“ဘကြီးပြူး ကြွဖြစ်အောင် ကြွခဲ့ပါ” ဟူသော ဝန်ကြီးချုပ်၏အမှာစကားနှင့် ဖိတ်စာကိုကြည့်ကာ ဖိတ်စာရောက်သည့်နေ့မှစ၍ နေ့စဉ်ရက်ဆက် ရင်ထဲမှာစိတ်စောကာ ရောက်မည့်နေ့ကို စိတ်မောစွာ စောင့်မျှော် ခဲ့ရပါသည်။ အနှစ်နှစ် အလလက မျှော်တလင့်လင့် စိတ်တထင့်ထင့်ဖြင့် ရင်နင့်အောင် တွေးတော ငေးမောခဲ့ ရသော နေ့တစ်နေ့ကို တကယ်ပဲ ရောက်ရှိပေတော့မည်။ အသက်ရှစ်ဆယ်နှင့် မလှမ်းမကမ်းအချိန်ထိ ကိုယ်မသေခင် မြင်မှမြင်လိုက်ရပါ့မလား ဟူသော မောလျစွာ သောကဝေဒနာသည် ယခုအချိန်ရောက်မှ ပြေရာပြေကြောင်းဖြစ်စေတော့သည်။ ကျေရာကျေကြောင်း ဖြစ်စေတော့မည်။
“ဖေဖေ သွားလို့ ဖြစ်ပါ့မလား”
သမီးကြီးက စိုးရိမ်သောကဖြင့် ပြောလာသည်။
“ဖေဖေ့ တစ်သက် မြင်တွေ့ခွင့်ရဖို့ မသေချာတဲ့ တကယ့်အခွင့်အရေးကြီးပါ သမီးရယ်၊ ဒီအခွင့်အရေးကို ဖေဖေ လက်လွတ်အဆုံးရှုံး မခံပါရစေနဲ့ကွယ်”
သွားဖြစ်အောင် သွားကိုသွားရမည်ဟူသော စိတ်က ဆောင်နေ၍လား မပြောတတ်။အသက်ထောက် လာပေမယ့် ကျန်းမာနေသော အခြေအနေက ပို၍ပင် ဒေါင်ဒေါင်မြည်အောင် ကောင်းမွန်နေသေးသည်။ ခါတိုင်းထက် စိတ်ဓာတ်တက်ကြွနေသည်။ သွက်သွက်လက်လက် ထက်ထက်မြက်မြက်လည်း ပို၍ရှိလာသည်။
“သမီးအဖေက ဖိတ်စာရောက်တဲ့နေ့ကစပြီး ရွှင်လန်းတက်ကြွနေတာလေ”
“ဒါကတော့ မယ်ခင်ရယ်၊ လူတိုင်း မျှော်လင့်စောင့်စားခဲ့ရတဲ့ တကယ့် ဖြစ်ခေါင့်ဖြစ်ခဲ အခွင့်အရေး ကြီးပါ။ ကိုယ့်မျက်စိအောက် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုကို ကိုယ့်တစ်သက်ပြန်လည်ရရှိဖို့ဆိုတာ ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာ ဆိုသလို မျှော်သာမျှော် ပေါ်ပါ့ပေါ်ပါလေမလားလို့ စိုးရိမ်ကြောင့်ကြနေခဲ့ရတာပါ။ ဒီလိုနေ့မျိုးကို ကြုံတွေ့ခွင့်ရရင် သေပျော်ပါပြီ။ မယ်ခင်ကော လိုက်ခဲ့ပါလား”
“ဖိတ်စာထဲမှာ အဖေကြီးနာမည်ပဲ ပါတာ၊ ကျွန်မလိုက်ဖို့ ဘယ်အဆင်ပြေပါ့မလဲ၊ ပြောရရင် လိုက်လည်း မလိုက်ချင်ပါဘူး၊ လူ ထူထူကြားထဲလည်း မသွားချင်ဘူး၊ စကားကျယ်ကျယ်လည်း မကြားချင်ဘူး၊ အေးအေး ဆေးဆေးမနေရဘဲ ပြေးရလွှားရနဲ့ နေ့သေမလား၊ ညသေမလား စိုးရိမ်ကြောင့်ကြနေခဲ့ရတာတွေ များပြီကိုး။ သေမင်းတမန်တွေနဲ့ နေ့စဉ်ရက်ဆက် မတွေ့ချင်ဘဲ တွေ့ခဲ့ရတာကိုး၊ ကိုယ်လေးစားအားထားရတဲ့ ခေါင်းဆောင် တွေ တစ်ပြုံတစ်မကြီး မမျှော်လင့်ဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကျခဲ့တဲ့မျက်ရည်တွေက ခုဖြစ်ရပ်နဲ့ထေလို့ ကျေပါ့မလားလို့ တွေးနေမိတယ်”
ခေတ်ပညာလည်းတတ်၊ စာတွေဖတ်သည့် မယ်ခင်က တွေးတွေးဆဆ ပြောလာသည်။ ဘကြီးပြူး တစ်သက် မမေ့နိုင်စရာ နေ့ရက်တွေက များပဲများနိုင်လွန်းလှသည်။ မိသားတစ်စု ဥမကွဲ သိုက်မပျက် ယခုအချိန်ထိ ရှိနေရတာကိုပဲ ကျေးဇူးကြီးမားလှပါပြီ။ ခေတ်ပျက်ကာလကြီး တစ်လျှောက်လုံး ယူကျုံးမရ အပူလုံး ကြွစရာ နေ့ရက်တွေက မရေမတွက်နိုင်အောင်ပင်။
သေချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရသည့် အဖြစ်ဆိုးကလည်း မရိုးနိုင်အောင် မြင်တွေ့နေကျဖြစ်သည်။ လွန်ခဲ့သည့် ငါးလလောက်က ကျော်မကောင်း ကြားမကောင်း အဆိုးဝါးဆုံးဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ ပူပူနွေး နွေးပဲ ရှိသေးသည်။ တစ်တိုင်းတစ်ပြည်လုံးက နှမြောတသစွာ သောကလှိုက်ဖို ရှိုက်ငိုကြရသည်မှာ မျက်ရည်ပင် မစဲကြ သေး။ ဂျူဗလီဟောတွင် ခင်းကျင်းထားသော ရုပ်အလောင်းများက မပုပ်သိုးပေမယ့် အရုပ်ဆိုးစွာ မြင်တွေ့နေရ သေးသည် မဟုတ်ပါလား၊ အနယ်နယ် အရပ်ရပ်က လူတွေ လူတွေ ကြိတ်ကြိတ်တိုးမျှလာလိုက် ကြတာ၊ ငိုကြွေး ကြတာ၊ ဂျူဗလီဟောတွင် သောကပြပွဲကြီးတစ်ရပ် ခင်းကျင်းပြသနေသလိုပါပဲလား။
“အဆိုးထဲက အကောင်းလို့ ဆိုရမှာပဲလေ၊ သူတို့တစ်တွေ အသက်နဲ့ရင်းပြီး ပေးဆပ်ရတာတွေက အကျိုးမယုတ်ပါဘူးကွယ်၊ ခုပဲ လက်တွေ့မြင်နေရပြီမဟုတ်လား”
“ဟုတ်ပါတယ်။ ကျွန်မက ခုလို အခွင့်အရေးရဖို့ ရင်းနှီးပေးဆပ်ရတာတွေက များလွန်းနေသလားလို့ပါ”
“ဟဲ့..မယ်ခင်ရဲ့ ဒီလိုအခွင့်အရေးမျိုးက လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲကွယ်၊ ပေးဆပ်ရတာတွေ များလွန်းတယ်လို့လည်း ဆိုနိုင်တယ်။ ပေးဆပ်ရတာတွေနဲ့ မထိုက်တန်ဘူးလို့တော့ မဆိုနိုင်ပါဘူးကွယ်”
(၂)
“ဟဲ့..မောင်ပြူး”ဟု ခေါ်သံကြားတိုင်း အပြေးအလွှား ရောက်လာရသည်။ အလိုက်တသိ နေတတ် သောအကျင့်က လူမှန်းသိတတ်စကတည်းက ရနေသည်။ သူ့ဘဝတစ်လျှောက်လုံး သတိနှင့်နေ။ သတိနှင့်စား၊ သတိနှင့်သွားခဲ့ရတာ မဟုတ်လား။ အဖေရော အမေရော ငယ်စဉ်ကတည်းက ဆုံးပါးသွားကြ၍ မိဘမဲ့ တစ်ကောင် ကြွက်၊ အုတ်ကြားပေါက်သည့် မြက်ခြောက်တစ်ပင်၏ ရှင်သန်မှုသည် ရွာဦးဘုန်းကြီးကျောင်းတွင် နေထိုင်ကြီးပြင်း ခဲ့ရသည်က အစပြုရပါမည်။ ငယ်ဘဝကို ဘယ်လိုဘယ်ပုံ ဖြတ်သန်းခဲ့ရသည်မသိ။ မိဘမဲ့မို့ မစောင့်ရှောက်နိုင်၍ ဘုန်းကြီးကျောင်းတွင် လာစွန့်သည်လား၊ ဘုန်းကြီးကပဲ သတ္တဝါများကို သနားသော အားဖြင့် ကောက်ယူမွေးစားသည်လား မပြောတတ်ပါ။
မိဘတွေနှင့် ရင်အုပ်မကွာ ကြီးပြင်းရသော သားသမီးများနှင့်တော့ နှိုင်း၍မရပါ။ သူတို့တစ်တွေက ဆိုးနွဲ့စရာ မိဘတွေရှိသည်။ ငိုလျှင်လည်း မျက်ရည်သုတ်ပေးမည့်သူရှိသည်။ ပျော်လျှင်လည်း ပြုံးခွင့်ရအောင် ကူညီပေးမည့်သူရှိသည်။မောင်ပြူးကတော့ ငိုချင်လျက်နှင့် မျက်ရည် မကျအောင် ထိန်းခဲ့ရသည်။ ပြုံးပျော်ခွင့် ဆိုတာကတော့ မျှော်လင့်စရာမရှိပါ၊ ကိုယ်အနေအထိုင်တတ်တာကို အသိအမှတ် ပြုဖော် မရတာကတော့ ထားပါ။ အပြစ်မမြင်ဘူးဆိုလျှင်ပဲ အတိုင်းအဆမရှိ ကျေနပ်ရမှာပါ၊ ကိုယ်နိုင်သည့်ဝန်ကိုထမ်းရင်း၊ ဘုန်းကြီးကျောင်းတွင် တစ်ကိုယ်ဆံ့ နေသားကျခဲ့ရပါသည်။
ဤနေရာတွင် ကပ္ပိယကြီး၏ အခန်းကဏ္ဍကလည်း မောင်ပြူးအတွက် ကြီးမားကျယ်ပြန့်လှပါသည်။ တကယ်တော့ ဘုန်းတော်ကြီး၏ အရိပ်အာဝါသတွင် နေရသည်ဆိုသော်လည်း ကပ္ပိယကြီး၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။ ပြောရလျှင် ကပ္ပိယကြီးနှင့် မောင်ပြူးသည် အရိပ်အတူခိုဖက်၊ ဆွမ်းကြွင်းစားဖက်ဖြစ်၍ ခွဲခြားမရနိုင်ပါ။ အသက်အရွယ်ချင်းသာ မတူတာပါ။ ဆွေမဲ့မျိုးမဲ့တာကတော့ မကွာခြားလှပါ။ ကပ္ပိယကြီးသည် မောင်ပြူးထက်စောသည်၊ နောက်ကျသည် မသိနိုင်ပေမယ့် မောင်ပြူး ကျောင်းရိပ်ခိုစဉ်က အစောဆုံးမှတ်မိ သည်မှာ ကပ္ပိယကြီးသာဖြစ်သည်။ ဘုန်းကြီးဝေယျာဝစ္စ၊ ကျောင်းဝေယျာဝစ္စကို ကပ္ပိယကြီးက မောင်ပြူးအား သင်ကြားပေးသည်။ ဘုန်းကြီးနှင့် ဆက်ဆံရေး၊ ရပ်က ရွာက ဒကာ၊ ဒကာမများနှင့် ဆက်ဆံရေးတို့ကို ကပ္ပိယကြီး၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရသည်။
ဘုန်းတော်ကြီး၏ စာသင်ပေးမှုအရွယ်တွင် ရပ်ထဲ ရွာထဲက သူ့လို စာသင်ကြားသူတွေနှင့် အပေါင်း အသင်းဖြစ်ရသည်။ သို့ရာတွင် သူ့ကိုပေါင်းဖော်ရာ၌ တန်းတူရည်တူ ဖြစ်ခွင့်မရှိ။ သူတို့တစ်တွေ၏ ခိုင်းဖတ်၊ အနှိမ်ခံဖတ်သာ ဖြစ်ရသည်။ ဘုန်းတော်ကြီးရှေ့တွင်ရော နောက်ကွယ်မှာပါ သူအနိုင်ကျင့်ခံရသည်။ ရပ်ရွာ ဆွမ်းဒကာ၊ ဆွမ်းဒကာမများ၏ သားသမီးများဖြစ်၍ လူရာဝင်နိုင်ကြပါသည်။ မော်နိုင်ကြွားနိုင် စော်ကားနိုင် ကြပါသည်။
တစ်ခုတော့ရှိသည်။ သူက ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြစ်၍ ကျောင်းနေအရွယ် မတိုင်ခင်ကတည်းက စာသင်စာချ နားယဉ်၍နေသည်။ ကျောင်းစာသင်ချိန်တွင် အများထက် နှာတစ်ဖျားမက ရှေ့တန်းရောက်နေသည်။ ဉာဏ်ရော ဝီရိယရောကောင်းသူမို့ ကျောင်းသားကြီးများကို စာချရသည့် ဘုန်းကြီး လက်ထောက် အလိုလိုဖြစ်လာရသည်။ အသက်ခုနှစ်နှစ်အရွယ်တွင် ဘုန်းတော်ကြီးက သင်္ကန်းဝတ်ကာ ရှင်သာမဏေပြုပေး၍ ပညာဝံသဘွဲ့မည် ဘယ်လိုပဲရရ ကိုရင်မောင်ပြူးဟုသာ ခေါ်ကြသည်။ ကိုရင်ဖြစ်လာတော့ ကျောင်းသားတွေက သူ့ကိုနိုင်စားချင်တိုင်း နိုင်စား၍မရတော့။ အထိုက်အလျောက် အရိုအသေ တန်လာကြသည်။ ကိုရင်လည်း ကိုရင်၊ စာသင်စာချ ဆရာတစ်ပိုင်းလည်း ဖြစ်နေတော့ မလေးစားချင်နေ၊ မရိုသေ၍ မရတော့ပါ။
ကိုရင်မောင်ပြူး တစ်ဝါအရတွင် ဘဝရှင် မင်းတရားကြီး နတ်ရွာစံ ကံတော်ကုန်တော့ ရတနာပုံ နေပြည်တော်တွင် မင်းပြောင်းမင်းလွဲ ဖြစ်သည်။ မင်းညီမင်းသားများ အချုပ်အနှောင်ခံရရာမှ အစုလိုက် အပြုံလိုက် ကွပ်မျက်ခံရသည်အထိ ဖြစ်လာသည်။ တိုင်းပြည် မငြိမ်မသက်ရှိရာမှ စာတတ်ပေတတ် ဘုန်းတော်ကြီး တို့ နေပြည်တော်မှခွာ၍ ဇာတိရပ်ရွာသို့ ခိုလှုံလာကြသည်။ကိုရင်မောင်ပြူးတို့ကျောင်းသို့ နေပြည်တော်မှ ဦးပဉ္စင်းတစ်ပါး အာဂန္တုအဖြစ် ရောက်ရှိလာသည်။
ဦးပဉ္စင်းကို ဝတ်ကြီးဝတ်ငယ်ပြုစုရင်း ကိုရင်ကလေး၏ ကိုင်းညွှတ်မှု၊ အလိုက်သိမှု၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုတို့ကို အသိမှတ်ပြုခံ ရသည်။ ထို့ကြောင့် ဦးပဉ္စင်း နေပြည်တော်သို့အပြန်တွင် ဘုန်းတော်ကြီးကို ခွင့်ပန်၍ လိုက်ပါခွင့်ရရှိခဲ့သည်။ နေပြည်တော်၏ ကျောင်းကြီး ဝိဟာရတွင် ကိုရင်မောင်ပြူးသည် ကျောင်းနေ ပျော်၍ စာတော်ခဲ့သည်။ အရှင်မွေး၍ နေ့ချင်းကြီးခဲ့သည်။ အနှိမ်ခံဘဝ၊ အနိုင်ကျင့်ခံဘဝက လွတ်မြောက် လာရသည်။
(၃)
“ဟဲ့…ပညာဝံသ၊ စာအုပ်စင် ရှင်းလိုက်စမ်း၊ ရတနာပုံသတင်းစာတွေ လအလိုက်တွဲပြီး စနစ်တကျ စီထပ်စမ်း”
နေပြည်တော်၏ ကျောင်းတော်ဝိဟာရောက်သည့်နေ့မှာပင် ကိုရင်မောင်ပြူး ပထမဦးဆုံး လုပ်ရသည့် အရှုပ်ဖြစ်သည်။ စာကြည့်ခန်းကို လှည်းကျင်းသုတ်သင်၊ စာအုပ်စင်ကို ရှင်းလင်း၍ စာအုပ်စီထပ်၊ ဘယ်တုန်း ဘယ်အခါက ပစ်စလက်ခတ် ဖတ်ရှုလွှင့်ပစ်ထားသော ရတနာပုံသတင်းစာတွေက အရှုပ်ဆုံး။ သတင်းစာ တွေကို လအလိုက် စီတွဲရသည်မှာ အခက်ခဲဆုံး။ သင်ပုန်းကြီး၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း စသည့် အခြေခံ အဆင့်သာ သင်ကြားတတ်မြောက်ထားသော ကိုရင်မောင်ပြူးအဖို့ ရတနာပုံသတင်းစာထပ် ကြီးသည် ရတနာပုံ ဆိုက်သည်ဟုလည်း ဆိုနိုင်သည်။
ဦးပဉ္စင်း ဉာဏဝရ ဆွမ်းခံကြွရာ ဆွမ်းချိုင့်ဆွဲ၍ လိုက်ပါရခြင်း၊ စာဝါလိုက်ခြင်းကိစ္စပြီးလျှင် ကိုရင် မောင်ပြူး ရတနာပုံသတင်းစာနှင့် နေ့စဉ်ရင်းနှီးနေရသည်။ စာအုပ်စင်က စာအုပ်တွေကို လက်လှမ်းမမီပေမယ့် ရတနာပုံသတင်းစာကိုတော့ စီရင်းထပ်ရင်း ဖတ်ရှု၍ ရသည်။ ထိုမှစ၍ စာဖတ်ဝါသနာ ပါလာသည်။ နေပြည်တော် နှင့် နိုင်ငံရပ်ခြား ဖြစ်ပျက်သမျှ သတင်းအချက်အလက်များကို ဦးပဉ္စင်းနှင့် အချီအချ ဆွေးနွေးဖော် ရလာသည်။ သူနားမလည်သည်ကိုလည်း ဦးပဉ္စင်းက ရှင်းပြသည်။ စာဖတ်ဝါသနာပါသော ကိုရင်မောင်ပြူးကို ဦးပဉ္စင်းက လူရာသွင်းပေး၍ လူရာဝင်လာသည်။
ဦးပဉ္စင်း၏ ဒကာ၊ ဒကာမများနှင့် ဆက်ဆံရေးသည် ဖြောင့်ဖြူးခဲ့သည်။ ကျောင်းနေကိုရင်များနှင့်လည်း ဆေးဖော်ကြောဖက် တစ်သားတည်း ရှိခဲ့သည်။ သူက အားလပ်ချိန်တွင် ဦးပဉ္စင်း၏ စာဖတ်ခန်းတွင် အပန်းဖြေ အနားယူနေကျဖြစ်သည်။ သတင်းစာပါ ယခင်ဖြစ်ပျက်သမျှ ယခုအဖြစ်အပျက် စသည်တို့ကို ရှေ့နောက် အပ်ကျမပ်ကျ ရှင်းပြနိုင်သည်။ ဦးပဉ္စင်း ဉာဏဝရ၏ တိုင်းရေးပြည်ရေးတွင် စိတ်ပါဝင်စားမှု ကြောင့် ပြည်ရွာ မင်းရေး မှု ရှုပ်ထွေးပုံကို တစ်စွန်းတစ်စ သိမှတ်ရသည်။ ပြောရလျှင် ကိုရင်မောင်ပြူးသည် ဦးပဉ္စင်း၏ အချစ်ဆုံးနှင့် လက်သုံးတပည့်ဖြစ်လာရသည်။
မောင်ပြူးလေး၏ ကိုရင်ဘဝသည် စာတတ်ပေတတ် ဦးပဉ္စင်း ဉာဏဝရ၏ ဘုန်းကံအောက်တွင် မခြောက်မသွေ့နေခဲ့ရပါသည်။ ရတနာပုံ ရွှေမြို့တော်၏ ကံကြမ္မာမှာ ယခင်ကလောက် ကောင်းမွန်လာသည်ဟု မဆိုနိုင်ပါ။ မင်းတုန်းဘုရင်၏ ရင့်ကျက်သော အမြော်အမြင် အစီအရင်များကို အသက်ငယ်ရွယ် အမြင်မကျယ် သော သီပေါဘုရင်လေးသည် အမီမလိုက်နိုင်ခဲ့ပါ။ အစဉ်အလာကောင်းသော၊ အရှိန်အဝါကြီးသော၊ ဩဇာ နယ်ပယ် ကျယ်ပြန့်သော မှူးတော်မတ်တော်တို့၏ ထွေပြားဝေဝါးသည့် အကြံဉာဏ်များအောက်တွင် လမ်းပျောက်၍ နေခဲ့သည်။ သို့ရာတွင် တိုင်းပြည်၏ စည်ပင်ဝပြောမှုအစဉ်အလာကို ရပ်တန့်သွားသည် အထိတော့ အခြေအနေ မဆိုးလှပါ။ အထိုက်အလျောက် သာသနာပြုနိုင်သေး၍ ထေရ်ကြီးဝါကြီး ရဟန်း သံဃာများနှင့် ရဟန်းပျို၊ ကိုရင်ငယ်များ နေမြဲတိုင်းနေ၍ရသည်။ စာဝါလိုက်မြဲတိုင်း လိုက်၍ရသည်။ ဆွမ်းကွမ်း အခက်အခဲ အနည်းငယ်ပင်ပန်းသော်လည်း တစ်နပ်ဆွမ်းအတွက် မပြတ်တမ်း အဆင်ပြေ ခဲ့ပါသည်။
အောက်မြန်မာနိုင်ငံ ဗြိတိသျှအစိုးရ၏ ဘုံဘေဘားမား သစ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (BBTC)၏ မသမာမှုက အရင်းခံသည်။ သစ်ခိုးထုတ်မှု အထင်အရှား ပေါ်ပေါက်၍ မြန်မာဘုရင်အစိုးရက လျော်ကြေးငွေ တောင်းခံစေရန် အမိန့်ချမှတ်ရာက ဗြိတိသျှနှင့် မြန်မာဘုရင်အစိုးရတို့ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်မက် စတင် ဖြစ်ပွားခဲ့သည်။
စစ်ဖြစ်ကြသည့်အခါ ဗြိတိသျှရေကြောင်းချီ သင်္ဘောများသည် ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေး နေပြည်တော်ရှိရာ အထက်အရပ်သို့ ရန်ကုန်မြို့က ဆန်တက်လာကြသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြန်မာခံတပ်များမှာ လက်နက်ချင်းမမျှ၍ ဗြိတိသျှလက်အောက်သို့ ကျရောက်သွားသည်။ ထိုကြောင့် မြန်မာ ဘုရင်အစိုးရက စစ်ပြေငြိမ်းရေးသဝဏ်လွှာ ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် ဗြိတိသျှတပ်များသည် ဧရာဝတီမြစ် ရိုးတစ်လျှောက် ဆန်တက်လာကြသဖြင့် မြန်မာဘုရင်အစိုးရသည် အကြွင်းမဲ့ လက်နက်ချလိုက်ရလေတော့သည်။ မြန်မာနိုင်ငံတွင် ထီးကျိုးစည်ပေါက် မင်းဆက်ပျောက်ခဲ့ရလေပြီ။
နေပြည်တော်တွင် ကမောက်ကမ ဖြစ်ရပ်များကြောင့် စာအုပ်စာတမ်းနိုင်သမျှ ထုပ်ပိုး၍ ဦးပဉ္စင်းနှင့် ကိုရင်မောင်ပြူးတို့ အောက်ပြည် အောက်ရပ်သို့ စုန်ခဲ့ ဆင်းခဲ့ကြသည်။ ရန်ကုန်ရောက်တော့ ကျောင်းတိုက် တစ်တိုက်တွင်တစ်ဝါဆို၍ နေထိုင်ပြီး ရဟန်းသံဃာ ဦးပဉ္စင်း၊ ကိုရင်ဘဝကို ကျောခိုင်းလိုက်ကြသည်။
(၄)
“မောင်ပြူး…ပရုပ်ဖတ်ပြီးသား ပြင်ဆင်စရာရှိတာတွေ ဖိုမင်ဆီပေးလိုက်၊ ပြင်ရမယ့်စာ သတ်ပုံ သတ်ညွှန်း အထားအသိုတွေကိုလည်းပြခဲ့”
“ဟုတ်ကဲ..ဦးပဉ္စင်း၊ အဲ..ဆရာကြီး”
ဦးပဉ္စင်းခေါ်နေကျ နှုတ်ကျိုးနေသဖြင့် သတိထားပြီး ဆရာကြီးဟု ပြင်ဆင်ခေါ်ပြော နှုတ်ဆက်နေရ သည်။ ရဟန်းသံဃာအချင်းချင်း ပြောဆိုဆက်ဆံသည့် အသုံးအနှုန်းတွေကိုလည်း အတတ်နိုင်ဆုံး ပြောင်းလဲ ပြင်ဆင်နေရသည်။ လူပြန်တော်ပညာရှိ ပါဠိဆရာဉာဏ်အဖြစ် ဘဝသစ်ထူထောင်တော်မူသော ဦးပဉ္စင်း ဉာဏဝရသည် တပည့်မောင်ပြူးကိုသာ အဖော်ပြုနေရသည်။ ဆရာဉာဏ်၏လက်ထောက် စာပြင်စာသင် တပည့်ရင်း အလိုလိုဖြစ်လာရသည်။ မောင်ပြူးအဖို့ ဆရာဉာဏ်၏ ဝတ်ကြီးဝတ်ငယ်ကိုလည်း ပြုမြဲတိုင်း ပြုကျင့်ခဲ့သည်။ ဆရာဉာဏ်၏ ပညာအမွေကိုလည်း ရနိုင်သမျှယူသည်။
မခိုမကပ် လိုအပ်သလို ဖင်ပေါ့ လက်မြန် လုပ်တတ်ကိုင်တတ်၍ ဆရာ၏ လက်ကသုံး တောင်ဝှေးလိုလည်း အားကိုးရသည်။ သင်လျှင်လည်း အတတ်မြန်သည်။ မြင်လျှင်လည်းမှတ်မိလွယ်သည်။ မောင်ပြူး ဆရာကောင်း တပည့် ပန်းကောင်းပန်နိုင်ခဲ့သည်။
နောက်နှစ်နှစ်အကြာတွင် ဆရာဉာဏ် အိမ်ထောင်ရက်သားကျသွားသဖြင့် ဆရာဉာဏ်နှင့် တစ်အိမ်တည်း အတူနေရာမှ ပိဋကတ်ပုံနှိပ်တိုက်၏ မော်တော်ကားဂိုဒေါင်ထပ်ခိုးတွင် ဒရိုင်ဘာဦးဘချစ်ထံ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ စာပြင်အရာတွင် ဆရာဉာဏ်ကို ဆရာတင်ရသလို ကားမောင်းရာ၊ ကားပြင်ရာတွင် လက်တိုလက်တောင်း လုပ်ကိုင်ပေးရာကအစ ဦးဘချစ်၏ တပည့်လက်သား ဖြစ်သွားသည်။ လများမကြာမီ မှာပင် ဦးဘချစ်လိုပဲ ကားမောင်း ကျွမ်းကျင်လာသည်။ ဦးဘချစ် အလုပ်မှနုတ်ထွက်သွားတော့ မောင်ပြူး ဒရိုင်ဘာအလိုအလျောက် ဖြစ်လာသည်။ စာအုပ်ပို့စရာ၊ စာရွက်ထုပ်သယ်စရာ၊ သူဌေးကတော် ဈေးသွား စျေးပြန်၊ သူဌေးသမီး မဉ္စူခင် မစ်ရှင်ကျောင်းပို့ကျောင်းကြို စသည်တို့ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာရသည်။
“ကိုပြူးက အင်္ဂလိပ်စာ သင်ချင်လို့လား”
မဉ္ဇူခင် စာသင်ချိန်တွင် ကားထဲကျန်ခဲ့သော အင်္ဂလိပ်စာအုပ်ကို ကိုင်ကြည့်တာ လူမိသွားသည်။ မြင်လျှင် သင်ချင်တတ်ချင်သောစိတ်က ရှေ့ဆောင်နေသည်။ အင်္ဂလိပ်စာလုံးများ မြင်ရုံမျှဖြင့် ရှေ့တိုးရန် ခက်လှသည်။ မဉ္ဇူခင်က သူ့ထက် သုံးနှစ်လောက်သာငယ်သည်။ အင်္ဂလိပ် မစ်ရှင်ကျောင်းတွင် အနေကြာပြီ ဖြစ်၍ အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်နေပြီ။
“သင်တော့ သင်ချင်ပါတယ်၊ ဗျည်းသရ အခြေခံလေးတောင်မသိတော့ လွယ်မယ်မထင်ဘူး”
“ကျွန်မသင်ပေးမယ်လေ၊ ကိုပြူးက အတတ်မြန်ပါတယ်၊ ကားမောင်းကားပြင်တောင် အချိန်တို အတွင်းမှာ တတ်လာသေးတာပဲ”
မဉ္ဇူခင်က အင်္ဂလိပ်စာ အခြေခံကစ၍ သင်ပေးသည်။ မောင်ပြူးတွင် ဆရာသုံးယောက်ရှိလေသည်။ ပထမဆရာကတော့ ဆရာဉာဏ်၊ ဒုတိယဆရာက ဒရိုင်ဘာဦးဘချစ်၊ ယခုတတိယဆရာက အင်္ဂလိပ်စာ သင်ပေးသော မဉ္ဇူခင်သာ ဖြစ်လေသည်။ အပတ်တကုတ် ကြိုးစား အားထုတ်လေ့ရှိသော မောင်ပြူးသည် မဉ္ဇူခင်သင်သမျှ အတတ်မြန်သည်။ အချိန်တိုအတွင်းမှာပင် အင်္ဂလိပ်စာကို အတော်အတန် ဖတ်နိုင်လာသည်။ မြန်မာသတင်းစာထက် အင်္ဂလိပ်သတင်းစာကို အဖတ်များလာသည်။ မစ်ရှင်ကျောင်းမှ လက်ဆောင်ရသော အင်္ဂလိပ် စာအုပ်များသည် မောင်ပြူး၏ ညအိပ်ချိန်တော်တော်များများကို ခိုးယူသွားသည်။
မစ်ရှင်ကျောင်းသို့ မဉ္ဇူခင်အား အကြိုအပို့များသဖြင့် အင်္ဂလိပ်သီလရှင် ဆရာမများနှင့် ရင်းနှီးသိကျွမ်း နေသည်။ မောင်ပြူးပြောသည့် အင်္ဂလိပ်အသံထွက်များကို ပြင်ပေးသင်ပေးရာမှ အလွတ်ပညာသင် ကျောင်း တက်ခွင့် ရသလို ဖြစ်လာသည်။ အင်္ဂလိပ်စာ ရေးဖတ်တတ်လာတော့ ရုံးပြင်ကနား သွားစရာ လာစရာရှိလျှင် မောင်ပြူးမှ မောင်ပြူးဖြစ်လာသည်။ ပြောရလျှင်မောင်ပြူးသည် ခေတ်နှင့်အညီ အမီလိုက်နိုင်သည်ဟု ဆိုရမည်။
“အိမ်း.. ဆရာထက် တပည့်လက်စောင်းထက်တယ်ဆိုတာ မှန်လိုက်လေ” ဟု ဆရာဉာဏ်က ချီးကျူးသည်။
ထိုမျှ အရာရာတွင်ကျယ်သော မောင်ပြူးသည်လူပါးပုလင်းကွဲထိသော ပြဿနာနှင့် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ခဲ့ရတော့သည်။ ပုလင်းကွဲထိသည်ကလည်း အထိကောင်း။
(၅)
“ကားကို ကျွန်မပြောတဲ့အတိုင်းမောင်း၊ ဘာမှမေးမနေနဲ့”
မဉ္စူခင်က ခါတိုင်းနှင့်မတူ ၊ အနည်းငယ် ပျာယာခတ်နေသလိုပဲ။ ဘာအကြောင်းရှိသည်မသိ။ ကိုယ်က ဒရိုင်ဘာပဲလေ။ ထားတိုင်းနေ၊ စေတိုင်းသွားရမှာ မဟုတ်လား။ ဤသို့ဖြင့် မဉ္ဇူခင်လမ်းညွှန်သည့်အတိုင်း မောင်းလာရာမှ ရန်ကုန်မြို့ဆင်ခြေဖုံးကို ကျော်ဖြတ်လာ သည်။
“ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတာလို ပဲခူးရောက်တော့ မယ်နော်”
ပဲခူးမြို့ဘက် အတော်ဝေးဝေးရောက်လာတော့ မမေးဘဲမနေနိုင်၍ မေးမိသည်။
“ဘယ်ရောက်ရောက်မေးမနေနဲ့ မောင်းသာမောင်း”
မဉ္ဇူခင်အလိုကျ မောင်းသာမောင်းလာရသည်။ ဘာအကြောင်းမှန်းမသိရ။ ပဲခူးမြို့အဝင်ရောက် လာတော့ ကားလမ်းဘေးဖဲ့ဆင်းကာ ခပ်လှမ်းလှမ်းက ခြံကြီးတစ်ခြံရှေ့သို့ ရောက်သွားသည်။ မဉ္ဇူခင်က ကားဟွန်းတီးဖို့ ပြော၍ တီးလိုက်သည်။ ခြံစောင့်နှင့် တူသော လူတစ်ယောက် အပြေးအလွှား တံခါးဖွင့်ပေး သည်။ ပျဉ်ကာပျဉ်ခင်း အုတ်ကြွပ်မိုးအိမ်ကလေးတစ်ဆောင်ရှေ့ရောက်သည်အထိ ဘုမသိ ဘမသိဖြင့် မောင်းလာမိသည်။
“သခင်မလေးမှာထားတဲ့အတိုင်း အားလုံးပြင်ဆင်ထားပါတယ်။ ခိုင်းစရာရှိရင် အနောက်ဘက်တဲလေးမှာ ကျွန်တော်ရှိပါတယ်”
မဉ္ဇူခင်ကို သော့အပ်ကာ ခြံစောင့်ကြီးက ခြံအနောက်ဘက်ထွက်သွားသည်။ မဉ္ဇူခင်က ကိုယ့်အိမ် ကိုယ့်ရာ ရောက်သလို သော့ဖွင့်၍ ဝင်သွားသည်။ မောင်ပြူးအဖို့ အိမ်ပေါ်ပဲ တက်လိုက်ရတော့မလို ခြံစောင့်ကြီး နောက်ပဲ လိုက်သွားရတော့မလိုနှင့် ဝေခွဲမရဖြစ်နေသည်။ မဉ္ဇူခင် ညွှန်ကြားသည့်အတိုင်း လိုက်နာရမည်ဖြစ်၍ ကားပေါ်ကမဆင်းဘဲ နေမြဲအတိုင်းနေမိသည်။
“ကိုပြူးကားပေါ်က ဆင်းတော့လေ၊ ကားနောက်ခန်းဖွင့်ပေးပါဦး”
ခြေပေါ့လက်မြန်ဖြင့် ကားနောက်ခန်းကို ဖွင့်ပေးလိုက်သည်။ မဉ္ဇူခင်က အိတ်ကြီးတစ်အိတ်ကို ယူမည်ပြင်တော့ မောင်ပြူးက ကူသယ်မည် လုပ်သည်။
“ကျွန်မ အဝတ်အိတ် ကျွန်မသယ်ပါ့မယ်၊ ကိုပြူးအိတ်သာ ကိုပြူးသယ်ခဲ့ပါ”
“ဗျာ…ကျွန်တော့်အိတ်”
အိတ်ကြီးတစ်အိတ်ကို မနိုင်မနင်း သယ်ယူသွားသည့် မဉ္ဇူခင်ကို မမြင်ဖူးသလို ငေး၍ ကြည့်နေမိသည်။ မောင်ပြူးအတွက်အိတ်ကို ကြည့်လိုက်တော့ မဉ္စူခင်သယ်သွားသည့် အိတ်လောက်တော့ မကြီးပါ။ ဘာတွေ ထည့်ထားသည့် အိတ်လည်းမသိပါ။ သူ့အိတ်ဟုဆိုသည့် အိတ်ကိုဆွဲကာ အိမ်ပေါ်သို့ ယောင်တောင်တောင်ဖြင့် တက်လာသည်။
“ကိုပြူးက ဧည့်ခန်းနဲ့ကပ်လျက်က အိမ်ဦးခန်းမှာ နေရမယ်”
မဉ္ဖူခင် ညွှန်သည့်အတိုင်း မလွန်ဆန်နိုင်ဘဲ အိမ်ဦးခန်းတံခါးကို ဖွင့်လိုက်တော့ အံ့သြထိတ်လန့် သွားသည်။ ခုတင်တစ်လုံးပေါ်တွင် အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်တို့ကို ကျကျနန စီထပ်ထားသည်။ အခန်း၏ ပြတင်းပေါက်နှင့် တည့်တည့်တွင် စာရေးစားပွဲ၊ ကုလားထိုင်တို့ ရှိနေသည်။ အဝတ်အိတ်ကို စားပွဲပေါ် တင်၍ ဖွင့်ကြည့်တော့ သူနှင့်သင့်လျော်မည့် ဝတ်စုံလေးငါးစုံ တွေ့ရသည်။ မဝတ်ရက်စရာ အမျိုးအစား ကောင်း ဝတ်စုံအသစ်များဖြစ်သည်။ မဉ္ဇူခင်၏အစီအစဉ်ကို မသိရသော်လည်း ထူးခြားသည်က အမှန်။ တကယ်ဆို သူ့အဝတ်အစားတွေ ထည့်ယူလာခဲ့ဆိုလျှင်လည်း လွယ်လွယ်ကူကူ ထည့်ယူလာ၍ရသည်။ ယခုတော့ ပွဲနေပွဲထိုင်နီးပါး အဝတ်အစားလေးငါးစုံကို ဝယ်ယူ ထုပ်ပိုးလာသည်။
မဉ္ဇူခင်သည် မြန်မာမိခင် ဖခင်က မွေးပေမယ့် အင်္ဂလိပ်မစ်ရှင်ကျောင်းကို တက်ရ၍ အင်္ဂလိပ်သွေး ဝင်နေပုံရသည်။ အိပ်ခန်းတစ်ခန်းစီ ဆိုသော်လည်း အမိုးအကာတစ်ခုတည်းအောက်တွင် နေထိုင်ရသည်က မြန်မာဓလေ့ထုံးတမ်းနှင့်ဆိုလျှင် ဆန့်ကျင်သလို ဖြစ်နေသည်။
“ခင်ခင်..ခင်ခင်..ရောက်ပြီလား၊ ကျွန်မဈေးထဲဝင်နေလို့ နောက်ကျသွားတယ်၊ ဆန် ဆီ ဆား ငရုတ် ကြက်သွန်တို့ကတော့ အဆင်သင့် ဝယ်ပြီးသားပါ၊ ဟင်းချက်စရာတွေ ဈေးထဲဝယ်နေလို့ပါ”
မဉ္ဇူခင်၏ သူငယ်ချင်းဖြစ်ဟန်တူသည်။ မစ်ရှင်ကျောင်းတက်သူချင်းဆိုလျှင် မောင်ဖြူနှင့် မျက်မှန်းတန်း နိုင်သည်။ မောင်ပြူးက လုပ်စရာ ကိုင်စရာ ဘာတစ်ခုမျှမရှိ၍ အိပ်ရာကို ခင်းကျင်းပြင်ဆင်၊ ခြင်ထောင်ကို အလိုက်သင့် ထောင်ကာ အိပ်လိုက်သည်။ အညောင်းအညာ အကြောအခြင် ပြေလျှော့ရာမှ အိပ်ပျော်ခြင်းသို့ ရောက်သွားသည်။
“ကိုပြူး ထတော့လေ၊ထမင်းအတူစားရအောင်”
မဉ္စူခင်၏အသံကြားတော့ ရုတ်တရက် ထထိုင်မိသည်။ ဘာတစ်ခုမျှ လုပ်ကိုင်မပေးရဘဲ စားဖို့အဆင်သင့် ဆိုတာမျိုး မောင်ပြူးဘဝတွင် မရှိခဲ့ပါ။ ခုလို စားစရာအဆင်သင့်၊ ဝတ်စရာအဆင်သင့်၊ နေစရာအဆင်သင့် ဆိုတာမျိုးမရှိဖူးပါ။
မောင်ပြူး ဖိုသီဖတ်သီ မနေစေရန် အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်သည်။ မဉ္ဇူခင် ဝယ်ပေးသည့် အဝတ်အထည်တို့ ကိုတော့ ဝတ်ဆင်ရန် မဝံ့ရဲသေးပါ။ အိပ်ခန်းထဲက ထွက်လာတော့ မီးဖိုချောင် ထဲတွင် နှစ်ယောက်သား ချက်ပြုတ်နေကြပုံရသည်။
“ထမင်းပွဲပြင်နေတုန်း ကိုပြူး ရေချိုးလိုက်ပါလား၊ အိမ်နောက်မှာ ရေတွင်းရှိတယ်”
သူတို့နှင့်အတူ နေထိုင်စားသောက်ရလျှင် စုတ်စုတ်ပြတ်ပြတ် ညစ်ညစ်ပတ်ပတ် နေ၍ရမည်မဟုတ်။ မတတ်နိုင်၊ အဝတ်အစား လဲစရာလည်း မပါတော့ ခပ်ညံ့ညံ့ပုဆိုးတစ်ထည်ကို အဝတ်အိတ်ထဲမှ ရွေးယူရခက် နေသည်။ အဝတ်အထည်တွေက အသစ်တွေ အကောင်းတွေချည်း။ ကိုင်း- မထူးပါဘူး၊ ဝတ်ရမည့်အတူတူ အပေါ်ဆုံးထပ်က ပုဆိုးကို အလွယ်တကူ ယူလိုက်သည်။ အိမ်နောက်ဖေးတွင် စိုက်ပင် ပျိုးပင်တွေ လည်းရှိသည်။ သရက်ခြံကြီးဖြစ်၍ အိမ်နှင့် ရေတွင်းနီးနားဝန်းကျင်တွင်သာ မြေကွက်လပ်ဖြစ်နေသည်။ အင်္ကျီဟောင်းကိုချွတ်၍ အဆင်သင့် ရှိနေသော ဆပ်ပြာဖြင့် လျှော်ဖွပ်ကာ အဝတ်တန်းတွင် လှန်းထားလိုက်သည်။ ရေတွင်းက ရေကိုငင်၍ အားရပါးရ ချိုးလိုက်သည်။ ရေချိုးပြီးတော့ မဉ္ဇူခင်အတွက် ရည်ရွယ်၍ သံစည်ပိုင်းပြတ်ကို ဆေးကြောကာ ရေငင်၍ ထည့်ထားခဲ့သည်။
“မချက်တတ် ချက်တတ်နဲ့ ချက်ထားတဲ့ ထမင်းဟင်းကို စားကြည့်ပါဦး”
မဉ္စူခင်၏ သူငယ်ချင်းဖြစ်သူက ပြောလာသည်။ မစ်ရှင်ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေသော မဉ္ဇူခင်၏ သူငယ်ချင်းကို မြင်ဖူးနေသည်။ အဝတ်သစ် အစားသစ်များဖြင့် မဝံ့မရဲဖြစ်နေသော မောင်ပြူးအဖို့ သူတို့တစ်တွေနှင့် တစ်ဝိုင်းတည်း မစားစဖူး စားရမည်ဖြစ်၍ စိတ်သောက ရောက်နေသည်။
“ကျွန်တော် မဆာသေးလို့ ပြီးမှစားတော့မယ်၊ ဆေးစရာ ကြောစရာတွေရှိရင်လည်း ထားခဲ့ပါ”
“လာပါ ကိုပြူးရ၊ ကိုပြူး ဆာနေမှာသေချာတယ်၊ ဟန်လုပ်မနေနဲ့ လာစား”
မဉ္ဇူခင်က စားဆို၍သာ စားရမည်။ စားပွဲဝိုင်းတွင် ဘယ်လိုဝင်ထိုင်၍ ဘယ်လိုမျိုးစားရမှာပါလိမ့်။ စားပွဲဝိုင်းက ငါးယောက်ချောင်ချောင် ထိုင်စား၍ရသောကြောင့် သုံးယောက်သား ကျယ်ကျယ်ဝန်းဝန်း နေရာယူ၍ရသည်။ မောင်ပြူးက ထည့်ပေးသမျှ ဟင်းတွေကိုသာ ယူစားသည်။ ကိုယ်တိုင် နှိုက်ယူဖို့ မဝံ့ရဲပါ။ ဟင်းတွေကတော့ စားချင့်စဖွယ်တွေချည်းဖြစ်သည်။
“ကိုပြူး ကြိုက်တာယူစားနော်၊ အားမနာနဲ့၊ ရက်အတော်ကြာ နေရဦးမှာဆိုတော့ ထမင်းတော့ ၀အောင်စားထား”
“ ဗျာ… ရက်အတော်ကြာ နေရဦးမယ်”
မောင်ပြူး အံ့သြပြီးရင်း အံ့သြနေသည်။
“ကိုပြူးကို ဘာမှပြောမထားဘူးလား”
အကြောင်းစုံ သိသေးဟန်မတူသည်ကို ရိပ်စားမိ၍လား မပြောတတ်၊ မဉ္ဇူခင် သူငယ်ချင်းက မေးလာသည်။
“ဟုတ်တယ်၊ ကိုပြူး ဘာမှမသိသေးဘူး၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် စီစဉ်ပြီး ထွက်လာလိုက်တာ”
“ဒါဆို ဒါဆို မဉ္ဇူခင် မိဘတွေကို အသိမပေးခဲ့ဘူးလား”
မောင်ပြူး မနေနိုင် မထိုင်နိုင်ထိတ်ထိတ်ပျာပျာ မေးလိုက်မိသည်။
“ဘယ်အသိပေးလို့ ဖြစ်မှာလဲ၊ ခိုးကြောင်ခိုးဝှက် စီစဉ်ပြီး ထွက်လာရတာ”
“ဟာ…ဒါဆို အလိုတူ အလိုပါထင်ပြီး ကျွန်တော် အလုပ်ပြုတ်တော့မှာပဲ”
စားပြီးသားထမင်းတွေ လည်ပင်းနင်၍ နေသည်။ ထမင်းလည်း ဆက်မစားချင်တော့။
“ကိုပြူးက အလုပ်ပြုတ်ရုံပြုတ်မှာ၊ ခင်ခင်က မိသားစုအသိုင်းအဝိုင်းက ထုတ်ပယ်ချင် ထုတ်ပယ်ခံရမှာ”
မဉ္ဇူခင် သူငယ်ချင်းက ဝင်ပြောသည်။
“ဗျာ. မဉ္ဇူခင် ဘာကြောင့် အထုတ်ပယ်ခံရမှာလဲ“
“မိဘစကား နားမထောင်တဲ့သမီး၊ မိဘတွေ သဘောတူတဲ့ ယောက်ျားကို မယူချင်တဲ့သမီး ဖြစ်နေတာကို”
“မဉ္ဇူခင်က မငြင်းဘူးလား”
“ငြင်းမရအောင် ပေးစားလို့ ခုလိုပြေးလာရတာပေါ့”
“ဒုက္ခပဲ၊ သူဌေးကြီးတို့က တစ်ဦးတည်းသော သမီးအလိမ္မာလေး ယောက်မမြင်းစီး ထွက်တယ်ဆိုပြီး ဘယ်လောက်များ ဒေါသူပုန်ထလိမ့်မလဲ”
“ကဲ…ထမင်းစားမယ့်သာစား၊ စကားမများနဲ့”
မဉ္ဇူခင်၏စကားကို မလွန်ဆန်ရဲ၍သာ ထမင်းဆက်၍ စားလိုက်မိသည်။ မျိုမကျသလို ဖြစ်နေမိသည်။
သူဌေးသမီးအမှု ရွာပတ်တော့မှာ သေချာသည်။ ဆရာဉာဏ်တော့ တပည့်မကောင်း ဆရာ့ခေါင်း မလွှဲမရှောင်သာဖြစ်နေ၍ ဘယ်လောက်များ ခေါင်းခဲနေမှာပါလိမ့်။။
(၆)
“ကိုယ့်လူက ကြံမှကြံတော့လည်း သူဌေးသမီးကိုမှ အရချိုင်ပြီး အပိုင်ကြံတော့တာကိုး”
“ကျွန်တော့်အကြံ မဟုတ်ရပါဘူး ဆရာရယ်၊ ဒီလိုပဲ ကံကြမ္မာ ဖန်လာတော့လည်း မလွှဲမရှောင်သာ ဖြစ်နေတာကိုး၊ မဉ္ဇူခင်က သူ့သဘောနဲ့သူ စီစဉ်တာကို သူဌေးကြီးတို့လင်မယားက တစ်မျိုးတစ်မည် ထင်သွားတာ”
မောင်ပြူး၏ကံကြမ္မာ ဖန်လာပုံက ဆန်းကြယ်လှသည်။ ပဲခူးကခြံတွင် တစ်လလောက်နေပြီးမှ သူဌေးကြီးတို့ လင်မယား လာရောက်ခေါ်၍ ပြန်လာရသည်။ သူဌေးကြီးတို့ပတ်ဝန်းကျင်တွင် သူဌေးသမီး၊ အိမ်က အလုပ်သမား ဒရိုင်ဘာနှင့် ထွက်ပြေးသွားသည်ဟု အမနာပသတင်းက အပြန့်ကျယ်သွားသည်။ တစ်ခန်းစီ အိပ်ကြတာပါ၊ သူငယ်ချင်းနှင့်အတူတူအိပ်၊ အတူတူနေတာပါဟု မဉ္ဇူခင်က ဘယ်သို့ပင်ဆိုဆို၊ မောင်ပြူးက ဘယ်လိုပင်ကူပြောပြော ၊ ပတ်ဝန်းကျင်ဂယက်ကို မည်မျှပင်ဖြူစင်ကြောင်း သက်သေပြစရာ ရှာဖွေ၍မရတော့ပါ။ တစ်ရှက်က နှစ်ရှက် အဖြစ်မခံပါရစေနဲ့ဟုပြောကာ ယောက်ျားမယူချင်သော မဉ္ဇူခင်သည် မထင်မှတ်ဘဲ ယောက်ျားရသွားသည်။ မောင်ပြူးက မရွယ်ဘဲ စော်ကဲမင်းဖြစ်သလို ကုသိုလ်ကြမ္မာ ထူးခြားလှပါသည်။ တစ်ခုတော့ရှိသည်။ အိမ်ထောင်ရက်သားကျပြီးမှ ရည်းစားစကား ပြောရသလိုတော့ ရှိသည်။
“ပဲခူးက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆွမ်းပို့သွားရင်း ပေစာတွေထည့်ထားတဲ့ သေတ္တာကြီး တစ်လုံးကို တွေ့ခဲ့တယ်။ လက်ရှိဘုန်းကြီးက ကျမ်းဂန်စာပေကလွဲရင် ဒါတွေစိတ်မဝင်စားပါဘူး၊ လက်ရှိ ကျောင်းထိုင်ဘုန်းကြီး မတိုင်ခင်က ဆရာတော်တွေ စုဆောင်းထားတာထင်တယ်၊ ရှေးပျို့ဟောင်း စာဟောင်းတွေ အများကြီးပဲ၊ ကျွန်တော်က အလုပ်မရှိရင် မနေတတ်တော့ ဆရာတော်ကို ခွင့်ပန်ပြီး ကူးခဲ့တာတွေရှိတယ်၊ ဆရာတော်က လိုချင်တာရှိရင် ကြိုက်သလိုယူပါလို့ ခွင့်ပြုခဲ့တယ်”
“မောင်ပြူးရာ၊ တိုးမယ်တိုးတော့လည်း စုတ်ရော လာဘ်ရောပါလား၊ အဲဒီစာတွေက ပုံမနှိပ်ဖူးသေးတဲ့ ပျို့ဟောင်း စာဟောင်းတွေ၊ ဆရာတောင် နာမည်သာ ကြားဖူးပြီး မဖတ်ဖူးသေးဘူး”
မောင်ပြူး လက်ရေးဖြင့်ကူးလာသော စာတွေကိုကြည့်ကာ ဆရာဉာဏ်က သူ့ကို ကျောပွတ် လက်သပ် ချီးကျူး၍မဆုံးအောင် ဖြစ်နေသည်။
“အဲဒီစာအုပ်တွေရိုက်ရင် ပိဋကတ်စာအုပ်တွေလို အခံ့ချုပ် အခိုင်ချုပ် မလုပ်ချင်ဘူး၊ ပေါ့ပေါ့ပါးပါး သပ်သပ်ရပ်ရပ် ကတ်ထူဖုံးလောက်ဆို တော်မယ်ထင်တယ်၊ ဒါမှ ဈေးချိုချိုနဲ့ များများရောင်းစွံမယ်ထင်တာပဲ၊ ဆရာဉာဏ်လည်း အကြံပေးပါဦး”
“မဟုတ်သေးဘူး၊ မင်းက နှယ်နှယ်ရရ မောင်ပြူး မဟုတ်တော့ဘူး၊ ပိဋကတ်စာအုပ်တိုက်ရှင်ရဲ့ အမွေဆက်ခံသူ သူဌေးသမက် မောင်ပြူးဖြစ်နေပြီ၊ မောင်ပြူးက အလုပ်ရှင်ပဲ၊ အလုပ်ရှင်ခိုင်းတာ လုပ်ရမှာပေါ့” ဟု ဆရာဉာဏ်က ရယ်ရယ်မောမော ပြောလေသည်။
“ကျွန်တော် ဘယ်ဘဝရောက်ရောက် ဆရာက ဆရာပါပဲ၊ ဆရာ့အကြံဉာဏ်နဲ့ ဆရာ့ဆိုဆုံးမတာတွေကို မြေဝယ်မကျ တစ်သက်လုံး လက်ခံသွားမှာပါ ဆရာရယ်”
လူတကာခိုင်းဖတ် မိဘမဲ့ တောသားလေး မောင်ပြူး၊ ဦးပဉ္စင်းဉာဏဝရ၏ နောက်လိုက်တပည့် ကိုရင်ပညာဝံသ၊ လူပြန်တော်ပညာရှိ ပါဠိဆရာဉာဏ်၏သားတပည့် မောင်ပြူး။ ယခုတော့လည်း နှိုင်းစရာ မရှိလောက်အောင် အတိုင်းမသိကျော်ကြားသော ပိဋကတ် တိုက်ပိုင်ရှင်လေး ဖြစ်တော့မှာပါလားဟု ဆရာဉာဏ် တွေးနေမိသည်။ မြင်မြင်သမျှ သင်ချင်တတ်ချင်သော ပညာလိုလားသည့် သားကောင်း တပည့် ကျောက်ကောင်း တစ်လုံးသည် အဖိုးအနဂ္ဃထိုက်တန်သည့် ရတီမှန်ပတ္တမြားဖြစ်လာမည်မှာ သေချာနေသည်။
ကံ-ကံ၏အကျိုးသည် လက်တွေ့မျက်မြင် ပေါ်လွင်ထင်ရှားလှသည်။ အကြံကောင်းတော့ တစ်ချက် ကံကောင်းတော့တစ်သက်ဟု ဆိုရမည်မှာ မလွဲပါ။
(၇)
သူဌေးသမက် မောင်ပြူးသည် ပိဋကတ် စာအုပ်တိုက်ပိုင်ရှင် ဘကြီးပြူး ဖြစ်လာသည်အထိ ရှင်ကြီးဝမ်း လည်း ဝင်ခဲ့ရသည်။ ရှင်ငယ် ဝမ်းလည်း ဝင်ခဲ့ရသည်။ အောက်တန်းစားဖြစ်နေသော မြန်မာစာကို အထက်တန်းကျ မျက်နှာပန်းလှအောင် အားထုတ်ခဲ့သည်။ ပျို့ဟောင်း ကဗျာဟောင်း စာဟောင်းတို့ ဘုန်းတော်ကြီးကျောင်းတိုက် တွင် အပစ်ပယ်ခံဖြစ်နေရာမှ ဖုန်တွေသုတ်၊ ခြတွေရှင်းကာ စာအုပ်အဖြစ် ကျကျနန လှလှပပ ပွဲထုတ်ခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက်တွင် ဆရာကြီးဦးဖေမောင်တင် နေရာရလာတော့ မြန်မာစာကို ရှေ့တန်းတင်လာသည်။ ဘကြီးပြူး အကူအညီများစွာပေးခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက်က ခေတ်စမ်း စာရေးဆရာများဖြစ်ကြသော သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့နှင့်လည်း ရင်းနှီးနေသည်။
မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်စာ တတ်ကျွမ်းသော၊ ခေတ်နှင့်အညီ အမီလိုက်နိုင်သော ဘကြီးပြူးသည် ယောက္ခမများ ထားရှိခဲ့သော ပိဋကတ် စာအုပ်တိုက်ထက် အဆများစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့သည်။ ထိုသို့ မြို့မျက်နှာဖုံးအဖြစ် တွင်ကျယ်လာတော့ ဟိုကဒီက ပွဲလမ်းအခမ်းအနားတွေ ဖိတ်ကြား၍ ပွဲနေပွဲထိုင်အဖြစ် တက်ရောက်ရသည်။ ဘကြီးပြူးက သူ့ဘဝ သူမမေ့။ ကျေးဇူးရှင် ဆရာဉာဏ်ကိုလည်း သူကောင်းစားလာတော့ အကောင်းဆုံးထားခဲ့သည်။ ဆရာဉာဏ်ကွယ်လွန်သွားတော့ သားမြေးများကိုလည်း ကိုယ့်သွေး ကိုယ့်သားတွေနှင့် မခြား ပြုစုစောင့်ရှောက်ခဲ့သည်။
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြည်မှာ တို့ မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းရယ်က
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်ကယ်ဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်က
လန်းလှတယ်လေး။
အင်္ဂလန်တွင် ပညာသင်ကြားနေစဉ်က ဆရာမင်းသုဝဏ် ရေးစပ်ခဲ့သော “သပြေညို” ကဗျာလေးကို ဖတ်ရှုရင်း ဘကြီးပြူးငယ်စဉ် ကိုရင်ဘဝက ထီးကျိုးစည်ပေါက် မင်းဆက်ပျောက်ခဲ့ပုံကို ကွက်ကွက်ကွင်းကွင်း မြင်လာမိသည်။
ဗြိတိသျှတပ်များသည် မြစ်ကြောင်းတစ်လျှောက် အောင်ပွဲခံခဲ့ပြီး ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈ ) ရက်၊ နံနက် (၁၁) နာရီအချိန်တွင် မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ရောက်ရှိလာကြသည်။ ဆက်လက်၍ ရတနာပုံနေပြည်တော်သို့ ချီတက်သွားသည်။ ခရီးလမ်းတွင် မြန်မာတို့ဘက်က ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှတို့ဘက်က ကာနယ်စလေဒင်တို့ တွေ့ဆုံကြပြီး ကင်းဝန်မင်းကြီးက စစ်ပြေငြိမ်းရေး ဆွေးနွေးသော်လည်း လက်မခံ။ ထိုမှဆက်လက်၍ ကာနယ်စလေဒင်သည် နန်းတော်အရောက် ချီတက်သွားသည်။ ကာနယ်စလေဒင်က သီပေါမင်း၏ အသက်အန္တရာယ် လုံခြုံရေးကို တာဝန်ယူပါကြောင်း လျှောက်ထားသည်။ ထို့ကြောင့် ထိုနေ့ညတွင် ကာနယ်စလေဒင်၏ လျှောက်ထားမှုကြောင့် နန်းတော်တွင်း တောင်ဥယျာဉ်တော်သို့ ကြွရောက်စံမြန်းတော် မူသည်။ သီပေါဘုရင်၏ လုံခြုံရေးအတွက် ကာနယ်စလေဒင်က ဗြိတိသျှစစ်တပ်မှ အရာရှိတစ်ဦးနှင့် စစ်သည် (၂၅)ဦးတို့ကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့သည်။
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ နံနက်ပိုင်းတွင် သီပေါဘုရင်နှင့်မိဖုရား စုဖုရားလတ်တို့သည်တောင်ဥယျာဉ်တော်အတွင်းရှိ နွေရာသီ စံနန်းတော်သို့ ကြွရောက်တော်မူခြင်း ဖြစ်သည်။ မင်းကြီးနှင့်မိဖုရား တို့သည် လန်ဒန်တိုင်းသတင်းစာတိုက်မှ ရန်ကုန်သတင်းထောက် အီးကေဗွိုင်လင်နှင့် တွေ့ဆုံမေးမြန်းခန်း ဖွင့်နေခဲ့သည်။ ညနေပိုင်းတွင် ဗြိတိသျှ၏ ဦးစီးတပ်မှူး ဂျင်နရယ်ပရင်ဒါဂတ်စ်သည် သီပေါဘုရင်အား ကိုယ်တိုင် တွေ့ဆုံ၍ ဂေါဝိန်ဆိပ်ကမ်းရှိ သေ င်္ဘာပေါ်သို့ တက်ရောက်ရန် လျှောက်ထားခဲ့လေသည်။ ညနေ(၃) နာရီအချိန်ခန့်တွင် သီပေါဘုရင်နှင့်အဖွဲ့သည် ရွှေနန်းဦး ရွေးတော်ယူတံခါးမှ ထွက်ခဲ့ကြသည်။ ထို့နောက် မြို့တော်၏တောင်ဘက်မျက်နှာ ကျော် မိုးတံခါးမှ နွားဆွဲသော ဗီရိုလှည်းကိုစီး၍ ဗြိတိသျှစစ်တပ် အခြံအရံဖြင့် ဘင်ခရာအဖွဲ့က မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကာ လေးမိုင်ဝေးသော ဂေါဝိန် ဆိပ်ကမ်းသို့ ဆင်းခဲ့ကြသည်။ ဂေါဝိန် ဆိပ်ကမ်းရောက်တော့ ညနေ(၆) နာရီထိုးရန် (၁၅) မိနစ်သာ လိုတော့သည်။ ဂေါဝိန်ဆိပ်ကမ်း၏ ပတ်ဝန်းကျင်တွင် မှောင်စပျိုးနေပြီ။ ထို့ကြောင့် ဗြိတိသျှအရာရှိတစ်ဦးက ရေနံဆီမီးအိမ် တစ်လုံးဖြင့် သင်္ဘောပေါ်တက်နိုင်ရန် မြှောက်ပြ လေသည်။ သီပေါဘုရင်သည် မိဖုရားစုဖုရားလတ်တို့နှင့်အတူ သင်္ဘောပေါ်သို့ သစ်သားကုန်းပေါင်ပြားကို နင်းလျှောက်တက်သွား ခဲ့လေသည်။
တကယ်တော့ ထိုစဉ်က ကိုရင်မောင်ပြူး သီပေါဘုရင် ပါတော်မူသည်ကို အစအဆုံး မြင်တွေ့ရသည်တော့ မဟုတ်ပါ။ အကြား နှင့် အမြင် ဆက်စပ်၍ သီပေါဘုရင်ပါတော်မူပုံကို သိရှိနိုင်ခြင်းဖြစ်သည်။ သူရိယသင်္ဘောပေါ် သစ်သားကုန်းပေါင်ပြားကိုနင်း၍ ဘုရင်နှင့်မိဖုရား တက်ရောက် သွားသည်ကိုတော့ ကိုရင်မောင်ပြူး သေသေချာချာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ထွက်စည်တော် မရွမ်းရဘဲ ကြားဖူးနားဝမရှိသည့် ဘင်ခရာသံဆန်းဖြင့် ထွက်တော်မူ နန်းကခွာပုံကို မျက်စိထဲက မထွက်။ အများနှင့်အတူ ငိုကြီးချက်မနှင့် ငိုကြွေး လိုက်မိသည်။

ကိုရင်မောင်ပြူး ဘဝတွင် ပျော်စရာထက် ငိုစရာတွေပဲ ထပ်ချည်းတလဲလဲ ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် သီပေါဘုရင်ပါတော်မူ၍ ငိုရသည့်အငိုထက် နက်ရှိုင်းသော ငိုပုံမျိုး မငိုခဲ့ဖူးပါ။ တကယ့်ကို ရင်ထဲလှိုက်ဖို ရှိုက်ငိုခဲ့ရသည်မှာ တစ်သက် မမေ့နိုင်စရာ။
( ၈ )
“ဘကြီးပြူးကြွဖြစ်အောင် ကြွခဲ့ပါ” ဟူသော ဝန်ကြီးချုပ်ဦးနု၏ အမှာစကားနှင့် ဖိတ်စာကိုကြည့်ကာ လွန်ခဲ့သော (၆၂)နှစ်က ဖြစ်ပျက်ပုံ ဇာတ်လမ်းစုံကို တွေးနေ မြင်ယောင်နေမိသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက် မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄) ရက် (တနင်္ဂနွေနေ့) နံနက် ဝေလီဝေလင်းတွင် လွတ်လပ်ရေးနေ့အောင်ပွဲအခမ်းအနားကို တိုင်းပြုပြည်ပြုလွှတ်တော်၏ မျက်နှာစာတွင် ရှိသော အလံတိုင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။ နိုင်ငံတော်၏ (ယာယီ)သမ္မတစပ်ရွှေသိုက်၊ (ယာယီ) ဝန်ကြီးချုပ် ဦးနုနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တရားရုံးချုပ် တရားလွှတ်တော် ဝန်ကြီးများ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များ၊ ဖဆပလ အမှုဆောင် လူကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရှေ့နေ ရှေ့ရပ်များ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားလှယ်များ၊ ဘကြီးပြူးအပါအဝင် ကုန်သည်ပွဲစားကြီးများ အစရှိသဖြင့် ပြည်သူလူထု အများအပြား တက်ရောက်ခဲ့သည်။
လင်းကြက်ကယ်ဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင် တဲ့။
ဆရာမင်းသုဝဏ် လွန်ခဲ့သည့်ဆယ်နှစ်က အတိအကျ နိမိတ်ဖတ် ရေးဖွဲ့ခဲ့သလိုပင် ဘကြီးပြူးတို့ ရှေ့မှောက်တွင် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်လှမ်းနိုင်ခဲ့ကြပါပြီ။
နံနက်(၄) နာရီ(၁၉)မိနစ်တွင် တက်ရောက်လာကြသော လူထုပရိသတ်ကြီးအားလုံး ငြိမ်သက် တိတ်ဆိတ်နေကြစေရန် မီးရောင်ပြ၍ အချက်ပေးလိုက်သည်။
(၄)နာရီ(၂၀)မိနစ်တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော H.M.S Birmingham ကြီး ပေါ်မှ အခါတော်ပေး အမြောက်ကြီးများ ပစ်ဖောက်လိုက်သည်။ ကရင်အမျိုးသားများ ဘင်ခရာအဖွဲ့က ညီညီညာညာ တီးမှုတ်လိုက်ကြသည်။ ထို့နောက် ဗြိတိသျှရေတပ်မှ အရာရှိတစ်ဦးက ဗြိတိသျှယူနီယံဂျက် အလံက အလံတိုင်မှ ဖြည်းညင်းစွာ ဆွဲချသည်။ ထိုအချိန်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများ၊ ယာဉ် အသီးသီး မှဥသြဆွဲသံများ၊ ဗြောက်အိုးဖောက်သံများတို့သည် ရန်ကုန်တစ်မြို့လုံး အုန်းအုန်း ကျွက်ကျွက် ဆူညံဝေစည် ပွက်ပွက်လျှံနေပေတော့သည်။ မီးကျည် မီးပန်းများကလည်း ကောင်းကင်ယံတွင် ရှုမငြီးအောင် ထိန်လင်း တောက်ပနေသည်။
ဗြိတိသျှယူနီယံဂျက်အလံကို တိုင်ထိပ်မှ ချပြီးသည်နှင့်တစ်ပြိုင်နက် မြန်မာ့ရေတပ်မတော်မှ အရာရှိတစ်ဦးက ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို အလံတိုင်ထိပ်ဖျားဆီသို့အရောက် ဝင့်ဝင့်ကြွားကြွား ဆွဲတင်လိုက်သည်။ စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို ငြိမ့်ငြိမ့်ညောင်းညောင်း သာယာနာပျော်ဖွယ် တီးမှုတ်ပေး လျက် ရှိသည်။ နိုင်ငံတော်အလံ တိုင်ထိပ်ဖျားသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပုဏ္ဏားတော်များက မိမိတို့တွင် ပါလာသော ခရုသင်းများကို အသီးသီး မှုတ်လိုက်ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော တပ်ဖွဲ့အသီးသီးနှင့် မင်းပရိသတ်အပေါင်းသည် နိုင်ငံတော်အလံကို တရိုတသေ အလေးပြုလိုက်ကြသည်။ သီပေါဘုရင် ပါတော်မူစဉ်က ထွက်စည်တော် မရွမ်းရသော်လည်း ယခုအခါ မင်္ဂလာစည်တော်က ရွမ်းလျက်ရှိနေ ပါတော့သည်။ ဘကြီးပြူးအဖို့ ဝမ်းသာမျက်ရည် လည်နေပါတော့သည်။
နံနက် (၄)နာရီမိနစ်(၄၀)အချိန်တွင် မင်းပရိသတ်အပေါင်းတို့သည် တိုင်းပြု ပြည်ပြု လွှတ်တော် ခန်းမကြီးသို့ စုရုံးသွားရောက်ကြလေသည်။ ထိုဇန်နဝါရီ (၄)ရက် နံနက် (၆)နာရီ (၄၅)မိနစ်အချိန်၌ ရန်ကုန်မြို့ အလုံလမ်းရှိ အစိုးရအိမ်တော်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံတင် အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။
ဗြိတိသျှတို့၏ မြန်မာနိုင်ငံ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် နံနက်ခင်းဝတ်ကုတ်၊ အစင်းများ ပါရှိသော ဘောင်းဘီရှည်၊ ပွဲတက် ဦးထုပ်မြင့်ကိုဆောင်းကာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာ အစိုးရ အိမ်တော်သို့ ရိုးရွိုက်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည်။ ဆာဟူးဘတ်ရန့်စ်သည် ရန်ကုန်မြို့တွင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရောက်ရှိလာခြင်းလည်းဖြစ်ပါသည်။ ထိုအခမ်းအနားတွင် မိန့်ခွန်း အနည်းငယ် ပြောဆိုကြပြီးနောက် ဗြိတိသျှယူနီယံဂျက်အလံသည် အလံတိုင်ထိပ်ဖျားမှ တဖြည်းဖြည်းလျှောကျလာသည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံသည် အလံတိုင်ထိပ်ဖျားသို့ တဖြည်းဖြည်းမြင့်တက် ရောက်ရှိ သွားသည်။
အခမ်းအနားအပြီးတွင် ဗြိတိသျှဘုရင်ခံသည် မြန်မာနိုင်ငံတော်သစ်၏ သမ္မတသစ်ကြီးကို လည်းကောင်း၊ ဝန်ကြီးချုပ်ကိုလည်းကောင်း လက်ဆွဲနှုတ်ဆက်ပါသည်။ ထိုအချိန်တွင် ဗြိတိသျှအကြီးတန်း အရာရှိများ၏ အင်္ဂလိပ်လူမျိုး ဇနီးသည်များ တိတ်ဆိတ်စွာ ကျိတ်၍ ငိုယို နေကြသည်။ ဘကြီးပြူးကတော့ သူတို့ ငိုယိုသံသည် ပါတော်မူစဉ်က မြန်မာတို့ ငိုယိုသံကို လုံးဝလိုက်၍ မီနိုင်မည်မဟုတ်ဟု ထင်မြင် နေမိသည်။ ထို့နောက် ဘုရင်ခံကြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာရန်သာ ရှိပါတော့သည်။ ဗြိတိသျှဘုရင်ခံကြီးသည် ရန်ကုန်မြစ်အတွင်း ရပ်နားထားသော H.M .S Birmingham သင်္ဘောပေါ်သို့ သစ်သားကုန်းပေါင်ပြားလေးကို နင်းလျှောက်လျက် တက်ရောက်သွားပါတော့သည်။
ထိုအချိန် စစ်တီးဝိုင်းက Auld Long Syne သီချင်းကို တီးမှုတ်နေပါသည်။
(၉)
ဘကြီးပြူးသည် သီပေါဘုရင် သူရိယသင်္ဘောပေါ်သို့တက်ရောက်ကာ ထွက်တော်မူနန်းက ခွာပုံကိုလည်း မြင်တွေ့ခဲ့ဖူးသည်။ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ် H.M.S Birmingham သင်္ဘောပေါ်သို့ တက်ရောက်ကာ ထွက်တော်မူကမ်းကခွာသွားပုံကိုလည်း ယခုမြင်လိုက်ရသည်။ ထွက်တော်မူချင်း အတူတူ သီပေါဘုရင်က စစ်ရှုံး သုံ့ပန်းအဖြစ် တစ်ရပ်တစ်ကျေးသို့ မိမိဆန္ဒမပါဘဲ သွားရသည်။ ဗြိတိသျှဘုရင်ခံကြီးကတော့ မြန်မာနိုင်ငံက အနိုင်ပိုင်းပြီး ပြည်တော်ပြန်ရခြင်းဖြစ်သည်။ ခံစားချက်ချင်းလည်းမတူ၊ ခံယူချက်ချင်းလည်း ကွဲလွဲနေမည်မှာ သေချာပါသည်။ သီပေါဘုရင်က အရှုံးမျက်နှာ၊ ဗြိတိသျှဘုရင်ခံက အပြုံးမျက်နှာ ကွာခြား လိုက်လေခြင်း။

ဘကြီးပြူးအဖို့ သီပေါဘုရင် ပါတော်မူပုံနှင့် ဗြိတိသျှဘုရင်ခံ ပြည်တော်ပြန်ပုံတို့ကို နှိုင်းယှဉ်ကာ တိုင်းပြည်အတွက် အသက်စွန့်သွားကြသော အာဇာနည်ခေါင်းထောင်ကြီးများနှင့် အာဇာနည် ရဲဘော်အပေါင်း တို့ကို ပြန်ပြောင်းသတိရကာ ဝမ်းနည်းဝမ်းသာ၊ အငိုမျက်လုံး အပြုံး မျက်နှာနှင့် မသက်မသာ ရှိနေပါတော့သည်။


