ယခုနှစ်အတွင်း မည်သည့်နိုင်ငံက တိုးတက် ကောင်းမွန်စွာ အဆောင်ရွက်နိုင်ဆုံးဖြစ်သနည်း။
ခရစ္စမတ် ကာလတိုင်းမှာ အီကော်နော်မစ် စာစောင်က ဒီနှစ်အတွက် အထူးခြားဆုံးနိုင်ငံကို ရွေးချယ်ပါတယ်။ ဒါဟာ အပျော်ရွှင်ဆုံး နိုင်ငံကို ပြောတာ မဟုတ်ဘူးနော်။ အပျော်ဆုံးနိုင်ငံတွေလို့ ပြောရင် စကင် ဒီနေးဗီးယားနိုင်ငံတွေလို့ ခေါ် ကြတဲ့ ဥရောပ အနောက်မြောက်ပိုင်းက နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ နိုင်ငံတွေပဲ အမြဲလိုလို ဖြစ်နေမှာမို့လို့ ခန့်မှန်းရလွယ်ပြီး ငြီးငွေ့စရာဖြစ်နေတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သွားမှာပေါ့။ ဩဇာတိက္ကမ အကြီးဆုံး ဆိုလို့ရှိရင်လည်း ဆူပါပါဝါလို့ခေါ်တဲ့ မဟာ အင်အားကြီး နိုင်ငံတွေပဲ အမြဲဖြစ်နေမှာပေါ့။ အဲဒီအစား အီကော်နော်မစ် စာတည်းအဖွဲ့က တိုးတက် ကောင်းမွန်လာအောင် အဆောင်ရွက်နိုင်ဆုံး နိုင်ငံကိုပဲ ရွေးချယ်ပါတယ်။ စီးပွားရေးအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ ဖြစ်ဖြစ် ဒါမှမဟုတ် တခြား ဆောင်ရွက်မှု တစ်ခုခုကို ဖြစ်ဖြစ် တိုးတက် ကောင်းမွန်အောင် လုပ်တဲ့ နိုင်ငံကို ရွေးချယ်ပါတယ်။
၂ဝ၂၅ခုနှစ်ကတော့ ပဋိပက္ခတွေ၊ အရေးအခင်းတွေနဲ့ တည်ငြိမ်မှုမရှိလှတဲ့ ဆူဆူပူပူ နှစ်ပဲ ဖြစ် တယ်။ သမ္မတထရမ့်က ကမ္ဘာ့ ကုန်သွယ်ရေးကို ပွဲဖျက်အနှောင့်အယှက်ပေးခဲ့ပြီး စစ်ဘေးဒဏ်သင့်လို့ နာလန် မထူနိုင်အောင်ဖြစ်နေရတဲ့ ဂါဇာနဲ့ဆူဒန်တို့လိုဒေသတွေမှာ ချောက်ချားစရာ ကောင်းလှတဲ့ ပဋိပက္ခကြီးတွေ ဖြစ်ပွားခဲ့ရတယ်။ ဒါပေမဲ့ နိုင်ငံအတော်များများကတော့ လှိုင်းလေအတန်ငယ်ထန်တဲ့ ပင်လယ်ပြင်မှာ ရည်မှန်းချက် ဦးတည်ရာ လမ်းကြောင်း မပျောက်ဘဲ မောင်းနှင် သွားလာနေ ကြပါတယ်။ ကနေဒါ နိုင်ငံမှာ လူပြိန်းကြိုက် ဟောပြော ဆောင်ရွက်တတ်တဲ့ နိုင်ငံရေးသမားထက် တည်ငြိမ်အေးဆေးတဲ့ စက်မှုပညာရှင်တစ်ဦးကို ဝန်ကြီးချုပ် အဖြစ် ရွေးချယ် တင်မြှောက်လိုက်ပြီး အမေရိကန်ရဲ့ အနိုင်ကျင့် ဗိုလ်ကျတာကို မမှုဘဲ ကြံ့ကြံ့ခံ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ မိုလ်ဒိုဗာနိုင်ငံမှာ မော်စကို အစိုးရက မမှန်သတင်းတွေ ဖြန့်လို့ တစ်မျိုး ခြိမ်းခြောက်လို့ တစ်ဖုံ တားဆီး ဟန့်တားနေတဲ့ ကြားကနေ မဲဆန္ဒရှင်တွေက ရုရှားလိုလားတဲ့ပါတီ ကို လက်မခံဘဲ ပယ်ချလိုက်တယ်။ မစ္စတာထရမ့်ကတော့ အစ္စရေးနဲ့ ပါလက်စတိုင်း လူမျိုးတွေကြား အချိန်မရွေး ပျက်သွားနိုင်တဲ့ မခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးကို ကြားဝင်ပြီး စေ့စပ်ပေးခဲ့တယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ သူ့နိုင်ငံရဲ့ဒီမိုကရေစီစနစ်ကို အကြီးအကျယ်အန္တရာယ်ပြုနေတဲ့ ဘေးကနေ ပြန်ပြီး နာလန် ထူလာခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သမ္မတ ယွန်းဆတ်ယိုးလ် (Yoon Suk Yeol) ကစစ်ဥပဒေ (မာရှယ်လော) ထုတ်ပြန်လိုက်ပြီး ပါလီမန်ကို ပိတ်သိမ်းဖို့ စစ်တပ်တွေ စေလွှတ်လိုက်တယ်။ ဒါပေမဲ့ ပါလီမန်အမတ်တွေ၊ ကန့်ကွက် ဆန္ဒပြသူတွေနဲ့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာ ကာကွယ်ပေးခဲ့ တယ်။ ဒီနှစ်မှာတော့ ဂုဏ်သရေပျက်ပြီး အရှက်ရခဲ့တဲ့ သမ္မတဟောင်းကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲ ဆိုခဲ့တယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်နေတဲ့ပုံစံကိုပြောင်းပြန်လှန်ပစ်ပြီး အခြေအနေ ကမောက်ကမ ဖြစ်အောင် အကြမ်းဖက် ကြိုးပမ်းမှုကို ဘယ်လို ဖြေရှင်းလိုက်နိုင်သလဲဆိုတာနဲ့ စပ်လျဉ်းလို့ နောက်သာဓက တစ်ခုကတော့ ဘရာဇီးနိုင်ငံပဲ ဖြစ်ပါတယ်။ အခုနှစ် စက်တင်ဘာလမှာ ဘရာဇီး တရားရုံးက သမ္မတဟောင်း ဂျယားဘောလ်ဆိုနာရိုကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်လိုက်တယ်။ ဘော်လ်ဆိုနာရိုဟာ ၂ဝ၂၂ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲတာဟာ မဲလိမ်ခံရလို့ ဖြစ်တယ်ဆိုပြီး သမ္မတရာထူးမှာ ဆက်မြဲအောင် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့လို့ အခုလို တရားစွဲပြီး ပြစ်ဒဏ်ချခံလိုက်ရတာပါ။ ဘရာဇီးနိုင်ငံဟာ ၂ဝ ရာစုရဲ့ နှစ်အတော်များများမှာ အာဏာသိမ်းမှုဒဏ် အဖန်ဖန်သင့်နေတာကို ခံခဲ့ရပါတယ်။ ဒီအကြိမ်ဟာ ဘရာဇီးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းဖို့ ကြံစည်တဲ့ သူတစ်ယောက် သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ် ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဘရာဇီး အစိုးရဟာ ၂ဝ၂၅ခုနှစ်မှာ အာမဇန်ဒေသမှာ သစ်တော ပြုန်းတီးမှုနှုန်းကို နှေးကွေးသွားအောင် ကြိုးပမ်း ထိန်းသိမ်း နိုင်ခဲ့တယ်။ အဲဒီလို ဆောင်ရွက်နိုင်တာကြောင့် ရာသီဥတု ဖောက်ပြန်တာ ကိုလည်း နှေးကွေးသွားအောင် နည်းနည်းပါးပါး ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရုရှားအစိုးရနဲ့ တရင်းတနှီးနေပြီး လက်တွဲမဖြုတ်တဲ့ နိုင်ငံခြားရေး မူဝါဒကြောင့် နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ မှတ်တမ်းကောင်းတွေ ညှိုးနွမ်းစေခဲ့တယ်။ အမည်းစက် ထင်ကျန်ခဲ့တာပေါ့။
ဒီနှစ်အတွက် ခွန်အားအရှိဆုံး အတောင့်တင်းဆုံးလို့ ဆိုရမယ့် ပြိုင်ဘက်နှစ်နိုင်ငံကတော့ အတော်ကို ခြားနားပါတယ်။ အဲဒီနိုင်ငံတွေက အာဂျင်တီးနားနဲ့ ဆီရီးယားနိုင်ငံတွေပဲ ဖြစ်တယ်။ အာဂျင်တီးနားကတော့ စီးပွားရေးနယ်ပယ်မှာ တိုးတက် ကောင်းမွန်ခဲ့တယ်။ သမ္မတ ဟာဗီးယား မီလိုင်က သူ့နိုင်ငံကို ရာစုနှစ် တစ်ခုကျော်ကြာအောင် နိုင်ငံတော်ရဲ့ ချုပ်ကိုင်မှုအောက်မှာ စီးပွားရေး တုံ့ဆိုင်းမှုတွေ ကြုံရတဲ့ အခြေအနေ ကနေ ရုန်းထွက်နိုင်အောင် တွန်းအားပေး လုပ်ဆောင်နိုင်ဖို့၊ အရှိန်အဟုန်နဲ့ နိုးထလာစေဖို့ မျှော်လင့်ပြီး အကျိုးသက် ရောက်မှု ကြီးမားတဲ့ လွတ်လပ်ဈေးကွက် ပြုပြင်ပြောင်းလဲရေးတွေကို ၂ဝ၂၃ ခုနှစ်မှာ စတင်ဆောင် ရွက်ခဲ့တယ်။ ဒီလို ပြုပြင် ပြောင်းလဲရေးတွေမှာ ဈေးနှုန်း ကန့်သတ်ထိန်းချုပ်မှုတွေကို ပယ်ဖျက်ပစ်တာ၊ အသုံးစရိတ်တွေကို ထိန်းချုပ် လျှော့ချတာနဲ့ ဈေးကွက်ကို ပုံပျက်စေတဲ့ ထောက်ပံ့ကြေးတွေကို ရပ်ဆိုင်းတာမျိုးတွေ စတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့တယ်။ အဲဒီလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်ရတာဟာ ထူးထူးခြားခြား ခက်ခဲပြီး အလွန်ကို ပင်ပန်းဆင်းရဲတာမျိုး တွေကြုံရပါတယ်။ သူ့အရင်က ပြုပြင် ပြောင်းလဲရေး သမားတွေ အောင်မြင်မှု မရရှိခဲ့ပါဘူး။ မစ္စတာမီလိုင်က ၂ဝ၂၅ခုနှစ်မှာ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး လက်နက်ကို လက်မလွှတ်ဘဲ ဆက်လက် ကိုင်စွဲပြီး အလျှော့မပေးဘဲ ဆောင်ရွက် ခဲ့ပါတယ်။ မဲဆန္ဒရှင်တွေကလည်း သူ့ကိုပဲ ဆက်ပြီးတော့ ထောက်ခံခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ အမေရိကန်က သူ့နိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ပယ်ဖျောက်နိုင်စေဖို့ အားကိုးအားထား ဖြစ်စေဖို့ ဒေါ်လာဘီလီယံ ၂ဝ ပေးပြီး ကူညီခဲ့တယ်။ အကျိုးရလဒ်ကတော့ အင်မတန် အားရစရာ ကောင်းပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂ဝ၂၃ ခုနှစ်မှာ ၂၁၁ ရာခိုင်နှုန်းရှိရာကနေ အခုဆိုရင် ၃ဝ ရာခိုင်နှုန်း ဝန်းကျင်အထိ ကျဆင်းသွားပါပြီ။ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းကလည်း မနှစ်ကစလို့ ၂၁ ရာခိုင်နှုန်း အမှတ်ထိ ကျဆင်းလာခဲ့တယ်။ အသုံးစရိတ်နဲ့ နပန်းလုံးနေရာကနေ အခုဆိုရင် ထိန်းချုပ်ထား နိုင်ပါပြီ။ မစ္စတာမီလိုင်က ပီဆိုကို နှုန်းရှင်ထားဖို့ ဦးတည်ချက်နဲ့ ဆောင်ရွက်ခဲ့ပြီး အရင်းအနှီး ထိန်းချုပ်မှု အများစုကို ဖယ်ရှားခဲ့တယ်။

အာဂျင်တီးနားကတော့ မအောင်မမြင် ဖြစ်သွား နိုင်ပါသေးတယ်။ အာဂျင်တီးနားကို မျိုးဆက် အစဉ်အဆက် မှားယွင်းတဲ့ အုပ်ချုပ်မှု ပုံစံနဲ့ စိုးမိုးခဲ့တဲ့ ပီရွန်ဝါဒီတွေ နိုင်ငံရေးလောကကို ပြန်ဝင်ဖို့ တရွေ့ရွေ့ ချဉ်းကပ် လာနေကြတယ်။ မစ္စတာမီလိုင်ဟာ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရင်း အမှားအယင်း အချွတ်အချော် ဖြစ်သွားနိုင်တယ်။ သမ္မတမှာ အပြစ်အနာအဆာ အတော်များများ ရှိတယ်။ သူက ဝေဖန်တာကို မခံနိုင်ဘူး။ အဂတိ လိုက်စားမှုတွေနဲ့ အကျင့် ပျက်ခြစားမှုတွေက ဝိုင်းဝိုင်းလည်နေတယ်။ ဒါပေမဲ့ သူ့ရဲ့ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ရေရှည်ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင် အာဂျင်တီးနားနိုင်ငံရဲ့ သွားရာလမ်းကြောင်းကို ထာဝရ ပြောင်းလဲ သွားစေနိုင်ပါတယ်။ ဒါ့ပြင် နေရာတိုင်းမှာ ရှိတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေးသမားတွေကိုပါ မျှော်လင့်ချက် ပေးပါလိမ့်မယ်။
ဆီးရီးယားနိုင်ငံရဲ့ တိုးတက် ကောင်းမွန်လာမှုကတော့ အာဂျင်တီးနားနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေး အရပဲ ဖြစ်ခဲ့တယ်။ ကုန်ခဲ့တဲ့ တစ်နှစ် ကျော်ကျော် အချိန်တုန်းက ဆီရီးယားနိုင်ငံကို အင်မတန် ရွံမုန်းစရာကောင်းတဲ့ အာဏာရှင် ဘတ်ရှား အယ်လ်အာဆတ်က အီရန်နဲ့ ရုရှားနိုင်ငံတွေရဲ့ ကျောထောက် နောက်ခံ ပေးထားမှုနဲ့ စိုးမိုး အုပ်ချုပ်ခဲ့တယ်။ သူ့အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အပြည့် အသိပ်ပဲ။ အတိုက်အခံ မှန်သမျှကို ညှဥ်းပန်းနှိပ်စက်ပြီး တချို့ဆိုရင် အသက်ပါ ဆုံးရှုံး သွားရတဲ့ အထိပါပဲ။ ၁၃နှစ် ကျော်ကြာ ဖြစ်ပွားခဲ့ရတဲ့ ပြည်တွင်းစစ်အတွင်းမှာ လူပေါင်း ငါးသိန်းကျော်လောက် သေဆုံးခဲ့တယ်။ မစ္စတာ အာဆတ်ရဲ့ တပ်ဖွဲ့တွေဟာ ဓာတုလက်နက်တွေနဲ့ ပီပါဗုံးလို့ ခေါ်ကြတဲ့ အဖျက်စွမ်းအားပြင်း လက်လုပ်ဗုံး မျိုးတွေကို ရဟတ်ယာဉ်တွေ ပေါ်ကနေ ကြဲချတာမို့ ပစ်မှတ်မတိကျဘဲ အရပ်သူ အရပ်သား အမြောက်အမြား သေဆုံးခဲ့ကြရတယ်။ လူခြောက်သန်းကျော်နိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။
၂ဝ၂၄ခုနှစ် ဒီဇင်ဘာလဆန်းမှာတော့ တော်လှန်ရေးသမားတွေက နိုင်ငံ့အာဏာကို သိမ်းယူလိုက်တာမို့ အာဏာရှင် အာဆတ်ကိုယ်တိုင် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်။ အီကော်နောမစ် စာစောင် စာတည်းအဖွဲ့က အခုနှစ်အတွက် အတိုးတက်ဆုံးနိုင်ငံအဖြစ် ရွေးချယ်ရာမှာ ပုံစံသစ် ဆီးရီးယားနိုင်ငံဟာ ဘယ်လို နိုင်ငံမျိုးဖြစ်လာမလဲဆိုတဲ့ အိုင်ဒီယာ အယူအဆ သဘောထားရဖို့ တကယ်တော့ မြန်ဆန် လွန်းသွားတယ်။ ဆီးရီးယား နိုင်ငံသစ်ကို အုပ်ချုပ်မယ့် အစိုးရ ခေါင်းဆောင် အာမက် အယ်လ်ရှာရားဟာ ဂျီဟတ် ဝါဒီတစ်ယောက် ဖြစ်တယ်။ အတော်များများက သူဟာ တင်းကျပ်လှတဲ့ အစ္စလာမ် ဘာသာရေး အခြေပြု အုပ်ချုပ်ရေးစနစ်ကို အဓမ္မ ပြဋ္ဌာန်းလိမ့်မလား၊ ဒါမှမှမဟုတ် ဆီးရီးယားနိုင်ငံဟာ အစိတ်စိတ် အမြွာမြွာ ပြိုကွဲ ပျက်စီးပြီး ထိန်းမနိုင်သိမ်းမရနဲ့ ဝရုန်းသုန်းကား အခြေအနေကို ရောက်သွားမလား ဆိုပြီး စိုးရိမ်ပူပန် ခဲ့ကြတယ်။ တကယ်တမ်းမှာကျတော့ အဲဒီလို ထင်ထားတာတွေ တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ အမျိုးသမီးတွေ ခေါင်းမြီးခြုံကြီးနဲ့ သွားစရာ မလိုဘူး။ အိမ်ထဲက အိမ်ပြင်မထွက် အိမ်တွင်းပုန်း လုပ်နေစရာ မလိုတော့ဘူး။ ဖျော်ဖြေပွဲတွေနဲ့ အရက်ကိုခွင့်ပြုတယ်။ မစ္စတာရှာရားဟာ အပြု သဘောဆောင်တဲ့ အံ့အားသင့်စရာတွေကို တစ်ခုပြီးတစ်ခု လုပ်ပြပြီး တိုင်းပြည်ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ပြခဲ့တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ခိုင်မာအောင် ပုံဖော်ခဲ့တယ်။ အနောက်အုပ်စုက ပိတ်ဆို့ အရေးယူထားတာတွေကို ဖြေလျှော့ပေးလိုက်တော့ နိုင်ငံရဲ့ စီးပွားရေးကလည်း ပြန်ပြီးတော့ နာလန်ထူစ ပြုနေပါပြီ။
ဒါပေမဲ့ ကြီးမားတဲ့ ပြဿနာတွေကတော့ ရှိနေတုန်းပါပဲ။ လက်နက်ကိုင် ပြည်သူ့စစ်တွေက တိုင်းရင်းသား လူနည်းစုတွေကို ချောက်ချား ရလောက်အောင် ရက်စက်ယုတ်မာတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး နှစ်ကြိမ်တိုင် ကျူးလွန်ခဲ့လို့ လူပေါင်း ၂ဝဝဝ သေဆုံးခဲ့ရတယ်။ မစ္စတာရှာရားက မျိုးနွယ်စုစွဲ အလေ့အထနဲ့ အုပ်ချုပ်တယ်။ ဒီလို အချိန်မရွေး ပြိုကွဲနိုင်တဲ့ နိုင်ငံမှာ အဲဒီနည်းနဲ့ သွားရင် အမှားကြီး မှားနေဦး မှာပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၂ဝ၂၅ ခုနှစ်မှာ ဆီးရီးယားနိုင်ငံဟာ ၂ဝ၂၄ခုနှစ်ကနဲ့ စာရင်တော့ အများကြီး ပိုပြီး ပျော်ကြရွှင်ကြတယ်။ ပိုပြီးတော့လည်း ငြိမ်းချမ်း သာယာလာတယ်။ စိုးရိမ် ထိတ်လန့်မှုတွေကတော့ ဖြစ်နေကျပါလို့ ပြောမရတဲ့ အခြေအနေ ဆိုက်လာပါပြီ။ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝရှင်သန် ရပ်တည်ဖို့ ကတော့ မလွယ်ကူသေးပါဘူး။ လူအများစု အတွက်ကတော့ အတိုင်းအတာတစ်ခုအထိ ပုံမှန် အခြေအနေ ရောက်တယ်လို့ ဆိုနိုင်တယ်။ အစုလိုက်အပြုံလိုက် ထွက်ခွာသွားတဲ့နည်းနဲ့ သူတို့ရဲ့ သဘောထားကို ပြသခဲ့ကြတဲ့ ဆီရီးယား နိုင်ငံသူ နိုင်ငံသား သုံးသန်းဟာ သူတို့နေရင်းနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ ဒါကြောင့်ပဲ အီကော်နောမစ် စာတည်းအဖွဲ့ကလည်း ဆီးရီးယားကို ရွေးချယ် လိုက်ရတာ ပါလို့ The Economist စာစောင်က ရေးသားထားတာကို တင်ပြလိုက်ပါတယ်။
စာကိုး The Economist, December 20th to January 2nd


