကျင်နေတဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံဝေဖန်ခဲ့ပြီး တရုတ် (ဘေဂျင်း) ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အဓိက ခြိမ်းခြောက်မှုကြီးဖြစ် နေကြောင်းကို တရုတ်ရဲ့ လုပ်ရပ်တွေက ဖော်ပြနေတယ်လို့ ‘ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန’ က တုံ့ပြန် ပြောကြားခဲ့ တယ်။

ထိုင်ဝမ်ရေလက်ကြားရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ဘယ်နည်းနဲ့မှ တရုတ်ရဲ့ လက်ထဲမှာ ရှိမနေပါဘူး။ ထိုင်ဝမ်နဲ့ ၎င်းရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်တဲ့ တရုတ်စစ်တပ်ရဲ့ လုပ်ရပ်တွေအရ တရုတ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အဓိက ခြိမ်းခြောက်မှုကြီးဖြစ်တယ်ဆိုတာ ထပ်မံအတည်ပြုနေပါတယ်”  လို့ ထိုင်ဝမ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက X လူမှု မီဒီယာ ပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က ရေးသားတုန့်ပြန်ထားတယ်။

မကြာသေးခင်က ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးမျာအစည်းအဝေး ပြင်ပ တွေ့ဆုံပွဲအတွင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ‘တာခေရှိ အီဝါယာ’ (Takeshi Iwaya) က ထိုင်ဝမ်ရေလက်ကြားဒေသ တစ်လျှောက် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး ထိန်းသိမ်းရေးကိစ္စဟာ အရေးကြီးကြောင်း၊ ထိုင်ဝမ်ရေလက်ကြား အနီးပတ်ဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ စစ်ရေး လေ့ကျင့်မှု လုပ်နေခြင်းများ အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့  ဇူလိုင် ၁၃ ရက် ANI သတင်းမှာ ဖော်ပြထားတာ တွေ့ရတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’ နဲ့ တွေ့ဆုံစဉ် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ‘တာခေရှိ အီဝါယာ’ က အထက်ပါအတိုင်း ပြောကြား ခဲ့တာဖြစ်တယ်။

ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အလွန် အရေးကြီးပါတယ်” လို့ ‘အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး’ ပြင်ပ တွေ့ဆုံမှုမှာ အီဝါယာ က ပြောခဲ့ တာဖြစ်တယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ- “ထိုင်ဝမ် ရေလက်ကြား တစ်ဝိုက် တရုတ်ရဲ့ အကြီးစား စစ်ရေး လေ့ကျင့်မှုတွေဟာ ယင်းအချက်နှင့် မကိုက်ညီပါ” လို့ ဖော်ပြခဲ့တာ တွေ့ရတယ်။

မည်သည့်ဘက်ကဖြစ်စေ အင်အားသုံးပြီး ဒါမှမဟုတ် အနိုင်အထက်ပြုပြီး လက်ရှိ ‘ပိုနေမြဲ ကျားနေမြဲ’ အခြေအနေကို တစ်ဖက် သတ်သဘောနဲ့ ပြောင်းလဲ ပစ်ဖို့ ကြိုးပမ်းမှုမျိုးကို ဂျပန်နိုင်ငံက ကန့်ကွက်ကြောင်း၊ တောင်တရုတ်ပင်လယ် အခြေအနေအပေါ်  အလွန်အမင်း စိုးရိမ်ကြောင်းလည်း အီဝါယာ က ထုတ်ဖော် ပြောကြားခဲ့တယ်လို့ ‘ANI News’ မှာ ဖော်ပြခဲ့တယ်။

‘အီဝါယာ’ ရဲ့ စိုးရိမ်မှုနဲ့ပတ်သက်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်ကွမ်းဝေ (Hsiao Kuang-wei) က သောကြာနေ့ (ဇူလိုင် ၁၁၊ ၂၀၂၅) ညနေပိုင်းမှာ ထောက်ခံပြောကြားခဲ့ပြီး ထိုင်ဝမ်အပေါ် ဖိအားပေးမှုနဲ့ စစ်ရေး ခြိမ်းခြောက် မှုတွေ တိုးမြှင့်ဖို့ အတွက် တရုတ်အနေနဲ့ အကြောင်းပြချက်တွေ ထပ်တလဲလဲ အသုံးပြုနေမှုဟာ  ထိုင်ဝမ် ရေလက်ကြားနဲ့ ပတ်ဝန်းကျင်ဒေသတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အလွန် အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့တယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို နိုင်ငံတကာ အဝန်းအဝိုင်းအနေနဲ့ အထူးသတိထားနေခဲ့ရတယ်လို့  ‘ရှောင်ကွမ်းဝေ’ က ပြောကြား ခဲ့တယ်၊ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း လုံခြုံရေးအပေါ် ဂျပန်အစိုးရ အရာရှိများက တရုတ် အရာရှိများ ကို သူတို့ရဲ့  စိုးရိမ်ချက်များနဲ့ပတ်သက်ပြီး ထပ်တလဲလဲ ထုတ်ဖော် ပြောကြားခဲ့ကြတယ် လို့  ANI News သတင်းဖော်ပြချက်အရ သိရတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ‘လီမာမြို့’ မှာ ကျင်းပခဲ့တဲ့ APEC ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ‘ရှီကျင့်ဖျင်’ (Xi Jinping) နဲ့  ဂျပန်ဝန်ကြီးချုပ် ‘ရှီဂဲရု အီရှီဘာ’ (Shigeru Ishiba) တို့ တွေ့ဆုံခဲ့ခြင်းအပြင် မတ်လက တိုကျိုမြို့မှာ ကျင်းပခဲ့ တဲ့ “ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ” အတွင်း ဆွေးနွေးမှုတွေကိုလည်း ဥပမာထား ကိုးကား ပြောကြားခဲ့ကြကြောင်း ‘ရှောင်ကွမ်းဝေ’ က ထောက်ပြ ပြောဆိုခဲ့တယ်လို့ သိရတယ်။

ဂျပန်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ ‘လိုအပ်တဲ့အခါ လိုအပ်သလို ဖွင့်ဟပြောဆိုတတ်ခြင်း’ ဆိုတဲ့ ရပ်တည်ချက်အတိုင်း ရှေ့နောက် ညီညွတ်စွာ တစ်သမတ်တည်း ရပ်တည်တာ တွေ့ရပါတယ်။ နောက် ထိုင်ဝမ်ရေလက်ကြားဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက်လည်း ဂျပန်ဟာ ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံမှု ပြသနေတယ်” လို့  ‘ရှောင်ကွမ်းဝေ’ က ပြောကြားခဲ့ကြောင်း ANI News မှာ ဖော်ပြခဲ့တယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ သဘောထားကတော့ တိကျတဲ့ မူဝါဒတော့ မကြေညာသေးပါဘူး။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့  ဖွဲ့စည်းစဉ်က ကက်ဘိနက်အဖွဲ့ဝင်အများစုဟာ တရုတ်ဆန့်ကျင်ရေးအမြင်ရှိသူတွေဖြစ်တယ် ဆိုတဲ့ ပြောဆို ဝေဖန်သံတွေ ထွက်ခဲ့ဖူးတယ်။ ဒေါ်နယ်ထရမ့် ရွေးချယ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက် (Pete Hegseth) ကလည်း တရုတ် ခြိမ်းခြောက်မှုကို အထူးစိုရိမ်မကင်း ဖြစ်နေသူလို့ ဆိုကြပါတယ်။ တရုတ်ဟာ အမေရိကန် ပြည်ထောင်စုကို ချေမှုန်းဖို့ ဆုံးဖြတ်ထားတဲ့ စစ်တပ်ကို တည်ဆောက်နေပြီး ကမ္ဘာ့သြဇာလွှမ်းမိုးရေးအတွက် နည်းပညာနဲ့ ထုတ်လုပ်မှု လက်ဝါးကြီးအုပ်ရေးကို အသုံးပြုနေတယ်လို့  YouTube မှ Shawn Ryan အစီအစဉ်တွင် ပါဝင်စဉ် ဟက်ဂ်ဆက်က ပြောခဲ့ဖူးတယ်လို့ ဧရာဝတီသတင်းက ဆိုပါတယ်။ တရုတ်ဟာ ကမ္ဘာ့ အဆင့်မြင့်ချစ်ပ် အများအပြား ထုတ်လုပ်တဲ့ တစ်ပိုင်းလျှပ်ကူး လုပ်ငန်းကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်ဝမ်ကို သိမ်းယူဖို့ ရည်ရွယ် ထားတယ်လို့ လည်း ဟက်ဂ်ဆက်က ပြောကြောင်း ဧရာဝတီသတင်းက ဖော်ပြဖူးပါတယ်။

သူတို့က ဒေသတွင်းမှာသာမက ကမ္ဘာကိုပါ လွှမ်းမိုးဖို့ ရေရှည်အမြင်အစုံ ရှိတယ်။ သူတို့အကျိုးရှိမယ့် စနစ်တစ်ခု အကောင်အထည် ဖော်ဖို့ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ကို ချေမှုန်းဖို့ပဲ။ သူတို့ အဲဒီလိုလုပ်ဖို့ စီမံကိန်းချဖို့ လုံလောက်အောင် ရည်မှန်းချက်ကြီးမားတယ်” လို့လည်း ဟက်ဂ်ဆက်က ဆိုတယ်။

အမေရိကန် အနေနဲ့ ကွန်မြူနစ်တရုတ်ပြည်နှင့် ပဋိပက္ခ မဖြစ်လိုသော်ငြားလည်း အမေရိကန်ရဲ့ လုပ်ဖော်ကိုင်ဖက်နှဲ့ မဟာမိတ်တွေ အပေါ်  တရုတ်နိုင်ငံက မလေးမစား ဖိနှိပ် ဗိုလ်ကျ ခြိမ်းခြောက်တာမျိုးတွေ လုပ်တာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီး ‘ပိ ဟက်ဆက်’ က ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ဖူး တယ်။ ၂၀၂၅ မေလ ၃၁ ရက်နေ့မှာ Shangri-la ဒိုင်ယာလော့ ဆွေးနွေးပွဲကို စင်္ကာပူမှာ လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ‘ထိုင်ဝမ်’ကို အင်အားသုံး တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်တွက် ထားသင့်တယ် လို့လည်း ‘ဟက်ဆက်’ က ဆိုတယ်။ “တရုတ်က ထိုင်ဝမ် ကို စစ်ရေးအရတိုက်ခိုက်ခဲ့လျှင် အမေရိကန်က လက်ပိုက် ကြည့်နေမည် မဟုတ်ဘူး” လို့လည်း Pete Hegseth တင်းတင်းရင်းရင်းပြောခဲ့ပါတယ်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး ချိုချိုသာသာစကားလုံးဖြင့် နားဝင်ချိုအောင် ပြောဖို့အကြောင်းမရှိဘူး” လို့ ‘ပိ ဟက်ဆက်’ က ပြောကြားခဲ့ရာမှာ သူ့ ပြောဆိုပုံ လေယူလေသိမ်းက ယခင်နှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုရဲ့ သတင်း စကားတွေထက် ပိုပြီး လက်တွေ့ကျလာတယ်လို့ သုံးသပ်ကြတယ်။ သူ့ရှေ့က ကာကွယ်ရေးဝန်ကြီး ‘လွိုက် အော်စတင်’ က ထိုင်ဝမ် ရေလက် ကြားအရေးနဲ့ ပတ်သက်လို့ “ပိုနေမြဲ ကျားနေမြဲ” အခြေအနေကို ထောက်ခံတယ်လို ပြောခဲ့တယ်။

‘ပိ ဟက်ဆက်’ ကတော့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရန်လို ခြိမ်းခြောက်မှုဟာ အမှန်တကယ်ဖြစ်တယ်လို့  ယူဆ နေတယ်။ မကြာမီမှာ အရေး ပေါ်လာနိုင်တယ်လို့ တွက်ချက်ထားပုံရကြောင်း သတင်းများက ဆိုနေကြပါတယ်။

ထိုင်ဝမ် လွတ်လပ်ရေး ပြဿနာနဲ့ပတ်သက်လို့ နိုင်ငံရေးတိုးတက်မှု နှေးကွေးတယ်လို့ ဆိုနေကြတဲ့ အခြေအနေမှာ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်တို့အကြား လူထုဆက်ဆံရေးကတော့ သိသိသာသာ တိုးတက်လာနေတယ်လို့ဆိုပါတယ်။ တရုတ် ပြည်မကြီးမှာ ထိုင်ဝမ်သားတွေရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ အထိ ရှိတယ်လို့ ဆိုတယ်။ ထိုင်ဝမ်ကျွန်းသား တစ်သန်းလောက် တရုတ်ပြည်မကြီးမှာ နေထိုင်နေကြတယ်လို့လည်း လေ့လာသူတို့က ဆိုပါတယ်။

ဒီလို အခြေအနေကို ကြည့်ပြီး ထိုင်ဝမ်ရဲ့ စီးပွားရေးက တရုတ်ပြည်မကြီးကို မှီခိုနေရသလို ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ထိုင်ဝမ် သားတွေ လည်း ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အခြား တစ်ဖက်မှာလည်း တရုတ်နဲ့ စီးပွားရေးဆက်သွယ်မှု တိုးတက် လာတဲ့အတွက် တရုတ်ဘက်က စစ်ရေးကျူးကျော်မှု လုပ်ဖို့စဉ်းစားစရာဖြစ်လာမယ်လို့ ယူဆကြတယ်။ စစ်ဖြစ်ခဲ့ရင် တရုတ် စီးပွားရေး ထိခိုက်မှာ သေချာတဲ့ အတွက် စစ်ဖြစ်နိုင်ခြေ နည်းလာနိုင်တယ်လို့ တွက်ဆကြသူတွေလည်း ရှိပါတယ်။ ထိုင်ဝမ်-တရုတ် ဆက်ဆံရေးများလာတာနဲ့အမျှ အချင်းချင်း ပိုပြီးနီးစပ်မှုရှိလာမှာနဲ့ ပတ်သက်လို့ ထိုင်ဝမ်ဘက်က ပိုပြီး မှီခို ရတဲ့သဘောမျိုး ဖြစ်လာမှာကို မလိုလားသူတွေ များလာခဲ့တယ်လို့ လေ့လာသူ တွေကဆိုတယ်။

ဥပမာအားဖြင့် ၂၀၁၄ ခုနှစ်တုန်းကဆိုရင် အဲဒီအချိန်က အငြင်းပွားဖွယ်ရာ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ကြောင့် ထိုင်ဝမ် ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေက “နေကြာပန်း လှုပ်ရှားမှု” အနေနဲ့ ထိုင်ဝမ် ပါလီမန်အတွင်း ထိုင်သပိတ် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ၂၀၁၄ ခုနှစ် မတ်လမှာ ရာချီတဲ့ လူငယ်ဆန္ဒပြသူတွေဟာ အဲဒီအချိန်က အာဏာရ ကူမင်တန်ပါတီ (KMT) က ကြေညာခဲ့တဲ့ တရုတ်နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ကန့်ကွက်ရင်း ထိုင်ဝမ် လွှတ်တော်ကို ၂၄ ရက်ကြာအောင် သိမ်းပိုက် ဆန္ဒပြခဲ့ ကြပါတယ်။ မတ် ၁၈ ရက်ကနေ ဧပြီ ၁၀ ရက်အထိ ၂၄ ရက်တာ ကာလအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုဟာ “နေကြာပန်း လှုပ်ရှားမှု” လို့ လူသိများပါတယ်။

Source: Taiwan Insight

နေကြာပန်းလှုပ်ရှားမှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ၂၀၂၄ မတ်လတုန်းကလည်း ဆောင်ရွက် ခဲ့ကြကြောင်း သိရတယ်။ တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး ကိစ္စက မဖြစ်မနေ ဆောင်ရွက် ရမှာလို့ ဆိုတယ်။ ထိုင်ဝမ်ကိစ္စ အကောင်အထည်ဖော်ဖို့ လိုအပ်ရင် အင်အားသုံးမယ့် နည်းလမ်းကိုလည်း ထည့်သွင်းထား တယ်လို့ ဆိုတယ်။

ထိုင်ဝမ် ပြည်သူတွေကတော့ လက်ရှိအနေအထားအတိုင်း “ပိုနေမြဲ ကျားနေမြဲ” မယုတ်မလွန် ရှိနေတဲ့ အနေအထားကို မဖျက်လို သူက လူအများစုဖြစ်နေကြောင်း လူထုသဘောထားစစ်တမ်း ကောက်ခံမှုတွေအရ သိရပါတယ်။

တရုတ်က ကိုယ်ပိုင်အချုပ်အခြာဖွဲ့စည်းပုံနဲ့ ရှိနေတဲ့ ထိုင်ဝမ်ကို ပြည်မကနေ ခွဲထွက်သွားခဲ့တဲ့ ပြည်နယ်တစ်ခု အဖြစ် တစ်သမတ်တည်း ဆိုနေပါတယ်။ တစ်ချိန်မှာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတစ်ခု ပြန်ဖြစ်လာရမယ်လို့ ဆိုနေဆဲဖြစ်တယ်။

ဒါပေမဲ့ ထိုင်ဝမ်ကတော့ သူတို့ကိုယ် သူတို့ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ်ခံယူထားကြတယ်။ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ နိုင်ငံအဖြစ် လက်ခံ ယုံကြည်နေကြတယ်။ ထိုင်ဝမ် ပြည်သူလူထုရဲ့ နိုင်ငံရေးယုံကြည်ချက်က လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ဆက်လက် ရှင်သန်လိုကြတာကို ထင်ထင်ရှားရှား မြင်နေ ရတယ်။ ဒါကြောင့် ကွန်မြူနစ်တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းရေးဆိုတာ အပြောလွယ်ပေမယ့် လက်တွေ့မှာ ဖြစ်နိုင်ခြေ အတော် နည်းနေပါ သေးတယ်။ တရုတ်အနေနဲ့ အင်အားသုံးပြီး ကိုင်တွယ်မယ်ဆိုရင် သွေးချောင်းစီးပြီး နှစ်ဦးနှစ်ဝ စီးပွား‌ရေးနဲ့ ယဉ်ကျေးမှုဘဝတွေ ပျက်သုဉ်းရတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တာကို အထူးသတိပြု ဆင်ခြင်ဖို့လိုတယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြတယ်။

References:

(1) China military says it monitored US warship in Taiwan Strait, CNA News.

(2)”Peace, stability across Taiwan Strait important for international community”: Japan’s FM; ANI News.

(3) Chinese FM: Taiwan was never and will never be a country, CGTN, 07-Mar-2025

(4) တရုတ်နဲ့ ထိုင်ဝမ် ဘာကြောင့် ဆက်ဆံရေး၊ စစ်ရေး တင်းမာလာသလဲ  BBC News

(5) ထိုင်ဝမ် ကျောင်းသားများ၏ နေကြာပန်းလှုပ်ရှားမှု DVB March 21, 2024.

Click to rate this post!
[Total: 1 Average: 5]