The Corner

The Corner

cropped-Logo_round_grey-background.png

ဒူးနေရာဒူး တော်နေရာတော်

Share မယ်

The right man in the right place ဆိုသော စကားကို ငယ်ငယ်ကတည်းက ကျွန်တော်တို့ ကြားခဲ့ ပြောခဲ့ ဖူးပါသည်။ လူမှန် နေရာမှန်ဟု အဓိပ္ပာယ်ထွက်သော ထိုစကားမှာ အင်္ဂလိပ်စကားဖြစ်မည် ထင်ပါသည်။ မည်သို့ပင် ဖြစ်စေ အောင်မြင်သော ဘောလုံးအသင်း တစ်သင်းအတွက် ထိုစကားမှာ သွေးထွက်အောင် မှန်ကန်လှ ပါသည်။ ဘောလုံးအသင်းမှ ကစားသူများကို သူတို့ ကျွမ်းကျင်ပိုင်နိုင်သော နေရာများတွင် ချထားပေးပြီး ကစားခိုင်းရပါသည်။ ရှေ့တန်း ကစားသမား၊ အလယ်တန်း ကစားသမား နှင့် နောက်တန်း ကစားသမား၊ ထို့နောက် ဂိုးသမားတို့ ဖြစ်ကြသည်။ ရှေ့တန်းကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်သော ဘောလုံးသမား ကို ရှေ့တန်းတွင်သာ ကစားခိုင်းမှ လူမှန် နေရာမှန်ဖြစ်ပြီး နောက်တန်းတွင် သွားကစားခိုင်းပါက လူမှားနေရာမှား ဖြစ်သွား နိုင်ပါသည်။ ဆိုလိုသည်မှာ မည်သူမဆို မိမိကျွမ်းကျင် ပိုင်နိုင်သော အတတ်ပညာဖြင့် အံဝင်ခွင်ကျသော အလုပ်ကိုလုပ်မှ အောင်မြင်မည် ဖြစ်ပါသည်။ ဆရာဖြစ်သင် တက်ထားသော ကျောင်းဆရာက ကျောင်းသားများကို စာသင်ပေးမှ နေရာမှန်ဖြစ်ပြီး စစ်သင်တန်း တက်ထားသည့် စစ်သားများ နေရာသွားပြီး စစ်တိုက်လျှင် စစ်ရှုံးမည်မှာ သေချာပါသည်။ သေနတ်လည်း မပစ်တတ် စစ်လည်းမတိုက်တတ်ဘဲ စစ်မြေပြင်ထွက်၍ မဖြစ်နိုင်ပေ။ စစ်သားက စစ်တိုက်ခြင်းမှာ သူ၏ professional သလို ကျောင်းဆရာက စာသင်ခြင်းမှာလည်း သူ၏ Professional ဖြစ်ပါသည်။ “ကျွမ်းကျင်ရာလိမ္မာ” ခြင်းမှာ “လူမှန် နေရာမှန်” ဖြစ်လေသည်။

Picture: Freepik

မြန်မာ့သမိုင်းတွင် ထင်ရှားသော စစ်ဘုရင်များ ရှိခဲ့သည်။ တချို့က ၄င်းတို့၏ အင်အား အရည်အချင်းနှင့် လျော်ကန်စွာ အာဏာကိုရယူပြီး နိင်ငံကို တောင့်တင်းအောင် ဆောင်ရွက်နိုင်သလို အင်အားဖြင့် စည်းလုံး ညီညွတ်သော နိုင်ငံတော်များကို ထူထောင်နိုင်ခဲ့ကြသည်။ အနော်ရထာ၊ ဘုရင့်နောင် ကျော်ထင်အနော်ရထာ နှင့် အလောင်းဘုရားတို့ ဖြစ်ပါသည်။ သူတို့သည် မြန်မာ့သမိုင်းတွင် အထင်ရှား ကျော်ကြားဆုံးသော စစ်ဘုရင်ကြီးများ ဖြစ်သလို ပထမ၊ ဒုတိယ နှင့် တတိယ မြန်မာ နိုင်ငံတော် ကြီးများကို တည်ထောင်နိုင်ခဲ့သူများ ဖြစ်၏။ သူတို့၏ အာဏာနှင့် သူတို့၏ လုပ်ဆောင်ချက်များမှာ အံဝင်ခွင်ကျ ဖြစ်နေသော ကြောင့် လူမှန်နေရာမှန် ရရှိသူများ ဖြစ်ပါသည်။ သို့သော် တိုက်ရည်ခိုက်ရည် အလွန်ကောင်းပြီး အလွန် ထူးချွန်သော စစ်ဘုရင်များ ဖြစ်သော်လည်း သမိုင်းတွင် စစ်ရေးသက်သက်ဖြင့် စစ်သွေးဆာသူ ဘုရင်များသာ ဖြစ်သော ဥပမာ အင်းဝဘုရင် မင်းခေါင်၊ မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ ရာဇာဓိရာဇ်စသည့် စစ်ဘုရင်များမှာ နိုင်ငံအကျိုးစီးပွားကို ဦးထိပ်ထားမှု နည်းပါးသဖြင့် ၄င်းတို့ရရှိသော အာဏာနှင့် ၄င်းတို့၏ စွမ်းဆောင်မှုများမှာ လူမှန်နေရာမှန်များ မဖြစ်နိုင်ခဲ့ပေ။

မိမိတတ်သည့် ပညာနှင့် မိမိလုပ်ရသော အလုပ်အံဝင်ခွင်ကျဖြစ်မှသာ လူမှန်နေရာမှန် ဖြစ်နိုင်ပေသည်။ အီလက်ထရွန်နစ် နည်းပညာ တတ်ကျွမ်းသူသည် ပန်းပုထုရသည့် အလုပ်ကို လုပ်၍ ဆန်းသစ်သော နည်းပညာ များကို တီထွင်နိုင်မည်မဟုတ်ပေ။ ကမ္ဘာ့တွင် နေမဝင် အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သော ဗြိတိသျှ ကိုလိုနီ နယ်ချဲ့သမားများသည် အရာရာကို စနစ်တကျ ရေရှည်စိုးမိုးကာ ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ထားနိုင်အောင် စနစ်တကျ ကျွန်ပြုရေးတွင် ထူးချွန်လှပါသည်။ စစ်တပ်က စစ်တပ်အလုပ်၊ အုပ်ချုပ်ရေး သမားက အုပ်ချုပ်ရေးနှင့် တရားသူကြီးက တရား စီရင်ရေးကိုသာ လုပ်စေပါသည်။ အုပ်ချုပ်ရေး သမားက စစ်တပ်ကို ကွပ်ကဲပြီး တိုက်ခိုက်ခြင်းကို ခွင့်မပြုပေ။ ICS, BCS စသော ပဋိညာဉ်ခံ ဝန်ထမ်းများကို သင်တန်းများ ပို့ချကာ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသည်။ အင်္ဂလန်လို ကျွန်းနိုင်ငံလေး တစ်ခုက ကမ္ဘာ့တွင် အလွန် ကြီးမားသော နိုင်ငံများကို သူတို့၏ လက်အောက်ခံ ကိုလိုနီများအဖြစ် သိမ်းသွင်းနိုင်သည်မှာ သူတို့၏ စနစ်ကျသော အုပ်ချုပ်ရေး ယန္တရားနှင့် စစ်အင်အားကြောင့် ဖြစ်လေသည်။ တရုတ်လို၊ အိန္ဒိယလို၊ အမေရိကန် လို နိုင်ငံများကို သူတို့၏ ကိုလိုနီများအဖြစ် သိမ်းပိုက်နိုင်ခဲ့ပါသည်။

ဆရာမင်းသုဝဏ် ၉ဝ ပြည့်နှစ်က ဆရာ့ထံ ကျွန်တော်တို့သွားရောက် ဂါရဝပြုခဲ့ကြသည်။ ထိုအချိန် က ဆရာ ကောင်းကောင်း စကား ပြောနိုင်သေးသည်။ ဆရာက သူပြုစုခဲ့သော သင်ပုန်းကြီးဖတ်စာအကြောင်းကို ကျွန်တော်တို့အား ပြောပြပါသည်။

ကျွန်တော် အောက်စဖို့ဒ်က ပြန်လာပြီးတဲ့နောက် တက္ကသိုလ်မြန်မာစာဌာနမှာ အလုပ် ဝင်လုပ်တယ်။ တစ်နေ့ ဖျာပုံဘက်ကို ရောက်တော့ ဖျာပုံက အရေးပိုင် တစ်ယောက်ကို တွေ့ပါတယ်။ အဲဒီအရေးပိုင်က အောက်စဖို့ဒ်တုန်းက ကျွန်တော်နဲ့ တစ်တန်းတည်းသင်ခဲ့ရတဲ့ အင်္ဂလိပ်ပဲ။ အဲဒီတုန်းက သူက ပညာရေးသမား၊ အုပ်ချုပ်ရေး ပညာသင်နေရတဲ့ သူမဟုတ်ဘူး။ ကျွန်တော်တို့လိုပဲ စာပေသင် နေရတဲ့သူပါ။ သူ့ကို ကျွန်တော်က သူငယ်ချင်း မင်းဘယ်လိုလုပ်ပြီး မင်းအရေးပိုင် လုပ်နေရတာလဲ။ ကျောင်းတုန်းက ငါတို့တွေက Literature သမား တွေ မဟုတ်လား။ မင်းအခု လုပ်နေတဲ့ တာဝန်က အုပ်ချုပ်ရေး။ မင်းတတ်တာက စာပေ။ အဲဒီတော့ မင်းလူမှန်နေရာ မှန် မဟုတ်ဘူးလို့ထင်တယ်” လို့ ပြောလိုက်တော့ သူက “ဟုတ်ပါတယ်ကွာ။ ငါတတ်ကျွမ်း တာနဲ့ ငါအခုလုပ် နေရတဲ့ အလုပ်က မကိုက်ညီပါဘူး။ ငါအရင်တုန်းကတော့ ဝါသနာအရ Literature သင်ခဲ့တာပဲ။ ဒါပေမဲ့ အခြေအနေအရ ငါ ICS (အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း) India Civil Service ဝင်ဖြေပြီး အခုလို အရေးပိုင် လုပ်ရတာပဲ။ ဒါပေမယ့် ငါသင်ခဲ့တာ ကိုတော့ ငါမမေ့ပါဘူး။ ဝါသနာလည်း ပါတယ်။ ဒါကြောင့် ကလေးတွေ အတွက်ငါစဉ်းစားတယ်။ မြန်မာပြည်က ကလေးတွေသင်ဖို့ အင်္ဂလိပ် သင်ပုန်းကြီးကို သင်ခဲ့တယ်။ ဥပမာ A For Apple, B For Bell ဆိုတာမျိုးပေါ့ကွာ” လို့ ပြန်ပြောတယ်။ အဲဒီအချိန် ကျွန်တော့်ခေါင်းထဲ လက်ခနဲဖြစ်သွားပြီး ငါလည်း အဲ့ဒီလို ရေးဖို့ လိုတယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် ကျွန်တော်က မြန်မာ သင်ပုန်းကြီးဖတ်စာကို ရေးခဲ့တာပါပဲ။ အဲဒီထဲမှာ ကကြီးကန်စွမ်းပင် ရေမှာရွှင် ခကွေးခရမ်းသီး ဓားနဲ့လှီး ဆိုတာမျိုးကို ကျွန်တော်ရေးခဲ့ပါတယ်။ ကျွန်တော်ရေးတဲ့ရည်ရွယ်ချက်က ကလေးတွေ အတွက် အသံလည်းသာရမယ်။ မှတ်လည်း မှတ်မိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ ကကြီးကန်စွမ်းပင်ဆိုတဲ့ သက်ပုံ အတိုင်း မရေးဘဲ ကန်စွမ်းဆိုပြီး ကလေးတွေ အသံ မှတ်မိအောင် ရေးလိုက်တာပဲ။ ခါးရမ်းသီးကိုလည်း သတ်ပုံ အတိုင်းမရေးဘဲ ခရမ်းသီးလို့ပဲ ကလေးတွေ မှတ်လောက်အောင် မရေးပေးခဲ့တယ်။ ကျွန်တော် အငြိမ်းစားယူပြီး နောက်တတ်လာတဲ့ မြန်မာစာ ပါမောက္ခကို အထက်က မြန်မာသင်ပုန်းကြီး ပြန်ပြင်ဖို့ ညွှန်ကြားလို့ သူက အသစ်ပြန်ရေး ပေးရတယ်။ အဲဒီမှာ ကကြီးကညစ် ပေမှာခြစ် ဆိုပြီး ပြောင်းလိုက်တော့ ကလေးတွေ ကို သင်ရတဲ့ ဆရာတွေက ကျွန်တော့်ဆီ ရောက်လာကြတာပေါ့။ အဲဒီဆရာတွေဟာ ကညစ်ကို မသိကြဘူး ပေ ဆိုတာကောင် အသေအချာ မသိကြဘူး။ သူတို့တောင် နားမလည်တဲ့ အတွက် သူတို့ဆရာတွေက သူတို့ကို သင်ပုန်းကြီးအကြောင်း သင်ပေးတဲ့ ဆရာတွေကို ကညစ် နဲ့ ပေကို ဘယ်လိုခြစ်ရသလဲမေးကြည့်တဲ့အခါ “ဒီလို ဒီလိုခြစ်ရတာပါကွာ” ဆိုပြီး သင်ပုန်းကြီး ပေါ်မှာ မြေဖြူနဲ့ ဟိုခြစ်ဒီခြစ် လုပ်ပြတယ်ဆိုတဲ့ အကြောင်း ကျွန်တော့်ကို အဲဒီဆရာတွေက လုပ်ပြတယ်။ ဒီတော့ ကျွန်တော်က သူတို့ကို ရွှေတိဂုံ အလယ်ပစ္စယာကိုခေါ်သွားပြီး ဟော ဒါက ပေလို့ခေါ်တယ်။ ဒီတရာတွေက ပေပင် တောင် မမြင်ဖူးကြပါဘူး။ အဲဒီမှာရှိတဲ့ ပေရွက်ကိုပြတယ်။ ကညစ်ကိုပြတယ်။ ပေပေါ်ကညစ်နဲ့ ခြစ်တယ်ဆိုတာကို ဟိုခြစ်ဒီခြစ် မဟုတ်ဘူး။ ရှေးက ရတုတွေ၊ ကျမ်းတွေကို တစ်လုံးချင်းရေးခြစ်တာကို ပေမှာခြစ်တယ်ဆိုတာပဲလို့ ပြောပါတယ်။ နောက်ပြီး ဓ, ဓနိငုတ် ဓားနဲ့ ခုတ်ဆိုတာ ပါလာပြန်တော့ ဆရာတွေက ကျွန်တော့်ဆီ ရောက်လာပြန်ရော၊ ဓနိငုတ်ကို ကျွန်မတို့ မသိဘူးလို့ပြောတော့ ကမာရွတ် ချောင်းစပ်က ဓနိပင်တွေကို ပြရပြန်တယ်” ဟု ပြောပြခဲ့သည် ကို ကျွန်တော် အမှတ်ရနေပါသည်။

ဆိုလိုသည်မှာ စာပေသမားကို အုပ်ချုပ်ရေး အရေးပိုင် ခန့်မည့်လူမျိုး၊ ကျောင်းသားနှင့် အံဝင်ခွကျ မဖြစ်သည့် သင်ရိုးညွန်းတမ်းမျိုးမှာ အခက်အခဲများစွာ ကြုံရသည့် သဘောမျိုးပင် ဖြစ်လေသည်။ တက္ကသိုလ် ကျောင်းအုပ်ကို ပါရဂူဘွဲ့ရနှင့် အတွေ့ အကြုံရင့်ကျက်သော ဆရာမျိုးကိုသာ ခန့်ရမည်ဖြစ်ပြီး စစ်ရေး ကျွမ်းကျင်သော ဗိုလ်ချုပ်ကြီး တစ်ယောက်ကို တက္ကသိုလ် ကျောင်းအုပ်အဖြစ် ခန့်အပ်လျှင် လူမှန်နေရာမှန် မဖြစ်နိုင်ပေ။ ထို့ပြင် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူကိုသာ ဘဏ်ဥက္ကဌ ခန့်ရမည်ဖြစ်ပြီး တက္ကသိုလ် ကျောင်းအုပ်ကို ဘဏ်ဥက္ကဋ္ဌ ခန့်ပါက ငွေကြေးနှင့် ပတ်သတ်ပြီး နားလည်နိုင်မည် မဟုတ်ပေ။ ကျွမ်းကျင်သော အယ်ဒီတာတစ်ယောက်သည် သူ့လုပ်ငန်း နှင့် ပတ်သတ်၍ စာစောင်ဖွဲ့ပုံ၊ တည်းဖြတ်ပုံ၊ မဂ္ဂဇင်းသို့မဟုတ် ဂျာနယ်၏ အထားအသို၊ ဂျာနယ် သို့မဟုတ် မဂ္ဂဇင်း နှင့် လိုက်ဖက်သော စာမူစသည်တို့ကို ကျွမ်းကျင် နားလည်ရန် လိုသည်။ ကွန်ပျူတာသမား ရိုက်လိုက်သော စာများကို မှန်ကန်အောင် ပရုဖ်ဖတ်ပြီး စာပြင် တတ်ဖို့လည်း လိုသည်။ ထိုသို့ ကျွမ်းကျင်သော အယ်ဒီတာက မှန်မှန်ကန်ကန် ဦးဆောင်နိုင်လျှင် ထိုမဂ္ဂဇင်း၊ ဂျာနယ်က အောင်မြင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အဘက်ဘက်တွင် သူ့နေရာနှင့်သူ ကျွမ်းကျင်ပိုင်၌ ပြီး သင့်လျော် မှန်ကန်သော သူက ခေါင်းဆောင်နိုင်မှသာ အောင်မြင်ပေမည်။ လူမှန်နေရာမှန် ရှိဖို့လိုသည်။ လူ နေရာမှားဖြစ်ပါက ဆုံးရှုံးနိင်ပြီး တိုင်းပြည်လည်း ခေတ်နောက်ကျ ပေမည်။ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးမှာ အံဝင်ချ ကျသော ခေါင်းဆောင်မှုမျိုး ပေးနိုင်မှသာ တိုးတက်ပေမည်။ စစ်ဖြစ်လျှင်စစ်တိုက်နိုင်သော ဗိုလ်ချုပ်က ဦးဆောင်မှသာ အောင်နိုင်ပေမည်။ စီးပွားရေးတိုးတက်အောင် စီးပွားရေးပညာရှင်များကသာ လုပ်ဆောင် နိုင်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်လည်း လူထုထောက်ခံမှုရှိသော ခေါင်းဆောင် ကသာ လုပ်နိုင်ပေမည်။

Created by Gemini AI

ထို့ကြောင့် စီးပွားရေးပညာရှင်သည် စစ်ဗိုလ်ချုပ်မဟုတ်၊ စစ်ဗိုလ်ချုပ်မှာ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေးသမားသည် စစ်ပွဲတွင် နိုင်အောင်ဆောင်နိင်မည် မဟုတ်။ စစ်ရေး မကျွမ်းဘဲ စစ်တိုက်လျှင် စစ်ရှုံးမှာ သေချာသည်။ ထို့ကြောင့် လူမှန် နေရာမှန် ဖြစ်ရေးမှာ အလွန် အရေးကြီးပါသည်။

ထက်မြက်

Click to rate this post!
[Total: 1 Average: 1]