The Corner

The Corner

cropped-Logo_round_grey-background.png

ပါဝါအရှိဆုံး ဒု သမ္မတ

Share မယ်

ရယ်စရာ ပျက်လုံးတစ်ခုကြားဖူးပါတယ်။ အသက် ၈၀ အဘွားကြီး လူအိုရုံကို ရောက်လာတော့ ကျွေးမွေး စောင့်ရှောက်မယ့် သားသမီးမရှိဘူးလားလို့ မေးပါတယ်။ အဘွားကြီး က သား နှစ်ယောက်ရှိ ကြောင်း ဖြေတော့ သား နှစ်ယောက်က မစောင့် ရှောက်ဘူးလားလို့ ထပ်မေးကြပါတယ်။ အဲဒီတော့ အဘွားကြီးက ဖြေပါတယ်။ “သားနှစ်ယောက်ရှိတာ အကြီးကောင်က သင်္ဘောသား ဖြစ်သွားပြီးကတည်းက ဘာသတင်းမှ မရတော့ဘူး။ အငယ်ကောင်လည်း တူတူပဲ၊ ဒု-သမ္မတ ဖြစ်သွားပြီး ကတည်းက ဘာသံမှကို မကြားရတော့ဘူး”။ ပြက်လုံးက ဒု-သမ္မတတွေ အရာမဝင်ပုံကို လှောင်ပြောင်ထားတာပါ။ အမေရိကန်မှာ ဒု-သမ္မတနဲ့ သမ္မတဟာ အတော်ကွာပါတယ်။ သမ္မတက အိမ်ဖြူတော်ကို အပိုင်စားရပေမယ့် ၁၉၈၀ ဝန်းကျင်လောက်အထိ ဒု-သမ္မတအတွက် သတ်မှတ်ထားတဲ့ စံအိမ်မရှိဘူးလို့ ဆိုပါတယ်။ သမ္မတက Air Force One နဲ့ သွားနေချိန် ဒု-သမ္မတကတော့ ကြုံသလို ဒိုးရပါသတဲ့။ အခု ဆောင်းပါးကတော့ ရှားရှား ပါးပါး ပါဝါအာဏာရှိတဲ့ ဒု-သမ္မတ တစ်ယောက်အကြောင်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ပစ်ချလိုက်ရမလား” ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ရက် မနက် ၁၀နာရီ ၁၅ မိနစ်မှာ ထွက်ပေါ်လာတဲ့ မေးခွန်းပါ။ ခရီးသည်တင်လေယာဉ်နှစ်စင်းက အမြွှာမျှော်စင်ကို ဝင်တိုက်လိုက် ပြီးပါပြီ။  တတိယ လေယာဉ်က စစ်ဌာနချုပ် ပင်တဂွန်ကို ဝင်တိုက်ပါတယ်။ စတုတ္ထလေယာဉ်က လေထဲမှာပဲ ရှိပါသေးတယ်။ ဘယ်နေရာမှာ ဆိုတာတော့မသိ။ သိတာက သမ္မတ ဂျော့ဘုရှ်က မူလတန်းကျောင်းမှာ ကလေးတွေ ပုံပြင်ဖတ်ပြတာကို နားထောင်နေပြီး ဆက်သွယ်လို့မရ။ အိမ်ဖြူတော်မှာ ယူနီဖောင်းဝတ် ကိုယ်ရံတော်က လေယာဉ်ကို တွေ့ပြီဆိုတဲ့အကြောင်း ဒု-သမ္မတ ချေနီကို သတင်းပို့ပါတယ်။ မိုင် ၈၀ အဝေးမှာ ဝါရှင်တန် ဒီစီကို ဦးတည်လာနေပါတယ်။ လာဖို့ ခွင့်ပြုမိန့် ရပြီးသားလား။

အဖြစ်အပျက်တွေပြီးသွားမှ အဲဒီအချိန်မှာ ဘယ်လိုခံစားရသလဲလို့ သူ့ကို မေးကြပါတယ်။ အမေရိကန် လေယာဉ်ကို ပစ်ချရမလားလို့ အမေရိကန်တပ်တွေက မေးချိန် ဘယ်လိုခံစားရလဲ မေးကြပါတယ်။ သူ့အတွက်က ခံစားချက် မဟုတ်ဘူး။ လုပ်ရမယ့် အလုပ်တစ်ခုပါ။ လက်တွေကျစ်ကျစ်ဆုပ်ပြီး စိတ်တွေလှုပ်ရှား လို့ရပေမယ့် ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်က မိုင် ၈၀ အဝေးမှာ ရောက်နေပါပြီ။ မိနစ်ပိုင်းအတွင်း ရောက်လာတော့ပါမယ်။ ကိုယ်ရံတော်က ထပ် သတိပေးပါတယ်။ မိုင် ၆၀ အကွာရောက်လာပါပြီတဲ့။ အိမ်ဖြူတော် ဗုံးကျင်းထဲက လူအားလုံး ဒု-သမ္မတကို ကြည့်နေကြပါပြီ။ သူ အမိန့်ပေးပါပြီ၊ ပစ်ချလိုက်ပါ။ တစ်ခန်းလုံး တိတ်သွားပါတယ်။ အမိန့်ပေးတာမှာရော သူ့ရဲ့ တုံ့ပြန်မှု အမူအရာတွေမှာ တုံ့ဆိုင်းမှုကို မတွေ့ရပါဘူး။

ရစ်ချဒ် ဘရုစ် ချေနီဟာ တွန့်ဆုတ်ဆုတ် လူစားမျိုး မဟုတ်ပါ။ တချို့က ဒါကို မှားတယ်လို့ထင်ကြပါတယ်။ သူ့အမှားကို အချိန်အကြာကြီး ပြန်စဉ်းစားနေတာမျိုး သူမလုပ်ပါဘူး။ သူ့အလုပ် သူလုပ်ဖို့ အတွက် ဒီလို လုပ်တာက အထောက်အကူ မဖြစ်ပါဘူး။  တချို့က ညည်းတယ်၊ သူ့အလုပ်က သိပ်ပြီး တော့လည်း ရှင်းလင်းမနေပါဘူးတဲ့။ သူ့ အချိန်မတိုင်ခင်က ပိုရှင်းလင်း သလားပါပဲ။ သူ့ရှေ့က လူတွေက ပြောသွားဖူးတယ် “ဒု-သမ္မတအလုပ်ဆိုတာ ဆီးအပြည့်အိုး တစ်အိုးလောက်တောင် တန်ဖိုးမရှိဘူး” ချေနီရဲ့ လက်ထက် 9/11၊ အီရတ်နဲ့ ဂွါတာနာမို ကိစ္စတွေ အပြီးမှာတော့ ဒု-သမ္မတ အလုပ်ကပို တန်ဖိုး မြင့်လာပါတယ်။ “အမေရိကန် သမိုင်း တစ်လျှောက် အာဏာအရှိဆုံး ဒု-သမ္မတ” လို့ ချေနီဟာ နာမည်ကြီး လာပါတယ်။

9/11 အပြီးမှာ သူ့ကို နာမည်မျိုးစုံ ပေးကြပါတယ်။ မြောက်စရာ နာမည်တွေတော့ မဟုတ်ပါဘူး။ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ နဲ့ အီရတ်စစ်ပွဲတို့ ရဲ့ ဗိသုကာ လို့ခေါ်ကြပါတယ်။ ကွန်မြူနစ်တွေက သူ့ကို “လူယုတ်မာ” “နတ်ဆိုး” “ဒါ့သ်ဗေဒါ (Darth Vader – စတားဝါးရုပ်ရှင်ထဲက ဗီလိန်)” စသဖြင့် နာမည်တွေ ပေးကြ ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယာလို အလယ်အလတ် သမားတွေကတောင် သူ့နာမည် ကို ပြောရင် အကာအကွယ် လက်ဖွဲ့တွေဆောင်ပြီးမှ ပြောမယ်လို့ ဆိုပါတယ်။ အားလုံးက သူ့ကို အာဏာရှင်လို့ ဆိုကြ ပါတယ်။ သူက ပခုံးတွန့်ရင်း “အားလုံးက ချစ်တာလိုချင်ရင် ရုပ်ရှင်မင်းသားလုပ်ပေါ့၊ အမှုကိစ္စတွေ ပြီးအောင်လုပ်ရင် အဝေဖန်ခံရမှာပဲ” လို့ ဆိုပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာက သူ့ကို အလယ် အလတ်သမားလို့ အမည်တပ်တဲ့အခါ သူက ပြင်ခိုင်းပါတယ်။ သူက ရှေးရိုးဝါဒီပါတဲ့။

ငါးမျှား ဝါသနာပါတဲ့ ဒစ်ချေနီ (Photo: Reuters)

သူ့ရဲ့ ဆယ်ကျော်သက်ဘ၀က ဝိုင်အိုမင်းပြည်နယ်မှာပါ။ ကျယ်ပြောတဲ့ အမေရိကန်ကောင်းကင်ကြီးနဲ့ မြစ်ကြီးတွေထဲမှာ ငါးမျှားရတာကို ချစ်တတ်ဖို့ နားလည်လာပါတယ်။ နောက်တော့ ဝိုင်အိုမင်းက ထွက်လာရပါတယ်။ ပထမ ယေးလ်တက္ကသိုလ် ကိုရောက်၊ စာမေးပွဲကျ၊ နောက် ဝါရှင်တန်ရောက်၊ သမ္မတ ဂျရယ်ဖို့ဒ်ရဲ့ လက်အောက်မှာ အမေရိကန်သမိုင်းတစ်လျှောက် အငယ်ဆုံး အိမ်ဖြူတော် အရာရှိချုပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဇာတိမြို့က အလေ့အထ ဝါသနာတွေကို ထိန်းသိမ်းထား ပါတယ်။ မြစ်ထဲမှာ ငါးမျှားရတာဟာ သေတစ်ပန်သက်တစ်ဆုံးအထိ သူ့ရဲ့ ပျော်ရွှင်မှုပါ။ သူ့ရဲ့ ကိုယ်တိုင်ရေး  အတ္ထုပ္ပတ္တိ “In My Time” စာအုပ်မှာ Geneva Convention ဂျီနီဗာကွန်ဗင်းရှင်း ဆိုတဲ့စာလုံးက သုံးကြိမ်၊ Human Rights လူ့အခွင့်အရေး ဆိုတာက ဆယ်ကြိမ်နဲ့ fish ငါး ဆိုတာက ၅၃ ကြိမ် ပါဝင်ပါ သတဲ့။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က သူ့ကို ပေးထားတဲ့ နာမည်ဝှက်က “ငါးမျှားသမား” ဖြစ်ပါတယ်။

ဝေဖန်သူတွေက ငါးမျှားခြင်းဟာ သူ့ဝါသနာတင်မက သူ့ရဲ့ စရိုက်လည်း ဖြစ်တယ်လို့ ခံစားကြရပါတယ်။ မြစ်ကမ်းဘေးနားမှာ လိုပဲ သူဟာ ရုံးခန်းအတွင်းမှာ မျက်ခြည်မပြတ်ဘူး၊ တည်ငြိမ်တယ်၊ သည်းခံနိုင်စွမ်းရှိပါတယ်။ တချို့က သွေးအေးသတ္တဝါလို့ ခံစားရပါတယ်။ ရေခဲတုံးလို၊ မဲ့တဲ့တဲ့ အပြုံးနဲ့၊ သူ့ဆီက ဘာမှ အလကားမရ။ သူကတော့ ရတာတွေ အများကြီး။ အင်္ဂလန် တူဒါမင်း ဆက်ခေတ်က လျှို့ဝှက်ခန်းမ နာမည်အတိုင်း “တာရာခန်းမ” လို့ သူ့အခန်းကို ဝန်ထမ်းတွေက နာမည်ပေးထား တယ်။ သူခေါ်ပြီဆိုရင် ခင်ဗျား တစ်ခုခု မှားထားလို့နေမှာပါ။

သူ့အလုပ်မှာတော့ သူဟာ ထူးချွန်သူပါ။ သမ္မတဘုရှ် ရဲ့ ဒု-သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုတယ်။ နောက် 9/11 အဖြစ်အပျက် ပေါ်ပေါက်တယ်။ ခရီးသည်တွေက လေယာဉ်ကို သူတို့ကိုယ်တိုင် ဖျက်ချလိုက်လို့ သူ့ရဲ့ ပစ်ချမိန့်က မလိုတော့တဲ့ အဲဒီနေ့ နှောင်းပိုင်းမှာ သူဟာ အိမ်ဖြူတော်တောင်ဘက် မြက်ခင်းထက်က ရဟတ်ယာဉ်ပေါ်တက်ပါတယ်။ အဲဒီခရီးကို သူအမြဲ အမှတ်ရနေမှာပါ။ ပင်တဂွန်က မီးခိုးတွေအူလို့ ဟောင်းလောင်းပေါက်ကြီးနဲ့ပါ။ မြင်ကွင်းက ဆုံးရှုံးမှု ပမာဏကို ပြနေပါတယ်။ အမေရိကန် နိုင်ငံသားတွေလည်း ဒီခရီးစဉ်ကို အမှတ်ရနေကြပါတယ်။ သမ္မတများဟာ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်ကနေ ရဟတ်ယာဉ်ပေါ် တက်လေ့ရှိတာပါ။ ဒု-သမ္မတများ မဟုတ်ပါ။ ဒီမြင်ကွင်းကလည်း ပမာဏတစ်ခုကို ပြနေပါတယ်။

အဲဒီနေ့ကစပြီး အမေရိကန်နဲ့ သူဟာ ပြောင်းလဲသွားတာပါ။ အမေရိကဟာ ဒီနေ့ကစပြီး အမှောင်ဘက်ခြမ်းနဲ့ အလုပ်လုပ် ရတော့မယ်လို့ သူကဆိုပါတယ်။ ဝေဖန်သူတွေအတွက် အမေရိကန်ဟာ အမှောင်ဘက်ခြမ်း ဖြစ်လာပါတယ်။ ၁၉၄၉ ဂျီနီဗာ သဘောတူညီချက်မှာ စစ်အကျဉ်းသားတွေကို လူ့အခွင့်အရေးနဲ့ အညီ ဆက်ဆံရမယ်လို့ ပါ ပါတယ်။ ချေနီကတော့ အကြမ်းဖက် သမားတွေကို စစ်အကျဉ်းသားလို ဆက်ဆံဖို့ မတန်ဘူးလို့ ယူဆပါတယ်။ လုပ်သင့်တာတွေက နံရံကပ်ခိုင်းပြီး မျက်နှာကို ဖြတ် ရိုက်၊ ရေလောင်းနှိပ်စက်။ လူတွေက သူ့ကို မေးပါတယ်။ “နှိပ်စက်ရာ မကျဘူးလား” သူက ပြန်ဖြေပါတယ်။ “ခင်ဗျားကိုယ်ခင်ဗျား ရက်စက်တဲ့ လူရိုင်းကြီးလို့ အမြင်မခံချင်တာနဲ့ဘဲ အကြမ်းဖက်တိုက်ခိုက်မှု တွေကို လုပ်ခွင့်ပေးမှာလား၊ ဒါမှမဟုတ် ခင်ဗျား လုပ်ရမယ့် အလုပ်ကို လုပ်မှာလား”

သူ့တာဝန်က ဘာလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ အမေရိကကို ကာကွယ်ဖို့ ဆိုရင် ဘယ်လို အရင်းအနှီးမျိုး ပေးရသည် ဖြစ်စေ သူလုပ်မှာပါ။ ဝေဖန်သူတွေက အဲဒီအရင်းအနှီးဆိုတာကလည်း မြင့်တယ်လို့ ဆိုပါတယ်။ အသက်ပေါင်းများစွာ ဆုံးရှုံးရပြီး နိုင်ငံတကာမှာ အမေရိကန်ရဲ့ နာမည်ကို ကျဆင်း စေတဲ့ အီရတ် စစ်ပွဲမှာ အမေရိကန်ကို သူပါဝင် ပတ်သက်စေခဲ့ပါတယ်။ အမေရိကန်ကို မကာကွယ်နိုင်တဲ့အပြင် နောင်မျိုးဆက် တွေအတွက် အကြီးမားဆုံး သံတမန်ခင်း ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပါတယ်။

သူ့ကိုလည်း ထိခိုက်ခဲ့ပါတယ်။ ရှစ်နှစ်အတွင်းမှာ နှလုံး ပြဿနာ ရှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ကာတွန်းတွေ မှာ ရယ်စရာ ဗီလိန်ဖြစ်ခဲ့သလို သူက ဒါ့သ်ဗေဒါ ဆိုတဲ့နာမည်က အတော်လေး ခံသာတဲ့ နာမည်လို့ ဆိုပါတယ်။ အမဲလိုက်ရင်းနဲ့ အဖော် မိတ်ဆွေကို သေနတ်နဲ့ ပစ်မိလို့ သေမလိုဖြစ်သွားတာကို တစ်နိုင်ငံလုံးက ဟာသဇာတ်လမ်းလို သဘောထားကြပါတယ်။ တယ်လီဗီးရှင်း လူရွှင်တော် ဒေးဗစ်လက်တာမင်း က “ကျွန်တော်တို့ ဘင်လာဒင်ကိုတော့ မမိဘူး။ ဒါပေမဲ့ အသက် ၇၈နှစ် တရားသူကြီးကိုတော့ ဖမ်းလိုက်ပြီ” လို့ မှတ်ချက်ပေးပါတယ်။

ချေနီက မတုန်လှုပ်ပါ။ သူမှန်တယ်လို့ ထင်တဲ့အတိုင်း သူလုပ်ခဲ့တာကို သမိုင်းက ပြောပါလိမ့်မယ်။ အမေရိကကို ကာကွယ်ဖို့ သူအားထုတ်ခဲ့တာပါ။ ဆက်လည်းအားထုတ်နေဦးမှာပါ။ အာဏာ လက်မဲ့၊ လူကြိုက်မများတာတောင်မှပေါ့။ ၂၀၂၄ ခုနှစ်တုန်းက သူ့ရဲ့ ကြေညာချက်မှာ သူဟာ ကင်မလာ ဟဲရစ်စ် ကို ထောက်ခံမှာ ဖြစ်ကြောင်း၊ အမေရိကရဲ့ သက်တမ်း ၂၄၈နှစ်အတွင်း ဒေါ်နယ်ထရမ့်လောက် အန္တရာယ် အကြီးကြီး ပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ကြောင်း၊ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကို တချို့က ဝေဖန်ကြပါတယ်။ တချို့က ချီးကျူးကြပါတယ်။ သူဟာ ချီးကျူးခံရဖို့ ဒီကြေညာချက်ကို ထုတ်တာ မဟုတ်ပါဘူး။ အစဉ်ထာ၀ရ သူ့အလုပ်ကို သူလုပ်တာပါ။ အမေရိကကို ကာကွယ်ဖို့ပေါ့။

ကိုးကား – The Economists ပါ Dick Cheney Divided Americans

(အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် ဒု-သမ္မတ တစ်ဦးဖြစ်ခဲ့တဲ့ ဒစ်ချေနီဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ် ရှိပြီဖြစ်ပါတယ်)

Click to rate this post!
[Total: 0 Average: 0]