The Corner

The Corner

cropped-Logo_round_grey-background.png

အချစ်အလွမ်း နှစ်တစ်သန်း

Share မယ်

ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာ ဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်း နေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင် ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စု နှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲတစ်ယောက် ၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။ အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲ အတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာ ကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ် အုပ်စု အတွင်း မလုပ်ချင်သော အလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှ အသေခံ တိုက်ခိုက်ရသည်။ တောကောင် ရလာသော အခါမှာမူ လူးသာ၏ စွမ်းဆောင်ချက်များသည် ထင်ပေါ်ခြင်း မရှိတော့။ သို့ရာတွင် လူးသာ၏ ဖုထစ် ကျစ်လျစ် ခိုင်မာသော ကြံ့ခိုင်မှုကိုတော့ အသိအမှတ်ပြုရမည်။ လူမှန်း သိတတ်စကတည်းက ကြုံသလိုနေ ကြုံသလိုစား ကြုံသလိုသွားဖြင့် ဆွေမဲ့ မျိုးမဲ့ ကြီးပြင်းခဲ့ရသည်။ အုပ်စုတွင်း ဘုံကျွန်အဖြစ် ထားရာနေ စေရာသွားဖြင့် သက်သာရာလည်း မရ၊ မျက်နှာလည်း မလှခဲ့ပေ။ အရွယ်ရောက်လာတော့ထွားထွားမားမား ကြံ့ကြံ့ခိုင်ခိုင် ခန္ဓာကိုယ်ပိုင်ရှင်မို့ အုပ်စုတွင်းမှာ ထင်ရှားစ ပြုလာသည်။

 အားလုံးကို အလျှော့ပေးဆက်ဆံတတ်သဖြင့် လူချစ်လူခင်များလာသည်။ သို့ရာတွင် အခိုင်းစေခံ၊ အနှိမ်ခံအဖြစ် တန်းနိမ့် ဆက်ဆံရေးအသွင် သာရှိသေးသည်။ အရွယ်လေးရလာတော့ လူးသာ လက်ရှိဘဝကို မကျေ နပ်ချင်တော့။ အပင်ပန်းဆုံး လုပ်ရသူက မဝရေစာ စားသောက်နေရသည်။ ကြံ့ခိုင်မှု ကိုယ်ရည်ကိုယ်သွေးလေးရှိလာတော့ အုပ်စုအတွင်း အနှိမ်ခံဘဝကို ငြီးငွေ့ လာသည်။ သို့ရာတွင် ထိုအုပ်စုကို လူးသာ စွန့်ခွာမသွားနိုင်ခဲ့။ ထိုအုပ်စုကို ခင်တွယ်လွန်း၍တော့မဟုတ်။

တောင်ကမ်းပါးယံကြားတွင် ကွေ့ဝိုက်စီးဆင်းနေသော ရေကြည်ချောင်း အတွင်း ငါးမျိုးစုံတို့ မြူးထူးနေကြသည်။ တောင်ကျရေ ဆင်းလေးတွင် လူးသာ ငါးထောင်ခြောက်ဆင်ထားခဲ့သည်။ ကျောက်တုံးကြီးကြီး လေးငါးဆယ်လုံးခန့် ကို ရေဆင်းနေရာတွင် ပိတ်ဆို့ထားခဲ့သည်။ ရေစီးနှင့်အတူ စုန်လာသော ငါးများ၊ သူပိတ်ဆို့ထားသည့် ကျောက်တုံးကြားမှ ဖြတ်သွား၍မရသောအခါ ကျောက်တုံးကို ခုန်ပျံကျော်လွှား၍ စုန်ဆင်းလေ့ရှိသည်။ ထိုအချိန်တွင် လူးသာသည် တောင်ကျချောင်း အောက်ခြေ ကမ်းပါးမှ စောင့်၍ ခုန်ပျံလာသော ငါးများကို တုတ်ဖြင့် လွယ်လင့်တကူရိုက်ကာ ဖမ်းယူသည်။ ဤသို့ဖြင့် လူးသာ ၏ ငါးဖမ်းစွမ်းရည်သည် လူးသာတို့အုပ်စုအတွင်းမှ ကျောက်လှံဖြင့် ထိုးခုတ် ဖမ်းဆီးသည့် အရေအတွက်ထက် အဆမတန် ကျော်လွန်နေခြင်းဖြစ်သည်။ ထိုနည်းကို ငါးဖမ်းသွားရင်း အမှတ်မထင်တွေ့မြင်ရာမှ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး သူတစ်ဦးတည်း ကျိတ်၍ ကြံစည် လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။

လူးသာချောင်းအထက်မှ ခုန်ပျံကျော်လွှားလာမည့် ငါးကို ရိုက်ဖို့ချောင်းနေတုန်း သူ့နောက်က ခေါ်သံကြား၍လန့်သွားသည်။ သူ့ လျှို့ဝှက်ချက်ပေါ်ပေါက် သွားလျှင် သူ၏ငါးဖမ်းစွမ်းရည်ကို အထင်ကြီးလေးစားသူများလျော့ပါးသွားမည်။ လှည့်ကြည့်တော့ မိနွေး။ သူပျော်သွားသည်။မိနွေးသည် လူးသာတို့အုပ်စုအတွင်းမှ အကြီးအကဲ၏သမီးဖြစ်သည်။ လူးသာနှင့် ဘဝချင်းတော့ ခြားလှပါသည်။ မိနွေးက အုပ်စုတွင်းတွင် အခွင့်အ ရေးအများဆုံးရသူ။ သူက အခွင့်အရေးအနည်းဆုံးရသူ။ မိနွေးက အလေးပေး အဆက်ဆံ အခံရဆုံးသူ။ သူကတော့ မတူသလိုမတန်သလို ဆက်ဆံခံ ရသူ။ အုပ်စုတွင်းတွင် မိနွေးက မသိလိုက် မသိဘာသာ နေသော်လည်း အုပ်စု ပြင်ပရောက်လျှင် လူးသာကို ထူးထူးခြားခြား အလေးပေးဆက်ဆံတတ်သည်။

နေပူဖြင့် လောင်မြိုက်နေသော ကျောက်တုံးပေါ်တွင် ငါးကြီးကြီးတစ် ကောင်ကို ယောက်သွားခွံကြီးကြီးဖြင့် ရင်ခွဲကာ လှန်းထားသည်။ အတော်ပဲ မိနွေးကို သူကျွေးရမည်။ မပုပ်မသိုးအောင် စားမကောင်းသည့် ငါးဝမ်းတွင်း ကလီစာတွေကို ဖယ် ထုတ်ကာ နေပူကျောက်တုံးပေါ် လှန်းထားပါက စား၍ ပိုကောင်းကြောင်း လူးသာ အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျောက်တုံးပူပူ နေပူပူကြောင့် ငါးကြီး၏အသားရောင်မှာ နီရဲ၍နေ သည်။ အရိုးမပါအောင် အသားချည်း ယောက်သွား ဖြင့်ထွင်ကာ မိနွေးကို ကျွေးသည်။

 “မိနွေး ဗိုက်ဝနေပြီ။ လူးသာပဲ စားပါ။ ဟိုမှာ စိုင်တစ်ကောင်ရလာလို့ စားခဲ့တယ်။ လူးသာမစားရဘဲ နေမှာစိုးလို့ လိုက်ရှာနေတာ’

 “တော်ပါပြီဟာ။ မစားချင်တော့ပါဘူး။ ပြီးတော့ အုပ်စုနဲ့ အမဲလိုက်တာ တို့ ဘာတို့ မလုပ်ချင်တော့ပါဘူး။ ကိုယ်က အပင်ပန်းဆုံး လုပ်ရတာ။ စားရ တော့ အရိုးအရင်း အကြွင်းအကျန်တွေ ၊ ဒီမှာ အုပ်စုအတွက် စားဖို့လုံ လောက်အောင် ငါးတွေ ငါရှာပေးမယ်။ ငါလည်း ကြိုက်သလောက် စားလို့ရ တယ်။ မိနွေးစားကြည့်၊ ဒီလိုငါးမျိုးက အတော်စားလို့ ကောင်းတာဟ”

သူထွင်ပေးသည့် ငါးတစ်တုံးကို မိနွေးက ယူစားသည်။

 “ဟာ . . . သိပ်တော်တာပဲ။ လူးသာ မင်းသိပ်တော်တယ်။ တို့အဖွဲ့က လည်းကွာ မင်းဆိုဘယ်တော့မှ အကောင်းမမြင်ဘူး။ ငါရေချိုးချင်တယ်။ ရေချိုးပြီးမှ စားမယ်”

 “နေဦး. ငါးတွေလည်း တော်တော်ရနေပါပြီ။ ငါ ကျောက်တုံး အတားအဆီးတွေ ဖယ်လိုက်ဦးမယ်။ ငါလည်း ရေချိုးချင်တယ်”

တောင်ကျချောင်းထိပ်သို့ လူးသာ လွှားခနဲပြေးတက်သွားသည်။ လူသုံး ယောက် ဖယ်ရှားမှရမည့်ကျောက်တုံးများကို သူတစ်ယောက်တည်း အားနှင့် မာန်နှင့် တွန်းလှိမ့်ဖယ်ရှားနေသည်။ တောင်ကျချောင်းထိပ်မှ လူးသာ၏ လှုပ်ရှားမှုများကို မိနွေး အားကျစိတ်ဖြင့် ငေးကြည့်နေမိသည်။

လူးသာပြန်ရောက်တော့ ရေကြည်အိုင်တွင် ငါးလေးတစ်ကောင်လို ကူးခပ်နေသည့် မိနွေးကိုတွေ့ရသည်။ လူးသာလည်း ရေကြည်အိုင်ထဲ ခုန်ဆင်းလိုက်သည်။ မိနွေး၏မျက်နှာ ရေစင်သွားသဖြင့် လူးသာ၏ပခုံးကို လှမ်းထု ရင်း တစ်ခစ်ခစ် ရယ်မောနေသည်။ ဘာကြောင့်ရယ်မသိ။ လူးသာ၏ပခုံးကို ခိုစီးကာ ဆော့ကစားချင်သည်။ ဘယ်တုန်းကမှ ခုလိုနီးနီးကပ်ကပ် နေခွင့် မရသော ဖိုစိတ်မစိတ်၏ လှုံ့ဆော်မှုကြောင့် ရင်ခုန်နွေးမြ ကြက်သီးထမိသည်။ အဖက်မတန်သလို ဆက်ဆံမှုများကြောင့် အားလုံးကို မျက်မွေးထော် မော်မ ကြည့်ရဲသော လူးသာသည် မိနွေးကို ရင်ခွင်ထဲ ထွေးပိုက် ထားမိသည်အထိအတင့်ရဲလာသည်။

မေတ္တာရေကြည်စမ်းဝယ် ချစ်စရာနေခြည်ဖျန်းလျက်ပင် ရှိပါတော့သည်။

*****************

မိနွေးပြန်သွားပြီး တအောင့်ကြာတော့မှ နွယ်ကြိုးဖြင့်သီလာသော ငါးတွဲများကို လူးသာ ပခုံးနှစ်ဖက်တွင် ချိတ်တွဲ၍ တစ်ဖုံ၊ လက်တစ်ဖက် တစ်ချက်စီတွင် ဆွဲ၍တစ်နည်းယူလာခဲ့သည်။ အုပ်စုတွင်းတွင် ပျော်ပွဲကြီး ကျင်းပနေသည်ကို အဝေးကပင် ကြားရသည်။ စိုင်တို့ဆတ်တို့ရလာလျှင် ခုလိုပဲ ပျော်ပျော်ပါးပါး စားကြသောက်ကြသည်။

သူ ရောက်သွားချိန်တွင် သူ့ကိုကြိုဆိုမည့်သူမရှိ။ သူ့နည်းတူ သူ့ငါးတွဲ များကိုလည်း စိတ်မဝင်စား။ စိုင်သားစားရမှတော့ ငါး ဘာလုပ်ဖို့လဲ။ အကြီး အကဲရှေ့မှောက်သို့ ငါးတွဲများကိုဆက်သသည်။ အကြီးအကဲက အကောင်း ဆုံးငါးကို ရွေးချယ် ပေးဖို့ ပြောသည်။ မိနွေးနှင့် တောင်ကျချောင်းတွင် စားခဲ့ သောငါးမျိုးကို ရွေးချယ်၍ ပေးသည်။ အကြီးအကဲဖြစ်သူက စိုင်အသည်း တုံးကို ဆက်မစားတော့ဘဲ သမီး မိနွေးကိုပေးသည်။ မိနွေးက မသိလိုက် မသိဘာသာ သူ့ကို အဖက်မတန်သလို မကြည့်ဘဲ နေသည်ကို မြင်တွေ့ရ သည်။ အကြီးအကဲက ငါးကို စားကြည့်သည်။

 “ဟောဒီလို အသားလေးတွေ ရဲနေအောင် ဘာလုပ်ထားတာလဲ”ဟု အကြီးအကဲက မေးသဖြင့် “နေလှန်းထားတာပါ”ဟု ဖြေသည်။

 “စားလို့တစ်မျိုးကောင်းတယ်။ မင်း ငါးပဲ ဆက်ရှာ။ ဟောဒီလို ရဲနေ အောင်လုပ် ။ ဟေ့ကောင်တွေ မင်းတို့ ဟောဒီ ငါးတွေ စားကြည့်ကြစမ်း’

သူတို့အုပ်စုက မများလှပါ။ ကလေးတွေဖယ်ထားလျှင် ယောက်ျားမိန်းမ သုံးဆယ်ကျော် လေးဆယ်လောက်သာရှိသည်။ အကြီးအကဲသည် ဘယ်မိန်းမမဆို ကြိုက်သလိုယူခွင့်ရှိသည်။ မိနွေး၏ မပြုမပြင် ပင်ကိုအလှ၊ ကြော့ရှင်းပြေပြစ်မှုကို လူးသာ မရဲတရဲကြည့်မိသည်။ မိနွေးနှင့်လူးသာတို့ ရေကြည်အိုင်ထဲတွင် ချစ်ရည်လူးခဲ့ ကြည်နူးခဲ့ သည်များကို မြင်တွေ့ သွားသူများ ရှိလေမလားဟုတွေးရင်း ထိတ်လန့်မိသည်။ သည်ကိစ္စ ပေါ်ပေါက်လျှင် သူ့အတွက် အသက်ရှင်စရာလမ်းမမြင်။

 “ငါ အသက်ကြီးပြီ။ ငါအချစ်ဆုံးသမီးလေးလည်း အရွယ်ရောက်လာပြီ။ နားထောင်ကြစမ်း။ မင်းတို့ယောက်ျားကောင်း ဟုတ်မဟုတ် စမ်းသပ်မယ်။ စွမ်းရည်အပြည့်ဝဆုံး ယောက်ျားကို ငါ့သမီးမိနွေးနဲ့အတူ နေခွင့်ပေးမယ်”

အုပ်စုတွင်း ယောက်ျားများက တစ်ယောက်တစ်ခွန်းပြောရင်း ဆူဆူ ညံညံတွေဖြစ်လာသည်။ လူးသာတစ်ယောက်သာ မိနွေးကို စွန့်လွှတ်ရတော့ မှာပါလားဟုတွေးရင်း ငြိမ်သက်နေမိသည်။ တကယ်တော့ အုပ်စုတွင်းက ယောက်ျားတိုင်း မိနွေးကို မကြိုက်သူမရှိ။ အကြီးအကဲ၏ အရှိန်အဝါကြောင့် သာ မိနွေးကို လက်ဖျားနှင့်ယောင်မှား၍ပင် မတို့ရဲဖြစ်နေကြသည်။

 “ဘယ်လိုစွမ်းရည် ပြရမှာလဲဆိုတာ ရှင်းပြပေးပါ”

လားသောင်က ပြောသည်။ လားသောင်သည် အုပ်စုတွင်းတွင် အလားအလာ အကောင်းဆုံးဖြစ်သည်။

 “မင်းတို့နက်ဖြန် အမဲလိုက်ထွက်ကြရမယ်။ ကျားတို့ ၊ ကျားသစ်တို့လို ကောင်တွေကို ဖမ်းလာနိုင်တဲ့သူ မိနွေးကိုယူ။ အုပ်စုတွင်းမှာ ငါနဲ့တွဲပြီး အကြီး အကဲလုပ်”

အားလုံးငြိမ်သက်သွားကြသည်။ ကျားတစ်ကောင်ကို ဖမ်းဖို့ဆိုတာမလွယ်။ လူအုပ်စုနဲ့ ဖမ်းတာတောင် မရသည်ကများသည်။ တစ်ယောက်ချင်းဖမ်းဖို့များ ယောင်မှား၍ပင် မစဉ်းစားလေနဲ့။ မိနွေးကို လိုချင်သူတွေများသော်လည်း ကျားဖမ်းချင်သူ ရှိမည်မဟုတ်။

 “ကျားမဟုတ်ဘဲ တခြားတောကောင်တွေကို ဖမ်းရင်ကော”

တစ်ဦးက စောဒကတက်ကြည့်သည်။

 “တခြားတောကောင်တွေကို ဖမ်းရနိုင်ရုံနဲ့ ယောက်ျားကောင်း ဟုတ်မဟုတ် အကဲခတ်လို့မရဘူး။ ကျားကိုဖမ်းနိုင်မှ စွမ်းရည်ရှိသူလို့ သတ်မှတ်နိုင်မယ်”

အားလုံးငိုင်သွားကြသည်။ မိနွေးကို လိုချင်သူတွေအားလုံး ကျားဖမ်းဖို့ ကိစ္စ မတွေးရဲကြ။ ကျားက သူတို့လိုပဲ မုဆိုးဖြစ်သည်။ သူတို့အမဲလိုက်သလို ကျားကလည်း အမဲလိုက်သည်။ သူတို့က ဉာဏ်ရည်သာတာလေးပဲရှိသည်။ ကျားက ပြေးလည်းပြေးနိုင်သည်။ ခုန်လည်း ခုန်နိုင်သည်။ ကိုက်လည်းကိုက်နိုင်သည်။ ကုတ်လည်းကုတ်နိုင်သည်။ ပြေးခြင်း၊ ခုန်ခြင်း၊ ကိုက်ခြင်း၊ ကုတ်ခြင်းတို့နှင့်ပတ်သက်၍ ကျားကိုမယှဉ်နိုင်။

 “ကျားကို ဘယ်သူမဆို ဖမ်းနိုင်သလား”

 “အေး ဖမ်းနိုင်တယ် လားသောင်”

 “ဒါဆို လူးသာလည်း ဖမ်းခွင့်ရှိတာပေါ့”

အားလုံး တိတ်ဆိတ်သွားကြသည်။ လူးသာက သည်အုပ်စုထဲမှာ ကျား ကို ဖမ်းနိုင်မည့်တစ်ဦးတည်းသော ယောက်ျား။ သို့ရာတွင် အုပ်စုတွင်းမှာ အပယ်ခံ။ အုပ်စုအကြီးအကဲအဖြစ် နေရာပေးရမှာရော ၊ မိနွေးအတွက်ပါ အားလုံး မကျေမနပ် ဖြစ်သွားကြသည်။

‘လူးသာကို ကျားဖမ်းခွင့် မပေးနိုင်ဘူး။ ငါးဖမ်းဖို့ စောစောကတည်းက ပြောထားတယ်လေ”

အကြီးအကဲက ပြတ်ပြတ်သားသား အမိန့်ချမှတ်သည်။ အားလုံးက အကြီးအကဲစကားကို ကျေနပ်သွားကြသော်လည်း ကျားဖမ်းမည့်အရေး စိတ်မအေးနိုင်ကြ။ လူးသာအဖို့မှာမူ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အစဉ်အမြဲမရှိ။ ရွေးချယ်ပိုင်ခွင့်လည်းမရှိ။ ကြားနေကျစကားနှင့် ယဉ်ပါးနေကျ ဝေါဟာရများ နှယ် ခံစားချက်ကင်းမဲ့စွာ နားထောင်နေသည်။

 “လူးသာကိုလည်း ကျားဖမ်းခွင့် ပေးသင့်ပါတယ်”

လားသောင်က လူးသာကို မကြုံဖူးမြဲ ထူးကဲစွာ အဆိုပြုလာသည်ကို တစ်အုပ်စုလုံးက လူးသာပါမကျန် အံ့ဩသွားကြသည်။ လားသောင် အံ့ဩ လောက်အောင် ပြောင်းလဲနေပြီ။

 “ဒါဆို ဒီလိုလုပ်။ လူးသာကိုလည်း ကျားဖမ်းခွင့်ပေးမယ်။ ဒါပေမဲ့ အားလုံးကို မနက်ခင်းကစပြီး အမဲလိုက်ခွင့်ပေးမယ်။ လူးသာက နေ့လယ် လောက်မှ အမဲစလိုက်ရမယ်။ ကျားရတာချင်းတူရင် လူးသာနောက်ဆုတ်ပေးရမယ်။ လူးသာ တစ်ယောက်တည်း ကျားရလာရင် မိနွေးကိုတော့ ယူနိုင်တယ်။ အကြီးအကဲတော့ လုပ်ခွင့်မပေးဘူး။ ဒါပေမဲ့ အုပ်စုတွင်းက လူတွေနဲ့ တန်းတူ အခွင့်အရေးပေးမယ်’

လူးသာ ပျော်သွားသည်။ သည်လိုအခွင့်အရေးမျိုးက လူးသာအတွက် မမျှော်မှန်းနိုင်သော ဧရာမ အခွင့်အရေးကြီး ဖြစ်သည်။ မိနွေးကို ရဲရဲတင်းတင်း လှမ်းကြည့်သည်။ အကြည့်ချင်းဆုံ ရင်တွေခုန်မိသည်။

နောက်တစ်နေ့ နေ့လယ်လောက်မှ လူးသာအမဲလိုက်ခွင့်ရသည်။ တစ် မနက်ခင်းလုံး လူနှစ်ဆယ်၊ အစိတ်လောက် ကိုယ့်သဘော နှင့်ကိုယ် အရပ်ရှစ် မျက်နှာနေရာအနှံ့အပြား မွှေနှောက်ချောက်ချားပြီးကာမှ ကျားရဖို့က မလွယ်ကူတော့ပါ။ ကျား၏ပရိယာယ်ကို သူတို့တစ်တွေ နားမလည်နိုင်ပါ။ လူးသာ ၏ သိစိတ်အလျဉ်တွင် ကျားတို့သဘောကို တွေးတောနေမိသည်။

ကျားတို့သည် လူတို့ကိုတော့ သာမန်အချိန်များတွင် ဒုက္ခပေးလေ့မရှိပါ။ ကျားတို့ကို ဒုက္ခပေးလျှင်သာ မလွှဲမရှောင်သာ ခုခံတိုက်ခိုက်သတ်ဖြတ်လေ့ ရှိသည်။ အလစ်အငိုက်သာမခံရလျှင် ကျား၏ရန်ကို ကာကွယ်နိုင်ပါသည်။ ကျားထက် လူက ဉာဏ်သာပါသည်။ ကျားအိုကျားမင်းများသာ သားကောင် မဖမ်းဆီးနိုင်တော့သဖြင့် လူကိုရန်ရှာတတ်ပါသည်။ ထိုကျားအို ကျားမင်းမှာ လူတို့လက်ချက်ဖြင့် သေရသည်ကများပါသည်။

ယခင်နှစ်များက ကျားအိုကျားမင်း အတော်များများကို လူးသာတို့အုပ်စု သတ်ဖြတ်လိုက်ကြသဖြင့် ယခုအချိန်တွင် မရှိသလောက် ရှားနေသည်။ လူးသာ သူ့ပေါင်ကို ပုတ်လိုက်သည်။ ကျားရှိမည့်နေရာကို သူသိလိုက်ပြီ။အုပ်စုတွင်းတွင် မနေချင်သဖြင့် တောအနှံ့ တောင်အနှံ့ သားကောင်ရှာ ရန်အကြောင်းပြကာ လူးသာ လျှောက်သွားနေခဲ့သည်။ ကျောက်ကမ်းပါးဂူ လေးတစ်ဂူတွင် ကျားပေါက် ကလေး သုံးကောင်ကိုသူတွေ့ခဲ့သည်။ ထိုနေရာ ကို သူမှတ်မိနေသည်။ ဘယ်သူ့ကိုမျှ မပြောပြခဲ့ဖူးသဖြင့် ဘယ်သူမျှ သိနိုင် လိမ့်မည်မဟုတ်။ ကျားပေါက်လေးတွေ၏အမေသည် အစာရှာထွက်ပြီး ချိန်တွင် ကျားပေါက်လေးတွေဆီလာမည်မှာ သေချာနေသည်။

ကျောက်ကမ်းပါး ဂူလေးရှိရာ လူးသာဦးတည်၍ လာခဲ့သည်။ ထိုနေရာ ကို မည်သူမျှမသိသဖြင့် လမ်းတွင်မည်သူ့ကိုမျှ မတွေ့ရပေ။ ကျောက်ဂူဝတွင် ကျားပေါက်လေးတွေကို မတွေ့ရ။ တစ်တောလုံး တောခြောက်ခံရသဖြင့် ကျားမကြီး ပြန်ချိန်မတန်ဘဲ ပြန်ရောက်နေပြီထင်သည်။ ရန်သူ၏အနံ့အသက် ကိုရလျှင် ကျားမကြီး ခုခံတိုက်ခိုက်ရန် ချောင်းမြောင်း နေမည်မှာ သေချာ သည်။ လူးသာ လေညာက အသေအချာ ရပ်ကြည့်နေခြင်းဖြစ်သည်။

လူးသာ တွက်ကိန်းမှန်သည်။ ကျားမကြီး၏ဟိန်းဟောက်သံ ကျောက်ဂူဝ မှ လျှံထွက်လာသည်။ လူးသာက အနီးရှိသစ်ပင်ပေါ် မျောက်တစ်ကောင်နီးနီး ကျွမ်းကျင်စွာ တက်လိုက်သည်။ မရှေးမနှောင်းမှာပင် ကျားမကြီးကျောက်ဂူဝမှ လူးသာရှိရာ သစ်ပင်ခြေရင်းဆီ ကျွမ်းတစ်ပတ်ပစ်ရင်း ရောက်လာသည်။ လူးသာ သစ်ပင်တက်မမြန်လျှင် ကျားမကြီး၏ လက်တွင်းသို့ သက်ဆင်းရမည် မှာ သေချာသည်။ သားသမီးဇောဖြင့် ကျားမကြီးသည် လူးသာကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်ကာ မာန်ဖီနေသည်။ လူးသာရှိရာ ဒေါသတကြီး ခုန်၍ ဆွဲရန်အားထုတ်သည်။ အံမယ် . လူးသာရှိသည့် သစ်ကိုင်းအောက် နှစ်တောင်သာသာခန့်ထိ ရောက်အောင်ခုန်နိုင်ပါရောလား။ လူးသာက ကျားမကြီး စိတ်ဆိုးစေရန် သစ်ကိုင်းခြောက်ချိုး၍ လှမ်းပေါက်သည်။ သစ်ကိုင်း ခြောက်ထိမိတိုင်း ကျားမကြီးသည် လူးသာကို ခုန်၍ခုန်၍ ရန်မူသည်။

လူးသာ ကျားမကြီးမောစေရန် ဉာဏ်ကူ၍ နည်းမျိုးစုံဖြင့် ဒုက္ခပေးသည်။ ကျားမကြီးလည်း သားသမီးဇောဖြင့် မမောနိုင်မပန်းနိုင် ရန်မူသည်။ ခုန်၍ လှမ်းဆွဲသည်။ ကြာလာတော့ ကျားမကြီးမောပြီ။ လူးသာကဘေးတွင်ချထား သော ကျောက်ဓားကို ကျစ်ကျစ် ပါအောင် ဆွဲကိုင်လိုက်သည်။ ကျားမကြီးက လည်း လူးသာ၏ လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်းစောင့်ကြည့်သည်။ သည် တစ်ကြိမ် အပိုင်လှမ်း၍ ခုန်ဆွဲနိုင်ရန် မာန်ဝင့်၍ဟန်ပြင်လိုက်သည်။

လူးသာက ကျားမကြီး . . . ခုန်၍ မီနိုင်လောက်သော အောက်ဆင့် သစ်ကိုင်းဆီ ဆင်းလိုက်သည်။ ခါတိုင်းဆို ထိုသစ်ကိုင်းလောက် ကိုတော့ အသာလေးခုန်၍ မီနိုင်သည်။ ကျားမကြီးသည် လူးသာရှိရာ သစ်ကိုင်းဆီ ရုတ်တရက် လျှပ်တစ်ပြက်ခုန်ဆွဲလာသည်။ ခုန်လာသောအရှိန်နှင့် လူးသာ အားရှိပါးရှိ ခုတ်ရိုက်သော ကျောက်ဓား၏အရှိန်တို့ ပေါင်းစပ်ကာ ကျားမကြီး ကိုးရိုးကားရား ရုပ်ပျက်ဆင်းပျက်ကျသွားသည်။ မချိမဆံ့ အော်ဟစ်သံနှင့် အတူ ကျားမကြီး အသက်ပျောက်သွားသည်။

လူးသာ ပြုံးလိုက်သည်။ မိနွေး၏လှတစ်မျက်နှာကို ပြေး၍မြင်သည်။ မိနွေး၏ယဉ်တစ်ကိုယ်လုံးကို သည်ည ပိုင်ဆိုင်ခွင့် ရတော့မည်။ အကြီးအကဲနေ ရာ ဆက်ခံနိုင်ခြင်းမရှိသော်လည်း မိနွေးနှင့်အတူ အုပ်စုတွင်း တန်းတူအခွင့် အရေးပေးမည်ကို ယခင်ကမျှော်မှန်းနိုင်စရာမရှိသော်လည်း ယခု မျှော်လင့် စရာဖြစ်လာပြီ။ လားသောင်ကို ကျေးဇူးအထူးတလည် တင်မိသည်။

လူးသာမှလွဲ၍ မည်သူမျှ ကျားတစ်ကောင်ကို ရအောင်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူးသာသည် ကျားသေကိုထမ်း၍ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန် လာခဲ့သည်။ ကျားက အတော်ကြီးသည်။ ကျောက်ဂူအောက်ခြေသို့ဆင်းပြီး မိမိတို့အုပ်စုရှိရာသို့ ဦးတည်၍လာသည်။ ကျားကိုရအောင်ဖမ်းနိုင်ခြင်း၊ မိနွေးကို ပိုင်ဆိုင်နိုင်တော့မည်ဟူသော စိတ်ကူးလေးတယဉ်ယဉ်ဖြင့် ကြည်နူး ဝမ်းမြောက်ခြင်းတည်းဟူသော ပီတိများဖုံးလွှမ်းနေ၍ လူးသာ ကျားသေထမ်းကာ ပြန်လာမည့်လမ်းကို စောင့်ကြိုနေသော လားသောင်အား သတိမထားမိ။ ကျား၏ပရိယာယ်ကိုသာနားလည်ပြီး ကျားထက်ပို၍ ကောက်ကျစ်စဉ်း လဲသည့် လူ၏ ပရိယာယ်ကို နားမလည်သော လူးသာသည် . . . ။

*******************

၁၉၈၁ ခု ဧပြီလတွင် နောက်ဆုံးနှစ် ဘူမိဗေဒကျောင်းသားများကို သင်တန်းပို့ချရန် ဦးစီးအဖြစ် လိုက်ပါလာသော မုံရွာသား ဘူမိဗေဒပညာရှင် ဦးဘမော်သည် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာ၏ အနောက် မြောက်ဘက် တစ်မိုင်ခန့် ကွာဝေးသော ဒင်္ဂါးကုန်းဟုခေါ်သည့် ယာကွက်တွင် Homoကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့ရှိခဲ့သည်။ ယခုတွေ့ရှိထားသော Homo သည် လက်ယာဘက်အပေါ် မေးရိုးဖြစ်၍ ပထမအံသွားနှင့် အံရှေ့သွားတို့ ဖြစ်ကြသည်။ ဤသွားနှစ်ချောင်းလုံးသည် အပြင်ဘက် အနေအထားအားလုံး ပြည့်စုံ၍ ကြွေများမပျက်စီးဘဲ ပကတိအတိုင်းပါဝင်နေမှုကြောင့် သိသာ ထင်ရှားသော လူ၏သွားမျိုးဟု တထစ်ချဆုံးဖြတ်နိုင်ခဲ့သည်။ ပီကင်းနှင့် ဂျားဗားမှာတွေ့ရှိခဲ့သော Pithecanthropus ခေါ် ပီကင်းလူ ဂျားဗားလူတို့နှင့် သက်တမ်းတူ ဖြစ်ပြီး လွန်ခဲ့သောနှစ်တစ်သန်းမှ ငါးသိန်းအတွင်း ရွှေမြင်တင် တောင်တန်းဝန်းကျင်မှာ လှည့်လည်သွားလာခဲ့သည့် လူ၏ရုပ်ကြွင်းအဖြစ် ခန့်မှန်းနိုင်ခဲ့သည်။

သို့ရာတွင် ကျားရပြီး ပျော်တပြုံးပြုံးမော်မဆုံးအောင် ကြည်နူးအားရ ရွှင်မြူးလှစွာ အုပ်စုရှိရာပြန်လာသော လူးသာကို လားသောင်က နောက် ကွယ်မှ ကျောက်လက်နက်ဖြင့် သူရဲဘောကြောင်စွာ ရိုက်နှက်သတ်ဖြတ်ကာ ကျားသေကို အချောင်ရယူ သွားသော ဇာတ်လမ်းကိုမူ ဘူမိဗေဒပညာရှင်များ သိရှိနိုင်မည်မဟုတ်။ အချစ်ရှုံးသမားအဖြစ် ဘဝဆုံးခဲ့သော လွန်ခဲ့သည့် နှစ်တစ်သန်းခန့်က မုံရွာသားလေး လူးသာ၏ အချစ်အလွမ်းကို လူးသာ၏ ကျောက်ဖြစ်ရုပ်ကြွင်းအပေါ် မေးရိုး၏ ပထမအံသွားနှင့် အရှေ့အံသွားများက ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်လိမ့်မည်မဟုတ်ပေ။

Click to rate this post!
[Total: 0 Average: 0]