The Corner

The Corner

cropped-Logo_round_grey-background.png

တစ်ချိန်က စံပြမဂ္ဂဇင်း

Share မယ်

ဤကားနိဗ္ဗာန်သို့သွားရာလမ်း

ဤကားငရဲသို့သွားရာလမ်း

ဤကားနတ်ပြည်သို့သွားရာလမ်း

အရှေ့အနောက်

တောင်မြောက်

ထက်အောက်ဝဲယာ

သွားလိုရာကို

စာကလမ်းညွှန်ပါလိမ့်မည်။

စာရေးဆရာငြိမ်းကျော်ရဲ့ “စာဖတ်ငါ”ဆိုသည့်ကဗျာလေးအတိုင်း ကိုယ်သွားချင်သည့် နေရာကို ငယ်စဉ်က ကိုယ်တိုင် ရှာဖွေနေရသည့် အချိန်။ ကိုယ့်ဝန်းကျင်က စိတ်တူ ကိုယ်တူသူငယ်ချင်းတွေနဲ့ လှည်းတန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း မှာရှိသည့် စာအုပ်ငှားဆိုင် များတွင် စာအုပ်တန်ဖိုး စပေါ်တင်ပြီး  စာအုပ်လိုက် ငှားဖတ်ရသည်နှင့် အားမရ၍ စာအုပ်အငှားဆိုင် လေးကို ကိုယ်တိုင်ဖွင့် ဖြစ်ခဲ့သည်။ ထိုအချိန်ကလည်း စာအုပ်အငှားဆိုင်တွေ မြို့နယ်တိုင်းမှာ ပေါများနေသည့် အချိန်။ ၁၉၈၀ တစ်ဝိုက်၊ ရသစာပေများ အရှိန်အဟုန် ကောင်းသလို မဂ္ဂဇင်းတွေနှင့် ဖတ်စရာအတော် များသည်။ ထိုထို မဂ္ဂဇင်းများ ကြားတွင် ဒဂုန်မဂ္ဂဇင်းသည် နှစ်ပေါင်း လေးဆယ် နီးပါး အကြာမှ ၁၉၈၅ခုနှစ်တွင် ပြန်လည်  ထုတ်ဝေခဲ့ လေသည်။  ပုံစံ အသစ်နှင့် ပြန်လည် ထွက်ရှိလာသော်လည်း စာဖတ်ပရိသတ်များ ပြန်လည်ရရှိခဲ့သည်။ မဂ္ဂဇင်းဆိုဒ်မှာ ယခင်ထုတ် မဂ္ဂဇင်းထက် အနည်းငယ် ကြီးထားပြီး မဂ္ဂဇင်း အတွင်း၌လည်း ပန်းချီ အပြင်အဆင်၊ ပန်းချီ ဓာတ်ပုံများကို အသားပေးထား ခြင်းမျိုး မဟုတ်တော့ဘဲ ခေတ်ကာလနှင့် အညီ ပြောင်းလဲ ထားသည်။ ပင်ကိုရေး ဝတ္ထုတိုများ၊ ဘာသာပြန် ဝတ္ထုတိုနှင့် စာပေဆိုင်ရာ ဆောင်းပါးများ အပြင် “စာပေ အနုပညာ ကဏ္ဍ” ဆိုသည်ကိုလည်း လစဉ် ဖော်ပြ ပေးခဲ့လေသည်။ ထိုကဏ္ဍတွင် မောင်စံဖော်၏ စာပေရေးရာ အညွှန်း၊ လှတင်ထွန်း၏ နိုင်ငံတကာ ပန်းချီ ပန်းပု အညွှန်းနှင့် နိုင်ငံ တကာ ဘာသာပြန် ဝတ္ထု ဆိုသည်တို့ကို ဖော်ပြပေးခဲ့သည်။

ယခင် ၁၉၂၀ခုနှစ်က စတင်ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းသည် မြန်မာ အဆွေ မိသားစုမှ စတင် သ‌န္ဓေ တည်ခဲ့သည်။ မြန်မာအဆွေ သူဌေး ဦးဘညွန့် ကလည်း စာပေဝါသနာ ပါသူဖြစ်ပြီး ၎င်းမိသားစုမှ ဦးတင်နွယ် သည်လည်း အပျော်တမ်း ပန်းချီရေးခြင်းနှင့် ကဗျာလင်္ကာ သီကုံးခြင်းများတွင် ဝါသနာထုံသူ ဖြစ်သည်။ ထိုကြောင့် ဖခင်ဦးဘညွန့်အား မြန်မာအဆွေ ကုမ္ပဏီမှ မဂ္ဂဇင်း တစ်စောင် ထုတ်ဝေရန် တိုင်ပင်ခြင်းမှအစ ပြု၍ ဒဂုန်မဂ္ဂဇင်းပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်၌လည်း ကုမ္ပဏီများက မိမိတို့ကုမ္ပဏီပိုင်စာ စောင်များကိုထုတ်ဝေနေကြချိန်လည်းဖြစ်သည်။ မြန်မာအဆွေ ၌လည်း ပုံနှိပ်စက်တစ်လုံး ရှိနေသလို ပန်းချီဆရာကြီး  ဦးဘအုန်း၊ ဦးဘိုးဘ၊ ဦးဘိုးလိပ် စသော ပန်းချီဆရာကြီးများ ကလည်း အဆင်သင့် ရှိနေ၍ ကုမ္ပဏီအတွက် ကြော်ငြာများလည်း ကြော်ငြာခွင့် ရရှိမည် ဖြစ်သည်။ ထိုအပြင် မဂ္ဂဇင်း အတွက်လည်း ပန်းချီပုံများ မြိုင်မြိုင် ဆိုင်ဆိုင် သုံးစွဲ နိုင်မည် ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းသည် အခြားမဂ္ဂဇင်းများနှင့် မတူဘဲ လေးထောင့်ဆန်ဆန် ပြုလုပ် ထားသည်။ ပထမဆုံးအမှတ် (၁) စာအုပ် အဖုံးတွင် ပန်းချီဆရာကြီး ဦးဘအုန်း၏ ‌ရှေးခေတ် အမျိုးသမီး တစ်ယောက် စာထိုင် ဖတ်နေပုံ ပန်းချီဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းပန်းချီပုံ ကိုလည်း သုံးရောင်ခြယ် ရောင်စုံဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်။ မဂ္ဂဇင်း အတွင်း၌ လည်း ပန်းချီပုံများ၊ ပန်းချီ ရုပ်ပုံဆန်း၊ ပန်းချီ ပြိုင်ပွဲ၊ ပန်းချီ သတင်းများ၊ ပန်းချီ သမားများ လေ့လာရန် အတွက် သင်ခန်းစာများဖြင့် ဖွယ်ဖွယ် ရာရာ မွမ်းမံ ပြင်ဆင် ထားပြီး ရံဖန်ရံခါ ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ပန်းချီကားများကို တွေ့ရတတ်ပြီး ဆရာကြီး ဘိလပ် ပညာတော် သင်သွား သည့် သတင်းများကို လည်းဖေါ်ပြ ထားလေသည်။ အနောက်တိုင်း ပန်းချီရေးနည်းကို ကျွမ်းကျင် သလို အင်္ဂလိပ်စာ ပါတတ်ကျွမ်းသည့် ဒဂုန်မဂ္ဂဇင်း ပန်းချီဆရာ ဦးဘအုန်း၏ ဆီဆေး ပန်းချီကား တစ်ချပ်ကိုလည်း အင်္ဂလိပ် ပညာမင်းကြီးက ငွေ၅၀၀ကျပ်ဖြင့် ဝယ်ယူခဲ့ ဖူးသည်။ ဂျော့ဘုရင်နှင့် မေရီ မိဘုရား၏ နှစ်  ယောက်တွဲပုံကိုလည်း ပန်းများဝိုင်းရံထား၍ ဆီဆေး ပန်းချီ တစ်ချပ် ရေးဆွဲခဲ့သည်။ ၎င်း ပန်းချီကား ကို မူလဆေးရောင် အတိုင်း ရရှိစေရန် အင်္ဂလန်တွင် ပုံနှိပ်လျက် မြန်မာ့တရားရုံး တိုင်းတွင် ချိတ်ဆွဲ စေခဲ့သည်။

ဒဂုန်မဂ္ဂဇင်းကြီးတွင် မြန်မာဆန်ဆန် မြန်မာဟန်ကို ပိုင်နိုင်သော (မက်မပြေ လွမ်းမပြေ  ရေမွှေးကြော်ငြာရေးဆွဲသူ) ဦးဘိုးဘ၊ ဦးဘလိပ်၊ ဦးထွန်းလှ၊ ဆရာမြစ်၊ ဦးစံလွင်၊ ဦးမောင်မောင်တင် တို့ကလည်း မြန်မာဆန်သော ခေါင်းစီးပန်းများ၊ ဘောင်ပန်းများ ဖြင့် ရေးဆွဲ လက်စွမ်းပြခဲ့ ကြလေသည်။ များမကြာမီ ဦးဘလုံသည်လည်း ဒဂုန်မဂ္ဂဇင်းသို့ ရောက်ရှိလာပြီး နောက်မဂ္ဂဇင်းတွင် ၎င်း၏ လက်ရာများ လွှမ်းမိုး သွားလေသည်။ ဦးဘလုံ၏ ပုံများမှာ နိုင်ငံခြား မဂ္ဂဇင်းများကို မှီး၍ ရေးဆွဲသဖြင့် လက်ရာကောင်းသော်လည်း မြန်မာ မဆန်ပေ။ ဦးဘလုံနှင့် အပြိုင် ဦးထွန်းကြွယ်ကလည်း မြန်မာ့အမူအရာ၊ မြန်မာဓလေ့များကို သရုပ်ဖော်ရာ တွင် လက်ရာရော အတွေးပါ ကောင်းသူ ဖြစ်သည်။ ထိုနောက် ဦးအုန်းလွင်သည်လည်း ဒဂုန်မဂ္ဂဇင်းတွင် အတွင်း သရုပ်ဖော်ပုံများအတွက် တစ်လလျှင် ၄၅ ကျပ်ဖြင့် ဝင်ရောက်ရေး ဆွဲခဲ့လေသည်။ ဦးဘရင်ကြီးနှင့် ဦးသိမ်းမောင်တို့လည်း ဒဂုန် မဂ္ဂဇင်းတွင် ပန်းချီဆရာများဖြစ်လာကြ သည်။ ဦးသိမ်းမောင်သည် နောင်အခါ ရုပ်ရှင်ဘက်တွင် လူရွှင်တော်တစ်ဦး ဖြစ်လာခဲ့ သည်။ မြန်မာ အဆွေ အေဝမ်း ရုပ်ရှင်ကား များတွင်လည်း သရုပ်ဆောင်တစ်ဦး အဖြစ် ပါဝင် လာခဲ့သည်။ သမိုင်းဇာတ်ကား (ရွှေစံကား) အသံတိတ် ဇာတ်ကားကြီးတွင် ဦးသိမ်းမောင်သည် ဘုရင်အဖြစ် သရုပ်ဆောင်ရသည်။ ဘုရင်ကြီး ဒေါသထွက် သောအခန်းများ၌ စကားပြောပြီးတိုင်း သက်ပြင်း ချဟန်ဖြင့် နှုတ်ခမ်းကြီးထော်ကာ “ဖူးဖူး”ဟူ၍ စာတန်း ထိုးပြသည်ကို ပရိသတ်က ပွဲကျပြီး ရယ်မောကြသဖြင့် ပန်းချီဆရာ ဦးသိမ်း မောင် မှသည် လူရွှင်တော် ဖူးမင်း ဖြစ်လာခဲ့ ရသည်။ ဖူးမင်းသား ဦးသိမ်းမောင် ခေါင်းဆောင် ၍လည်း ရယ်စရာ ရုပ်ရှင် ဇာတ်ကားတစ်ကားကို အေဝမ်းက ရိုက်ခဲ့ ဖူးလေသည်။

ဆရာမြစ်၊ ဦးစောမောင်၊ ဦးဉာဏ်ထွန်း၊ ဦးမောင်မောင်တင်၊ ဦးလှဖေ၊ ဦးမောင်မောင်ထွန်း တို့က ဒဂုန် မဂ္ဂဇင်း၏ ပင်တိုင် ပန်းချီဆရာများ ဖြစ်ကြသည်။ မဂ္ဂဇင်းတွင် ဦးထွန်းမင်း၏ မင်ခြစ် လက်ရာများက လည်း ခေတ်မီ၍ ထူးခြားသည်။ ဦးစံလွင်၏ မင်ရေးချက် များကလည်း ဆန်းသစ်မှု ရှိသလို ခေတ်မီလေသည်။ ဦးဘအုန်း၏ တပည့်တစ်ဦး ဖြစ်သူ ဦးချစ်ဖေ သည်လည်း အရောင်အား ကောင်းကောင်းဖြင့် တစ်မူ ထူးခြားစွာ ရေးဆွဲသူ တစ်ဦးပင် ဖြစ်သည်။ ထိုကြောင့် ဒဂုန်ဟူသော ဂုဏ်ထူး ဝိသေသ ကိုပင် ၎င်းတို့ ၏ ပန်းချီဆိုင်များ ရှေ့၌ ပန်းချီဆရာ တချို့က ထည့်သွင်း ရေးထိုးခဲ့ကြသည်။ ထိုအပြင် မန္တလေးမှ ပန်းချီ ဆရာများ ဖြစ်သည့် ဦးစု ၊ဦးစောမောင်၊ ဦးချစ်ထွန်း၊ ဦးသန့်၊ ဦးဘအေးတို့နှင့် အတူ ဦးငွေကိုင်၊ ဦးကိုလေး၊ ဦးမြတ်ကျော်၊ ဦးဘရင်ကလေး၊ ဦးစန်းလွင်၊ ဦးဘလုံလေး၊ ဦးစံအောင်နှင့် ပဲခူးဦးချစ်မြ တို့သည် ၎င်းတို့၏ ပန်းချီလက်ရာ သရုပ်ဖော်ပုံများကို လက်စွမ်းပြခွင့် ရခဲ့ကြသော မဂ္ဂဇင်းကြီး တစ်စောင်လည်း ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းကြီးတွင် ပထမဆုံး ကာတွန်း လက်စွမ်း ပြခဲ့သူမှာ ဦးဘကလေး ဖြစ်သည်။ ထိုနောက်တွင် ဦးဟိန်စွန်း၊ ဦးဘဂျမ်းနှင့် ဘောက်ကလေး တို့ဖြစ်သည်။ (ဘောက်ကလေးမှာ ပန်းချီဆရာ ဖြစ်သည်။) ရံဖန်ရံခါ စောမောင်ကြီး၏ ကာတွန်း လက်ရာများကိုလည်း တွေ့ရ တတ်သည်။ စီနီမာ ဘကျော်၏ အမည်ရင်းမှာ ဦးကျော်ဖြစ်သော်လည်း ဘကလေး၊ ဘဇော်၊ ဘဂျမ်း ဘခေတ် ဖြစ်သောကြောင့် ဘကျော်ဟု အမည် ပြောင်းလဲပေး ခဲ့ခြင်း ဖြစ်သည်။ လက်မှတ် ထိုးရာတွင်လည်း ဦးဘဂျမ်းနှင့် ခပ်ဆင်ဆင် တူအောင် ထိုးလေ့ရှိသည်။ အေးကျော်အမ်၊ သိန်းစံ၊ လှကျော်နှင့် အမ်စောတို့၏ ကာတွန်းလက်ရာ များစွာ ပါဝင်ခဲ့ သလို ဦးဘရင်ကြီး ကလည်း ဖူးနှင့် စိုင်တင် ဇာတ်ကောင်များဖြင့် ဇာတ်လမ်းတိုများ ရေးဆွဲခဲ့ လေသည်။

ဒဂုန်မဂ္ဂဇင်းကြီး၏ အခန်းကဏ္ဍ များကလည်း စုံလင် လှပေသည်။ နီတိမာလာ၊ တက္ကသိုလ် ကဏ္ဍ၊ စစ်သား ကဏ္ဍ၊ ထင်ရှား ကျော်ကြားသော ရုပ်ပုံ ဇာတ်ကားများ၊ စာပေပညာရှင်တို့၏ ရုပ်ပုံများ၊ ပန်းချီ သင်ခန်းစာ၊ ဘာသာပြန် ကဏ္ဍ၊ ကာလပေါ် ဝတ္ထုကဏ္ဍ၊ ရုပ်ရှင်သဘင်၊ ဟဒယ ရွှင်ဆေး ကာတွန်း အခန်းကဏ္ဍ များပါဝင် လေသည်။ ခေါင်းစီးများ ကိုလည်း ပန်းချီ လက်ရာ များဖြင့် မျက်နှာပြည့် မွမ်းမံ ထားသလို ဝတ္ထုများ၌လည်း တစ်မျက်နှာလျှင် တစ်ပုံ သတ်သတ် ဖော်ပြ၍ ဝတ္ထုတစ်ပုဒ်လျှင် ပုံသုံးပုံ ပါရှိလေသည်။ မြန်မာအဆွေမှ ရုပ်ရှင် ကြော်ငြာ များကိုလည်း ပန်းချီနှင့် လှပစွာ ရေးဆွဲခဲ့သည်။ ရုပ်ရှင်မှ လူဓာတ်ပုံနှင့် ပန်းချီ လက်ရာကို တွဲသုံးထား ခြင်းမှာ အလွန် စိတ်ကူးကောင်းပြီး ထူးခြား ဆန်းသစ်သော တီထွင်မှု တစ်ခုပင်ဖြစ်သည်။ မဂ္ဂဇင်း၏ တန်ဖိုးမှာ တစ်ကျပ်ဖြစ်သည်။ ထိုစဉ်က မစ္စတာ မောင်မှိုင်းခေါ် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို ဒဂုန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက် ပေးပါရန် မြန်မာအဆွေ ကုမ္ပဏီမှ ကမ်းလှမ်းခဲ့ ဖူးလေသည်။ မအားလပ်သဖြင့် ဦးဘိုးသစ်အား ဒဂုန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် ခန့်အပ် ခဲ့ရသည်။ ဦးဘိုးသစ် သည်က စာရေးဆရာ မောင်သစ္စာပင် ဖြစ်သည်။

ထိုအချိန်က ဒဂုန်မဂ္ဂဇင်း မျက်နှာဖုံး များကို ဆေးရောင်စုံ သုံးနိုင်ရန် အတွက် ကာလကတ္တားသို့ ပို့၍ ရိုက်နှိပ်ခဲ့ ကြသည်။ ဒဂုန်မဂ္ဂဇင်းထက် စော၍ ထုတ်ဝေခဲ့သော မြန်မာ့အလင်း၊ သူရိယအလင်း၊ လောကသာရမဂ္ဂဇင်းတို့၌ အဖုံးနှင့် အတွင်း စာမျက်နှာများ တွင် ပန်းချီ ရုပ်ပုံ လုံးဝ မပါချေ။ တစ်ခါတစ်ရံမှသာ ထင်ရှားသော ဓာတ်ပုံ အနည်းအကျဉ်းသာ ပါတတ် လေသည်။ ဒဂုန် မဂ္ဂဇင်းနှင့် ပန်းချီ၊ ပန်းချီနှင့် ဒဂုန်မဂ္ဂဇင်း သည်ကား ခွဲခြား၍ မရပေ။ မြန်မာ့မဂ္ဂဇင်း လောကကို တိုးတက် ထူးခြားအောင် အပြောင်းအလဲများဖြင့် ဖန်တီး လုပ်ဆောင်ခဲ့သော ဒဂုန်မဂ္ဂဇင်းကြီးသည် ဂျပန်ခေတ်၌ ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၄၆တွင် တဖန် ပြန်လည် ထွက်ရှိပြီး နောက် ပုံနှိပ်စက်များ ခေတ်မမီ တော့ခြင်း၊ စက္ကူများ နိုင်ငံခြားမှ မှာယူရာတွင် အဆင်မပြေ ခြင်းနှင့် အခြားသော အဆင်မပြေ မှုများကြောင့် ထပ်မံ ရပ်နားခဲ့ ရလေသည်။ သို့သော်လည်း ပန်းချီဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ များစွာတို့၏ ဘူမိနက်သန်၊ ရသအသစ် ရနံ့အသစ်များ ဖြင့် ဖုံးလွှမ်း လွင့်ပျံ့နေသော ဒဂုန်မဂ္ဂဇင်းကြီးသည် ၁၉၄၈ ခုနှစ်တွင် ရပ်နားခဲ့ ရပြန်သည်။ မည်သို့ပင် ဆိုစေကာမူ ဒဂုန် မဂ္ဂဇင်းသည် ပန်းချီ၊ ကာတွန်း၊ စာပေ စသည်တို့ကို အဘက်ဘက်မှ တိုးတက်ရေး၊ ပရိသတ်များအတွက် ခေတ်နှင့် အညီ ဗဟုသုတများ ရရှိစေရေး တို့အတွက် ကြိုးစား ရည်သန် ထုတ်ဝေခဲ့သော မဂ္ဂဇင်း တစ်စောင် ဖြစ်ခဲ့သည်က အသေအချာပင် ဖြစ်ပါတော့သည်။

ရည်ညွှန်း – စာနယ်ဇင်းသမိုင်းစာတမ်းဖတ်ပွဲ (၁)

အနုပညာလောက (၂)

ဦးဘထွေးစာစုများ

ဒဂုန်မဂ္ဂဇင်း ပန်းချီခန်းမှတ်စု

(ပုံများကို ဆရာ ပန်းချီမျိုးညွန့်ခင်မှ ဆောင်းပါးနှင့်အတူ ပေးပို့ပါသည်)

Click to rate this post!
[Total: 0 Average: 0]