အမေရိကန် အထက်လွှတ်တော်အမတ် ‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာဒေသ တွင် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ‘လူမျိုးတုံး သတ်ဖြတ်မှု’ (Genocide) အဖြစ် ဖော်ပြခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” တွင် ဝါရှင်တန်အစိုးရ ပါဝင်နေမှုကို ရပ်ရန် တိုက်တွန်းလိုက်သည်။

ပါလက်စတိုင်းပြဿနာအသစ် ပေါ်ပေါက်လာခြင်း
ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး နိုင်ငံရေး ပြဿနာပေါင်း မြောက်မြားစွာဖြင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ဟု ဆိုရမည့် အစ္စရေးနှင့် ပါလက်စတိုင်းအရှုပ်အထွေးသည် ကြာလေ ဖြေရှင်းရခက်လေ ဖြစ်လာနေသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံပေါ်ထွန်းရေး မူကို ဦးတည်မည့် မူကြမ်းအဆင့်များကို အခြေခံသည့် ကြေညာချက် တစ်ရပ်ကို ၂၀၁၅ စက်တင်ဘာ ၁၂ ရက် သောကြာနေ့က အတည်ပြုလိုက် ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနှင့် ပြင်သစ်တို့ ၂၀၂၅ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ “အဆင့်မြင့် အရာရှိညီလာခံ” မှ ထွက်ပေါ်လာသော ကြေညာချက် မူကြမ်းကို အထွေထွေညီလာခံက အတည်ပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ဇူလိုင်လ ညီလာခံသည် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်သော အာရပ်-အစ္စရေး ပဋိပက္ခဖြေရှင်းရန် အတွက် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်ရေး အခြေခံအုတ်မြစ်ချနိုင်ရန် ရည်ရွယ်သည်ဟု ဆို သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဂါဇာ အရေး ဖြစ်ပေါ်ခဲ့၍ နှစ်နိုင်ငံ တည်ရှိရေးမူဖြင့် ဖြေရှင်းရေးမှာ ပိုမို အလှမ်းဝေးသွားခဲ့သည်။
သို့သော်လည်း ဂါဇာပြဿနာ ဆိုးဆိုးရွားရွား အခြေအနေများကြောင့် အာရပ်နိုင်ငံများနှင့် ဥရောပနိုင်ငံများက “နှစ်နိုင်ငံတည်ရှိရေးမူ” ကို ပြန်လည် စတင်ရန် တွန်းအားပေးလာကြသည်။
နှစ်နိုင်ငံပေါ်ထွန်းရေး ဖြေရှင်းချက်၏ ရည်ရွယ်ချက်မှာ ပါလက်စတိုင်းနှင့် အစ္စရေးနိုင်ငံတို့ အတူယှဉ်တွဲတည်ရှိနိုင် စေရန်ဟုဆိုသည်။ ပါလက်စတိုင်းလူမျိုးစုအတွက် လုံခြုံစိတ်ချရ၍ အသိမှတ်ပြုမှုရှိသော နယ်မြေထူထောင်ပေးနိုင်ရန် ဖြစ် သည်ဟု ဆိုသည်။ ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသ (West Bank) ၊ အရှေ့ ဂျေရုဆလင်နှင့်ဂါဇာကမ်းမြောင်ဒေသများ ပါဝင်သည့် နိုင်ငံတစ်ခုကို ပါလက်စတိုင်းတို့က လိုလားသည်ဟု ဆိုသည်။
သို့သော် လက်ရှိ အစ္စရေးအစိုးရက ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေးနှင့်အချုပ်အခြာအာဏာပိုင်မှုကို တင်းမာစွာ ဆန့်ကျင်နေသည်။ အစ္စရေးဝန်ကြီးချုပ် ‘နေတန်ညာဟု’က ပါလက်စတိုင်းလွတ်မြောက်ရေးကို ပြတ်ပြတ်သားသား ကန့်ကွက် လျက် ရှိသည်။ နှစ်နိုင်ငံတည်ရှိမှုကို သူ့ နိုင်ငံရေးဘဝ တစ်လျှောက်လုံး ‘နေတန်ညာဟု’က ကန့်ကွက်လာခဲ့သူလည်း ဖြစ်သည်။
ဟားမတ်စ်အဖွဲ့၏ သဘောထားကိုကြည့်လျှင် အနာဂတ်နိုင်ငံရေးတွင် ထိတွေ့ဆက်ဆံလိုသော သဘောဆန္ဒရှိ ကြောင်း တွေ့ရသည်ဟု ဆိုသည်။ ပါလက်စတိုင်းတို့လိုလားချက်မှာ အကြမ်းဖက်မှု အပြီးတိုင် ချုပ်ငြိမ်းရေး၊ နိုင်ငံတစ်နိုင်ငံ ထူထောင်သည့် အခါ နိုင်ငံ နယ်နိမိတ်ထဲသို့ ၁၉၆၇ ခုနှစ်စစ်ပွဲတွင် အစ္စရေးသိမ်းပိုက်ထားသည့် နယ်မြေများလည်း ပါရမည် ဟု တောင်းဆိုမှု ရှိလာသည်။ သို့တိုင်အောင် အစ္စရေးကို ပယ်ဖျက်ရေးဆိုသည့် သူတို့၏ ပဋိညာဉ်ကိုမူ ဟားမတ်စ်အဖွဲ့က မပြောင်းလဲသေးဘဲရှိ သည်။ ‘ဘန်ဂျမင် နေတန်ညာဟု’၏ အစ္စရေးအစိုးရကလည်း အနောက်ဘက်ကမ်းဒေသ၌ လူဦးရေနှင့် နယ်မြေဧရိယာ ချဲ့ထွင်မှု များ ဆက်လုပ်ခဲ့သည်။ ယင်းသို့သော အခြေအနေသည် ၂၀၂၅ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ် လျက်ရှိနေသည်။
အစ္စရေးစစ်တပ်က ဂါဇာမြို့ (Gaza City) ကို ထိန်းချုပ်ရန် စစ်ဆင်ရေးကြီးစတင်
ဤသို့သော အခြေအနေတွင် အစ္စရေးစစ်တပ်က ဂါဇာမြို.(Gaza City) ကို ထိန်းချုပ်ရန် စစ်ဆင်ရေးကြီးတစ်ရပ် စတင်လိုက်ပြီဖြစ်သည်။ ဂါဇာ ကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု အရေအတွက် ပိုပြီးတိုးလာမည့်အရေးကို အထူး စိုးရိမ်နေကြသည်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကို ပြစ်တင်ဝေဖန်နေကြကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးမြို့တွင် မြေပြင်စစ်ဆင်ရေးတိုးချဲ့ ဆင်နွှဲနေပြီဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က စက်တင်ဘာ ၁၆ ရက်နေ့က ကြေညာခဲ့သည်။

ဂါဇာမြို့၌ ဟားမတ်စ် တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ရှိနေသည်ဟု အစ္စရေးစစ်တပ်က ခန့်မှန်းထား ကြောင်း အစ္စရေး မီဒီယာများက ဆိုသည်။ မရွှေ့ပြောင်းရသေးသောအရပ်သား ၆၀၀,၀၀၀ ခန့်ရှိသည်ဟု အစ္စရေးစစ်တပ် က ယူဆ ထားကြောင်းလည်း ဆိုသည်။ အစ္စရေးတပ်ဖွဲ့များသည် တနင်္လာနေ့မှစ၍ ဂါဇာကမ်းမြောင်တွင် လေကြောင်းတိုက် ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၉၈ ဦး သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပဋိပက္ခ စတင်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူ ၆၅,၀၆၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်ဟု ဆိုသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဂါဇာမြို့ကို သိမ်းပိုက်ဖို့ လအနည်းငယ် အချိန်ယူရလိမ့်မည် ဟု ခန့်မှန်းထားကြောင်း စက်တင်ဘာ ၁၆ တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။
“ပါလက်စတိုင်းစာရင်း အချက်အလက်ပြုစုရေးဗဟိုဗျူရို”၏ အဆိုအရ လူပေါင်း ၇၄၀,၀၀၀ ခန့် ဂါဇာ မြောက်ပိုင်း၌ ဆက်လက် ပိတ်မိနေဆဲဖြစ် သည်ဟု ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ (OCHA)က စားနပ်ရိက္ခာထောက်ပံ့ရေး နောက်ဆုံးကျန်ရှိနေသည့် လမ်းကြောင်းသည် အစ္စရေး ထိုးစစ်ဆင်ရေးကြောင့် လုံးဝအသုံးပြု ၍ မရတော့ဟုဆိုသည်။ စားနပ်ရိက္ခာပြတ်သဖြင့် အငတ်ဘေးဆိုက်နေသော ဂါဇာမြောက်ပိုင်းသို့ ဆက်သွယ် သွားလာ နိုင်သည့် ဇီကင်ဖြတ်လမ်း (Zikim-crossing) ကို အစ္စရေးစစ်တပ်က စနစ်တကျပိတ်ဆို့ဖြတ်တောက်ထားသည် ဟု (OCHA) က စွပ်စွဲပြောဆိုထားသည်။
ဤအတောအတွင်း နိုင်ငံအများအပြားက အစ္စရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအသစ်ကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အီဗက် ကူးပါး (Yvette Cooper) က လူမှုမီဒီယာမှာ ရေးသားရာမှာ ဂါဇာကို အစ္စရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအသစ်သည် “သွေးထွက်သံယိုဖြစ်မှုများကို ပိုများလာစေ၍ အပြစ်မဲ့ အရပ်သားများ၏ အသက် ဆုံးရှုံးမှုများ ဖြစ်ပွားစေပြီး အခြား ဓားစာခံများကိုလည်း အန္တရာယ်ဖြစ်စေလိမ့်မည်” ဟု ဆိုသည်။ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ‘ယိုဟန် ဝိဒ်ဖူးလ်’ (Johann Wadephul) က အပစ်အခတ်ရပ်စဲရေး လုပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ဂါဇာတွင် မကြာသေး ခင်က ထိုးစစ်ဆင်နွှဲမှု လုပ်ခြင်းသည် လွဲမှားသော ချဉ်းကပ်မှုဖြစ်သည်ဟု ‘ယိုဟန် ဝိဒ်ဖူးလ်’ က သတင်းထောက်များကို ပြောကြားခဲ့သည်။
‘ဘာနီ ဆန်းဒါးစ်’ က အစ္စရေးစစ်ဆင် တိုက်ခိုက်မှုကို Genocide ဟု စွဲချက်တင်
တစ်ချိန်တည်းတွင် အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် “လူအစုလိုက်အပြုံလိုက်သတ်ဖြတ် မှုကို ကျူးလွန်နေသည်” ဟု အမေရိကန်ပြည်ထောင်စု၏ နာမည်ကြီး အထင်ကရ အထက် လွှတ်တော် အမတ် ‘ဘာနီ ဆန်းဒါးစ်’ (Bernie Sanders) က စွပ်စွဲလိုက်သည်။ ‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာဒေသ တွင် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ‘လူမျိုးတုံး သတ်ဖြတ်မှု’ (Genocide) အဖြစ် ဖော်ပြခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” တွင် ဝါရှင်တန် အစိုးရအနေဖြင့် ပါဝင်နေမှုကို ရပ်စဲရန် ထပ်မံတိုက်တွန်းလိုက်သည်ဟု ၂၀၂၅ စက်တင်ဘာ ၁၇ ရက်တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ “ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်” က အစ္စရေးသည် ဂါဇာတွင် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန် နေကြောင်း ခိုင်လုံသည့် အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် ‘ဘာနီ ဆန်းဒါးစ်’ ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာကို ဖျက်ဆီးရန် သို့မဟုတ် လုံးဝဖျက်ပစ်ရန် အစ္စရေးအရာရှိများ၏ မိန့်ခွန်းများ၊ သေဆုံးသူ ဦးရေ မြင့်တက်လာမှုနှင့် ငတ်မွတ်ခေါင်းပါးမှု အခြေအနေများကို ထောက်ပြခဲ့သည်။
“အစ္စရေးရဲ့ အဓိကရည်ရွယ်ချက်က တိကျသေချာပါတယ်။ သေချာပေါက် မလွဲချော် နိုင်တဲ့ အဆုံးသတ် နိဂုံး ရလဒ်ကို ရအောင်လုပ်နေတာဖြစ်တယ်။ အစ္စရေးနိုင်ငံဟာ ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာ ဖြစ် တယ်။” ဟု ‘ဘာနီ ဆန်းဒါးစ်’ က ပြောကြားခဲ့သည်။
‘ဘာနီ ဆန်းဒါးစ်’ သည် ယခင် သမ္မတရွေးပွဲတွင် ပါဝင်ခဲ့သူ ကိုယ်စားလှယ်ဟောင်းဖြစ်သည်။ သူသည် ဒီမိုကရက် တစ် တိုးတက်ရေးလှုပ်ရှားမှုတွင် ဦးစီးခေါင်းဆောင်တစ်ဦးအဖြစ် လူသိများထင်ရှားသော ပုဂ္ဂိုလ်ဖြစ်၍ အစ္စရေး၏ ဂါဇာ စစ်ဆင်ရေး ကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် ခေါ်ဆိုသမုတ်လိုက်သည့် ပထမဆုံး အမေရိကန် အထက်လွှတ်တော် အမတ် ဖြစ်သည်။ အမေရိကန် အောက်လွှတ်တော် (House of Representatives) အမတ် အများအပြားကလည်း ယခင်က ထိုကဲ့သို့ ပြောဆို စွပ်စွဲထားကြပြီး ဖြစ်သည်ဟု Al Jazeera သတင်းက ဖော်ပြထားသည်။
ဤစွဲဆိုချက်အရ အစ္စရေးသည် ‘စစ်ဥပဒေချိုးဖောက်မှု’ မျှသာမက ပါလက်စတိုင်းလူမျိုးကို လုံးဝ သုတ်သင် ရှင်းလင်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြသခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အလွန်တရာကြီးမားသော ပြစ်မှုကြီးဖြစ် သည်။
“အမေရိကန်အစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှုလုပ်နေသော ‘အစ္စရေးနေတန်ယာဟု’ အစိုးရသို့ ငွေကြေး၊ လက်နက် အပြင် များပြားလှသော ထောက်ပံ့ရေး ပစ္စည်းအမျိုးမျိုးကို ဆက်လက်ပေးပို့ရန် မဖြစ်နိုင်ပါ” ဟု ‘ဘာနီဆန်းဒါးစ်’ က ဆိုသည်။
“လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လိုက်ပြီဖြစ်တဲ့အတွက် အခုအချိန်မှာ ငြိမ်းချမ်းသက်သာစေမည့် အစီအစဉ်များ၊ ကုလသမဂ္ဂမှ စီမံဆောင်ရွက်မည့် လူသားချင်းစာနာထောက်ပံ့မှု အလုံအလောက်ထောက်ပံ့ပေးပို့မှုများ လိုအပ်ပါတယ်။ ဒီ့အပြင် ပါလက်စတိုင်း လူမျိုးတွေကို သူတို့ကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ နိုင်ငံထူထောင်ပိုင်ခွင့် အခြေအနေတွေဖြစ်ပေါ် လာစေမယ့် အစီအစဉ်တွေ စတင်ဖော်ဆောင်နိုင်ဖို့ စွမ်းဆောင်နိုင်မှုအားလုံးကို အသုံးချသင့်တယ်” ဟု ‘ဘာနီဆန်းဒါးစ်’ က ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် ဂါဇာတွင် ဖြစ်ပေါ်နေသော ရက်စက်မိုက်မဲသည့် ပြစ်မှုများသည် အရှေ့ပလယ်ပိုင်း ဒေသအတွင်း မျှသာ မကဘဲ ကမ္ဘာတစ်ဝှမ်းလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း ‘ဘာနီဆန်းဒါးစ်’ က သတိပေးခဲ့သည်။
“အရေးကြီးဆုံးအချက်မှာ ယခုအဖြစ်အပျက်ကို မည်သို့ သတ်မှတ်ခေါ်ဝေါ်သည်ဆိုသည့် အမည်ဝေါဟာရက အရေးမ ကြီးဘဲ၊ လက်ငင်းပြဿနာသည် အလွန် ကြောက်မက်ဖွယ် ကပ်ဘေး အဖြစ်အပျက်တစ်ခု ဦးတည်နေသည်ကို သတိပြုရန် ဖြစ်သည်။ အဓိက ဖြေရှင်းရမည့်အချက်မှာ ‘ကျွန်တော်တို့ ဘာလုပ်ကြမလဲ’ ဆိုသည်သာ အဓိက ဖြစ်သည်” ဟု ‘ဘာနီဆန်းဒါးစ်’ က မီဒီယာများအား ပြောကြားခဲ့သည်။
ကိုးကား –
(1)- ‘Israel is committing genocide in Gaza’: Bernie Sanders 17 Sep 2025 Al Jazeera
(2)- Panic in Gaza City as Israel advances on centre, ‘sandwiching’ population 18 Sep 2025 Al Jazeera
(3)- Rep. Becca Balint: I believe Israel is committing a genocide in Gaza, By Rep. Becca Balint 17 Sept.2025
(4)- အစ္စရေး – ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံ ပေါ်ထွန်းရေးမူ ဆိုတာဘာလဲ ဘီဘီစီ၊ ၁၅ စက်တင်ဘာ ၂၀၂၅။
(5) – Gaza City မြို့မှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ်အပေါ် တစ်ကမ္ဘာလုံးက ရှုတ်ချနေ စက်တင်ဘာလ ၁၇ NHK

