နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂)ရက် (ဗုဒ္ဓဟူးနေ့)က တရုတ်နိုင်ငံ ပီကင်းမြို့ကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိလာပါတယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဒီခရီးစဉ်ဟာ ထိုင်း-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ အထူးခြားဆုံး မှတ်တမ်းတင်ရမယ့် ခရီးစဉ် လည်းဖြစ်တယ်။
တရုတ် နဲ့ ထိုင်းဟာ ၁၉၇၅ ခုနှစ်ကျမှ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြတာဖြစ်ပြီး ဒီနှစ်မှာ နှစ် (၅၀) ပြည့် ပါတယ်။ အစဉ်အလာအားဖြင့် ထိုင်းဟာ တရုတ်ရဲ့ မဟာမိတ်မဟုတ်ပါဘူး။ အမေရိကန်ရဲ့ မဟာမိတ်ပါ။ နှစ်ပေါင်း (၅၀) သံတမန်ဆက်ဆံရေး ထူထောင်ထားစဉ်ကာလ တစ်လျှောက်လုံး ထိုင်းအစိုးရအဖွဲ့ခေါင်းဆောင်တွေ ပီကင်းကို သွားရောက် လည်ပတ်တာမျိုး ရှိခဲ့ပေမယ့် ခုလို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး (ထိုင်းပြည်သူတွေ အလေးအမြတ်ပြုရတဲ့) ဘုရင်မင်းမြတ် ကိုယ်တိုင် သွားရောက်ခဲ့တာမျိုး တကြိမ်တခါမှ မရှိခဲ့သေးပါဘူး။ ဒါဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ပထမဦးဆုံး တရုတ်နိုင်ငံခရီးစဉ်ပဲဖြစ်တယ်။
တိုက်တိုက်ဆိုင် ထိုင်းဘုရင်မင်းမြတ် တရုတ်နိုင်ငံ၊ ပီကင်းမြို့ကို ရောက်ရှိသွားချိန်မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ်ကို တရုတ်နိုင်ငံက အလိုရှိနေတဲ့ အရှေ့တောင်အာရှ လောင်းကစားဂိုဏ်းခေါင်းဆောင် “ရှီကျိကျန်း” ရောက်ရှိလာပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ အထူးလုံခြုံရေးအစောင့်အရှောက်တွေနဲ့ လေဆိပ်ရောက်ရှိလာတဲ့ “ရှီကျိကျန်း”ရဲ့ လက်မောင်းနှစ်ဖက်ကို ထိုင်းရဲတပ်ဖွဲ့ဝင် နှစ်ဦးက ချုပ်ကိုင်ထားတယ်။
အရှေ့တောင်အာရှ အွန်လိုင်းလောင်းကစားလုပ်ငန်း ဂိုဏ်းချုပ်ကြီး ” ရှီကျိကျန်း” ကို တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ထိုင်းအစိုးရက ပြန်ပို့လိုက်တာပါ။ တကယ်တော့ ” ရှီ”ကို ဖမ်းဆီးရမိထားတာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းကပါ။ တရုတ်နိုင်ငံက အင်တာပိုအကူအညီနဲ့ ရှီကျိကျန်းကို ဖမ်းဆီးခိုင်းခဲ့ပြီး ထိုင်းအစိုးရက သူ့ကို ထောင်ထဲ ထည့်ထား ခဲ့တာပါ။ ရှီကျိကျန်းက တရုတ်နိုင်ငံသားဖြစ်ပေမယ့် ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်။ သူ့ကို တရုတ်နိုင်ငံကို ပြန်လွှဲပေးသင့် မပေးသင့် ထိုင်းတရားရုံးမှာ အချိန်(၂)နှစ်လောက် အမှုရင်ဆိုင်ပြီး ခုကျတော့မှ ထိုင်းအယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ” ရှီကျိကျန်း” ကို ပြန်ပို့စေ အမိန့်ထွက်လာတာပါ။
တရုတ်က တောင်းနေတာတော့ကြာပါပြီ။ ထိုင်းဥပဒေအရ သူ့ကို တရုတ်နိုင်ငံကို လွှဲ့ပို့သင့် မသင့် တရားရုံးရဲ့ အဆုံးအဖြတ်က နှောင့်နှေးနေတာပါ။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ ထိုင်းတရားရုံးက ရှီကျိကျန်းကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်ထဲ ပြန်ရောက်သွားပြီး ပေထုန်ထန်အစိုးရ မရှိတော့ချိန်မှာ ဖြစ်လာတာပါ။
ဒီအခြေအနေဟာ ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန် တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်နဲ့ တိုက်ဆိုင် နေတယ်။ ထိုင်းဘုရင်ရဲ့ နှစ်ပေါင်း (၅၀) အတွင်း ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံ သံတမန်ခရီးစဉ်နဲ့အတူ တရုတ်နိုင်ငံဟာ သူအလိုရှိနေတဲ့ အရှေ့တောင်အာရှ အွန်လိုင်းလောင်းကစားဂိုဏ်းခေါင်းဆောင် ရှီကျိကျန်း ကို ရရှိလိုက်တယ်။ ဒါဟာ ထိုင်းအစိုးရနဲ့ တရုတ်နိုင်ငံ ကြား ဆက်ဆံရေးအခြေအနေကို ပြသနေသလို အရှေ့တောင်အာရှမှာ တရုတ်ရဲ့ဩဇာ၊ တရုတ်ရဲ့လက်တံ ဘယ်လောက်ထိ ရှည်နေပြီဆိုတာ ပြသလိုက်တာပဲဖြစ်တယ်။
ထိုင်းနိုင်ငံ နဲ့ တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်း (၅၀) သာ ရှိပါသေးတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အမေရိကန်နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ထားတဲ့ နိုင်ငံတခုဖြစ်ပြီး အင်ဒို-ချိုင်းနား စစ်ဆင်ရေး (ဗီယက်နမ်စစ်ပွဲ) ကာလတစ်လျှောက်လုံး အမေရိကန်စစ်စခန်းတွေရဲ့ အခြေစိုက်ရာဖြစ်ခဲ့တယ်။ အမေရိကန်ရဲ့ စစ်ရေးမဟာမိတ်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ပိုရှိလာတာ တွေ့ရတယ်။ ဒါကလည်း သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီး နောက်ပိုင်း အမေရိကန်ရဲ့ အာဆီယံအပေါ်သဘောထားနဲ့ ထိုင်းအပါအဝင် နိုင်ငံအများအပြားကို သွင်းကုန်ခွန်တိုးမြှင့်လိုက်တာနဲ့ ဆက်စပ်နေတယ်။ လက်ရှိအမေရိကန်ရဲ့ အာဆီယံအပေါ်သဘောထားဟာ စစ်အေးခေတ်ကာလတုန်းကလို မဟုတ်တော့တာကို ထိုင်းက သတိပြုမိလိုက်ချိန်မှာ ထိုင်းနဲ့ တရုတ်ဆက်ဆံရေး နီးကပ်လာခဲ့တာဖြစ်တယ်။
သမိုင်းကို ပြန်ကြည့်တဲ့အခါ ၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်း နဲ့ အမေရိကန်ဆက်ဆံရေးဟာ အလွန်အားကောင်းခဲ့ပြီး ထိုင်းဘုရင်ကြီး ဘူမိဘော ကိုယ်တိုင် အမေရိကန်ကို ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်ခဲ့တာ တွေ့ရတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘောဟာ နန်းစံသက်တမ်းတလျှောက် တရုတ်နိုင်ငံကို တခါမှ သွားရောက်ခဲ့ခြင်းမရှိဘဲ အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်ကိုသာ ၁၉၈၇ ခုနှစ်မှာ တကြိမ် စေလွှတ်ခဲ့ဖူးတယ်။
ထိုင်းဘုရင်ကြီး ဘူမိဘောနတ်ရွာစံပြီး လွန်ခဲ့တဲ့ ကိုးနှစ်က နန်းတက်လာတဲ့ လက်ရှိဘုရင် မဟာဝိဇယလောင်ကွန်ဟာ မကြာသေးမီက ဘူတန်နိုင်ငံကို သွားရောက်ခဲ့ပြီး ခုတခါ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိလာတာပါ။ မဟာဝိဇယ လောင်ကွန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာအပြောင်းအလဲဖြစ်သလို ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာ ကြီးထွားလာနေမှုကို ပြသနေတယ်။
လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်နေပြီး ထိုင်းနိုင်ငံမှာ မော်တော်ကား ထုတ်လုပ်မှု အများဆုံးလုပ်ကိုင်နေသလို ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံက တရုတ်ကုန်စည် ဒေါ်လာ ၈၀ ဘီလျံ ဝယ်ယူ တင်သွင်းခဲ့တယ်။ အလားတူ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံကို အမေရိကန်နဲ့အပြိုင် စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချနေတယ်။
ရှီကျင့်ပင်းက ထိုင်းနိုင်ငံအထိ ဆက်သွယ်မယ့် မီးရထားလမ်းစီမံကိန်းအကောင်အထည်ဖော်မယ့်အကြောင်း ထိုင်းဘုရင်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ ဆင်ဟွာသတင်းက ရေးသားဖော်ပြထားတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက် လာပြီး (သက်ဆိုး မရှည်လိုက်တဲ့) ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ကိစ္စတစ်ခုသာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် တရုတ်ကတော့ အာဆီယံနိုင်ငံများနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးစနစ် အကောင်အထည် ဖော်ဖို့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။ အမေရိကန်က သွင်းကုန်ခွန်တိုးမြှင့်ပြစ်ဒဏ်နဲ့ နိုင်ငံတွေကို ခြိမ်းခြောက်နေစဉ်မှာ တရုတ်က အာဆီယံနိုင်ငံတွေရဲ့ အားထားမီခိုရာ ဖြစ်လာတယ်။
ထိုင်းနဲ့ တရုတ်ဆက်ဆံရေးကို ကြည့်ရင် ဒီနှစ်အစောပိုင်းက ထိုင်းအာဏာပိုင်တွေဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တားမြစ်နေတဲ့ကြားက နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ အူရ်ဂါ နဲ့ တိဗက်လူမျိုး (၄၀) ကို တရုတ်နိုင်ငံဆီကို ပြန်ပို့လိုက်တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ဘန်ကောက်မှာ ကျင်းပတဲ့ အူရ်ဂါ နဲ့ တိဗက်အနုပညာပြပွဲကို တရုတ်သံရုံးက ကန့်ကွက်လို့ ပိတ်ပင်ခဲ့ရတယ်။
ဒါတင်မက ထိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ် တစ်လျှောက် ကြီးထွားလာနေတဲ့ အွန်လိုင်းလိမ်လည်စခန်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို ထိုင်းနိုင်ငံက လိုက်ပါလုပ်ဆောင်ပေးခဲ့ရတယ်။ အွန်လိုင်းလိမ်လည်စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန် (ထိုင်း-တရုတ် သံတမန်ဆက်ဆံမှု နှစ် ၅၀ အတွင်း) ပထမဦးဆုံးအကြိမ် ပီကင်းကို ရောက်ရှိလာတဲ့နေ့မှာပဲ တရုတ်နိုင်ငံဟာ သူတို့အလိုရှိနေတဲ့ အရှေ့တောင်အာရှ တစ်ခွင် အွန်လိုင်းလောင်းကစားဂိုဏ်း ခေါင်းဆောင် ” ရှီကျိကျန်း” ကို ရရှိလိုက်တယ်။ ထိုင်းအကျဉ်းထောင်ထဲမှာ နှစ်နှစ်ကြာ ဖမ်းဆီးခံထားရတဲ့ ” ရှီကျိကျန်း”ဟာ နောက်ဆုံးမှာ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပေးအပ် ခံခဲ့ရတာဖြစ်တယ်။ ဒါဟာ အာဆီယံမှာ လက်တံရှည်လာတဲ့ တရုတ်ရဲ့ဩဇာဖြစ်သလို တိုက်ဆိုင်မှုမဟုတ်တဲ့ နိုင်ငံရေးလည်း ဖြစ်တယ်..။
ref: Thai king becomes country’s first monarch to visit China. BBC World.


