The Corner

The Corner

cropped-Logo_round_grey-background.png

တောင်အာရှရဲ့  ရေစစ်ပွဲ

Share မယ်

ရာသီဥတုဖောက်ပြန်မှုနဲ့စွမ်းအင်လိုအပ်ချက်တိုးမြင့်လာတာက မြစ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့ အရေးအခင်းတွေကို ပိုပြီး ဆိုးရွား လာစေတယ်။

တောင်အာရှဒေသက မြစ်ကြီးတွေရဲ့ တည်ငြိမ်ခဲလှတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံရေးဟာ အခုခေတ်‌နှောင်း ပိုင်းအထိ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ အောက်တိုဘာလနှောင်းပိုင်းတုန်းက အာဖဂန်နစ္စတန်နိုင်ငံဟာ ကဘူးမြစ်မှာ ဆည်တွေ တည်ဆောက်ဖို့ စီမံကိန်းကိုထုတ်ဖော်ပြောဆိုခဲ့တယ်။ အဲဒီကြေညာချက်ကြောင့် မကြေညာခင် ရက်အနည်းငယ်ကမှ နှစ်နိုင်ငံ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံကို အတော် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အောက်တိုဘာထဲ မှာပဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ဗြဟ္မပုတ္တရမြစ်လက်တက် (ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဂျမူးလို့ သိကြတယ်) တစ်ခုဖြစ်တဲ့ တီစတာမြစ် စီးဆင်းမှုကို အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးတာကို ကန့်ကွက် ဆန္ဒပြဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အခုနှစ်ဧပြီလက ရပ်ဆိုင်းထားခဲ့တဲ့ ၁၉၆ဝပြည့်နှစ် ကတည်းက ပါကစ္စတန်နိုင်ငံနဲ့သဘောတူညီမှုယူခဲ့တဲ့ ရေကိုမျှဝေသုံးစွဲရေး သဘောတူညီချက် အိန္ဒုမြစ်ရေ သုံးစွဲရေး သဘောတူစာချုပ်ကို ပြန်ပြီးတော့ ရှင်သန်အောင် ဆောင်ရွက်ရ ပါဦးမယ်။ အိန္ဒိယ အရာရှိ တွေကလည်း အိန္ဒိယနိုင်ငံရဲ့နယ်စပ်ပေါ်ရှိ ဗြဟ္မပုတ္တမြစ် (တိဘက်မှာတော့ ယာလန်းဆန်ပိုမြစ်လို့ ခေါ် တယ်) မြစ်ညာဒေသ ကီလိုမီတာ ၃ဝမှာ တည်ဆောက်မယ့် တရုတ်ပြည်ရဲ့ ဆည်တည်ဆောက်ရေး စီမံကိန်း သစ်တစ်ခု အကောင်အထည် ဖော်မယ့်အရေးနဲ့ စပ်လျဉ်းလို့ အကြီးအကျယ် စိုးရိမ်ပူပန်နေကြတယ်။ ဒီဆည်ကြီးဟာ ဒေါ်လာ ၁၆၇ ဘီလီယံ တန်ဖိုးရှိပြီး စီမံကိန်းပြီးဆုံးသွားရင် ကမ္ဘ့ာအကြီးဆုံး ဆည်ကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်။ မြစ်ကြေဘက်မှာ နေထိုင်တဲ့ အိမ်နီးချင်း နိုင်ငံက ပြည်သူတွေအတွက် အကျိုး ရလဒ် ကတော့အလွန်ကြီးမားပါလိမ့်မယ်။အဲဒီဒေသမှာ ဆည်ကြီးရဲ့ ဂေဟဗေဒဆိုင်ရာ အကျိုးသက်ရောက်မှုကတော့ အဲဒီနယ်မြေမှာ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝလာလိမ့်မှာပဲဖြစ်ပါတယ်။

ဒီဒေသကြီးရဲ့ ရေနိုင်ငံရေးကတော့ ပိုပြီး အန္တရာယ်ကြီး လာနေတယ်လို့ အားလုံးက ဆိုကြတယ်။ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိမှု လိုအပ်ချက်က တစ်နေ့တခြား တိုးလာနေတာက တောင်အာရှ ဒေသ တစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေရဲ့ ရေအားလျှပ်စစ်ဓာတ်အားထုတ်ယူရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဖို့ကို တွန်းအား ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ရေခဲမြစ်တွေ ကျုံ့လာနေတာ နဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲမြန်ပြီးစိတ်မချရတဲ့ မိုးလေဝသ ပုံသဏ္ဌာန်တွေဟာ မြစ်တွေရဲ့ရေပြင်အမြင့်နဲ့စီးဆင်းမှုကို ပိုပြီး ကြိုတင် မခန့်မှန်းနိုင်အောင် ဖြစ်စေခဲ့တယ်။ အဲဒီအခြေအနေက တောင်အာရှဒေသခံ လူဦးရေသန်း ပေါင်းနှစ်ထောင်ရဲ့ အသက်ရှင်သန် ရပ်တည်ရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်။ ဒီအန္တရာယ်တွေကို စီမံခန့်ခွဲနိုင်ဖို့ နဲ့ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို ရပ်တန့်စေဖို့ ဒေသကြီး အတွင်းက နိုင်ငံတွေဟာ ဆွေနွေးမှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အခုထက်ပိုပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အများစုကတော့ အဲဒီသဘောထားအတိုင်း ရပ်တည် နေကြပါတယ်။

တောင်အာရှဒေသမှာ ရေနိုင်ငံရေးက ပူပန်သောကရောက်စရာ ဗျာများနေရတာ ကတော့ အတော်ကြာပါပြီ။ ဒေသကြီးအတွင်းက ရေစီးအသန်ဆုံးမြစ်တွေ ဖြစ်ကြတဲ့ အိန္ဒု၊ ဂင်္ဂါနဲ့ ဗြဟ္မပုတ္တရ မြစ်တွေဟာ ဟိမဝန္တာတောင်တန်း ဒေသရှိ ရေခဲမြစ်တွေကနေ မြစ်ဖျားခံ စီးဆင်းလာတာပါ။ အိန္ဒုမြစ်ဟာ တရုတ်ပြည်မှာပေါ်ထွန်းလာပြီး အိန္ဒိယနိုင်ငံက လာဒက်ဒေသနဲ့ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသတွေကို ဖြတ်သန်း စီးဆင်းလာပြီးတဲ့နောက်မှ ပါကစ္စတန်နိုင်ငံကို ဖြတ်သန်းပြီး အာရေဗျ ပင်လယ်ထဲကို စီးဝင်သွားတယ်။  ဗြဟ္မပုတ္တရမြစ်ကတော့ တရုတ်ပြည်မှာပေါ်ထွန်းလာပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုသာ ဖြတ်သန်း စီးဆင်းပြီး နီပေါနိုင်ငံရဲ့ နယ်မြေအများစုဟာ ကြီးမားကျယ်ပြန့်လှတဲ့ ဂင်္ဂါ ဗြဟ္မပုတ္တရမြစ်ဝှမ်း ဒေသကြီးထဲမှာတည်ရှိတာပါ။

ဒေသတွင်းမှာ မြစ်ရေခွဲဝေသုံးစွဲမှုဟာ အင်မတန်သိမ်မွေ့ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မယုံကြည်မှုတွေ စိတ်မချရမှုတွေကြောင့် စိတ်ဝမ်းကွဲခဲ့ကြရတယ်။ ကက်ရှ်မီးယားအရေးနဲ့ စပ်လျဉ်းလို့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ ပဋိပက္ခက ရေရှည် ဖြစ်ပွားနေတဲ့ အရေးအခင်း ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း နယ်စပ်အရေးနဲ့ တိုက်ခိုက်ကြရတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံ တို့ကလည်း အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ စလုံးရဲ့ မလိုအပ်ဘဲ ဩဇာ လွှမ်းမိုးနေတာကို မလိုလားဘူး။ အဲဒီအချက်တွေက ဒီနိုင်ငံ တွေကို ရေသုံးစွဲမှု နဲ့ စပ်လျဉ်းလို့ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံပေါ်ဖိအားပေးဆောင်ရွက်ဖို့ကို သွေးဆောင်ဖြားယောင်းနေတယ်။ ၂ဝ၁၉ခုနှစ်နဲ့ ၂ဝ၂၃ ခုနှစ်ကြားမှာ တောင်အာရှဒေသအတွင်း ရေနဲ့ဆက်စပ်တဲ့အငြင်းပွားမှုပေါင်း ၁၉၁မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ သုတေသနဌာနတစ်ခုဖြစ်တဲ့ Pacific Institute  အဆိုအရ သိရှိရတယ်။ အရှေ့အလယ်ပိုင်း ဒေသမှတစ်ပါး အခြားဒေသကြီးတွေမှာ ရေနဲ့စပ်လျဉ်းလို့ စိုးရိမ်စရာသောက မကင်းစရာ အ‌ခြေအနေမျိုးမရှိပါဘူး။

အစစအရာရာကတော့ အခြေအနေပိုဆိုးလာ ကောင်းလာနိုင်တယ်။ ပြဿနာတစ်ခုကတော့၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု အတွက်လည်း ဖြစ်နိုင်တယ်။ အိန္ဒိယနိုင်ငံ ဆိုနီပက်ရှိ O.P. Jindal Global University  ကဟာရီဂိုဒါးရား ကတော့ အိမ်နီးချင်းနိုင်ငံတွေကို သူတို့ ရည်မှန်းချက်တွေ ပြည့်စေဖို့၊ သဘောတူညီချက်ကို အပြီးသတ်နိုင်စေဖို့နဲ့ အကျပ်ကိုင် ဆောင်ရွက်ခိုင်းဖို့ ဆည် တည်ဆောက်ရေး လုပ်ငန်းတွေကို တိုးပြီး အသုံးပြုလာတာ ဖြစ်တယ်လို့ဆိုတယ်။ တိဗက်မှာ ရှိတဲ့ တရုတ်ရဲ့ ဆည်တွေဟာ မငြိမ်မသက် ဖြစ်နေတဲ့ ဒေသကို ဩဇာလွှမ်းမိုးနိုင်အောင် အသုံးပြုဖို့အတွက် အထောက်အကူဖြစ်တယ်။ သူ့နိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအပိုင်း မှာရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဆည်တည်ဆောက်ရေး လုပ်ငန်း (တရုတ်က အကူအညီတွေတိုးပြီး ပေးနေတယ်) ဟာ အိန္ဒိယ နိုင်ငံကို ပိုင်နက် နယ်ပယ် တောင်းဆိုရေးနဲ့ အနှောင့်အယှက်ပေးဖို့ အရေး တွန်းအားပေးနိုင်အောင် အသုံးပြုတယ်။ ဗြဟ္မပုတ္တရမြစ်ပေါ်က  တရုတ်ပြည်ရဲ့ ဆည်သစ်ကြီး တည်ဆောက်တာကို လက်တုံ့ပြန်ဖို့ အိန္ဒိယနိုင်ငံက တရုတ်ဆည် စီမံကိန်းကြီးရဲ့  မြစ်ကြေဘက်မှာ ဆည်ကြီးတစ်ခုကို တည်ဆောက်ဖို့ စီစဉ်တယ်။ အဲဒီလို ဆောင်ရွက်လိုက်တော့ မြစ်နဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေက အိန္ဒိယနိုင်ငံဟာ လက်ရှိ ဆည်တွေကနေကြိုတင် သတိမပေးဘဲ ဆည်ရေတွေဖောက်ချလိုက်လို့ ဒလဟောစီးဆင်းလာတဲ့ရေတွေကြောင့် ဆည်ရဲ့အကြေ ဘက်က ရွာမှာ နေထိုင်ကြတဲ့သူတွေ ရေဘေးကို အကြီးကျယ် ကြုံခဲ့ရတယ်လို့ ကန့်ကွက် ပြောဆိုခဲ့ကြတယ်။ ရေနဲ့ နပန်းလုံးရတဲ့ ဒုက္ခတွေက အခြား အရေးအခင်းတွေနဲ့လည်း ထပ်နေတတ်တယ်။

တောင်အာရှဒေသဟာ မိုးလေဝသမှန်တဲ့ နှစ်တွေမှာတောင် ရေရှားပါးတဲ့နယ်မြေတွေ အတော်များများ ရှိတာမို့ ကမ္ဘာပေါ်မှာ ရေကြောင့် သောက အရောက်ရဆုံး ဒေသတစ်ခုပဲဖြစ်တယ်။ တရုတ်ပြည် လူတောင်းတက္ကသိုလ်က သုတေသီတခုက ၂ဝ၂၅ခုနှစ် ရေးသား ထုတ်ဝေခဲ့တဲ့ လေ့လာချက်တစ်ရပ်မှာ ရေရှားပါးတဲ့ဒေသကြီးတွေကပြဿနာဟာ တွေ့ကြုံရဖန်များ လာတဲ့ အငြင်းပွားမှုတွေနဲ့ ပိုတူတယ်လို့ အတည်ပြုဖော်ပြခဲ့တယ်။

စွမ်းအင်လိုအပ်ချက် ကြီးမားလာတာကလည်း အခြေအနေကို ပိုပြီး ဆိုးရွားစေတယ်။ ဖွံ့ဖြိုး တိုးတက်မှု၊ မြို့ပြတိုးချဲ့မှုနဲ့ အချက်အလက် သိုလှောင်ရယူနိုင်တဲ့ ဗဟိုဌာန (Data Centres) များ ဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့် ယုံကြည်စိတ်ချ ရလောက်တဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကတိုးလာခဲ့တယ်။ ရေအား ကနေထုတ်ယူရရှိတဲ့ လျှပ်စစ်ဓာတ်အားဟာ နေရောင် ခြည်နဲ့ တိုက်လေစွမ်းအင်ကရရှိတဲ့ လျှပ်စစ်ဓာတ်အားလို ပြတ်တောင်းပြတ်တောင်းမဖြစ်တာမို့ ဆွဲဆောင်မှုရှိတဲ့ ပြည့်မြဲစွမ်းအင်ရင်းမြစ် ဖြစ်တယ်။ ပါကစ္စတန်နိုင်ငံဟာ သူ့နိုင်ငံ လျှပ်စစ်ဓာတ်အားရဲ့ ငါးပုံတစ်ပုံကို ရေအားလျှပ်စစ်ကနေ ထုတ်ယူ သုံးစွဲနေတာပါ။ နောက်ထပ် ရာခိုင်နှုန်းတိုးပြီး သုံးစွဲဖို့လည်း ရည်ရွယ်ထားတယ်။ အိန္ဒိယနိုင်ငံကလည်း သူ့နိုင်ငံရဲ့ ရေအား လျှပ်စစ်စွမ်းအားကို ၂ဝ၃၂ခုနှစ်အရောက်မှာ ၅ဝ ရာခိုင်နှုန်းကျော် ၄၂ဂီဂါဝပ် (42GW) အထိ တိုးမြှင့် သုံးစွဲနိုင်ဖို့ အထိ လိုချင်နေတယ်။ ဒါ့အပြင် နောက်ဆယ်စုနှစ်တွေမှာလည်း ဆည်သစ် ၂ဝဝ လောက်ထိ ထပ်ပြီး တည်ဆောက်နိုင် ကောင်းတယ်။ နီပေါနိုင်ငံဟာ ရေအားလျှပ်စစ်ကို သူ့နိုင်ငံက သုံးစွဲတာထက်ပိုပြီး ထုတ်လုပ်နေတယ်။ ဒါပေမဲ့ ထုတ်လုပ် နိုင်စွမ်းအား တစ်ရပ်ရှိအောင် တည်ဆောက်ဖို့နဲ့ ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားကို ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့အထိ မျှော်လင့်ထားလို့ ဓာတ်အားတွေ တိုးမြှင့် ထုတ်လုပ်နေပါတယ်။ နီပေါနိုင်ငံဟာ အိန္ဒိယနိုင်ငံကိုကာလတာရှည်ကတည်းက လျှပ်ဓာတ်အား တင်သွင်းခဲ့ပြီး လောလောဆယ်မှာ လူတိုင်း သဘောတူဖို့ကတော့ အချိန်အတော်ကြာကြာ ယူရဦးမှာဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မဟာဓာတ်အား လိုင်းတွေကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လျှပ်စစ်ဓာတ်အား စတင် ရောင်းချနေပြီ ဖြစ်တယ်။

ပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေနဲ့ပဋိပက္ခတွေကို ဟန့်တားနိုင်ဖို့အတွက် ဆည်တွေရဲ့အကျိုး သက်ရောက်မှုတွေကို သံတမန် နည်းလမ်းအရ စီမံခန့်ခွဲဖို့ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။အမေရိ ကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်တက္ကသိုလ် နယ်နိမိတ်ဖြတ်ရေပြဿနာဆိုင်ရာ သဘောတူညီချက် များနဲ့စပ်လျဉ်းလို့အထူးကျွမ်းကျင်သူပညာရှင် အာရွန်ဝုလ်ဖ်က ရှင်းလင်းပြောကြားရာမှာ ရေအခြေခံ အငြင်းပွားမှုတွေ အတွက် အရှင်းဆုံးကြိုတင်ဟောကိန်းထုတ်နိုင်တာ တစ်ခုကတော့ နိုင်ငံတစ်နိုင်ငံဟာ စာချုပ်တစ်ခုစနစ်တကျချုပ်ဆိုထားတာမျိုးမရှိဘဲ ဆည်တစ်ခုတည်ဆောက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဂေဟဗေဒဆိုင်ရာ စိုးရိမ်မကင်းစရာတွေကလည်း ပေါ်ထွန်းလာပါသေးတယ်။ ဆည်တွေဟာမြစ်တွေကို တစ်ပိုင်းတစ်စစီ ကွဲပြားကုန်စေတယ်။ ဒေသတွင်းနေ အပင်နဲ့ သက်ရှိသတ္တဝါတွေကို ဖျက်ဆီးပစ်တယ်။ ဒေသတွင်း နေထိုင်တဲ့ ပြည်သူလူထုကို အိုးမဲ့အိမ်မဲ့ ဖြစ်စေပြီး နေရာအတည်တကျ မရှိတဲ့ဘဝကို ရောက်စေတယ်။ ဟိမဝန္တာဒေသ တစ်ပိုင်းစီ ကွဲထွက်နေတဲ့ မြစ်ချိုင့်ဝှမ်းတွေက ဒီအန္တရာယ်တွေကိုဖော်ထုတ်ပြသ ခဲ့ပါ တယ်။ ဒီအကြောင်းတွေက အိန္ဒိယနိုင်ငံရဲ့ လာမယ့် မဟာဆည်ကြီး တည်ဆောက်မယ့် စီမံကိန်းကို ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြဖို့ ဆွဲဆောင်ခဲ့တယ်။

သံတမန်နည်းလမ်းနဲ့ တိုးမြှင့်ဆောင်ရွက်ဖို့ ဆိုတာက အားလုံးထဲမှာ ပိုပြီး အရေးတကြီးလုပ်ရမယ့် ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ တောင်အာရှဒေက သဘာဝပတ်ဝန်းကျင်အခြေအနေဟာ ပိုပြီး ထိခိုက်ပျက်စီး လွယ်လို့ပဲဖြစ်တယ်။ ရေခဲမြစ်တွေဟာ အတော် မြန်ဆန်တဲ့ နှုန်းနဲ့ အရည်ပျော်နေတယ်။ ဒီအခြေအနေက မြစ်ကြောင်းတွေရဲ့စီးဆင်းမှုကို ကြိုတင် မခန့်မှန်းနိုင်လောက်အောင် အခြေအနေ ဆိုးစေတယ်။ ဆည် တည်ဆောက်ထားရာ မတည်ငြိမ်တဲ့ အောက်ခံ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံ တွေဟာ ရေကြီးရေလျှံမှု အန္တရာယ်ကို ကြုံရနိုင်တယ်။ မုတ်သုံမိုးကလည်း ကြိုတင် ခန့်မှန်းနိုင်တဲ့ အခြေအနေ လျော့နည်းလာတယ်။ ရေတက်တဲ့ စံချိန်မှတ်တမ်းတွေ မယူဘဲရပ်ဆိုင်းထားတာ ဒါမှမဟုတ်လုံးဝ ကိုမယူတော့တာတွေထက် အခြေအနေကို ထင်ဟပ်နိုင်ဖို့ အချက်အလက် ပိုပြီး ပြည့်စုံအောင်နဲ့ နောက်ဆုံး အခြေအနေအထိ ကိန်းဂဏန်းတွေရအောင် သက်ဆိုင်ရာနိုင်ငံတွေက အမြဲပြင်ဆင်ထားဖို့ လိုအပ်တယ်။

Photo: South Asia Magazine

ဒီအခြေအနေကို သက်ဆိုင်ရာနိုင်ငံတွေက အလေးဂရုပြုဖို့ တချို့ သင်္ကေတ လက္ခဏာတွေ ဖော်ပြနေပါပြီ။ အိန္ဒုစာချုပ်ကို ဧပြီလထဲတုန်းက ရပ်ဆိုင်းလိုက်ပေမယ့် အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နဲ့ မြစ်ရေအခြေ အနေ ခန့်မှန်းချက်ကို အခုအချိန်အထိ ပါကစ္စတန်နဲ့ အပြန်အလှန်မျှဝေ အသုံးပြုနေတုန်းပဲ ဖြစ်တယ်။ ကုန်ခဲ့တဲ့ရာစုနှစ် အတွင်းမှာ ရေနဲ့စပ်လျဉ်းလို့ တိုက်ရိုက် တိုက်ခိုက်တဲ့ စစ်ပွဲဆိုတာမရှိခဲ့ဘူးလို့ မစ္စတာဝုလ်ဖ် ရဲ့ သုတေသနအရ သိရှိရတယ်။ သို့တိုင် တောင်အာရှဒေသကြီး အတွင်းမှာ ရေစီမံခန့်ခွဲမှု ဆိုတာကတော့ နှစ်နိုင်ငံ သဘောတူညီချက်တွေရဲ့ သပွတ်အူ လိုက်နေတဲ့ ဇာတ်ရှုပ်ကြီးတစ်ခုလို ရှုပ်ရှုပ်ထွေးထွေး စပ်ချုပ်ထားတဲ့ စပ်စောင်တစ်ထည်ပမာ ဆက်ပြီး ရှိနေဦးမှာပါပဲ။ ဒီသဘောတူညီချက်တွေဟာ မြစ်ချောင်း တွေကို ဂေဟ ဗေဒ စနစ် ကောင်းမွန်ရေး မျှ‌ဝေဆောင်ရွက်ရေးထက် စေ့စပ်ညှိနှိုင်းရာမှာ ကိုယ့်နိုင်ငံ ဘက်ကသာ အသာစီး ရရှိရေး ဝှက်ဖဲတစ်ချပ်လို အသုံးပြုဖို့ လွတ်လွတ်လပ်လပ် ခွင့်ပြုထားတုန်းပါပဲ။ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားတုန်းမှာ ပိုမိုနီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းကသာ မြစ်တွေကိုဆက်လက်ပြီး စီးဆင်းမြဲ စီးဆင်းစေနိုင်အောင် ထိန်းသိမ်းဖို့ အသေချာဆုံးနည်းလမ်းပဲ ဖြစ်ကြောင်း အီကောနောမစ် စာစောင်က သုံးသပ်ထားကြောင်း တင်ပြလိုက်ပါတယ်။

ရည်ညွှန်း – The Economist  Nov 8-14 2025

Click to rate this post!
[Total: 0 Average: 0]