နိဒါန်း
လက်ဖက်သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင် ထွန်းကားခဲ့ သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကား ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် သုံးသည်ကို တွေ့နိုင်သည်။
လက်ဖက်စားခြင်းဓလေ့သည် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရှေးထုံးစဉ်လာ တစ်ရပ်ပင် ဖြစ်ပါသည်။ “လက်ဖက်”ဟုဆိုလျှင် မြန်မာလူမျိုး တို့သည် “လက်ဖက်စို”ဟု နားလည်ကြလေသည်။ မြန်မာပြည်တွင် လက်ဖက်အစို နှင့် လက်ဖက်ခြောက် နှစ်မျိုး လုံးကို အသုံးပြု လျက်ရှိသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော ခဲဖွယ်တစ်ခု ဖြစ်ရုံသာမက လွှတ်ရုံးများ၏ အဆုံးအဖြတ်များ၌ပင်လျှင် လက်ဖက် စား၍ အမှုပြေငြိမ်းခြင်း၊ လက်ဖက်စား၍ အမှုအခင်းကိစ္စ ပြီးပြတ်ခြင်း စသဖြင့် ထုံးစံရှိခဲ့ဖူးပါသည်။ ရပ်ရွာဒေသ အတွင်း၌လည်း ဘာသာရေးပွဲလမ်း၊ သက်ကြီး ပူဇော်ပွဲ လူမှုရေးပွဲလမ်း မှန်သမျှ၌လည်း လက်ဖက် သည် မပါလျှင် မပြီးသကဲ့သို့ရှိပေသည်။
ရှေးမြန်မာဘုရင်များကိုယ်တိုင် လက်ဖက်အစိုကို အထူးမွန်မြတ်သော အဟာရအနေဖြင့် မှီဝဲ သုံးဆောင်ကြလေ့ရှိသည်။ ထို့ကြောင့် မင်းခမ်းမင်းနား များတွင် လက်ဖက်အိုး၊ လက်ဖက်ခွက်များကို တော်ဝင် မင်းခမ်းတော် အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ် ထားရှိကြ၏။ အများပြည်သူတို့အနေဖြင့် လက်ဖက်ကို နိစ္စဓူဝ အာဟာရတစ်ခုအဖြစ် သုံးစွဲခဲ့ကြရာ အိမ်တိုင်းလိုလိုပင် လက်ဖက်အိုး၊ လက်ဖက်ခွက်များ ထားရှိကြပြီး ကိုယ်တိုင်လည်းနှစ်သက်စွာ စားသုံးကြသလို ဧည့်ဝတ်ပြု တည်ခင်းသော အစားအစာ တစ်မျိုးလည်း ဖြစ်ပေသည်။
လက်ဖက်စိုကို ရှေးအထက်ကျော်ကာရီကပင် နှမ်းဆီနှင့် စိမ်ထားပြီး စားသုံးလေ့ရှိကြသည်။ ထိုမှ နှောင်းခေတ်များတွင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နှမ်းလှော်၊ ပဲကြော်စုံ၊ ပုစွန်ခြောက် တို့ဖြင့် တွဲဖက်ကာ စားသုံးလာခဲ့ကြသည်။ မြန်မာလူမျိုးတို့ အနှစ်သက်ဆုံး အာဟာရ စားဖွယ် သုံးမျိုးကို “အသီးတွင် သရက်၊ အသားတွင် ဝက်၊ အရွက်တွင် လက်ဖက်”ဟူ၍ ဆိုရိုးရှိခဲ့လေသည်။ ထိုမျှ နှစ်နှစ်သက်သက် စွဲစွဲလမ်းလမ်း လက်ဖက်စိုကို မြန်မာတို့အကြိုက်ဆုံး ဟုပင်ဆိုနိုင်ပါသည်။
လက်ဖက်ဖြစ်ပေါ်လာပုံ
မြန်မာရာဇဝင်မှတ်စုများအရ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းကြီး၏ ဘုန်းတန်ခိုးကြောင့် နတ်သားခုနစ်ယောက်တို့သည် “ရသဝတီ” အမည်ရှိ နတ်သစ်စေ့ကို တစ်လက်ဖဲ့စီ ယူဆောင်လာကြ ပြီးလျှင် ဓနုနှင့် ပလောင် လူမျိုးတို့ဒေသတွင် ကြဲချ ထားခဲ့သည်ဟု အဆိုရှိလေသည်။
ထို့အပြင် ပုဂံရာဇဝင်၌ ကျန်စစ်သားမင်းကြီး၏မြေးတော် အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်း အနှံ့ တိုင်းခန်း လှည့်လည်ရာ မာလာယုကျွန်းသို့ရောက်ရှိလျှင် အင်္ဂတိဒဝေ၊ ဇယေသြတ္တရု၊ တာဏုဒိဗ္ဗ၊ သူရယက်ခ အမည်ရှိ နတ်ဘီလူးလေးဦး တို့သည် ဥတ္တရကုရုကျွန်းမှ ရာဝတီ နတ်သက်စေ့ကို တစ်လက်ဖဲ့စီ ယူဆောင်လာကြပြီး ပလောင်နှင့် ဓနုတို့ နေထိုင်ရာ တောင်တန်းများ ပေါ်တွင် စိုက်ပျိုး ခဲ့ကြကြောင်း ဖော်ပြထားလေသည်။
အချို့သော မှတ်စုများ၌ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ ပလောင်နယ် “တောင်မဲ” ဒေသသို့ ရောက်ရှိတော်မူလျှင် နံ့သာကိုးပိုင်းဖြင့် စေတီတစ်ဆူတည်တော်မူ၏။ ထိုစေတီ ကို ပလောင်တို့က “နံ့သာကောင်ပိန်း” ဟုခေါ်ဆိုကြ၏။ နောင်သောအခါ စေတီတော်ကို ပလောင် တို့က လွယ်ဆိုင်တောင်ပေါ်သို့ ရွှေ့ပြောင်းတည်ထားကြပြီး ခုနစ်ရက် တိုင်တိုင် ပွဲကြီးခံ၍ ပူဇော်ကြ သည်။ ထိုအခါ ဘုရင်မင်းမြတ်က ပလောင်တို့ကို ရှေ့တော်မှောက်ခေါ်ယူ၍ ဟင်္သာ စလုပ်မှရသော “လပင်ဇံ”ခေါ် နတ်သစ်စေ့ကို သနားတော်မူရာ ပလောင်တို့က “လက်တစ်ဖက်” ဖြင့် ခံယူကြပြီး ၎င်းတို့ဒေသ၌ စိုက်ပျိုးရာမှ “လက်ဖက်ပင်”ဟု တွင်ကြောင်း အဆိုရှိလေသည်။ ပလောင်ဘာသာဖြင့် “မက်ကနိမ်”ဟုခေါ်ဆိုပြီး “မက်”မှာ အသီးဖြစ်၍ “နိမ်”မှာ ဟင်္သာဟု အဓိပ္ပာယ် ရကြောင်း သိရပါသည်။
လက်ဖက်ကို ယခုအခါ ကမ္ဘာအရပ်ရပ်၌ အသုံးပြုလျက် ရှိကြသောကြောင့် မှတ်စုမှတ်ရာတို့ အလွန်များပြားလှပေသည်။ တရုတ် ရှေးဟောင်း ဒဏ္ဍာရီ တစ်ခုအဆိုအရ ရှေးနှစ်ပေါင်းများစွာက တရုတ်ပြည်တွင် ဘာသာရေးကိုင်းရှိုင်းသော မဟာယန ဗုဒ္ဓဝါဒီ တစ်ဦးသည် ကိုးနှစ် တိုင်တိုင် မအိပ်မနေဘဲ တရားအားထုတ်မည်ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထိုသို့မအိပ်ဘဲ တရားအားထုတ်လာရာ သုံးနှစ် အကြာ၌ ရုတ်တရက် အိပ်ပျော် သွားခဲ့၏။ နိုးထလာသောအခါ ဤမျှ စိတ်ဓာတ်ညံ့ဖျင်းရ ကောင်းလားဟု မိမိကိုယ်မိမိ ဆုံးမသည့်အနေဖြင့် သူ၏ မျက်ခွံနှစ်ဖက်ကို လှီးဖြတ်ကာလွှင့်ပစ်လိုက် လေသည်။ ထိုမျက်ခွံတို့ မြေ၌ကျရောက်ရာ အမြစ်တွယ်၍ အပင်ပေါက်လာ၏။ ထိုအပင်က ကမ္ဘာ့ ပထမဦးဆုံး လက်ဖက်ပင်ဖြစ်သည်ဟု တရုတ်လူမျိုးတို့အစဉ်အဆက် ပြောစမှတ် ပြုခဲ့ကြ လေသည်။
ယင်းမှာ တရုတ်ရိုးရာ ပုံပြင် ဒဏ္ဍာရီပင် ဖြစ်သော်လည်း လက်ဖက်ပင်ကို တရုတ်နိုင်ငံမှ စတင် တွေ့ရှိသည်ဟု ကမ္ဘာ့ နိုင်ငံအများစုက လက်ခံ ယုံကြည်ခဲ့ကြသည်။ မည်သည့်အချိန်က စတင် ပေါ်ပေါက်ခဲ့သည်ကိုမူ မည်သူမျှ အတိအကျ မပြောနိုင်ကြပေ။ တရုတ်နိုင်ငံ၌ လက်ဖက်ပင်ကို နှစ်ပေါင်းထောင်ချီ၍ စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ လက်ဖက်ကို ဥရောပနိုင်ငံများက လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ခန့်မှ စတင်သိရှိ အသုံးပြု လာခဲ့ကြသည်။ သို့သော် ထိုစဉ်က မင်းမျိုးမင်းနွယ်များနှင့် သူဌေးသူကြွယ်များသာ လက်ဖက်ရည်ကို သောက်သုံးနိုင်ကြသည်။ အကြောင်းမှာ အလွန် ဝေးကွာ သောအရပ်မှ ခက်ခက်ခဲခဲ လက်ဖက်ကို သယ်ယူ လာရသဖြင့် ဥရောပနိုင်ငံများတွင် အလွန် တန်ဖိုးကြီးမားခဲ့သည်။ အလေးချိန် တစ်ပေါင်ကို ထိုစဉ်က ဒေါ်လာငွေ လေးငါးရာခန့် ပေးရသည်ဟု ဆိုသည်။ သို့သော် ယခုအခါတွင် လက်ဖက်ရည်ကို လူတန်းစားမရွေး သောက်သုံးနိုင်လောက်အောင် ပေါများစွာ တင်သွင်းနိုင်ကြပြီဖြစ်ပါသည်။
တရုတ်တို့ကား နှစ်ပေါင်းထောင်ချီ၍ လက်ဖက်ကို စိုက်ပျိုးထုတ်လုပ်ခဲ့ရာ တရုတ်မှ ဂျပန်သို့ ရောက်ရှိခဲ့သည်။ ဗြိတိသျှလူမျိုး တို့သည် လွန်ခဲ့သည့်နှစ် ၁၀၀ကျော်မှသာ လက်ဖက်ပင်များကို အန္ဒိယသို့ယူဆောင်ကာ စိုက်ပျိုးစေခဲ့သည်။ ယခုအခါတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဆူမတြား၊ ဂျားဗား ကျွန်းများတွင်လည်း အများအပြား စိုက်ပျိုးတင်သွင်း ရရှိနေပြီဖြစ်ပါသည်။ အာဖရိကတိုက် အချို့နိုင်ငံများတွင်လည်း လက်ဖက်ကို အနည်းငယ်စိုက်ပျိုးနိုင်ပြီ ဖြစ်ကာ အမေရိကန်ပြည်ထောင်စု တွင်လည်း စိုက်ပျိုး နေပြီဖြစ်သည်။
သို့သော် တရုတ်ပြည်မှစ၍ ကမ္ဘာ့နိုင်ငံအနှံ့အပြား လက်ဖက်အစိုကို စားသုံးကြခြင်းမရှိဘဲ လက်ဖက်ခြောက်အနေဖြင့်သာ အချိုခြောက်၊ အဖန်ခြောက်၊ ရေနွေးကြမ်းလက်ဖက်ရည် အဖြစ်သာ အသုံးပြုကြပါသည်။ မြန်မာလူမျိုးတစ်မျိုးသာ လက်ဖက်အစို ကို နှစ်ခြိုက်စွာ စားသုံးလေ့ ရှိပါသည်။ မြန်မာပြည်တွင် လက်ဖက်ကို အမျိုးအစားခွဲခြားလျက် အရောင်အဆင်းကိုလည်းကောင်း၊ အနံ့ အရသာ၊ အသွင်အပြင် ကို လည်းကောင်းလိုက်၍ တန်ဖိုးဖြတ်ကြရလေသည်။ “တောင်လမ်း” ဟူသော လက်ဖက်မျိုးမှာ အမျိုးပေါင်း ၅၀ ကျော်မျှရှိ၍ “တောင်ရိုး” ဟူသောလက်ဖက်တွင် ၃၇ မျိုး ရှိ၏။ ထို ၃၇မျိုးတွင် (အတွင်းတောင် ခုနစ်မျိုး၊ အလယ်တောင် လေးမျိုး၊ တောင်လတ် ရှစ်မျိုး၊ အပြင်တောင် ၁၈မျိုး ပါဝင်လေသည်။) လက်ဖက်ခြောက်လုပ်ငန်းတွင် “ရွှေဖီဦး” ခေါ် မိုးလွတ်လက်ဖက်ခြောက်ကို မြန်မာပြည်တွင် တန်ဖိုးထား နှစ်သက်လေ့ ရှိကြသည်။
လက်ဖက်ပင်
လက်ဖက်ပင်သည် အများအားဖြင့် အပင်ငယ်မျိုးဖြစ်ပါသည်။ အမြဲစိမ်းလျက်ရှိ၏။ သဘာဝ အလျောက် ပေါက်ရောက်လျှင်မူ လက်ဖက်ပင် သည် ပေ ၃ဝ ခန့်ပင်မြင့်နိုင်ပါသည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်မြင့်အောင်မထားဘဲ လေးပေ၊ ငါးပေလောက်သာမြင့်ရန် အမြဲ ဖြတ်ပေးထားလေသည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိ၏။ ပထမအချက်မှာ ပင်လုံးမကြီး၊ အကိုင်းအခက်များစွာမထွက်ဘဲ အရွက်များကို များနိုင်သမျှ များစေရန်ဖြစ်သည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက် သည်သာ အသုံးဝင်အဖိုးတန်သောပစ္စည်းဖြစ်၏။ ဒုတိယအချက်မှာ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် အမျိုးသမီးနှင့် ကလေးများသာ ဖြစ်သည့်အတွက် အရွက်များ ခူးရာတွင် လက်လှမ်းမီမီနှင့် တစ်ပင်လုံးကို ခူးနိုင် စေရန် ဖြစ်လေသည်။
လက်ဖက်တွင် ပါဝင်သော ဓာတ်ပစ္စည်းများ
လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာ ကော်ဖီတွင်ပါသည့် ကဖိန်းဓာတ်နှင့် အတူတူပင်ဖြစ်သည်။ ထိုဓာတ်သည် သောက်သုံးသူကို အနည်းငယ်ထကြွအားရှိစေ၍ နည်းလျှင် လူကို ဥပဒ်မပေးချေ။ လက်ဖက်ရည်ကို ခပ်ကျကျ အသောက်များ သူများကိုမူ အကြောများကို ဥပဒ် ပေးတတ်ပေသည်။ သီအင်းဓာတ်သည် လက်ဖက်ရည်သောက်စ မရှိသူတို့အဖို့ ညဉ့်ဘက်တွင် အိပ်မပျော်နိုင်အောင် ဖြစ်စေတတ်သည်။ လက်ဖက်ရည်၌ ဝါညိုရောင်ရှိခြင်းမှာ လက်ဖက်ရွက်တွင် တန်းနင်းဟုခေါ်သော ဓာတ်ပစ္စည်းတစ်မျိုးပါသောကြောင့်ဖြစ်၏။ ထိုဓာတ်ပစ္စည်းများလျှင်လည်း ကျန်းမာရေးကို ထိခိုက်တတ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဖျော်ရာတွင် တန်းနင်းဓာတ် အများ အပြား ထွက်မလာစေရန် လက်ဖက်ခြောက်ကို အကြာကြီးနှပ်မထားလျှင် သာ၍ကောင်းလေသည်။
လက်ဖက်သည် ကာမဲလီယာ စင်နန်စစ် အပင်၏ အရွက်၊ အဖူး နှင့် ရွက်ဆစ်တို့ကို နည်း အမျိုးမျိုးဖြင့် ပြုပြင် ပြင်ဆင်ထားသော စိုက်ပျိုးရေး လုပ်ငန်းထွက်ကုန်ဖြစ်သော စားသောက်ကုန် ဖြစ်သည်။ လက်ဖက်ဟူသည်မှာ ကာမဲလီယာ စင်နန်စစ် အပင်၏ လူသိများသော အမည်လည်း ဖြစ်သည်။ လက်ဖက်သုပ် နှင့် လက်ဖက်ရည်တွင် အထွေထွေ အမျိုးမျိုးသော ပိုလီဖီနော(လ်)များ ပါဝင်သော်လည်း လူအများ ကျယ်ကျယ် ပြန့်ပြန့် ယုံကြည်နေကြသကဲ့သို့ လက်ဖက်တွင် တန်းနစ် အက်ဆစ် မပါဝင်ချေ။
စိုက်ပျိုးခြင်း
လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်လျော်သောမြေ၌ ရှေးဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေ၊ ခြောက်ပေ ခန့်ခွာ၍ စိုက်ရသည်။ များသောအားဖြင့် လက်ဖက်ပင် များကို တောင်စောင်းများ တွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။
လက်ဖက်ပင် သုံးနှစ်သားအရွယ်ခန့်ရောက်လျှင် အရွက်နှင့် အဖူးများကို ခူးနိုင်ပြီ ဖြစ်ပါ သည်။ သို့ရာတွင် အကောင်းဆုံး လက်ဖက်ရွက်ကိုကား ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်အရွယ်ရှိသော လက်ဖက်ပင်များမှသာ ရနိုင်လေသည်။ လက်ဖက်ပင်များကို မြင့်မတက်စေရန်နှင့် အရွက်များများ ထွက်စေရန် မကြာမကြာလည်း ချိုင်၍ပေးရလေသည်။ ၂၅ နှစ်ခန့် အရွယ်ရောက်သောအခါ လက်ဖက်ပင်ကို မြေကြီးမှကပ်၍ ခုတ်လှဲပြီးနောက် အသစ်တစ်ဖန် အမြစ်မှ ပြန်ပေါက်စေပါသည်။
ခူးယူခြင်း
မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကိုစိုက်ပျိုးသည်။ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကို အပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့် မိုင်းငေါ့ အပါအဝင် ဒေသများမှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ နမ့်ဆန်းနှင့် မိုင်းငေါ့တို့ဘက်မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ ကောင်းလည်း ကောင်း၏။ လူသုံးလည်းများ၏။ လက်ဖက်လည်း အများဆုံးထွက်၍ နယ်လည်း အကျယ်ဆုံး ဖြစ်လေသည်။ လက်ဖက်ပင်ရွက်သစ်နုချိန်မှာ နှစ်စဉ် တန်ခူးလဆန်း စအခါ၌ဖြစ်စေ၊ သင်္ကြန်ရက် မတိုင်မီ၌ဖြစ်စေ အနည်းအကျဉ်း သာနု၍ သင်္ကြန်ရက်အတွင်း သင်္ကြန်မိုးရွာချပြီးနောက် အပင်တိုင်း ၌ ဝေဝေဆာအောင် ရွက်နုများ ထလာလေသည်။
လက်ဖက်ပင် စိုက်ပျိုးသောဒေသနှင့် ရာသီဥတုတို့အပြင် အပင်၏သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသော ဒေသများတွင် နွေခြောက်လအတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာ များတွင်မူ ခူးသည့်အကြိမ် အရေအတွက်ကို လျှော့ပေးရလေသည်။ လက်ဖက်ပင်များမှာ အရွက်များ ခူးရာတွင် အကုန်မခူးရချေ။ အပင် မနာအောင်လည်း အထူးဂရုပြုရန်လိုပေသည်။
လက်ဖက်ရွက်များခူးရာတွင် အမျိုးသမီးနှင့် ကလေးများသည် ပလိုင်းတစ်လုံးစီကို ကျောတွင်လွယ်၍ တစ်နေ့လုံး နေပူထဲ၌ တစ်ပင်မှ တစ်ပင်သို့ကူးကာ လက်ဖက်ရွက်များကို ခူးပြီး လျှင် ကျောနောက်ရှိ ပလိုင်းထဲသို့ နောက်ပြန်ထည့်ကြရသည်။ လက်ဖက်ရွက် အခူးကောင်းသူ တစ်ဦးသည် တစ်နေ့လျှင် အပင်နှစ်ရာအထိ ခူးနိုင်သည်။ ခူးသောအခါ များသောအားဖြင့် အဖူးနှင့် အရွက်နု ကလေးများကိုသာ ခူးကြရ၏။ လက်ဖက်ခြောက်မှာ အရွက်နုလေ ကောင်းလေဖြစ်၍ လက်ဖက်အနုအရင့်ကို လိုက်ပြီး လက်ဖက်ခြောက်ကို အမည်အမျိုးမျိုးဖြင့် မှည့်ခေါ်ကြလေသည်။
လက်ဖက်ရွက်နုများကို ခူးပြီးနောက် လက်ဖက်ရည်အဖန်ခြောက်၊ လက်ဖက်ရည် အချိုခြောက်၊ လက်ဖက်အစို၊ လက်ဖက်အဆီ စသည်ဖြင့် လေးမျိုးလေးစားအထိ ခွဲခြား၍ လိုအပ်ရာရာ ပြုလုပ် သုံးစွဲ ကြသည်။ လက်ဖက်ခြောက် (လက်ဖက်ရည်အဖန်ခြောက်) လုပ်ငန်းမှာ နွေရာသီနှင့် မိုးမကျမီကာလ အတွင်းသာ လုပ်ကိုင်ပြီးလျှင် မိုးဦးကျ၍ မိုးအလွန်ရွာသောအချိန်၌ လက်ဖက်ခြောက် အလုပ်များမလုပ် နိုင်ဘဲ ရပ်ဆိုင်း၍ လက်ဖက်အစို၊ သို့မဟုတ် အချိုခြောက် လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။
လက်ဖက်ခြောက်
လက်ဖက်ရည်အရသာ ထူးခြားမှုမှာ လက်ဖက်ရွက်၏ အနုအရင့်ပေါ်တွင်သာ အမှီပြုသည် မဟုတ်။ ခူးပြီးသားအရွက်များကို ပြုပြင်ပေးမှု ပေါ်တွင်လည်း အမှီပြုလေသည်။ ကမ္ဘာပေါ်တွင် လက်ဖက်ခြောက် အမျိုးအစားများစွာရှိရာ အချို့တိုင်းပြည်များတွင် အရွက်ကြမ်းများနှင့် အမျှင်များ ကို အတုံးအခဲဖြစ်အောင် ရောဖိထားသည့် လက်ဖက်ခြောက် အညံ့စားများကိုပင် အသုံးပြုကြ သေး၏။ အထင်ရှားဆုံးသော လက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက်ခြောက်မည်းဟုခေါ်သော အချိုသောက် လက်ဖက်ခြောက် မျိုးနှင့် လက်ဖက်ခြောက်စိမ်းဟုခေါ်သော အကြမ်းသောက် လက်ဖက်ခြောက် မျိုးတို့ဖြစ်ကြသည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင် တစ်မျိုးစီမှ ရခြင်းမဟုတ်၊ လက်ဖက်တစ်ပင်တည်းမှပင် ရ၍ တစ်မျိုးစီ ပြုပြင်ထားခြင်းသာ ဖြစ်လေသည်။
လက်ဖက်ခြောက်ဖြစ်အောင် ပြုပြင်ရာ၌ ခူးပြီးသော အရွက်များကို ပထမတွင် နွမ်း၍ နူးညံ့ ပျော့ပျောင်းလာသည့်တိုင်အောင် ဖြန့်ထားရသည်။ ထို့နောက် အရွက်များကျို၍ အနံ့ရှိသည့် အစေးများထွက်လာစေရန် လိပ်ပေးရသည်။ ဤသို့ ပြုလုပ်ပြီးသောအခါ အရွက်များ အချဉ်ပေါက် လာအောင် နာရီအနည်းငယ်မျှ စားပွဲများပေါ်တွင် ဖြန့်ထားရပြန်သည်။ အရွက်များ ကြေးနီရောင် သန်း၍ ပန်းသီးမှည့် အနံ့ထွက်လာသောအခါ လေပူဖြင့် ဖာရင်ဟိုက်ဒီဂရီ ၁၉ဝ မှ ၂၂ဝ အထိ လှော်ပေးပြီးနောက် အကင်းသတ်ရသည်။ ထိုအခါ အရွက်တို့၏ အလေးချိန်သည် ၇၅ ရာခိုင်နှုန်းမျှ လျော့သွားသည်။ ထို့နောက် အရွက်နှင့် အဖူးများကို အကြီးအသေးအလိုက် ရွေးချယ်ပြီးလျှင် အမျိုးအစား ခွဲခြားလေသည်။ ထို့နောက် နောက်တစ်ကြိမ်ထပ်၍ လှော်ပြီးသောအခါ လက်ဖက်ခြောက်မှာ ဈေးကွက်သို့တင်ပို့ ရောင်းချရန် အသင့်ဖြစ်တော့သည်။ ရှေးအခါက လက်ဖက်ခြောက်ပြုပြင်သည့် အလုပ်ကို လက်ဖြင့်သာ ပြုလုပ်ခဲ့ကြ၍ ယနေ့တိုင်အောင် အချို့ဒေသ များ၌ ဤသို့ပင် ပြုလုပ် နေကြပေ သေးသည်။ သို့သော် လက်ဖက်ခြောက် အကြီးအကျယ် ပြုလုပ်သည့် ခေတ်မီအလုပ်ရုံကြီးများ၌မူကား လက်ဖက်ရွက်များကို ခူးခြင်းမှအပ ကျန်အဆင့် အားလုံးကို စက်များဖြင့်သာလျှင် ပြုလုပ်ယူကြလေသည်။
လက်ဖက်ခြောက်စိမ်း ပြုလုပ်သည့်နည်းမှာ တစ်မျိုးကွဲလွဲ၏။ အဓိကကွဲလွဲချက်မှာ ခူးပြီး အရွက်များကို ရှေးဦးစွာ ရေးနွေးငွေ့ဖြင့် ပေါင်းတင်ခြင်း နှင့် အရွက်များကို အချဉ်မပေါက်စေဘဲ ထားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ခြောက်စိမ်းမှာ လက်ဖက်ခြောက် မည်းနှင့် အနံ့အရသာ ချင်း သိသိသာသာ ခြားနားလေသည်။
လက်ဖက်ရည်ကို နှစ်သက်ကြသူများတွင် လူကိုလိုက်၍ တစ်ယောက်နှင့် တစ်ယောက်အကြိုက်ချင်း မတူညီနိုင်ပေ။ သို့ရာတွင် များသော အားဖြင့် အိန္ဒိယနိုင်ငံမှလာသော လက်ဖက်ခြောက် အားလုံး လိုလိုမှာ အမည်းမျိုးသာဖြစ်၍ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှမူ အမည်းနှင့်အစိမ်း နှစ်မျိုးစလုံး လာတတ်သည်။ အင်္ဂလန်ပြည်တွင် လက်ဖက်ခြောက်မည်းကိုသာ အသုံးပြုလေ့ရှိကြ၍ အမေရိကန် နိုင်ငံ၌ကား အမည်းရော၊ အစိမ်းကိုပါ အသုံးပြုကြ၏။ တစ်ကမ္ဘာလုံးအသုံးပြုသည့် လက်ဖက်ခြောက်မှာ တစ်နှစ်လျှင် ပေါင်ချိန် ကုဋေပေါင်းများစွာပင် ရှိလေသည်။
လက်ဖက်ခြောက်များလုပ်ရာတွင် ရွက်ကြမ်းမကြွေမီ နှင်းအားကြီးသော ဆောင်းရာသီအခါ၌ လည်း လက်ဖက်ရွက်နုများ အသင့်အတင့်ခူးယူ ရရှိနိုင်၍ ထိုရာသီတွင်ထွက်သော လက်ဖက်ခြောက် များမှာ ရွှေဖီအွိုင့်နမ့်ဟု ခေါ်၍ ပထမတန်စားဖြစ်၏။ မြန်မာလို နှင်းတက်ခြောက် ဟုခေါ်သည်။ ရေချို အကောင်းခြောက်ဟုလည်း အဓိပ္ပာယ်ရ၏။ တစ်နှစ်အတွင်းထွက်သော လက်ဖက်ခြောက် အမျိုးအစားတို့မှာ-
(က) ရွှေဖီအွိုင့်နမ့် (နှင်းတက်ခြောက် – ရေချိုခြောက်)
(ခ) ရွှေဖီဦး (သင်္ကြန်မကျမီ ထွက်သည်။)
(ဂ) ရိုးရိုးရွှေဖီ (သင်္ကြန်ကျပြီးစအခါ ထွက်သည်။)
(ဃ) ခါးကန် (မိုးဦးကျခါနီး ခူးသည်။)
(င) ခါးဝှပ် (မိုးဦးကျပြီးမှ ခူးသည်။)
(စ) ခါးနွိုင်း (မိုးတွင်းခူးသည်။) စသည်တို့ ဖြစ်လေသည်။
အရသာ၊ လက်ဖက်ခြောက် အသွေးအရောင်နှင့်တကွ ရောင်းဈေးမှာလည်း အဆင့်ဆင့် ကွာခြားသွား သည်။ အကောင်းဆုံး လက်ဖက်ခြောက် ဖြစ်သော ရွှေဖီဦးများမှာ အရောင်အဆင်း နက်မှောင်သည်။ အစအနသေးသွယ်၍ လက်နှင့်ဆုပ်ကိုင်လျှင် ဆူးချွန်များကဲ့သို့ စူးလေသည်။
လက်ဖက်အစို
မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုး မှာ “အသားတွင်ဝက်၊ အသီးတွင်သရက်၊ အရွက်တွင်လက်ဖက်” ဟူ၍ဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွင် လက်ဖက်သည် အရေးပါ အရာရောက်၏၊
လက်ဖက်အစိုကို ရှေးအခါက နှမ်းဆီနှင့်စိမ်ထားပြီးလျှင် စားသုံးလေ့ရှိ၏။ နောက်ခေတ်များ တွင် လက်ဖက်အစိုကို အညွန့်နှပ်၊ ချဉ်စပ် စသည်ဖြင့် နှစ်သက်ရာ အမျိုးမျိုးပြုလုပ်ကာ စားသုံး လာကြပါသည်။
မြန်မာ့သမိုင်းထဲက လက်ဖက်စားခြင်းဓလေ့
မြန်မာလူမျိုးများသည် လက်ဖက်ကို အရွယ်မရွေး နှစ်သက်စွာ သုံးစွဲလာခဲ့ကြရာ မြန်မာ့ သမိုင်းတွင် အေဒီ ၁၆ ရာစု ခန့်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြကြောင်း အထောက်အထား အခိုင်အမာ ပြဆိုနိုင်ပါသည်။ ပုဂံခေတ်ကျောက်စာများနှင့် ပုဂံမြို့ဟောင်း၊ အာနန္ဒာဘုရား အရှေ့ဘက် မောင်ချစ်စကုန်းမှ တူးဖော်ရရှိသော အုတ်ခွက်ဘုရားများ၏ နောက်ကျောဘက်တွင် ရေးထိုးထားသော အုတ်ခွက်စာများ၌ သစ်ပင်၊ ပန်းမန် အမည်ပေါင်း ၆၀ ကျော် ရေးထိုးထား ရာတွင် လက်ဖက်ဟူသော ဝေါဟာရ ကို မတွေ့ရချေ။ ပုဂံခေတ်ထိုးကျောက်စာများတွင်လည်း အမှုအခင်း၊ အရောင်းအဝယ်များ အောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ် အဖြစ် သေသားစားသောက် ကြကြောင်းကိုသာ ဖော်ပြထားသဖြင့် ပုဂံခေတ်တွင် လက်ဖက်အတူစား၍ ကျေအေးသည့်ဓလေ့ မရှိကြောင်း ဆိုနိုင်ပေသည်။
နောက်ပိုင်းကျောက်စာများတွင် အငြင်းအခုံအရောင်းအဝယ်ပြီးပြေခြင်း အထိမ်းအမှတ် အဖြစ် လက်ဖက်စားကာ ကျေနပ်ခဲ့ ရကြောင်း ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။ ပုဂံခေတ်တွင် ဌာနေ တောကျောင်းဂိုဏ်းထက် သီဟိုဠ်ဂိုဏ်းမှာ ပိုမို ကြည်ညိုသူ များပြားလာ၍လည်းကောင်း၊ လက်ဖက် စားခြင်းဓလေ့ ခေတ်စားလာ၍ လည်းကောင်း၊ ဝိနည်းတော်နှင့်မညီ၍လည်းကောင်း သေရည် သေသား သောက်စားခြင်းအစား လက်ဖက်စားခြင်းဖြင့် ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်ပြု လာသည်ဟု ယူဆရပါသည်။
အေဒီ ၁၄ ရာစုအကုန်တွင် ရေးသားခဲ့သည့် တရုတ်ဘာသာ “ပိုင်ယီကျွမ် ခေါ် ရှမ်းတစ်ရာ အကြောင်း” စာတမ်း တွင် ရှမ်းအနွယ်ဝင် တအာန်းပလောင်လူမျိုးတို့ လက်ဖက်ကို စိုက်ပျိုး၍ စားသုံးကြောင်းကို ဖော်ပြထားသည်ကို စတင်တွေ့ရှိရပါသည်။ ထို့ကြောင့် လက်ဖက်ချဉ်စားသည့် ဓလေ့သည် မိုးညှင်းအုန်းဘောင် ရှမ်းညီနောင်တို့ လက်ထက် လွန်ပြီးနောက်မှ ဗမာယဉ်ကျေးမှု အတွင်း ပျံ့နှံ့ရောက်ရှိခဲ့မည်လောဟု ယူဆရပေသည်။
လက်ဖက်ကို အင်းဝခေတ်တွင် အလွန်တွင်ကျယ်စွာ စားသုံးနေကြပြီဖြစ်ရာ သက္ကရာဇ် ၈၈၂ (အေဒီ ၁၅၂၀) ရက်စွဲပါ တံတားဦးမြို့ အနောက် နိဂြောဓရွာ၊ နိဂြောဓကျောင်းကျောက်စာတွင် ကျောင်းဆောက်လှူရာ ပစ္စည်းဝယ်ယူစာရင်းတွင် လက်ဖက်အများအပြား ဝယ်ယူခဲ့ကြောင်း ခိုင်ခိုင် မာမာ ကျောက်စာရေးထိုးထားသည်ကို တွေ့ရသည်။ သို့သော် ၁၃ရာစု မတိုင်မီကပင် မြန်မာတို့ လက်ဖက် စားသုံးသောဓလေ့ ရှိခဲ့သည်ဟုယုံကြည်ရသည်။ (ဒေါက်တာသန်းထွန်း “မြန်မာရာဇဝင် စာတမ်း” ပုဂံခေတ်တရားစီရင်ရေး (စာ-၁၇၇)
သက္ကရာဇ် ၇၀၄ (အေဒီ-၁၃၄၀)ခုနှစ် ပင်းယခေတ်နန်းတက်သော ငါးစီးရှင်ကျော်စွာမင်းသည် အခါခပ်သိမ်း လံဘူရန္တသူ၊ မြင်စိုင်းသက်တော်ရှည်၊ ညောင်ရမ်းစောမွန်နစ်၊ ဝတီးသင်္ခယာ၊ သာဂရ ဂုဏ္ဏရာဇ်ကြီး၊ ရမည်းသင်းသီဟပတေ့၊ ယင်းတော်စား တုရင်ပုညာကြီး၊ ပေါက်မြိုင်စား မင်းပုလဲ စသော ဘုရင်ခံမင်းများတို့ ရှေ့တော်မှောက် ခစားသောအခါတိုင်း ၎င်းကိုယ်တော်တိုင် ဖက်ဝန်းလှီး ထည့်ပြီး လက်ဖက်တည်ခင်းဧည့်ခံလေ့ရှိ၏။
တစ်နေ့တွင် ငါးစီးရှင်ကျော်စွာ သတိမေ့လျော့ကာ ရမည်းသင်းသီဟပတေ့၏ လက်ဖက် အိုးကို ဖက်ဝန်းမအုပ်မိသည်မှာ သုံးရက်တိုင် ဖြစ်ချေသည်။ ထိုသို့ ဘုရင်၏မေ့လျော့မှု့ကို သီဟပတေ့ သည် အထင်လွဲမှားကာ စိတ်ထဲအခဲမကျေ အငြိုးထား လေသည်။ ထို့ကြောင့်ဘုရင်က သူ့အတွက် တည်ခင်းသော လက်ဖက်ကိုမစားဘဲ ညောင်ရမ်းစောမွန်နစ် အတွက်တည်သော ဖက်ဝန်းအုပ်ထား သည့်လက်ဖက်ကိုသာ စားသည်။ စောမွန်နစ်လည်း နန်းတော်မှအပြန် သီဟပတေ့သူ့ထဲမှ လက်ဖက် ယူစားသည်ကို “အဘယ်ကြောင့် သင့်အတွက်တည်သော လက်ဖက်မစား၊ ငါ့ကိုတည်သော လက်ဖက်ကို ယူစားရသနည်း” ဟုမေး၏။ ထိုအခါသီဟပတေ့က “သူများကိုကား ဖက်ဝန်းအုပ်သည်၊ ငါ့အတွက်မူမအုပ်၊ ငါလည်း တိုက်ဆင် ၆၀၊ မြင်း၈၀၀၊ ဗိုလ်ခြေ ၁၀၀၀၀ ရှင်ဖြစ်၏။ ငါ့ကို ဆင်ဖြူ ငါးစီးရှင်က ဗိုလ်ပုံအလယ်တွင် အရှက်ခွဲသည်။ သူတကာ၏ ကျေးဇူးကို မသိတတ် ဟူ၍ဆိုကာ ကျေးဇူး မသိပြုသောကြောင့် ယနေ့မှစ၍ ငါးစီးရှင်ကို ငါခြားနားရန် ကြံစည်တော့မည်” ဟု ဆိုလေသည်။ ထိုအခါစောမွန်နစ်က “ဘဝရှင်ကို အရင်စုံစမ်းဦးမည် အလျင်မလိုနှင့်ဦး” ဟု ဆို၏။ ထို့နောက် စောမွန်နစ်လည်း ငါးစီးရှင်၏ နန်းတော်သို့ဝင်၍ ဘုရင်အားလျှောက်တင်၏။ ငါးစီးရှင်ကျော်စွာမင်း သည် ပညာဉာဏ်ရှိသောဘုရင်ဖြစ်၍ ချက်ချင်းပင် ရမည်းသင်း သီဟပတေ့အား ကိုယ်တော်တိုင် ခေါ်ယူ၍ “လက်ဖက်အိုးကို ဖက်ဝန်းမအုပ်မိသည်မှာ ငါ၏အပြစ်သာ စင်စစ်ဖြစ်ပေ၏ ငါ၏ မေ့လျော့ မိသည့်အပြစ်ကို ခွင့်လွှတ်ရန်တောင်းပန်ဘိသည်”ဟု ဝန်ခံနှစ်သိမ့်စေပြီး အုန်းဘောင် မြင်းနက်ကျော် တစ်စီးကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုအချိန်မှ သီဟပတေ့လည်း စိတ်ငြိုငြင်မှု ပပျောက်ကာကျေနပ် နှစ်သိမ့်လျက် ငါးစီးရှင်ကျော်စွာထံ ခစားမြဲခစားခဲ့လေသည်။ ဤသည်မှာ ပုဂံခေတ် နောက်ပိုင်း ပင်းယခေတ်ရာဇဝင်ပါ လက်ဖက်နှင့်ပက်သက်၍ စစ်ခင်းလုနီးနီးအခြေအနေမှ ပြန်လည် ငြိမ်းချမ်းခဲ့ရသည့် သမိုင်းမှတ်တမ်း ဖြစ်ရပ်တစ်ခုပင် ဖြစ်ပေ တော့သည်။(မဟာရာဇဝင်ကြီး စာ ၂၆၇ -၂၆၈)
လက်ဖက်အိုး ဆိုသည်မှာ ခေတ်အဆက်ဆက် မြန်မာဘုရင်တို့၏ မင်းခမ်းတော်များတွင် တစ်ပါးအပါအဝင် ဖြစ်သည်အထိ တန်ဖိုးထားခဲ့ကြ၏။ ထိုမျှ လက်ဖက်ကို မင်းအဆက်ဆက် တန်ဖိုး ထား စားသုံးခဲ့ကြသဖြင့်လည်း မြန်မာတို့၏ ထုံးတမ်းစဉ်လာ ပွဲပေါင်းစုံအလယ် ဖွယ်ဖွယ်ရာရာ ပါဝင်မြဲဖြစ်သည်မှာ ယနေ့တိုင်ပင်ဖြစ်ပေသည်။ နတ်ပွဲတင်ရာတွင်လည်းကောင်း၊ ကန်တော့ပွဲ မှန်သမျှတွင်လည်းကောင်း လက်ဖက်မပါလျှင် ပွဲရာမမြောက်သည်အထိ မြန်မာတို့ လက်ဖက်ကို ပကာသနပြုကြလေသည်။ မြန်မာ့ရိုးရာ လက်ထပ်ထိမ်းမြား ကန်တော့ခံရာတွင် လည်းကောင်း၊ အလှူအတန်း ဖိတ်ကြားရာတွင်လည်းကောင်း လက်ဖက်ထုပ် ဖြင့် ဖိတ်ကြားလေ့ရှိပြီး ရှေးအခါက “လက်ဖက်တစ်ရိုး ကွမ်းတစ်ယာ”ပေးပြီး သားသမီးချင်း ထိမ်းမြားရန် စေ့စပ်ညှိနှိုင်းခြင်း ပြုလေ့ရှိ ကြ၏။
ထိုမှတစ်ပါး ရပ်ရွာထဲ၌ လင်ကွာ၊ မယားကွာ ငွေရေးကြေးရေး အမှုအခင်း ကိစ္စတို့တွင်လည်း ပြီးပြေကြောင်းကို လက်ဖက်တစ်ရိုးစီ စားပြီး အထမြောက်ကြရသည်။ လွှတ်ရုံးများ၌ “အရှင်နှင့်ကျွန်၊ လင်နှင့်မယား၊ ကြွေးမြီတရား ပြတ်သားစေရန် ဆုံးဖြတ်ရာ၌ လက်ဖက်စား၍ တရားပြီးစီးကြောင်း အထိမ်းအမှတ်ပြုကာ ခုံရုံးများတွင် လက်ဖက်ဖိုး၊ ကွမ်းဖိုးဟူသော အခွန်အခ ပေးဆောင်ရကြောင်း” ဓမ္မသတ်၌ ပါရှိလေသည်။ လက်ဖက်ကို စားသုံးသောအခါများတွင် ထူးခြားချက်မှာ တစ်ကိုယ်တည်း စားသုံးလေ့မရှိဘဲ ဝိုင်းဖွဲ့၍ ကြည်လင်ရွှင်ပျစွာ လက်စုံနှိုက်လျက် ကြိုက်သလောက် ယူငင်ပြီး စားသောက်ကြလေ့ရှိ၏။
လက်ဖက်ခွက်ကို အလယ်မှာထား၍ ဝိုင်းဖွဲ့စားသုံးကြလေ့ရှိသဖြင့် တစ်ဦးစားပြီးသော်လည်း စားကြွင်းဟုသဘောမထား နောက်လူက ဝင်နှိုက်စားကြပြန်သည်။ လက်ဖက်ပွဲ စပြင်ကတည်းကပင် လက်ရည်တစ်ပြင်တည်း အတူတကွ မိတ်ဆုံ ဝိုင်းဖွဲ့ စားရသောကြောင့် ညီညွတ် ချစ်ခင်မှုကို ပြသသည့် မြန်မာတို့၏ ထူးခြားသော လက်ဖက်စားခြင်းဓလေ့ ဟုဆိုနိုင်ပေသည်။ လက်ဖက်သည် အာဟာရ ရှိသော အစားအစာ ဖြစ်၍ ချစ်ခင်သူများကို လက်ဖက်ကျွေးသည်ဟု ယူဆကြလေသည်။ ယင်းကြောင့် လင်ခန်းမယားခန်းချစ်ခြင်း ကိစ္စပြတ်စဲ လျှင်လည်း လက်ဖက်တစ်ရိုးစီစားပြီး ပြတ်စဲ စေသကဲ့သို့၊ ချစ်ခြင်းကိစ္စ အစပြု ဆောင်ရွက်ရာတွင်လည်း လက်ဖက်ကိုသာ အောင်သွယ်အဖြစ် ကြည်ကြည်ဖြူဖြူပေးကျွေးလေ့ရှိသော မြန်မာတို့၏ ထူးခြားသော စားဖွယ်အရဟာရဖြစ်ပေ၏။
ကင်းဝန်မင်းကြီး၏ လက်ဖက်စာတမ်း
မြန်မာလူမျိုး သက်ကြီးရွယ်အိုများသည် လက်ဖက်ရိုးကလေးကို မြုံ့၍ အရသာခံလေ့ ရှိကြသည်။ လက်ဖက်သည် ဆီနှင့် ထိလိုက်လျှင် အိစက်စက်နှင့် အလွန်စွဲမက်ဖွယ် အာဟာရဖြစ်၏။ ရသာဓာတ်အားဖြင့် “ခါး၊ ဖန်၊ ဆိမ့်” ရှိသောကြောင့် လျှာရည် သွက်စေပြီး ခံတွင်းလိုက်စေ၏။ ထိုမျှ မြန်မာလူမျိုးတို့ အလေးထားသည့် လက်ဖက်ကို ကုန်းဘောင်ခေတ်က လက်ဖက် အမျိုးအစား၊ အရသာ၊ ရောင်းဝယ်ဖောက်ကားပုံတို့ကို ကင်းဝန်မင်းကြီးဦးကောင်းက “လက်ဖက်စာတမ်း” ပြုစု၍ အောက်ပါ အတိုင်း မှတ်တမ်းတင်ထားခဲ့ပါသည် –
နေပြည်တော်ပတ်ရံ၊ နိုင်ငံတော်အတွင်း၊ မြစ်ရိုးမြစ်စဉ်တွင် ပလောင်ပလေ့တို့ ခူးစား ရောင်းဝယ်၏။ လက်ဖက်တောင်လပ်ပေါင်း ၅၀ ကျော် “ကမော်” ရှစ်ရပ်ရှိသည်တွင် လက်ဖက်ကို စီရင်ဆုံးဖြတ်နည်း၊ အခက်အရွက်ကို ခြားနားနည်း၊ တိုက်၍ပါယ်နည်း၊ ကျောနည်း၊ ခွဲနည်း၊ ပေးမည်ကမ်းမည်၊ အတွင်းအပြင်ခေါ်နည်း၊ အရွက်၊ သဏ္ဌန်၊ အနံ့အရသာ၊ အရောင်အဆင်း စသည် များကို လူပညာရှိတို့သည် မတိမ်းမစောင်း စေရန် သတိထား၍ စီရင်ဆုံးဖြတ်နည်းများကို ကုန်သည် ကြီးငယ် ရောင်းဝယ်သူတို့ သတိထားရသည်။
အတွင်း ၃ ရပ်၊ အတွင်း ၄ ရပ်၊ အလယ် ၄ ရပ်၊ တောင်လယ် ၈ ရပ်၊ အတွင်းပြင်၊ ပြင်တွင်း ၃၇ ရပ်၊ ပြင် ၄ ရပ်၊ ပြင် ၃၇ ရပ်၊ တောင်အဝင် ၇ ရပ်၊ လက်ဖက်တောင်ပေါင်း ၅၀ ကျော်ရှိသည်။ အတွင်း ၃ ရပ် ဆိုသည်မှာ ပတွဲတောင်ကျော်၊ ညောင်ပင်အတွင်း ၃ ရပ်တည်း။ အရောင်အဆင်းမှာ ဇာတိပ္ဖိုလ် နှင့်တူသည်။ ညိုသည်။ မှိုင်းသည်။ အနံ့အရသာကား ချရားကုံး အနံ့အရသာနှင့်တူသည်။ အလယ် ၄ ရပ်မှာ ဇရမ်း၊ တောင်မ၊ ဖနောင့်၊ ကွမ်းဟယ် ဟူသော အလယ် ၄ ရပ်တည်း။ အရောင်အဆင်း ဖြူသည်။ ဝါသည်။ အနံ့အရသာကား စံကားပွင့် အနံ့အရသာနှင့်တူသည်။ တောင်ဇလပ်ဆိုသည်မှာ ခွံပြောင်၊ ခွံရွက်၊ သဲချောင်း၊ မီးလောင်ကုန်း၊ ငရုတ်ကုန်း၊ ဗျောက်ရွာ၊ တိမ်ခြေ စသည့် ၈ ရပ်မှ ထွက်သော လက်ဖက်ဖြစ်သည်။ အရောင်အဆင်းကား ဝါသည်၊ မည်းသည်၊ ညိုသည်၊ အနံ့ အရသာကား မြတ်လေးပွင့် အနံ့အရသာနှင့် တူသည်။ ပြင်အတွင်း အတွင်းပြင် ၇ ရပ်ဟူသည်မှာ ချုံး၊ ခုနှစ်လုံး၊ ရလင်း၊ သီဟ၊ နံ့ကျင်၊ ငရွက်၊ ကြောင်ရင် စသည့် ၇ ရပ်ဖြစ်သည်။ အရောင်အဆင်းကား ဖြူသည်၊ နီသည်၊ ညိုသည်၊ အနံ့အရသာကား အိမ်ဦးတွင်စိုက်သည့် စံပယ်ပွင့် အနံ့အရသာနှင့် တူသည်။ ပြင် ၄ ရပ်မှာ ကျောက်ဖြူ၊ ညောင်မောင်း၊ ပါးခါး၊ ကျွဲကောသင်း စသည့် ၄ ရပ်တည်း။ အရောင်အဆင်းကား ဖြူသည်၊ ဝါသည်၊ ညိုသည်၊ အနံ့အရသာကား ဥသျှစ်သီးမှည့် အနံ့အရသာ နှင့်တူသည်။ ပြင် ၃၇ ရပ်မှာ တောင်စဉ် ၇ တောင်ဖြစ်သော မံခွံ၊ မံခါ၊ ပင်နိမ့်၊ ရုပ်ထောင်ချောင်ကြီး၊ ဆီးကုန်း၊ ဝရံ၊ တောင်ပြင် ၇ ရပ်တည်း။ အရောင်အဆင်းကား မည်းသည်၊ နီသည်၊ အနံ့အရသာကား ဥသျှစ်သီးကင်း အနံ့အရသာနှင့်တူသည်။
ခြင်း ၄ မျိုး၊ လက်ဖက် ၄ မျိုးတွင် ခြင်း ၄ မျိုး ဆိုသည်မှာ ၁၀တင်းပြည့်ခြင်း၊ ၈တင်းပြည့်ခြင်း၊ ၆တင်းပြည့်ခြင်း၊ စိတ်ခြင်း ၄ မျိုး ဆိုသတည်း။ လက်ဖက် ၄ မျိုးကား ရွှေပြည်၊ ကချင်၊ ကမု၊ ကရွက် ၄ မျိုး ရှိသည်တွင် လက်ဖက်တစ်မျိုးကား တောင်ကမ်းပတ်လည် ပလောင်စာ ဟူ၍လည်း အခေါ်ရှိ သည်။ ရွှေပြည်၊ ကချင်၊ ကရွက်တွင် ၉ မျိုးထပ်၍ ခွဲခြားပြန်သည်၊ မိုးလွတ်ရွှေပြည်ဦး (ရွှေဖီဦး)၊ ရွှေပြည်သားလပ် ၃ မျိုး၊ ၃ သားတည်း၊ ကချင်ဦး၊ ကချင်သားလပ်၊ ကချင် ၃ ဦး၊ ၃ သားတည်း။ လက်ဖက် ၉ မျိုးတွင် မိုးလွတ်ရွှေပြည်ဦး အရွက်မှာ စားတော်အရွက်ဖြစ်၍ ၈ မျိုး လက်ဖက်ကိုသာ ရောင်းချစားကြသည်။
၈မျိုးလက်ဖက် အပိုးဘက်များမှာ ရွှေပြည်သားလပ် ၁၀၀လျှင် ကချင်ဦး ကချင်သားလပ်က ငွေ ၂ ကျပ်၊ ၂ မတ်ဆောင်းစေ၊ ကချင်ဦး ကချင်သားလပ် ၁၀၀လျှင် ကရွက်သားလပ်က ငွေ ၂ ကျပ်၊ ၂ မတ် ဆောင်းစေ၊ ရွှေပြည် ၁၀၀လျှင် ရွှေပြည်သားလပ်က ၁ ကျပ်ဆောင်းစေ၊ ကချင်ဦး ၁၀၀ လျှင် ကချင်သားလပ်က ၁ ကျပ်၊ ၁ မတ်ဆောင်းစေ၊ ခရွက်ဦး ၁၀၀ လျှင် ခရွက်သားလပ်က ၎င်းနည်း ပြုစေ၊ အရွက်အခက်ကို စီရင်နည်းဖြစ်သတည်း။
လက်ဖက်ပယ်နည်း၊ ကျောနည်း၊ ပေးမြဲကမ်းမြဲ၊ လှန်းမြဲသည်ကား ကန်းမကူး၊ မိုးမဖျန်း၊ ရေမသွမ်း၊ ကျောချင်းပကတိဖြစ်လျှင် ငါးပုံခွဲပယ်စေ။ ခြင်းတစ်တင်းကို ၅၀ လျော့စေ၊ ချက်ကျည်း ရောင်းခြင်း တစ်တင်းကို ၅၀ လိုက်စေ၊ ကန်ကူးမည်၊ မိုးဖျန်းမည်၊ ရေကျွေးရေသွင်း ဖြစ်မည်၊ လေးပုံ ခွဲပယ်စေ။ ခြင်းသား၁၀၀လျှင် ကျည်းရောင်းပါ ၄ ပုံး၊ ၄၀ ကျပ်မှာ လက်ဖက်အသား ၁၀၀ကို ၂၅၀ ကျောစေ၊ တိုက်ချိန်ရောင်းလျှင် ဆွဲဇူရာအောက် ရောက်စေသည်ဖြစ်၍ ပေးမြဲကမ်းမြဲ တစ်မျိုး ရှိရာ ခြင်းတစ်တင်းလျှင် ငွေ ၂ မတ် လျော့စေ။ မတိုက်မချိတ်စုရာ ထိုအသားမှန်းထားကာလ ပြေငြိမ်း ကြလျှင် ခြင်းဆစ်တင်းကို ကတိကဝတ်ရှိသည့်အတိုင်း ခြင်းရှင်က ငွေခံလျော့စေ။ မတိုက်မချိတ် စျေးနှုန်းပေါက် မှန်းထားပြောဆို ဝယ်ချမ်းကြသည်ဖြစ်လျှင် ခြင်းတစ်တင်းကို တမ်းလပ်အတွက် ခြင်းရှင်က ဝယ်သူကို ငွေ ၁ ကျပ်ပေးစေ။ ပယ်ရိုးပယ်တန်း၊ ကျောရိုးကျည်းရောင်း၊ ပေးမြဲကမ်းမြဲ များကို သတိထား ဆင်ခြင်စီရင်ရာသည်။
လက်ဖက်ခွဲနည်း၊ ပယ်နည်း စီရင်နည်း၊ တိုင်းထွာနည်းများကို သတိထား၍ မမှားမတိမ်း ရအောင် ကုန်သည် အရောင်းအဝယ် သမားတို့ မသာမနာရှိအောင် ရှေးအစဉ်အလာ စီရင်ထုံး စီရင်နည်းများကို မခြားမမှား မတိမ်းရအောင် သတိထား၍ ခြားနား ဆုံးဖြတ်ရာသည်။ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဝ အကျယ်မပွား စကားမများစေရ၊ ကျေချမ်းအောင် သတိထားစီရင်ရာသည်။
မြန်မာတို့၏ လက်ဖက်သုပ်
မြန်မာတို့သည် လက်ဖက်ကို အချဉ်ဖောက်၍ လက်ဖက်သုပ်များပြုလုပ် စားသုံးကြသည်။ လက်ဖက်သုပ်တွင် ပါဝင်သော အချဉ်ဖောက်ထားသည့်လက်ဖက်ရွက်များကို “အညွန့်” များဟု ခေါ်ပါသည်။ မြန်မာလူမျိုးများသည် လက်ဖက်သုပ်ကို ပုံစံအမျိုးမျိုး ဖြင့်စားသုံးကြသည်။ လက်ဖက်သုပ်သည် မတူညီသောနေရာဒေသ၊ ဒေသခံလူများ၏ တီထွင်ဖန်တီးမှုကို လိုက်၍ ပုံစံ အမျိုးမျိုးကွဲပြားကြပါသည်။
မူလက လက်ဖက်အစိုအညွန့်ကို အချဉ်ဖောက်၍ ဆီစိမ်ကာ စားသုံးခြင်း၊ လက်ဖက်ရွက်ကို ထောင်း၍ အိုးတွင်ထည့်ကာ ဆီစိမ် နှပ်စားခြင်း ဓလေ့များသာ ရှိခဲ့ပါသည်။ နောက်ပိုင်းတွင်မှ လက်ဖက်ကို အကြော်အလှော်အမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး ရောက်၍ သုပ်စားလာကြပါသည်။
လက်ဖက်သုပ်ပြုလုပ်ရာတွင် နေရာဒေသကိုလိုက်၍ မတူညီသော ပါဝင်ပစ္စည်းများလည်း ကွဲပြားခြားနားသည်ကို တွေ့မြင် နိုင်သည်။ ထိုပါဝင်ပစ္စည်းများအားလုံးသည် မြန်မာနိုင်ငံအရပ်ရပ်မှ ထွက်ရှိသော ပစ္စည်းများသာ ဖြစ်ပါသည်။ အထူးသဖြင့် လက်ဖက်ရွက်ကို မြန်မာနိုင်ငံ အရှေ့ဘက်ရှိ ရှမ်းပြည်နယ်မှ အများဆုံးရရှိပြီး ပဲအမျိုးမျိုးကို မြန်မာနိုင်ငံအလယ်ပိုင်းမှထွက်ရှိ၍ ပုစွန်ခြောက်ကိုမူ မြန်မာနိုင်ငံတောင်ဘက် ပင်လယ်ကမ်းခြေဒေသများမှ ရရှိပါသည်။ ထို့အတူ လက်ဖက်သုပ်တွင် ပါဝင်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ် အစရှိသော ပါဝင်ပစ္စည်းများကို မြန်မာနိုင်ငံအရပ်ရပ်မှ ရရှိပါသည်။ မြန်မာ့ရိုးရာလက်ဖက်သုပ်သည် မြန်မာတို့၏ အရောင်အသွေးစုံလင်သော အစားအစာတစ်ခုအနေဖြင့် သာမက ဒေသခံလူအများ၏ ကြိုးစား အားထုတ်မှုကိုပါ မြင်တွေ့နိုင်ပါသည်။
လက်ဖက်သုပ်နည်းမှာ လတ်လတ်ဆတ်ဆတ်လှီးထားသော ခရမ်းချဉ်သီးများ၊ ဂေါ်ဖီများ၊ အချဉ်ဖောက် ထားသော လက်ဖက်ရွက်များ၊ ပဲကြော်၊ မြေပဲလှော်၊ နှမ်း၊ လှီးထားသော ကြက်သွန်ဖြူ၊ ငရုတ်သီး စိမ်း၊ သံပရာရည်လေးညှစ်ထည့်ပြီး ဆီလေးထည့်ကာ အားလုံးကို ရောစပ်ပြီး သုပ်စား လေ့ရှိပါသည်။ အငန်ကြိုက်ပါက ငံပြာရည်လေး ထည့်စားကြသည်။ လက်ဖက်သုပ်ရာတွင် ဆီသည် မပါ မဖြစ်သော အရာဖြစ်ပါသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စသဖြင့် မိမိကြိုက်နှစ်သက်သော စားသုံးဆီ အမျိုးမျိုးကို အသုံးပြုကြပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ကြီးနားမှ လူအများသည် လက်ဖက်သုပ်တွင် ပဲမှုန့်ထည့်စားလေ့ရှိကြသည်။ အနည်းငယ်စေးကပ်သော်လည်း အရသာမှာ အလွန်ကောင်းပါသည်။ အညာဒေသတွင်မူ ကြက်သွန်နီ ပါးပါးလှီးထားသည်ကို ရောထည့်၍ စားကြပါသည်။ ရန်ကုန်တွင်မူ လက်ဖက်သုပ်ရာတွင် ပြောင်းဖူး၊ တညင်းသီး၊ ငါးနီတူခြောက်တို့ကို ထည့်၍လည်း စားသုံးကြပါသည်။ အချို့ က လက်ဖက်သုပ် စားသောအခါ လေနာလေအောင့် မဖြစ်စေရန် သင်္ဘောရွက်ကို တွဲဖက်စားသုံးသည်လည်း ရှိပါသည်။ ရှမ်းပြည်နယ်၊ အင်းလေးဒေသ တွင်မူ လက်ဖက်သုပ်ကို မုန့်လေပွေတွင် ထည့်၍ စားလေ့ ရှိပါသည်။ အချို့က လက်ဖက်နှင့် ထမင်းကိုရောနှောနယ်ပြီး လက်ဖက်ထမင်းအပေါ် ကြက်ဥကြော်လေး တင်ကာ စားသောက်တတ်ကြ သေးသည်။ မြန်မာနိုင်ငံရှိ လက်ဖက်သုပ် စားသုံးသောပုံစံသည် နေရာဒေသ လိုက်၍ အနည်းငယ် ကွဲပြားကြသည်။
ရိုးရာလက်ဖက်အစ်
ရိုးရာလက်ဖက်အစ်ဆိုသည်မှာ ယွန်းအစ်ထဲတွင် လက်ဖက်သုပ်၌ ပါဝင်သော လက်ဖက်၊ ကြက်သွန် ဖြူကြော်၊ မြေပဲကြော်၊ နှမ်း၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သံပရာသီး၊ ပုစွန်ခြောက်စသော ပါဝင်ပစ္စည်း အမျိုးမျိုးကို သီးခြားစီ စုပုံထည့်ထားသော စားချင်စဖွယ် ယွန်းအစ် တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာလက်ဖက်အစ်ကို အလှူ၊ မင်္ဂလာပွဲများ တွင်သရေစာအဖြစ် ဧည့်ခံကျွေးမွေးသော အလေ့အထ ရှိကြပါသည်။ မြန်မာနိုင်ငံရှိ စားသောက်ဆိုင် အချို့တွင်လည်း ဧည့်သည်များကို လက်ဖက်အစ်ဖြင့် ဧည့်ခံလေ့ရှိကြသည်။ လက်ဖက်တွင် ကဖိန်းဓာတ် ပါဝင် သောကြောင့် အစာစားပြီးနောက် သရေစာအဖြင့် စားသုံးခြင်းသည် အိပ်ငိုက်ခြင်းနှင့် ပင်ပန်း နွမ်းနယ်ခြင်းကို သက်သာစေပါသည်။ အခြောက်ခံထားသော လက်ဖက်ခြောက်ကို လက်ဖက်ရည် အကြမ်းခတ်သောက်၍လည်း လက်ဖက်သုပ်နှင့် တွဲဖက်စားသုံးကြသည်။ လက်ဖက်ရည်ကြမ်း နှင့် လက်ဖက်သုပ်သည် အလွန်လိုက်ဖက်သော အစားအသောက်ပင်ဖြစ်သည်။
လက်ဖက်ခူးအက
လက်ဖက်ခူးအကကို လွယ်ရှမ်း ဘာသာစကားဖြင့် “ဝှမ်လ” ဟု ခေါ်ပါသည်။ မျိုးဆက်သစ် လူငယ်များအား ဘိုးဘွားအမွေ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို သိရှိ ထိန်းသိမ်းစေရန်နှင့် မမေ့လျော့ကြစေရန် ရည်ရွယ်ချက်ဖြင့် တင်ဆက် ကပြထားပါသည်။ ရှေးက လွယ်တိုင်းရင်းသား များသည် တောင်ပေါ်ဒေသတွင် နေထိုင်ကြပြီး လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ ကြောင်းကို ရိုးရာအကနှင့် ပေါင်းစပ် တင်ဆက်ထားသော အကဖြစ်ပါသည်။ လွယ်ရှမ်းရိုးရာ တူရိယာများ တီးခတ်မှု သံစဉ်ဖြင့် ဖွဲ့နွဲ့ထား ပါသည်။ ၁၂ ဦးမှ ၁၆ ဦးအထိ ကပြနိုင်ပါသည်။ အမျိုးသမီးများသာ ကပြနိုင်ပါသည်။ ကကွက် ရှစ်ကွက် ရှိပါသည်။ လက်ဖက်ခင်းသို့ ဝင်လာဟန်၊ လက်ဖက်ခူးဟန်၊ လက်ဖက် လှော်ဟန်၊ လက်ဖက်နှပ်ဟန်၊ လက်ဖက်ခြောက် လှမ်းဟန်များကို ရိုးရာအကနှင့် ပေါင်းစပ် တင်ဆက်ထားပါသည်။ ခြေပုံစံသည် လက်ကဟန်အတိုင်း ပြောင်းလဲ ရွေ့လျား ကပြပါသည်။
လက်ဖက်ခူးအက ကပြရာတွင် အိုးစည်၊ မောင်း၊ လင်းကွင်း၊ ဂီတာ၊ လွယ်ပလိုင်းများကို အသုံးပြု၍ အမျိုးသမီးများက ကပြကြပါသည်။
လွယ်ရှမ်းအမျိုးသမီးများသည် ရင်ဖုံးလက်ရှည်၊ လက်တိုအင်္ကျီနှင့် အစင်းပါသော အနားသတ် ကတ္တီပါဆက်ကာ လုံချည်ကို ဝတ်ဆင်ကြပါသည်။ ခေါင်းတွင် ခေါင်းပေါင်းပေါင်းပြီး ခေါင်းပေါင်းစ နှစ်ဖက်တွင် ပန်းဖွားရောင်စုံလေးများ တပ်ထားသည်။ လက်ဝတ်ရတနာများ အနေဖြင့် ငွေထည်များ ကို ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အနက်ရောင် ရှမ်းတိုက်ပုံကို အဝါရောင်လိုင်းများ ဖော်ကာ ရှမ်းဘောင်းဘီ အနက်ရောင်ကို ဝတ်ဆင်ကြသည်။ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်းကြသည်။
နှစ်တစ်ထောင် လက်ဖက်ပင်များ
တရုတ်နိုင်ငံ ရှေးဟောင်းသုတေသနဌာန တူးဖော်ရေး တစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်က လက်ဖက်စေ့ များ တွေ့ရှိဖူးသည်။ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနား ဒေသတွင် သက်တမ်း နှစ်တစ်ထောင့်နှစ်ရာ သက်တမ်းရှိသော လက်ဖက်ပင်ကြီး တစ်ပင်ကို ထိန်းသိမ်း ထားရှိသည်။
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ အနီးရှိ ပတ္တမြားစေတီ တည်ရှိရာ လွယ်ဆိုင်တောင်ထိပ်တွင် ပုဂံခေတ်က အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည် ချိန်တွင် စိုက်ပျိုးခဲ့သည်ဆိုသော လက်ဖက်ပင်ကြီးကို ထိန်းသိမ်းထားရှိသည်။ အချို့ကမူ အလောင်း စည်သူ စိုက်ပျိုးခဲ့သည့် လက်ဖက်ပင်၏ လေးဆက်မြောက် လက်ဖက်ပင်ဟု ဆိုကြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်အန်ကျေးရွာအုပ်စုထဲတွင်လည်း နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိနိုင်သည့် လက်ဖက်စိုက်ခင်းကြီးများ ရှိနေပြီး လေ့လာရန် လိုအပ်နေ သေးသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဝမ်ဆိုင်းကျေးရွာအုပ်စုတစ်ဝိုက်တွင် နှစ်ပေါင်း ရှစ်ရာခန့် သက်တမ်းရှိသော ရှေးဟောင်းလက်ဖက်ခင်းကြီးများ တွေ့ရှိရပြီး နာမည်ကျော် ဝမ်ဆိုင်း လက်ဖက်ကို ထုတ်လုပ်လျက်ရှိသည်။
လက်ဖက်နှင့်ဆိုင်သော ဆိုရိုးစကားပုံများ
မြန်မာတို့၏ လက်ဖက်စားခြင်း ဓလေ့နှင့်အတူ လက်ဖက်နှင့် သက်ဆိုင်သည့် ဆိုရိုးစကားပုံ များလည်း တည်ရှိခဲ့ပါသည်။
“လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ” – လက်ဖက်ကောင်းကောင်း စားသုံးလိုပါက အညွန့်သန့်သန့်လေးများ ရရှိစေရန် လက်ဖက်ခူးသူ ပလောင်လူမျိုးများကို တောင်စောင်း တစ်လျှောက် နှေးနှေးမှန်မှန် တက်ခူးစေရသကဲ့သို့ လုပ်ငန်းများ ကောင်းမွန်စေလို လျှင် စိတ်တိုင်းကျ ဖြစ်မြောက်အောင် ဆောင်ရွက်သူများကို ထိုက်သင့်သောအချိန် ပေးရသည် ဟု အဓိပ္ပာယ် ရပါသည်။justify-text“လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ” – လက်ဖက်ကောင်းကောင်း စားသုံးလိုပါက အညွန့်သန့်သန့်လေးများ ရရှိစေရန် လက်ဖက်ခူးသူ ပလောင်လူမျိုးများကို တောင်စောင်း တစ်လျှောက် နှေးနှေးမှန်မှန် တက်ခူးစေရသကဲ့သို့ လုပ်ငန်းများ ကောင်းမွန်စေလို လျှင် စိတ်တိုင်းကျ ဖြစ်မြောက်အောင် ဆောင်ရွက်သူများကို ထိုက်သင့်သောအချိန် ပေးရသည် ဟု အဓိပ္ပာယ် ရပါသည်။
“လူမတတ်ပေမယ့် လက်ဖက်ထုပ်တတ်” – လူကိုယ်တိုင် မတတ်စွမ်းသော်လည်း လက်ဖက်ထုပ် လက်ဆောင်ဖြင့် ချဉ်းကပ်က တက်စွမ်းသကဲ့သို့ မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်သော ကိစ္စကို စွမ်းဆောင်နိုင်သူအား ချဉ်းကပ်ခြင်းဖြင့် ပြီးမြောက်သည် ဟု အဓိပ္ပာယ် ရပါသည်။
“လက်ဖက်တစ်ရိုး ကွမ်းရိုးတစ်ညှာ” – လက်ဖက်ကို အရသာခံ၍ အနည်းငယ်သာ စားသုံးရ သကဲ့သို့ ကွမ်းကိုလည်း အရသာခံ၍ အနည်းငယ်သာ စားရသည် ဟူ၍ အဓိပ္ပာယ် ရပါသည်။
ဈေးကွက်
လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော သောက်သုံးဖွယ်ရာ စားသောက်ကုန် ဖြစ်သည်။ ၎င်း၏စားသုံးမှုသည် ကော်ဖီ၊ ချော့ကလက်၊ အချိုရည်၊ အရက်သေရည် တို့ စုစုပေါင်းပါဝင်သော ကမ္ဘာပေါ်ရှိ အခြားသော သောက်သုံးကုန် ထုတ်လုပ်မှုအားလုံးနှင့် ညီမျှ သည်။ အရှေ့အာရှ အပြင်ဘက်ဒေသတွင် စားသုံးသည့် လက်ဖက်အများစုကို အိန္ဒိယ သို့မဟုတ် သီရိလင်္ကာတို့တွင် စိုက်ခင်းကြီးများဖြင့် အကြီးအကျယ် စိုက်ပျိုးပြီး စီးပွားရေး လုပ်ငန်းကြီးများ အတွက် ရည်ရွယ်ကာ ထုတ်လုပ်ကြသည်။
တစ်ဦးချင်း လက်ဖက်စားသုံးမှု နိုင်ငံများစာရင်း
အိန္ဒိယနိုင်ငံသည် နှစ်စဉ် လူတစ်ဦးချင်း လက်ဖက်စားသုံးမှုမှာ ၇၅၀ ဂရမ်မျှသာ ရှိသော် လည်း ကမ္ဘာပေါ်တွင် လက်ဖက်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ တူရကီနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦးချင်း၏ လက်ဖက်စားသုံးမှုမှာ ၂ ဒသမ၅ ကီလိုဂရမ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ဦးချင်း လက်ဖက် စားသုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။
လက်ဖက်သုပ်ကို အဓိက စားသုံးသည့်နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ၂၀ ရာစု နောက်ပိုင်း မှ စ၍ အခြားနိုင်ငံများတွင်လည်း စားသုံးကြသော်လည်း အနည်းငယ်သာဖြစ်သည်။ စားသုံမှု ပမာဏ အတိအကျ အချက်အလက် မရှိပါ။
ထုတ်လုပ်ခြင်း
၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် ၃ ဒသမ ၂၁ သန်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ လက်ဖက် ထုတ်လုပ်မှုမှာ တန်ချိန် ၄ ဒသမ ၇၃ သန်း သို့ရောက်ရှိခဲ့သည်။ လက်ဖက်အများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ နှင့် တူရကီနိုင်ငံတို့ဖြစ်သည်။
ရည်ညွှန်း ကိုးကား
၁။ တောင်ကြီး နှင့် ကျိုင်းတုံတက္ကသိုလ် များမှ သုတေသန စာတမ်းများ
၂။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
၃။ မဟာရာဇဝင်ကြီး(ပတွဲ)
၄။ သန်းထွန်း၊ ဒေါက်တာ ခေတ်ဟောင်းမြန်မာရာဇဝင်
၅။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၂)၊ လာ – သနပ်
၆။ နတ်ရှင်၊ ဒဂုံ သုတကြေးမုံ
၇။ တင်လတ်ယု၊ ဦး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တိုင်းရင်းသားတို့၏ ရိုးရာအကများ ကွင်းဆင်းသုတသန အစီရင်ခံစာ၊ ၂၀၁၆ ခုနှစ်
၈။ တင်လတ်ယု၊ ဦး ရှမ်းပြည်နယ် (တောင်ပိုင်း) တိုင်းရင်းသားတို့၏ ရိုးရာလုပ်ငန်းများ ကွင်းဆင်းသုတသန အစီရင်ခံစာ၊ ၂၀၁၈ ခုနှစ်
၉။ သီတာအောင်၊ ဒေါ် လက်ဖက်ခြောက်လုပ်ငန်း ကွင်းဆင်းအစီရင်ခံစာ၊ ၂၀၁၈ ခုနှစ်
၁၀။ လားရှိုးဌာနခွဲ ကိုးကန့်လက်ဖက်ခြောက်လုပ်ငန်း ကွင်းဆင်းအစီရင်ခံစာ
- Fuller၊ Thomas။ “A Tea From the Jungle Enriches a Placid Village“၊ The New York Times၊ 21 April 2008၊ စာ- A8။
- Alan Macfarlane; Iris Macfarlane (2004)။ The Empire of Tea။ The Overlook Press။ p. 32။ ISBN 1-58567-493-1။
တွေ့ဆုံမေးမြန်းခဲ့သူများ
၁။ ဒေါ်နန်းနော် အသက် ၅၅ နှစ် လွယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ကျိုင်းတုံမြို့
၂။ ဦးလုံးဆိုင် အသက် ၇၀ နှစ် ဝမ်ဆိုင်းရွာသစ်၊ ကတ်ဖကျေးရွာအုပ်စု
ကျိုင်းတုံမြို့နယ်
၃။ ဦးနန်ဆိုင် အသက် ၇၂ နှစ် ဝမ်ဆိုင်းရွာဟောင်း၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နယ်
၄။ ဦးလင်ကွန်း အသက် ၄၀ နှစ် ဝမ်ဆိုင်းရွာဟောင်း၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နယ်
၅။ ဦးအားပါ အသက် ၅၅ နှစ် ဝမ်ဆိုင်းရွာဟောင်း ၊ ကတ်ဖ ကျေးရွာအုပ်စု ၊ ကျိုင်းတုံမြို့နယ်
၆။ ဦးရန်ကျားချန် အသက် ၆၀ နှစ် ကိုးကန့်ယဉ်ကျေးမှုရုံး ၊ ရပ်ကွက်(၁) ၊ နယ်မြေ (၂) ၊ လားရှိုးမြို့
၇။ ဦးဆူဝင်းဟန် အသက် ၅၀ နှစ် ရပ်ကွက်(၁)၊ နယ်မြေ(၂)၊ လားရှိုးမြို့
၈။ ဦလော်စိန် အသက် ၅၀ နှစ် ရပ်ကွက်(၁၂)၊ နယ်မြေ(၁၃)၊ လားရှိုးမြို့
ဓာတ်ပုံများ – ပုံများကို ဆရာ တင်လတ်ယု (ယဥ်ကျေးမှု) မှ ပေးပို့ပါသည်။







