The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁)

Share မယ်

အာဖရိကတိုက်ရဲ့ ပလ္လင်ပေါ်က သက်တမ်းရင့် ခေါင်းဆောင်များ

ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ဒီကို မလာတာကြာပေ့ါ။ ဘာ အလုပ်တွေ ရှုပ်နေလို့ ပျောက်နေတာလဲဗျ။

ဦးတိုး – ဒီလို ကိုမိုးရေ။ အိမ်မှာ သားတို့ မိသားစု တစ်သိုက်က ကျွန်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ကို သီတင်းကျွတ် လာကန်တော့ရင်း အိမ်မှာ သောင်တင်နေတာဗျ။ မြေးလေးတွေလည်း ပါလာတော့ သူတို့မိသားစု နဲ့ပဲ အလုပ်ရှုပ်နေတာ။ မနေ့ကတော့ ပြန်သွားကြပြီ။ အခုမှပဲ ကျွန်တော်လည်း ကိုယ်ပိုင်အချိန် လေးတွေ ပြန်ရတော့တယ်။

ဦးမိုး – အေးပါဗျာ ကောင်းပါတယ်။ ခင်ဗျားကတော့ သားနဲ့ မြေးတွေနဲ့ သိုက်သိုက် ဝန်းဝန်း ဆိုတော့။ ကျုပ်ကိုတောင် တပည့် သားမြေးများက လာကန်တော့မလို့ ဆရာရှိလားဆိုပြီး ဖုန်းလှမ်းဆက် မေးသေးတယ်။ အရာရာ ရှားပါးနေတဲ့ ခေတ်မို့လို့ မလာပါနဲ့ ဆရာ့ကို အဝေးက သတိရတာနဲ့တင် ကျေနပ်ပါတယ်လို့ ပြန်ပြောလိုက်ရတယ်။

ဦးတိုး – အင်း…. ဒါလဲ တစ်မျိုး ကောင်းတာပဲ။ ထားပါတော့ဗျာ။ ကျွန်တော်မလာတဲ့ ရက်တွေမှာ ဘာတွေ ထူးခြား သေးလဲဗျ။ ကျွန်တော်တော့ ကြိုးကြားကြိုးကြားတော့ ထူးခြားတဲ့ သတင်းလေးတွေ ကြည့်မိ ဖတ်မိပါတယ်။ 

ဦးမိုး – မထူးပါဘူးဗျာ။ ဒုံရင်းက ဒုံရင်းပါပဲ။ ထုံးစံအတိုင်း ကျုပ်တို့ မိတ်ဆွေကြီး ထရမ့်ကတော့ တစ်ယောက်တည်း နဲ့ကို ကမ္ဘာကိုရော သူ့နိုင်ငံအတွင်းမှာရော ပတ်ရမ်းနေလေရဲ့ ခင်ဗျားလည်း သိပြီးသားနေမှာပါ။ အခုလည်း ကပွဲရုံ ဆောက်မလို့ဆိုပြီး အိမ်ဖြူတော် အရှေ့ဘက် အဆောက်အအုံ အဟောင်းကြီးကို ဖျက်ချနေဗျာ နှမြောစရာ။ ဇူလိုင်လတုန်းက ရှေးဟောင်း လက်ရာမို့လို့ လက်ဖျားနဲ့တောင် မတို့ဘူးလို့ သူပြောခဲ့တာ အခုတော့ လက်ဖျားနဲ့တော့ မတို့ပါဘူး၊ ခုတော့ ဘက်ဟိုးကြီးနဲ့ ထိုးချလိုက်တာ ကုန်ပါရောလားဗျ။

ဦးတိုး – အေးဗျ။ ခက်သားလား။ သူက လက်ညှိုးညွှန်ရာ ရေဖြစ်ချင်တဲ့သူ ဖြစ်ချင်လို့ ဒီနေရာကို ရောက်အောင် လာခဲ့ တာလေ။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးကို သက်ဦးဆံပိုင် ဘုရင် စနစ် သွတ်သွင်းချင်နေတာလားလည်း မသိပါဘူး။

ဦးမိုး – ဟုတ်တယ် ဟုတ်တယ်။ ဒါကြောင့်မို့ထင်တယ်။ မကြာသေးခင်က အမေရိကန် လူမျိုး ခုနစ်သန်းလောက် လမ်းပေါ်ထွက်ပြီး “ဘုရင်အလိုမရှိ” ဆိုပြီး ဆန္ဒပြကြတာကို အေအိုင်ကို သုံးပြီးဆိုလား ဘုရင့် သရဖူ ဆောင်းထားတဲ့ ထရမ့်က တိုက်လေယာဥ်ကို ကိုယ်တိုင်မောင်းပြီး အဲဒီ ဆန္ဒပြနေတဲ့ လူတွေအပေါ် မစင်တွေကြဲချတဲ့ ဗီဒီယို ကလစ် တစ်ခုကို လူမှု ကွန်ရက်မှာ တင်ခဲ့သေးတယ်။ ခက်တယ်ဗျာ။ ကျွန်တော် မှတ်မိသလောက် သူ့လောက် သဘောထား သေးသိမ်တဲ့ အမေရိကန် သမ္မတ မမြင်ဖူးခဲ့ပါဘူး။

ဦးတိုး – အေးဗျ။ အစဥ်အဆက်မှာ ကမ္ဘာကြီးက မော့ကြည့်ခဲ့ရတဲ့ ဒီမိုကရေစီ ဘိုးတော်ကြီး အမေရိကန်နိုင်ငံမှာ ဒီလောက်တောင် ဖြစ်ပျက်နေမှတော့ သူ့ကိုကြည့်ပြီး ပြိုင်ဘက်တွေက သူ့လို လိုက်လုပ်ကြတာ မနည်းပဲ။ ရုရှားက ပူတင်ကစလို့ တူရကီက အာဒိုဂန်အဆုံး သူတို့ အာဏာ ဘယ်လို တန်ခိုးထွားကြောင်း ပြချင်နေကြတယ်လေ။ ကြောင်မရှိ ကြွက်ထလို့ ပြောရင် ရမလားပဲ။ ဥရောပခြမ်းမှာလည်း မဲပေးတဲ့ ပြည်သူတွေက လမ်းရိုးအတိုင်း သွားနေသူတွေကို အားမရကြတော့ဘဲ ပါးစပ်က မစားရ ဝခမန်းပြောပြီး ကတိတွေ စွတ်ပေးနေတဲ့ အာဏာရှင် လက်သစ်တွေကို ပိုပြီး လူကြိုက်များလာတာတွေက ငြင်းမရတဲ့ ပြောင်းလဲမှုတွေပဲဗျ။

ဦးမိုး – ဟုတ်လား ကိုတိုးရ။ လင်းပါဦး။ အဲလောက်တောင် ဖြစ်ကုန်ကြပြီလား။

ဦးတိုး – ဟုတ်ပါရော ကိုမိုးရာ။ အဲဒီမှာတင် ဘယ်ကလဲ။ အခုဆို တရုတ်တို့ ဗီယက်နမ်တို့ဆိုရင်လည်း စနစ်တစ်ခုကို ကျကျနန တည်ဆောက်ထားရာကနေ အခုဆိုရင် လူတစ်ဦး တစ်ယောက်ရဲ့ သဘောနဲ့ အာဏာကို ချုပ်ကိုင်လာတာ စနစ်ကို နောက်မှာချန်ထားခဲ့တာ ခင်ဗျား အမြင်ပဲ မဟုတ်လား။

ဦးမိုး – အင်း ဟုတ်တယ်ဗျ။ ကျွန်တော်လည်း သတိထားမိတယ်။

ဦးတိုး – အရှင်းဆုံး အမြင်သာဆုံး ဥပမာတစ်ခု ခင်ဗျားကို ပြမယ်ဗျာ။ အာဖရိကကို ပဲကြည့်။ သန်မာတဲ့လူတွေကပဲ အာဖရိက နိုင်ငံတွေကို အုပ်စိုးနိုင်တယ်ဆိုတဲ့ အယူအဆ အသစ်တစ်ခု ပေါ်နေပြီဗျ။ စစ်အေးကာလအပြီး ၁၉၉၀ နှစ် ကာလတစ်ဝိုက်မှာ အာဖရိက နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးခဲ့ကြတယ်။ ရွေးကောက်ပွဲကို ပုံမှန် ဘယ်နှနှစ်မှာ တစ်ခါ ကျင်းပမယ်။ ဒီမိုကရေစီ ကျင့်စဥ်တွေက ဘယ်သို့ ဘယ်ပုံထားမယ် အစရှိသဖြင့် စီစဥ် ရေးဆွဲခဲ့ကြတယ်။ စိတ်မကောင်းစရာက အဲဒီလို ဒီမိုကရေစီ ရွှေရောင်နှစ်များက သိပ်ကြာကြာမခံလိုက်ဘူးဗျ။

ဦးမိုး – ခင်ဗျား ဘယ်လို သိတာလဲ။ ကျွန်တော်ဖြင့် အနောက်ဘက်ကိုပဲ တောက်လျှောက် စောင့်ကြည့်နေတော့ အာဖရိက ဘက်က ကိစ္စတွေ သိပ်မသိဘူးဖြစ်နေတယ်။ စိတ်ဝင်စားလာပြီ။ ဆက်ပါဦး။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ခေါင်းဆောင် ၁၃ ယောက် (graphic: Statista)

ဦးတိုး – ဟိုဖတ် ဒီဖတ် ဖတ်ရင်း စုဆောင်း ရတာပေါ့ဗျာ။ ဒီလိုဗျ မကြာခင် အာဖရိကမှာ အာဏာကို နှစ်ပေါင်းများစွာ စွဲကိုင်ထားကြတဲ့ ပုဂ္ဂိုလ်များက ဦးဆောင်ပြီး ရွေးကောက်ပွဲတွေ ကျင်းပပေးတော့မယ်။ ဥပမာ ကင်မရွန်းနိုင်ငံက အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ ပေါဘီယာ1၊ ယူဂန်ဒါနိုင်ငံမှာတော့ အသက် ၈၁ နှစ်အရွယ် ယိုဝါရီ မူဆဲဗန်နီ2တဲ့။ သက်တမ်းရှည် အာဏာယူထားတဲ့ ကမ္ဘာ့ ခေါင်းဆောင် ၁၀ ယောက်မှာ ခုနစ် ယောက်က အာဖရိကတိုက်ဘက်က လို့ဆိုတယ်။ ထူးခြားတာတစ်ခုက အီကွေတိုရီယယ်လ် ဂူနီယား ခေါင်းဆောင် တီရိုဒိုရို အိဘီယန်း3ဆိုရင် အာဏာသက် ၄၆ နှစ်တောင် ရှိနေပြီတဲ့။

အီကွေတိုရီယယ်လ် ဂူနီယား ခေါင်းဆောင် အိဘီယန်း
ကင်မရွန်သမ္မတ ပေါဘီယာ
ယူဂန်ဒါသမ္မတ မူဆဲဗန်နီ

ဦးမိုး – ဟင် ဟုတ်လားဗျ။ ဒီအထဲမှာ ကျွန်တော်သိတာက ကင်မရွန်းဆိုတဲ့နိုင်ငံ တစ်ခုပဲ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ  တစ်ခါတလေ ကြည့်ဖူးလို့ ကြားဖူးတာ။ ကျန်တဲ့နိုင်ငံတွေ ရှိမှန်းတောင် မသိပါဘူး ဗျာ။ တော်တော် ဆိုးတာပဲဗျ။

ဦးတိုး – ဆိုးတယ် ဆိုးတယ် ခင်ဗျား မသိတာပဲ ကောင်းပါတယ်။ သူတို့ကိုယ့်သူတို့ လူစွမ်းကောင်းတွေလို့ သတ်မှတ်ထားတဲ့ ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ သိပ်ဆိုးတဲ့ လူတွေပါဗျာ။ သူတို့ရဲ့ ပြိုင်ဘက်တွေကို နှိပ်စက်ကလူ ပြုတယ်၊ ထောင်သွင်း အကျဥ်းချတာတွေ လုပ်တယ်၊ နိုင်ငံထဲမှာ မနေနိုင်ဘဲ တိုင်းပြည်ပြင်ပ ထွက်သွားအောင် လုပ်တယ်၊ ထွက်မသွားရင် အစဖျောက် ပစ်တာမျိုးအထိကို လုပ်တဲ့လူတွေ။ သူတို့ကို မဝေဖန်နိုင်အောင် ကန့်သတ်ချက်တွေ လုပ်ထားတယ်။ အကျင့်ပျက် လာဘ်စားမှုဆိုတာ မြင်မကောင်းဘူး လို့ပြောကြတယ်။ ဒီ လူစွမ်းကောင်းကြီးတွေကို အကာအကွယ်ပေးနေတဲ့ သူတွေကတော့ ခေါင်းဆောင်ကြီးတွေက တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေကို နာလန်မထူနိုင်အောင် နှိပ်ကွပ် အရေးယူပြီး ဆင်းရဲသား အများစု ပါဝင်တဲ့ လူ့အဖွဲ့အစည်းတွေကို ပေါင်းစပ်ပြီး လိုအပ်တဲ့ ကူညီမှုတွေ လုပ်ပေးရအောင် လို့ဆိုပြီး ဆင်ဝှေ့ရန်ရှောင် ပြောကြတယ်။ ဥပမာ ရဝမ်ဒါ သမ္မတ ပေါလ် ကာဂိမ်း4က သူ့လို လူစွမ်းကောင်း ခေါင်းဆောင်ကသာ တည်ငြိမ် အေးချမ်းမှုနဲ့ စီးပွားရေး တိုးတက်မှုကို ဖော်ဆောင်နိုင်မှာ၊ ဒါတွေက ဒီမိုကရေစီအရေး ရှုပ်ရှုပ် ထွေးထွေးတွေ ပါလာမယ်ဆိုရင် ဒါတွေ ဖြစ်မလာနိုင်ဘူးလို့ ပြောလား ပြောရဲ့ဗျာ။

ဦးမိုး – အင်း ခက်သားလား။ တစ်ဖက်က ကိစ္စတွေကို မျက်စိမှိတ် ခိုင်းထားပြီး သူတို့လုပ်တာမှ အကောင်းဆိုတော့ ဘယ်လိုလုပ် ယုံလို့ရမှာလဲ။

ဦးတိုး – ဟုတ်တယ်ဗျ ကိုမိုးရ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို တူရာ တူရာ စုကြတယ်ဆိုတာမျိုးကလဲ သတိထားရမယ်။ အခုဆိုရင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အသက် ၆၂ နှစ်အရွယ် သမ္မတ ဖီးလစ် ရှဆေကေဒီ5က သမ္မတ သက်တမ်း နှစ်နှစ်ဆိုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ ကြိုးစားနေပြီ။ အီသီယိုပီးယားက အသက် ၄၉ နှစ်အရွယ် သမ္မတ အဘီ အာမက်6က သူ့ကိုယ်သူ မက်ဆီယာလို့ပြောတယ်။ မက်ဆီယာဆိုတာ ကယ်တင်ရှင်တစ်မျိုးလို့ အဓိပ္ပာယ်ရတယ်။ ဂျူးလူမျိုးတို့အတွက် ဘုရားသခင်က စေလွှတ်လိုက်တဲ့ ထာဝရ ဘုရင်တဲ့။ ကဲ မခက်ပေးဘူးလား။

ဦးမိုး – ဟောဗျာ ဒုက္ခပါပဲ။ အာဖရိကဘက်ကို ကြည့်ရင်း ကျုပ်တော့ တဖြည်းဖြည်း လန့်လာပြီ။ ဒါဆို ကမ္ဘာကြီးရဲ့ ရှေ့ရေးက ကောင်းပါဦးမလား။ သူတို့လို လူစွမ်းကောင်း ဆိုသူတွေကပဲ အာဏာပါဝါတွေကို တောက်လျှောက်ချည်းပဲ လက်ဝါးကြီး အုပ်ထားကြတော့။

ဦးတိုး – ပြောရရင်တော့ အာဖရိက ဥပမာက ကမ္ဘာကြီးအတွက် အချက်ပေး ခေါင်းလောင်းသံပဲ။ အမှန်တကယ် ယုံကြည်ရမယ့်၊ လူထုက ချစ်မြတ်နိုးတဲ့ ခေါင်းဆောင်တွေအလှည့် တစ်ဖန် ပြန်ရောက်ဦးမှာပါ။ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ အဲဒီ အချိန်ကျရင်လည်း လူစွမ်းကောင်းတွေ ကမောက်ကမတွေ ဖြစ်ကြဦးမှာ။ ကဲ ကဲ ကျုပ်လည်း ပြန်ဦးမယ်။ လဘက်ရည်ဆိုင်မှာ လေပေါနေတာ နည်းနည်းကြာသွားပြီ။ အိမ်မှာ ကလေးတွေ ပြန်သွားကြတော့ အဘွားကြီးက ဗိုက်ဆာလို့ ကျုပ်ကို မျှော်နေရော့မယ်။ ဟေ့ ကောင်လေးရေ လက်ဘက်ရည် ပေါ့ကျတစ်ခွက်နဲ့ စမူဆာ သုံးခု ပါဆယ်လုပ်ပေးကွာ။ ဒီဝိုင်းလည်း ရှင်းမယ်။

ဦးမိုး – ကောင်းပါပြီဗျာ။ ကျုပ်လည်း ပြန်ပါဦးမယ်။ နောက်တစ်ခေါက်မှ တွေ့ကြမယ်လေ။  

မောင်လူထွန်း

ကိုးကား – Africa’s leaders-for-life offer a warning to the world, The Economist, Oct 25

  1. Paul Biya – Wikipedia ↩︎
  2. Yoweri Museveni – Wikipedia ↩︎
  3. Teodoro Obiang Nguema Mbasogo – Wikipedia ↩︎
  4. Paul Kagame – Wikipedia ↩︎
  5. Félix Tshisekedi – Wikipedia ↩︎
  6. Abiy Ahmed – Wikipedia ↩︎

Click to rate this post!
[Total: 1 Average: 5]