( ၁ )
တံငါရွာကလေး၏ စုတ်ပြတ်နုံချာလှသော သေးနုပ်သိမ်ငယ်မှု အခင်း အကျင်းကို တွေ့ဖူးနေကျ။ အိမ်တွေက လည်း ဖရိုဖရဲ အယိုင်ယိုင်အနဲ့နဲ့။ ခိုင်မတ်သော ထူထူထောင်ထောင် အိမ်တစ်ဆောင်မျှ မတွေ့ရ။ ရွာ မလှပ သလို ရွာသားတွေကလည်း အကျည်းတန်သည်။ မည်းမည်း ပြောင်ပြောင် ကျွဲပေါက်တစ်ကောင်လို ရုန်းကန်ရ၍ ထင်သည်။ တံငါရွာကလေးက ရွာသားတွေ မြို့ထဲ ဝင်လာလျှင် ကျွဲအုပ်ကြီးဟု ထင်ရသည်။
တံငါရွာငယ်လေးကဟု ပြောလာသော နုနွဲ့လှပသည့် မမြသွေး ဆို သူကို ငေး၍ကြည့်မိသည်။ မျက်ခုံး ထူထူလေးအောက်မှ တောက်လက်သော မျက်နက်ဝန်းလေးက တံငါရွာသူ မဟုတ်ကြောင်း ငြင်းဆိုနေသယောင်။ နှုတ်ခမ်းဖူးဖူး အပြုံးနုနုလေးက တံငါရွာသူတွေမှာ ရှိမနေတတ်။ အချိုးအစား ကျနပြေပြစ်သည့် ကိုယ်နေဟန်ထား က တံငါရွာသူလုံးဝမဖြစ်နိုင်ကြောင်း အထောက်အထားတစ်ရပ်လို ဖြစ်နေသည်။
“စားသောက်ကုန်ပစ္စည်း အမယ်စုံစုံနဲ့ အရေအတွက် နည်းနည်းဝယ်ချင်ပါတယ်၊ ဟောဒီက ကျွန်မဆွဲကြိုးလေးကို အပေါင်ထားပါ့မယ်”
ချင်းတွင်းမြစ်ကမ်းနဖူးမှ မြို့ငယ်ငယ်လေးမှာ ကျွန်တော်အခြေစိုက် သော်လည်းမြို့ကြီးပြကြီးက စီးပွားရေးသမား ကုန်သည်များနှင့် အဆက်အသွယ်မပြတ် ရှိနေသည်။ ကျွန်တော်စီးပွားရေးလုပ်ငန်းနှင့် အကျွမ်းဝင်နေသည်မှာ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရပြီးကတည်းက ဖြစ်သည်။ သုံးလေးနှစ် အတွင်းမှာပင် မိဘစီးပွားရေး လုပ်ငန်း အသေးအနုပ်သည် အလုပ်ဖြစ်၍ တွင်ကျယ်လာသည်။ ကျွန်တော့် အစွမ်းအ စဟု လူတိုင်းက ပြောကြသည်။
တက္ကသိုလ်မှာ သင်ကြားခဲ့သော စီးပွားရေးသီဝရီနှင့် နှိုင်းစာလျှင် လက်တွေ့စီးပွားရေးလုပ်ငန်းမှာ အခြေခံသဘောမျှသာ ဖြစ်နေသည်။ များများစားစား ပြောင်းလဲတီထွင်ရတာမျိုးမဟုတ်ဘဲ နည်းနည်းပါးပါး ပြုပြင် မွမ်းမံရုံမျှနှင့် အသွေးပြောင်၍ အရောင်တက်လာခြင်း ဖြစ်သည်။
တံငါရွာငယ်တွင် စီးပွားကုန်သွယ်ချင်သည့် မမြသွေး၏ စိတ်ကူးစိတ်သန်းသည် လက်တွေ့ဖြစ်နိုင်ခြေ မရှိသော စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်နေသည်။ ကူညီလျှင်လည်း ကူညီရာ ရောက်မည်မဟုတ်။ စေတနာဖြင့် တားမြစ်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဟု သဘောပေါက် မိသည်။
“ရွာမှာ ဈေးဆိုင်တည်မလို့လား၊ မဖြစ်နိုင်ဘူး ညီမလေး၊ တစ်ရွာလုံးက ဈေးဝယ်နိုင်လောက်အောင် ပိုက်ဆံရှိကြတာ မဟုတ်ဘူး၊ ပိုက်ဆံ မရဘဲ အကြွေးတွေပဲ ရလာလိမ့်မယ်”
ပြောသာ ပြောရသည်။ သူမ၏ အကြံအစည်ကို တစ်ပဲသားမျှ အပွန်းခံမည့်ပုံ မဟုတ်ပါ။ ဇွဲကြီးကြီးဖြင့် သဲသဲမဲမဲ ကြံစည်ချင်နေပုံ ရသည်။ မဟုတ်သည့်နေရာတွင် လုံ့လဝီရိယထားခြင်းသည် အချိန်ကုန် လူပန်းခြင်း သာ အဖတ်တင်မည်။
“ဆွဲကြိုး ထားခဲ့ပါရစေ၊ ကျွန်မရှုံးရင်လည်း ဆွဲကြိုးကို တန်ဖိုးဖြတ်ပြီး ယူပါ၊ ကျွန်မ စားကုန် ပစ္စည်းလေးတွေ အနည်းအကျဉ်း ရောင်းကြည့် ချင်တယ်”
အတင်းအကျပ် တားမြစ်ပိတ်ပင်လျှင်လည်း လက်လျှော့သွားမည် မဟုတ်ပါ။ တဇွတ်ထိုးစိတ်ဖြင့် ဇွတ်တိုး၍သာ ပြောလာသည်။
“ကျွန်တော့်အကျိုးအတွက်ဆိုရင် ခုလိုတားမြစ်နေမှာ မဟုတ်ပါဘူး၊ ခုဟာက ညီမလေးအကျိုးယုတ်မှာ စိုးလို့ပါ”
“ဒီအတွက်တော့ မပူပါနဲ့၊ ရှုံးရင်လည်း ကျွန်မထိုက်နဲ့ ကျွန်မကံပဲ ရှိပါစေတော့”
“ကဲ- ဒီလိုဆိုရင်လည်း ကျွန်တော်နဲ့ညီမလေး အကျိုးတူလုပ်ငန်းလို့ သဘောထားကြပါစို့၊ ညီမလေး ရောင်းလို့ရှုံးရင် ကျွန်တော် တစ်ဝက်ခံ ပါ့မယ်၊ မြတ်လာရင်တော့ ညီမလေးပေးချင်သလောက်သာပေး၊ ကျွန်တော် ကျေနပ်ပါတယ်”
သနားကမားရုပ်ရည်လေးကို စွဲလမ်း၍ ရှုံးမှာမှန်းသိလျက် အရှုံးခံလိုက်ခြင်း မဟုတ်ပါ။ ကျွန်တော်၏ စီးပွားရေးလုပ်ငန်း အောင်မြင်နေခြင်းမှာ သမားရိုးကျမတွေးဘဲ အဆန်းထွင်တတ်သော ဉာဉ်လေးကြောင့်ဟု ဆိုနိုင် သည်။ မမြသွေး၏ လုပ်ငန်းအပေါ် ယုံကြည်စိတ်ချသော ကိုယ်နှုတ် အမူအရာကို မြင်၍ လှပသော စိတ်ကူးစိတ်သန်း အဆန်းတကြယ်ရှိမည်ဟု ထင်မိသည်။ ကုန်သည်စကားနှင့်ပြောရလျှင် မမြသွေး၏ စိတ်ကူး စိတ်သန်း ကို ဝယ်ကြည့်လိုက်ခြင်းဖြစ်သည်။ ရှုံးလျှင်လည်း တစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၏ တစ်ဝက်မျှသာ ဖြစ်၍ ထိခိုက်နစ်နာနိုင်မည် မဟုတ်ချေ။
“အစ်ကိုကြီး ရှုံးမှာ မပူပါနဲ့၊ အမြတ်ရရင် တစ်ဝက်ခွဲပေးပါ့မယ်၊ အမြတ်ရမယ့်နည်းလမ်းကောင်းတွေလည်း ရှိပါတယ်”
အမြတ်ရမည်ဟု ယုံကြည်ခြင်း များစွာမဖြစ်မိသော်လည်း မမြသွေး အပေါ်တော့ ယုံကြည်စိတ်ချ ချင်မိသည်။ စိတ်ကူးဆန်းကြယ်သူများသည် လက်တွေ့တွင် လုပ်ငန်းတွင်ကျယ်အောင် ဆောင်ရွက်တတ်ကြ သူများ မဟုတ်သဖြင့် အနည်းနှင့်အများဆိုသလို ကြောင့်ကြမှုတော့ မကင်းပါ။
စားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ လက်ဖက်ခြောက်၊ ပဲမျိုးစုံစသည်တို့ကို လှည်းတစ်စီးစာ အပြည့် ပေးလိုက်သည်။ တရားရိပ်သာ ဝင်နေသော ဖေဖေနှင့်မေမေသာသိလျှင် အကျိုးမဲ့ရာမဲ့ကြောင်း လုပ်ရ ကောင်း လားဟု အပြစ်တင်မည်မှာ သေချာပါသည်။
သဲထဲရေသွန်သည်မှ စိုပြီးကျန်ရစ်ဦးမည်။
(၂ )
မကြာပါချေ၊ မမြသွေး၏ အစွမ်းအစကို တွေ့ရှိလာရသည်။
တစ်ပတ်လျှင် တစ်ကြိမ်မျှ စားကုန်ပစ္စည်း လှည်းတစ်စီးတိုက်မျှ လာလာသယ်သည်။ တစ်လအကြာတွင် ငွေ ၅ဝဝဝ လာပေးသည်။ တံငါစု ရွာငယ်လေးမှ တစ်လအတွင်း ငွေ ၅ဝဝဝရအောင် မည်သို့ ရှာဖွေလေသည် မသိ။ ကိုယ့်အလုပ်နှင့်ကိုယ် မအားရသည်မို့ မမြသွေးကို တစ်ချိန်လုံး လေ့လာမနေနိုင်ပါ။ အချိန်အတော် များများ မေ့ပျောက်၍ပင် နေလေသည်။
နောက်တစ်လအကြာတွင် ငွေ ၅၀၀၀ လာပေးပြန်သည်။ သည် တစ်ကြိမ်တွင် မမြသွေးနှင့် ကျွန်တော် စကားတော်တော်များများ ပြောဖြစ် လိုက်သည်။ အာလာပသလ္လာပစကားမျိုးတော့ မဟုတ်ပါ။
“အစ်ကိုကြီးနဲ့ ကျွန်မ သဘောတူထားတဲ့ ကိစ္စလေးတစ်ခု ပြောစရာရှိတယ်”
လက်ဖက်တစ်ဇွန်း၊ ရေနွေးကြမ်းတစ်ခွက်သောက်ပြီးချိန်တွင် ပြောလာသည်။ ကျွန်တော်နှင့်သဘောတူ ထားသောကိစ္စဆိုသည်ကို ရုတ်တရက် အမှတ်မရပါ။ သို့ရာတွင် ကုန်သည်လောက၌ ကျင့်သုံးလေ့ရှိသော အလေး ထားလေဟန် မှတ်မိလေဟန် အမူအရာဖြင့် နားစွင့်၍ နေရပါ တော့သည်။ ခေါင်းလေးတဆတ်ဆတ်ဖြင့် သရုပ်ပါအောင်လည်း လုပ်ပြရသေးသည်။
“ဒီလိုပါ၊ ကျွန်မ ကုန်ပစ္စည်းတွေ မယူခင်က တစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံး ထားခဲ့ပါတယ်၊ ကျွန်မ ယူတဲ့ ပစ္စည်းတန်ဖိုး တွက်ချက် ကြည့်တော့ ကျွန်မထားတဲ့ ရွှေတစ်ကျပ်သားတန်ဖိုးလောက်ရှိနေပြီ”
ပြောလက်စ စကားကိုဖြတ်ကာ ရေနွေးကြမ်း တစ်ကျိုက် သောက်နေပြန်သည်။ သည်အထိ ကျွန်တော် သဘောမပေါက်သေးပါ။ တစ်လျှောက်လုံး ထိုင်နားထောင်နေလျှင် ကျွန်တော် အိယောင်ဝါးလုပ်နေသည်ကို ရိပ်မိသွားနိုင်သည်။
“ဒီဆိုင်မှာရှိတဲ့ပစ္စည်း လိုချင်တာရှိရင် အားမနာပါနဲ့၊ ပြောရမယ့် လူတွေမှ မဟုတ်ပဲ၊ အရောင်းသွက်မယ် ထင်ရင် ယူသာယူပါ၊ ဒီဆိုင်မှာ မရှိခဲ့ရင်လည်း ကျွန်တော် မှာပေးပါ့မယ်၊ တစ်ပတ်အတွင်း ညီမလေးလိုချင်တဲ့ ပစ္စည်း ရောက်လာမှာပါ”
တံငါစုရွာငယ်လေးတွင် တစ်လ ၅ဝဝဝ လောက်ရအောင် ရောင်းချနိုင်သည့် မမြသွေး၏ အရည်အသွေးကို ကြည့်၍ ကျွန်တော် လမ်းဖွင့်ပေး လိုက်ခြင်းဖြစ်သည်။
“အစ်ကိုကြီးမေ့သွားပြီလား မပြောတတ်ဘူး၊ ကျွန်မ ကုန်ပစ္စည်းတွေ လာယူစက အစ်ကိုကြီး ပြောခဲ့တာလေ။ ကျွန်မနဲ့ အကျိုးတူလုပ်ငန်းလို့ သဘောထားဖို့ဆိုတာ”
“ဟာ- ဟုတ်တာပေါ့၊ ကျွန်တော် မမေ့ပါဘူး၊ အမြတ်ရရင် တစ်ဝက်စီ ခွဲဝေပေးမယ်ဆိုတာလေ၊ ကဲ- ဘယ်လိုလဲ၊ အမြတ်ခွဲဝေ ပေးတော့မလို့လား”
“အစ်ကိုကြီးက ကုန်သည်ပီပီ အမြတ်စကားပဲ ပြောတတ်တာကိုး၊ အမြတ်ခွဲဝေပေးဖို့ စောပါသေးတယ်။ ကျွန်မဘက်က အရင်းအနှီး စုဆောင်း ရတဲ့ကာလဆိုတာလည်း မေ့မထားနဲ့လေ၊ ကျွန်မပြောချင်တာက ရွှေတစ် ကျပ်သားဟာ အခုကာလပေါက်ဈေးနဲ့ဆို ၂ဝဝဝဝ ဆိုပါစို့၊ ကျွန်မ အစ်ကိုကြီးကို ၁ဝဝဝဝ ပေးပြီးပြီနော်”
ကျွန်တော် စောစောကတည်းက သဘောပေါက်သင့်ပါသည်။ သည်ကောင်မလေးကို အထင်သိပ်မကြီး ထားသဖြင့် သဘောပေါက် နောက်ကျခြင်း ဖြစ်ပါလိမ့်မည်။
“ညီမလေး ခဏလောက် ထိုင်ပါဦးနော်”
ပြောပြောဆိုဆိုပင် ကျွန်တော် အိပ်ခန်းထဲ ဝင်လာခဲ့သည်။ သံသေတ္တာ ထဲတွင် လုံခြုံစွာ သိမ်းဆည်းထား သော ရွှေဆွဲကြိုးကုံးလေးကို ယူလာရင်း ပြုံးမိသည်။ ဘယ်မျှ စိတ်ကူးကောင်းလိုက်ပါသနည်း။ စီးပွားရေး တက္ကသိုလ်ဆင်း၊ စီးပွားရေးလုပ်ငန်းကို ကျွမ်းကျင်ပါသည်ဟု ဆိုနိုင်သော ကျွန်တော်ပင် သြချ၍ ယူရသည်။ မမြသွေး ဆင်ထားသည့်အကွက်က ရိုးရိုးလေးနှင့် ဆန်းသည်။ ရှင်းရှင်းလေးနှင့် လှသည်။
ရွှေတစ်ကျပ်သားကို အာမခံထား၍ ကုန်ပစ္စည်းယူသည်။ ယခုနှစ်လ အတွင်းမှာပင် ရွှေတန်ဖိုး၏ တစ်ဝက်ကို ပေးဆပ်နိုင်ခဲ့ပြီ။ အကျိုးတူ လုပ်ငန်းဆိုလျှင် အာမခံထားသော ရွှေကို ပြန်ပေးရတော့မည်။ ငွေအရင်း အနှီး တစ်ပြားမျှမပါ။ ရွှေကိုလည်း တစ်ပဲမျှ အပွန်းမခံပဲ စွမ်းဆောင်နိုင်သည့်မမြသွေး၏ အရည်အသွေးကို လေးစားမိသည်။ ငွေတစ်ပဲနှင့် ပုလဲကုံးကို ဈေးဆိုင်တတ်ပါပေ့။
( ၃ )
“ညီမလေး- ဟိုတစ်ပတ်က ရောက်မလာဘူးနော်၊ ကုန်ပစ္စည်းတွေ ရောင်းမထွက်လို့လား”
အပတ်စဉ် ကုန်ပစ္စည်း ယူနေကျ လာမယူသဖြင့် သတိတရ မေးလိုက်မိသည်။
“မဟုတ်ဘူးအစ်ကိုကြီး၊ ကျွန်မ ရန်ကုန်သွားနေလို့ပါ”
ကျွန်တော် အနည်းငယ် အံ့သြသွားသည်။ သည်ကောင်မလေး သည်လောက်အထိ အလှမ်းမကျယ် သင့်ပါ။ ကျွန်တော့်ဆိုင်က ပစ္စည်း လောက်နှင့် အားမရဘဲ ရန်ကုန်အထိ ဆင်းဝယ်ရလောက်အောင် ဘယ်မျှ အရင်းအနှီး စုဆောင်းမိနေပြီနည်း။
“ရန်ကုန်မှာ ဘာပစ္စည်းတွေ ဆင်းဝယ်တာလဲ”
“အစ်ကိုကြီးဆိုင်မှာ ပစ္စည်းအစုံရှိနေတာပဲ၊ ရန်ကုန်ဆင်းတာက ကုန်ပစ္စည်းဝယ်ဖို့ မဟုတ်ပါဘူး၊ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ခု ကြောင့်ပါ”
သူတစ်ပါး ကိုယ်ရေးကိုယ်တာကိစ္စတွင် ပါဝင်စွက်ဖက်ရန် ကျွန်တော် စိတ်ဝင်စားလေ့ မရှိပါ။ သို့ရာတွင် မမြသွေးနှင့်ပတ်သက်သမျှ သူတစ်ပါး ကိုယ်ရေးကိုယ်တာကိစ္စဟု မထင်မှတ်နိုင်ပါ။ မမြသွေးအရေးသည် ကိုယ့် အရေးအဖြစ် ခံစားနားလည်နေမိသည်။
“ညီမလေးနဲ့ကျွန်တော် အကျိုးတူလုပ်ငန်းဆောင်ရွက်နေကြတာနော်၊ ညီမလေးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာလည်း ကျွန်တော်ရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စလို သဘောထားရမှာပေါ့၊ တိုင်ပင်သင့်တာ ဆွေးနွေးသင့်တာ ရှိရင် အားနာမနေပါနဲ့၊ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဖွင့်ပြောနိုင်ပါတယ်၊ လျှို့ဝှက်ထားသင့်တယ် ဆိုရင်လည်း ညီမလေး သဘောအတိုင်းပါပဲ”
မမြသွေးက အနည်းငယ် စဉ်းစားသယောင် တွေ၍နေသည်။
“လျှို့ဝှက်ထားရလောက်အောင်တော့ ကျွန်မမှာ နောက်ကြောင်း မရှင်း မရှင်း မရှိပါဘူး၊ အစ်ကိုကြီးကို ဖွင့်ပြောလိုက်ရင် ကျွန်မ လူလည် ကျတယ်လို့များ ထင်သွားမလားလို့ပါ”
ကျွန်တော်က လက်ကာသည်။ ခေါင်းခါသည်။
“ဒီအတွက်တော့ မပူပါနဲ့ ညီမလေး၊ ကျွန်တော် ညီမလေးအပေါ် အမြင် ရှင်းပါတယ်။ လူလည်ကြီး သားသမီးလို့ ဘယ်လိုမှအပြစ် မမြင်နိုင်ပါဘူးဗျာ”
“သိနိုင်ဘူးလေ၊ လူဆိုတာက ကိုယ်မမြင်နိုင်တဲ့အကွက် သူများမြင်သွားရင် ကျေနပ်ချင်မှ ကျေနပ်ကြတာ မဟုတ်လား’
“ကဲဗျာ ပြောသာပြောပါ၊ ကျွန်တော် ကျေနပ်ပါသတဲ့”
“ကျွန်မ ရန်ကုန်ကို ဆင်းသွားတာက အစ်ကိုကြီးဆီ အာမခံထားတဲ့ ရွှေဆွဲကြိုးပိုင်ရှင်ဆီ ပြန်သွား ပေးတာပါ”
“ဗျာ-“
တော်တော်တော့ လူလည်ကျသည့် ကိစ္စ။ ကိုယ့်ပစ္စည်းမဟုတ်ဘဲ သူတစ်ပါးပစ္စည်းကို အလွဲသုံးစား ပြုသည်။ အကျိုးတူလုပ်ငန်းအမည်ဖြင့် တစ်ပြားတစ်ချပ်မျှ မရင်းနှီးဘဲ အသာစီးဖြင့် ဆက်ဆံအနိုင်ယူသွားသည်။ သည်လောက်အထိတော့ မယုတ်မာသင့်။
“အစ်ကိုကြီး သဘောပေါက်အောင် ကျွန်မဘဝရဲ့ အနေအထားကို အစအဆုံး ရှင်းပြမှ ဖြစ်မယ်၊ အကျိုးတူလုပ်ငန်းရှင်အပေါ် အယုံအကြည်မဲ့ပြီး သင်္ကာမကင်း မဖြစ်စေချင်လို့ပါ၊ ကျွန်မအပေါ် ယုံကြည်ရင်းစွဲ အတိုင်း ရိုးရိုးသားသား ဆက်ဆံနိုင်ဖို့ လိုပါလိမ့်မယ်”
သည်ကောင်မလေး သည်လောက်စကား ပြောကောင်းမည်ဟု မထင်မိ။ နိဒါန်းငယ်လေး အစပျိုး ရုံမျှနှင့်ပင် မမြသွေး၏ အတ္ထုပ္ပတ္တိကို စိတ်ဝင်တစား နားစွင့်နေမိသည်။
ရွာဟူ၍ အမည်နာမပင် အတည်တကျ မသတ်မှတ်ရသော ရွက်ကျပင်ပေါက်ရွာ။ ချောင်းကောလျှင် ရွာပျောက်၍ ချောင်းကောက်လျှင် ရွာ ပြောင်း၊ ချောင်းကောင်းမှ ရွာတည်ရသည်။ ယခု မမြသွေးတစ်သက် တည်နေသော ရွာငယ်လေးတွင် မမြသွေးကို မထင်မရှား မွေးခဲ့သည်။
မမြသွေး ဘဝအစက မလှပခဲ့ပါ။ မွေးစမှာပင် မိခင် ကွယ်လွန်ခဲ့ သည်။ ဖခင်က အသောက်အစားကြူးသူ၊ တစ်ခါတစ်ခါ ပိုက်ကွန်မိုးသော တဲကို၊ တစ်ခါတစ်ရံ ပေါင်းမိုးမလုံမခြုံနှင့် တံငါလှေကို အိမ်အမှတ်ဖြင့် နေထိုင်ကာ မသေ၍ ကြီးပြင်းခဲ့ရသည်။
ဖခင်သွားရာ သမီးငယ် ပါလာရသည်ကို နေရာတိုင်းတွင် မတင့်တယ်မှန်း ဖခင်ဖြစ်သူက သိသည်။ ထိုအချိန်တွင် ရွာနှင့်မနီးမဝေး မြို့ကလေး တစ်မြို့တွင် ပစ္စည်းဥစ္စာ အတန်အသင့်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်း မိသားစု နှင့် ဖခင်ဖြစ်သူတို့ ရင်းနှီးခင်မင် ဝင်ထွက်သွားလာမိသည်။ သမီးငယ်နှင့် အသက်ချင်း မတိမ်းမယိမ်း သမီးကလေးတစ်ယောက် ထိုမိသားစုတွင် ရှိနေ သည်။ ရုပ်ရည်ကလေး လှလှပပနှင့် ဘဝမလုံမခြုံ ရှိသူလေးကို ထိုမိသားစု က စာနာသည်။ ကလေးချင်းကလည်း ရင်းနှီးခင်မင်နေသည်။ ထိုမှစ၍ မမြသွေး၏ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ ရသည်။
ထိုမိသားစုအိမ်တွင် တစ်ရက်တစ်ခဏမှ တစ်လတစ်နှစ်အထိ ဖခင်ထားတိုင်း နေရသည်။ ကြာတော့ ဖခင်ကလည်း စိတ်ချသည်။ သမီးငယ်ကလည်း ကျေနပ်သည်။ ကျောင်းနေရမည့်အရွယ်တွင် ထိုမိသားစုက သူတို့၏ ရင်သွေး သမီးကလေး ကျောင်းသွားဖော်ရအောင် ကျောင်းအတူထားပေးသည်။ တံငါသည်၏ သမီးငယ်သည် ရွှေပင်နားတော့ ရွှေကျေး ဖြစ်လာရသည်။
ထိုစဉ်ထိုမိသားစု ရန်ကုန်သို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့ခွင့် ကြုံလာသည်။ ဖခင်ဖြစ်သူက သံယောဇဉ် မကင်းသော်လည်း သမီးငယ်၏ နောင်ရေးအတွက် ထည့်လိုက်ရသည်။ ဆယ်တန်းအောင်သည်အထိ ပညာရေးခရီး ဖြောင့်ဖြူးခဲ့သည်။
မမြသွေးက စာဖတ်ဝါသနာ ပါသည်။ စီးပွားရေး ကြီးပွားရေးနှင့် ပတ်သက်သည်များကို စိတ်ဝင်စားသည်။ သူ့ဘဝသူ မမေ့။ သူမဖခင် သတင်းကို အမြဲနားစွင့်သည်။
မမြသွေး ဆယ်တန်းအောင်ချိန်တွင် သူမဖခင် နာမကျန်းကြောင်း ကြားသိရသည်။ မွေးစားအိမ်ရှင်ထံ ခွင့်ပန်၍ ပြန်လာသည်။ မိတဆိုးဘဝက တံငါရွာကလေးသည် ဆယ်တန်းအောင်လာသော မမြသွေးကို မပြောင်းမလဲ ကြိုဆိုနေသည်။ အိုးအိမ်မလုံမခြုံ၊ အိုးခွက်မစုံမလင်နှင့်ဖြစ်ကတတ်ဆန်း နေရသော ဖခင်၏ အညတရ ဘဝရှုခင်းကို အထင်းသား တွေ့ရသည်။
မမြသွေးတွင် မွေးစားအိမ်ရှင်က ဆင်ယင်ပေးသော ရွှေဆွဲကြိုး တစ်ကုံးတော့ ရှိနေသည်။
“အစ်ကိုကြီး သိတဲ့အတိုင်းပဲ၊ ဒီရွှေဆွဲကြိုးကို အာမခံထားပြီး စီးပွားရေး လုပ်ကြည့်တာပါ၊ ဒါကလည်း ရွာမှာ ဈေးဆိုင်တစ်ဆိုင်မှ မရှိဘူး၊ ရှာလို့ ဖွေလို့ရတဲ့ ငါးကို မြို့တက်ရောင်း၊ မြို့ကဈေးဆိုင်တွေမှာ စားသောက် ကုန်တွေ ဝယ်ရတဲ့ ဟာကွက်တစ်ကွက်ကို တွေ့လာလို့ပါ။ ဒီတော့ ကျွန်မ စိတ်ကူးကြည့်တယ်၊ ရွာမှာ ဈေးဆိုင်လေး တည်ကြည့်မယ်၊ စားသောက်ကုန် နှင့် ဝတ်ထည်ခြုံထည်လေးတွေကို ငါးနဲ့ တန်ဖိုးချင်း ဖလှယ်ကြည့်မယ်၊ ရလာတဲ့ ငါးတွေကို တစုတပေါင်းတည်း မြို့တက်ရောင်းရင် ဈေးအနှိမ်လည်း မခံရဘူး၊ တန်ရာတန်ဖိုးရမှာပဲလို့ တွေးမိတယ်၊ ဒီအခြေခံ စိတ်ကူးနဲ့ စီးပွားရေး လုပ်ကြည့်တာပါ၊ ပိုပြီးအဆင်ပြေတာက အစ်ကိုကြီးက အကျိုးတူ လုပ်ငန်းအဖြစ် သဘောထားတာရယ်၊ မြို့က ငါးကုန်သည်တစ်ဦး ရွာအရောက် ငါးလာသိမ်းတာရယ်ကြောင့်ပါ”
ကျွန်တော် ပြုံးမိသည်။ ခေါင်းတုံးပေါ် ထိပ်ကွက်သည်ဟု မထင်မိပါ။ မမြသွေး၏ လှပသော စိတ်ကူး စိတ်သန်းကို ဝယ်ယူမိသည့် ကံကြမ္မာကိုသာ ကျေးဇူးအဖန်တစ်ရာ တင်မိပါသည်။
“ဒါဖြင့် ဆွဲကြိုးကိုတော့ – “
“သူ့အခန်းကဏ္ဍမလိုတော့ဘူးလေ၊ ဒါကြောင့် တစ်သက်လုံး ကောင်း ခဲ့တဲ့ ပိုင်ရှင်ဆီ ပြန်ပေးခဲ့တာပေါ့၊ မွေးစားမိဘတွေက ကောင်းရှာပါတယ်၊ ရွာမပြန်ဖို့လည်း အတန်တန်တားရှာပါတယ်၊ တက္ကသိုလ် ဆက်တက်ဖို့ သူတို့ စီစဉ်ပြီးသားပါ၊ ဒါပေမဲ့ ကျွန်မရွာကိုပဲ ပြန်ခဲ့တယ်၊ စာပေးစာယူနဲ့ ဘွဲ့ယူဖို့ အစီအစဉ်တော့ လုပ်ခဲ့ရတာပေါ့။ ကျွန်မအစပျိုးထားတဲ့ လုပ်ငန်းကို အဖေနဲ့ လွှဲထားလို့လည်း မရဘူး မဟုတ်လား၊ ကျွန်မ စိုက်ပျိုးလိုက်တဲ့ စီးပွားရေး သစ်ပင်ကို ရှင်သန်ကြီးထွားအောင် မြေတောင်မြှောက်ဖို့ ကျွန်မတာဝန် ဖြစ်နေပြီလေ”
ငယ်ရွယ်လှပသော မမြသွေး၏ နုနယ်ပျိုမျစ်သော အတွေးထဲတွင်ထိုမျှရင့်ကျက်သော စိတ်ကူးစိတ်သန်းလေးတွေ ကွန့်မြူးလိမ့်မည်ဟု မထင် မိ။ မမြသွေး ဝတ်ဆင်ထားသော အပြာရောင် ဗြောင်ထဘီလေးကို ငေးကြည့်မိသည်။
ချည်ပြာထဘီနှင့် တာဝတိံသာကို လှမ်းဖို့ စိတ်ကူးလေရော့သလား။
( ၄ )
“ခုတလော ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေကျင်သူတွေ တစ်နေ့တခြား များများလာတာ အစ်ကိုကြီး သတိထားမိသလား မပြောတတ်ဘူး”
မမြသွေးမှာ ယခင်က မမြသွေး မဟုတ်တော့ပါ။ သစ်တောထွက် ပစ္စည်း သစ်၊ ဝါး၊ ကြိမ်တွေ ပွဲစားအဖြစ် ဆောင်ရွက်ခဲ့သဖြင့် ပွပေါက်တိုးကာ ကျွန်တော်တို့မြို့တွင် အိမ်တစ်ဆောင် မီးတပြောင်ဖြင့် နေထိုင်လာနိုင် သည်။ အလှတွင် အယဉ်ဆင့်၍ အသွင်တင့်နေပြီ။
တံငါရွာကလေး၏ စီးပွားရေးလုပ်ငန်းကိုတော့ သူမနှင့်ဆွေမျိုး နီးစပ် တော်သူတစ်ဦးအား လွှဲပေးခဲ့ ပုံရသည်။ မမြသွေးက စီစဉ်ပေးရုံသာ ပေးပြီး လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။ သို့ရာတွင် အမြတ် အစွန်းကိုတော့ စနစ်တကျ ခွဲဝေပေးလေ့ရှိသည်။
မမြသွေးမှာ စီးပွားရေး အလှမ်းကျယ်လာသည်။ ကျွန်တော် လက် လှမ်းမမီသည့် သစ်တောထွက် ပစ္စည်းမျိုး ကိုင်တွယ်နိုင်သည်အထိ အဆက် အသွယ် ကောင်းတွေ ရှိလာသည်။ သစ်တောထွက်ပစ္စည်းများမှာ ကျွန်တော် တို့ မြို့နှင့် မဝေးလှသော သစ်တောကြီးများမှ ရရှိနိုင်သည်။ ကျွန်တော်တို့ မြို့နှင့် မဝေးကွာလှသော သစ်တောသည် ကုန်စုံဆိုင်လုပ်ငန်းရှင်ဖြစ်သော ကျွန်တော့်အတွက်မူ ဝေးကွာလှသည်။
သစ်တောထွက်ပစ္စည်း လုပ်ငန်းလုပ်ကိုင်မည်ဟု မမြသွေး ပြောလာ စဉ်က ကျွန်တော် တားမြစ်မိသေးသည်။ မကျွမ်းသောနယ်မို့ အလှမ်းမကျယ် သင့်ကြောင်း စေတနာကောင်းဖြင့် အကြံပေးမိခြင်း ဖြစ်သည်။ သူမက အကျိုးတူလုပ်ငန်းအဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်း သော်လည်း ကျွန်တော် လက်မခံခဲ့ပါ။ မမြသွေးကတော့ မလျှော့သောဇွဲဖြင့် သဲသဲမဲမဲ လုပ်ကိုင်သောကြောင့် အောင်မြင်သွားသည်။
ယခု လာပြန်ချေပြီ။ ရွှေကျင်သည့် ကိစ္စ။ ကျွန်တော်တို့ ဒေသအတွင်း ပေါ်ပေါက်လာသော လုပ်ငန်း အသစ်အဆန်းများနှင့် ကျွန်တော် အကင်းကွာ ကြီးတော့ မဟုတ်ပါ။ သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှု တွင်ကျယ်လာပါက သူတို့လိုအပ်ချက် ဘာတွေရှိသည်ကို လေ့လာရသည်။ လိုအပ်သည် များကို ရောင်းချနိုင်ရန် ကုန်ပစ္စည်းများ ဖြည့်တင်းထားသည်။ လွှ၊ လွှသွေး တံဇဉ်း၊ သစ်တင်ကားနှင့် ပတ်သက်သော ယာဉ်အပိုပစ္စည်း စသည် တို့ကို အရန်သင့် ဆိုင်တင်ထားသည်။ ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦး၏ လုပ်ကိုင်ဆောင် ရွက်ထားမှုသည် ဒီမျှဖြင့် အတန်အသင့် ပြည့်စုံနေပါပြီ။ ထို့ထက်ပို၍ စိတ်ကူးစိတ်သန်း အဆန်းတကြယ် ကွန့်မြူးရန် လိုအပ်မည် မဟုတ်ပါ။
ရွှေကျင်သူတွေ များလာပါက ရွှေကျင်ရာတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် စီစဉ်ထားသည်။ ကျွန်တော့် လုပ်ငန်းအတွက် အကောင်းဆုံး ဆောင်ရွက်ထားပြီးပြီ။
“မမြသွေး ဘာတွေကြံစည်ထားလို့လဲ၊ ရွှေသွားကျင်ဦး မလို့လား”
ကျွန်တော်က ရယ်ရွှန်းဖတ်ရွှန်း ပြောသော်လည်း မမြသွေးက ရယ်စရာ မောစရာဟု ထင်မြင် ယူဆပုံမရပါ။
“ဟုတ်ကဲ့ အစ်ကိုကြီး ပြောသလိုပဲ ကျွန်မ ရွှေကျင်ချင်တယ်”
“ဗျာ-“
သည်ကောင်မလေးကတော့ တစ်မိုးလုံး ဖျောက်ဆိတ်လုပ်ချင်နေပြီ။ ကြောက်စိတ်လည်း လုံးဝရှိပုံမရ။
“တကယ်ပြောတာ၊ အစ်ကိုကြီး စိတ်ဝင်စားရင် အကျိုးတူလုပ်ငန်းလို့ သဘောထားနိုင်တယ်”
ကျွန်တော်ခေါင်းခါလိုက်မိသည်။ မဖြစ်နိုင်မှန်းသိ၍ စဉ်းစားရန်ပင် အချိန်မယူတော့ပါ။ အချိန်ကုန် ဦးနှောက်စားမည့် ပြဿနာများကို ထည့်သွင်းမစဉ်းစားတာ အကောင်းဆုံးဟု ယူဆမိသည်။
မမြသွေးကမူ လုပ်ငန်းအတွက် လိုအပ်သော ရေစုပ်စက်၊ ရွှေကျင် သည့် ပစ္စည်းပစ္စယများကို ကျွန်တော့် ဆိုင်မှ အချို့ လက်ငင်း၊ အချို့ရက်ဆိုင်း လဆိုင်း အကြွေးစနစ်ဖြင့် ဝယ်ယူသွားသည်။ စက်တပ်ပဲ့ထောင်လှေ တစ်စင်းဖြင့် မမြသွေးတစ်ယောက် မြစ်ရိုး ကောက်ကောက်စင်းစင်း ချင်းတွင်းရေကြည် နောက်အောင်ရွာရိုးကိုးပေါက် လျှောက်သွားနေသည်ကို ရင်မောစွာ တွေ့ရှိရ သည်။
စီးပွားရေးအကွက် မြင်မှမြင်တော့လည်း အရထူးလျှင် ဘနဖူးကိုပင် သိုက်တူးချင်တူးဦးမလား မပြောတတ်ပါ။
( ၅ )
ကျွန်တော့်အသက်အရွယ် ၂၀ – အစိတ်မျှ မဟုတ်တော့ပါ။ ၂၀ ကျော် အစိတ်ပိုင်းကို အရွယ်တော် တစ်ဆိတ်ဟိုင်းပြီဟု သတ်မှတ်လျှင် ၃ဝ မျှရှိပြီဖြစ်သော ကျွန်တော်သည် အိမ်ထောင်ရက်သားကျရန် အချိန် တော်တော်လွန်နေပြီဟု ဆိုရပါမည်။
ယခုအချိန်ကျမှ ကြင်ဖော်ချစ်သက် အိမ်ထောင်ဖက်ကို သတိရကောင်းလားဟု အပြစ်တင် မစောသင့်ပါ။ အိမ်ထောင်ရေးကိစ္စ ချင့်ချိန်တွေး တောသူတိုင်း လွယ်လွယ်နှင့် အိမ်ထောင်ရက်သား မကျသူသာ များပါသည်။ အသက် ၃ဝ ကျော်မှ ကံပေါ်လာပြီလား မပြောတတ်ပါ။ အိမ်ထောင်ဖက် မိန်းကလေးကို ရွေးချယ်စရာမလိုပဲ တွေ့ရှိလာပါသည်။ ရှည်ရှည်ဝေး ဝေး တွေးတောစရာ မလိုပါချေ။ မမြသွေးကလွဲလျှင် မည်သူဖြစ်နိုင်ပါမည်နည်း။
ရွှေကျင်သည့် နေရာလေးငါး နေရာတွင် ရေစုပ်စက် အစရှိသည့် ပစ္စည်းကိရိယာတွေ ငှားရမ်းထားသည်။ ရရှိသောရွှေကို နေရာတွင် ပေါက် ဈေးပေးပြီး ဝယ်သည်။ ရွှေကုန်သည်အဖြစ် ထပ်ဆင့်ကြီးပွားနေသော မမြသွေး၏ တိုက်အိမ်သည် ကျွန်တော်တို့မြို့တွင် ခေတ်အမီဆုံးနှင့် အသား နားဆုံး ဖြစ်နေပါသည်။
မမြသွေး ကျွန်တော့်ဆိုင် ပထမဆုံး ဝင်စက ပုံစံမျိုးဖြင့် ကျွန်တော် ဝင်သွားပါသည်။ မမြသွေးက မလာစဖူး အလာထူးသော ကျွန်တော့်ကို ပျာပျာသလဲ ခရီးဦးကြိုပြုသည်။ အကောင်းဆုံး စားသောက်ဖွယ်ရာ များကို အမြန်ဆုံး စီစဉ်သည်။ လှပခေတ်မီသော ဧည့်ခန်းအပြင်အဆင်များကကျွန်တော့်ဆိုင်၏ ဟောင်းနွမ်း ညှိုးမှိန်သော နေရာထိုင်ခင်းများကို သတိရစေသည်။
မမြသွေးကို တွေ့စဦးက လှပသူဟု အသိအမှတ် ပြုပြီးသားပါ။ ယခု မြင်တွေ့ရတော့ ယခင်က မမြသွေးမှာ ဖူးစငုံစ ပန်းကလေးမျှသာ ဖြစ်နေသည်။ ယခု မမြသွေးကား အစွမ်းကုန်ပွင့်လန်း တင့်ဆန်းနေသော ပန်းအဖြစ် အလှသွေးကြွယ် နေပေတော့သည်။
“ကျွန်တော် ညီမလေးဆီ ဘာကိစ္စ လာတယ်ဆိုတာ ပြောဖို့ လိုအပ်မယ် မထင်ပါဘူး”
ကျွန်တော်သည် စီးပွားရေးသမားသာ ဖြစ်သည်။ သမီးရည်းစား အရေးတွင် ဤမျှ ညံ့ဖျင်းမည်ဟု မထင်မိပါ။ ဘာကိစ္စလာတယ်ဆိုတာ မပြောဘဲ သိပါ့မလား။ လိုချင်လိုက်တာလည်း ပျာလို့၊ အ လိုက်တာလည်း ချာလှပါလား။
“စီးပွားရေး အကျိုးတူလုပ်ငန်းအတွက် လာတာမဟုတ်ဘူးဆိုတာတော့ ရိပ်စားမိပါတယ်”
မမြသွေးကို လေးသံမြားသံ မကြောက်သော ရွှေသမင်မလေး အဖြစ် မြင်နေမိသည်။ စီးပွားရေးလုပ်ငန်းကို ယောက်ျားတွေနှင့်တန်းတူ ပခုံးချင်းယှဉ် လုပ်နေသူပဲလေ။ ရှက်ပြုံးလေးပြုံးပြီး ခေါင်းကလေးငုံ့၊ လက်မလေး ကိုက်နေမည့် အရွယ်ပင်ဖြစ်သော်လည်း ကျွန်တော့်မျက်နှာကို ရဲရဲကြည့်ကာ ဝံ့ဝံ့ စားစား ပြောရဲသည်။
“ဒီနေရာမှာ ညီမလေး မှားတယ်၊ ကျွန်တော်ညီမလေးနဲ့ အကျိုးတူ လုပ်ငန်းလုပ်ဖို့ လာတာ”
စကားအရ တင်စီးထားဖို့ လိုအပ်သဖြင့် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဟုတ်လား – ပြောလေ၊ ရွှေလုပ်ငန်းလား၊ သစ်လုပ်ငန်းလား”
“သစ်လုပ်ငန်းတော့ စိတ်မဝင်စားပါဘူး၊ ရွှေလုပ်ငန်းအတွက် လာခဲ့တာ”
မျက်မှောင်လေးကျုံ့၍ စဉ်းစားနေသည်။ ကျွန်တော့်မျက်နှာကိုလည်း ဝေခွဲမရသလို ကြည့်သည်။ ကျွန်တော် မထင်မှတ်ဘဲ ဆင်ကွက်တစ်ကွက် ရလိုက်သည်။
“ဘာလဲ၊ ညီမလေးရဲ့ တစ်နိုင်တစ်ပိုင် ရွှေလုပ်ငန်းထဲ အစ်ကိုကြီး အကျိုးတူ လုပ်ဆောင်ခွင့်ပြုဖို့ ခက်ခက်ခဲခဲ စဉ်းစားနေတာလား”
“မဟုတ်ပါဘူး၊ အစ်ကိုကြီး ညီမလေးရဲ့ ရွှေကုန်သည် လုပ်ငန်းအ ပေါ် စိတ်ဝင်စားတာ သဘောရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတာပါ”
“ဘာလဲ – မောင်ပိုင်စီးသွားမှာ စိုးလို့လား”
“ဒါအတွက်တော့ မစိုးရိမ်မိရိုး အမှန်ပါ”
စကားကြောရှည်နေသည်။ မျောနေသည်။ တိုတိုနှင့်ဖြတ်တာ ကောင်းမည်။
“ကျွန်တော်နဲ့ ညီမလေး ရွှေလုပ်ငန်း အကျိုးတူလုပ်ဆောင်ဖို့က နှစ်အိမ့်တစ်အိမ် ရွှေကြိုးရွှေမျှင်တန်းပြီး ရွှေလမ်းငွေလမ်း ဖောက်ဖို့လိုအပ်”
ပါးစပ်ကို လက်ကိုင်ပုဝါလေးအုပ်ကာ တခစ်ခစ်နှင့် ထိန်းမနိုင် သိမ်းမရ ရယ်နေသော မမြသွေးကို ကြည့်ကာ စကားဆုံးအောင် မပြောလိုက်နိုင်။
“အစ်ကိုကြီးကတော့လေ၊ ညီမလေး တွေ့ဖူးသမျှထဲမှာ ရည်းစား စကားပြောအညံ့ဆုံးပဲ”
သွားပြီ။ အိတ်သွန်ဖာမှောက် ကြိုးစားသမျှတွေ သဲထဲရေသွန်ဖြစ်ပြီ။
“အစ်ကိုကြီးနဲ့ ညီမလေးက စီးပွားရေးသမားတွေဆိုတော့ ဒီနေရာမှာ စီးပွားရေးလေသံပါသွားရင်လည်း ခွင့်လွှတ်ပါနော်”
ကောင်မက ကြီးကျယ်သည်။ သမီးရည်းစား အရေးတွင် စီးပွားရေးက ဘာကိစ္စပါလာရသနည်း။ ငွေတစ်ပဲနှင့် ပုလဲကုံးကို ဈေးဆိုင်လိုဟန် ရှိသည်။
“ညီမလေးမှာ မိဘဆိုလို့ နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့ ဖေဖေပဲ ရှိတယ်။ အစ်ကိုကြီးမှာက မိဘနှစ်ပါးစလုံး ရှိသေးတယ်၊ တရား ထိုင်နေတယ်ပဲဆိုဆို ညီမလေးနဲ့ လက်ထပ်ဖြစ်ခဲ့ရင် စီးပွားရေးအရ အရှုပ် အရှင်းတွေ ဖြစ်လာနိုင်တယ်၊ အစ်ကိုကြီးလုပ်နေတဲ့ လုပ်ငန်းကို မိဘတွေဆီ မလွှဲအပ်ခဲ့ဖို့ လိုလိမ့်မယ်၊ အစ်ကိုကြီးရဲ့လုပ်ငန်းဟာ ညီမလေးရဲ့လုပ်ငန်း၊ ညီမလေးရဲ့ လုပ်ငန်းဟာ အစ်ကိုကြီးရဲ့လုပ်ငန်းပဲ၊ မိဘတွေကို ပြုစုစောင့် ရှောက်ရမယ့် အပိုင်းက တစ်ပိုင်းထားလို့ ရပါတယ်”
ဘယ်လောက်များ မောက်မာလိုက်ပါသနည်း။ ကျွန်တော့်မိဘများ အတွက် မမြသွေးသည် ချွေးမကောင်း ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်။ ချည်ပြာထဘီနှင့် တာဝတိံသာကို လှမ်းချင်သည့် ကောင်မ။
“ပြီးတော့ အစ်ကိုကြီးက သမားရိုးကျ စီးပွားရေးလုပ်ငန်းကိုပဲ စိတ်ဝင် စားတယ်၊ တီထွင်ဖန်တီး တတ်တာမျိုး၊ စီးပွားရေးကြီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လေ့လာတာမျိုး လုံးဝမရှိဘူး၊ ဒါကလွဲရင်တော့ အစ်ကိုကြီးကို စိတ်တိုင်းမကျတာ သိပ်မရှိပါဘူး၊ အစ်ကိုကြီးလည်း စဉ်းစားဦးပေါ့၊ လက်ထပ်တယ်ဆိုတာ ဘဝချင်းပေါင်းစပ်တယ်လို့ပဲ ညီမလေးတော့ ယူဆထားတယ်၊ အစ်ကိုကြီးနဲ့အတူ အစ်ကိုကြီးရဲ့ စည်းစိမ်ဥစ္စာတွေ အားလုံး ပေါင်းစပ်ရမှာနော်”
လွန်လွန်းသည်။ စီးပွားရေး ဆန်လွန်းသည်။ ကျွန်တော့်ထက် ကျွန်တော့် စည်းစိမ်ဥစ္စာကို ပို၍မက်မောဟန် တူသည်။ အရထူးလျှင် ဘနဖူးတောင် သိုက်တူးမည့် ကောင်မ။
တစ်ဦးနှင့်တစ်ဦး သံယောဇဉ်စကားတွေ ပျားရည်လူးပြီး ကြည်နူးရမည့် အချိန်တွင် သူမ၏ ရလိုမှုစကားတွေ၊ လောဘတရားတွေပဲ ကြီးစိုးနေ သည်။ မျက်နှာလေးက လှလွန်းလို့သာ သည်မျှသည်းခံနေခြင်း ဖြစ်သည်။ စိတ်ထဲကတော့ ထကန်ပစ်လိုက်ချင်သည်အထိ ခံစားနေရသည်။
ကိုယ်ပိုင်ဥစ္စာ မဟုတ်သော သူတစ်ပါးဆွဲကြိုး အငှားပေါင်ပြီး ကြီးပွား လာသည့် ကောင်မက ကြီးကျယ်လွန်းသည်။ သနားသဖြင့် အကျိုးတူ လုပ်ငန်း အကြောင်းပြကာ လိုက်လျောလိုက်သည့် ကျေးဇူးကိုမျှ မထောက်၊ အရွယ်နှင့်မတန်အောင် မောက်မာလွန်းသည်။ တက်တစ်ချက်ပြင်းပြင်း ခေါက်၊ ခြေထောက်ပြင်းပြင်း ဆောင့်နင်းပြီး ခပ်ရိုင်းရိုင်း ထပြန်ဖို့ပဲ ကောင်း သည်။
တံငါရွာစုတ်က အောက်တန်းစားမ။ လေတစ်လုံး မိုးတစ်လုံးနှင့် လာစော်ကားလို့ ဘယ်ရမှာလဲ။ အပြတ်ပြောလိုက်တာပဲ ကောင်းပါသည်။ ခုရှုပ်မှ နောင်ရှင်း။
“စဉ်းစားဖို့ မလိုတော့ပါဘူး၊ ညီမလေးရဲ့ သဘောအတိုင်း လိုက်လျောဖို့ အဆင်သင့်ပါပဲ”
ဒုတိယကမ္ဘာစစ်အတွင်းက နာဇီပါတီ လက်နက်ချသည့် လေသံနှင့်များ တူသွားလေသလား မသိ။ ကျွန်တော့်ရင်ထဲက ဒေါသအားမာန်သည် မမြသွေး၏ အလှအပတောင်ကြီးကို ဖြိုဖို့ ခါးမသန်ဘဲ ဖြစ်သွားသည်။
“ဒါဖြင့်လည်း လက်ထပ်ဖို့ အမြန်ဆုံး စီစဉ်လေ”
တံငါရွာသူလေး မမြသွေးသည် ကျွန်တော်နှင့် ကျွန်တော့်စည်းစိမ် အားလုံးကို မတန်တဆ ဈေးဖြင့် အလွယ်တကူ ဝယ်ယူသွားလေ၏။


