စာရေးဖို့ဆိုတာကလည်း ကိုယ်တိုင် အတွေ့အကြုံများသူ (သို့မဟုတ်) စာပေလေ့လာလိုက်စားမှုဆိုသည့် အရာနှစ်ခုထဲကမှ တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုစလုံးသော်လည်းကောင်း ပြည့်စုံနေရမည် မဟုတ်လား။ သို့တည်းမဟုတ်လျှင် ကိုယ့်ခံစားချက်တစ်ခုကို ချရေးလိုက်ရုံဖြင့် စာရေးဆရာ အလွယ်လေး ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ ထင်မြင်ယူဆမည်ဆိုလျှင် လူတိုင်း စာရေးဆရာများ ဖြစ်နေကြလိမ့်မည်မှာ မလွဲဧကန်တည်း။ စာရေးဆရာ မဖြစ်နိုင်သော်လည်း စာရေးသူတစ်ယောက်အဖြစ် ခံစားချက်ရှိသူတိုင်း ဖြစ်ခွင့်ရှိသည်။ ကျွန်တော့်အမြင် ပြောရလျှင်မူ စာရေးသူတစ်ယောက်ဖြစ်ဖို့ရာတွင် မည်သို့နည်းဖြင့်ဆိုသည့် ဝါကျဖွဲ့ထုံးနည်းစနစ်ကို အထူးဂရုပြု လေ့လာလိုက်စားစရာ လိုအပ်မည်မဟုတ်ပေ။ ဤသို့ဆိုရခြင်းမှာ အဆင့်အတန်း ခွဲခြားလိုခြင်းမဟုတ်။ ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ ဆိုခြင်းဖြစ်သည်။
ခေတ်တိုင်းခေတ်တိုင်းတွင် စာပေနှင့်ပတ်သက်၍ ရေးဖွဲ့မှတ်တမ်းတင်ကြသည်။ သို့သော် ခေတ်တစ်ခေတ်တွင် ရေးဖွဲ့ခဲ့ကြသူတိုင်းသည် နောက်တစ်ခေတ်ရောက်သည်အထိ တင်ကျန်ရစ်ခဲ့သူ နည်းပါးလှပါသည်။ ခေတ်အဆက်ဆက်ဆိုလျှင် ပို၍ပင် နည်းပါးပါသည်။ ထိုအခြင်းအရာကား ဥပမာထုတ်ပြစရာ မလိုလောက်အောင် လက်တွေ့ကျလွန်းပါသည်။ မြန်မာဘာသာဖြင့် မြန်မာအကြောင်းအရာကို ရေးဖွဲ့ခဲ့ခြင်းကို အသာထား၍ မြန်မာဘာသာဖြင့် နိုင်ငံခြားတိုင်းပြည်မှ လက်ရာတစ်ခုဖြစ်သည့် “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးသည် ယနေ့ထိ ပရိသတ်ကြားတွင် နေရာယူထားခြင်းက အခိုင်မာဆုံး သက်သေတစ်ခုပင်။ မြန်မာအကြောင်းအရာ မြန်မာဝတ္ထုများဆိုလျှင် ယနေ့ခေတ်တွင် ရေးဖွဲ့သော ပုံသဏ္ဌာန်ဖြင့် ခြားနားသော ကဗျာဝတ္ထုများကိုပင် ပြန်လည်ထုတ်ဝေနေကြသည်။ စကားပြေဝတ္ထုများဆိုလျှင်ကား ပြောဖွယ်ရာမရှိပေ။
ထိုအချက်သည် ဝါကျပိုင်းဆိုင်ရာ တည်တံ့ခိုင်မြဲမှုရှိခြင်းကို ရည်ညွှန်းနေသည်ဟု ယူဆပါသည်။ တစ်နည်းအားဖြင့် အိမ်တစ်အိမ်ဆောက်မည်ဆိုလျှင် အခြေခံအုတ်မြစ်ကို စနစ်တကျ တည်ဆောက်ထားခြင်းနှင့် ဆင်တူပေလိမ့်မည်။ အခြေခံအုတ်မြစ် မခိုင်မာသောအိမ်သည် နှစ်ကာလကြာလာသည်နှင့်အမျှ ယိုယွင်းမှုများလာ၏။ ခိုင်မာသောအိမ်သည် နှစ်ကာလမည်မျှကြာစေကာမူ တည်တံ့နေ၏။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် မျက်တောင်မွေးတဆုံးနှင့် မျက်စိတဆုံးကြည့်ခြင်း၏ ကွာခြားချက်ကို ထင်ဟပ်ပြသနေသည်ဟု ယုံကြည်ပါသည်။
ထို့ပြင် “အရှေ့ကနေဝန်းထွက်သည့်ပမာ” ကဲ့သို့သော ဝတ္ထုမျိုး၊ “ရေနံ့သာခင်ခင်ကြီး” ကဲ့သို့သော ဝတ္ထုမျိုးများကို ယနေ့ခေတ်တွင် ရေးဖို့ရာ၌ လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထိုဝတ္ထုများ၏ ဇာတ်ကောင်စရိုက်များမှာ ယနေ့ခေတ်တွင်လည်း ရှိသည်။ ကွာခြားသည်က အချိန်ကာလနှင့် ရုပ်ဝတ္ထုပစ္စည်းများပင် ဖြစ်သည်။ ထိုအချိန်ထိုကာလကသည် ယနေ့ခေတ် ယနေ့အချိန်နှင့်စာလျှင် များစွာ ပြောင်းလဲသွားပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်များ၊ လူတို့၏ အမူအကျင့်များတို့သည် ယနေ့ခေတ်နှင့် မလျော်ညီတော့ပေ။ ထို့ပြင် ရုပ်ဝတ္ထုပစ္စည်းများသည်လည်း များစွာ ကွာခြားသွားပြီဖြစ်သည်။ တစ်ချိန်က ရန်ကုန်မှ မန္တလေးသို့သွားလျှင် သုံးရက်ခန့် ကြာကောင်းကြာနိုင်ခဲ့သော်လည်း ယနေ့တွင်မူ မနက်သွားလျှင် ညရောက်၏။ လူသားတို့၏ ကြိုးစားအားထုတ်မှုကြောင့် လျင်မြန်စွာ တိုးတက်လာသည့် အရှိန်အဟုန်သည် အလွန်မြန်ပေသည်။ တစ်ချိန်က ကိုယ့်နိုင်ငံပြင်ပမှ အရာများကို တွေ့နိုင်မြင်နိုင်ဖို့ရာ ခဲယဉ်းလှသော်လည်း ယနေ့တွင် အင်္ဂလန်မှ ဘောလုံးပွဲများကို အိပ်ခန်းထဲမှ နှစ်သက်သော အမူအရာဖြင့် ကြည့်ခွင့်ရနေပေသည်။
စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟု ဆိုရမည့် ယနေ့ခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းများ အလျင်အမြန်ဖြင့် တိုးတက်နေသည်။ ကျွန်တော်တို့ သုံးနေကြသည့် ဖုန်းများတွင် ပါဝင်နေသည့် အက်ပ်များ (သလဲသီးဟု အမည်ပြောင် ပေးချင်မိသည်။) ကို အမြဲအဆင့်မမြှင့်နိုင်ပါက သုံးစွဲရ အဆင်မပြေဖြစ်ပေလိမ့်မည်။ ဥပမာ လူကြိုက်များသည့် ဖေ့စ်ဘွတ်ခ် (Facebook) လိုအရာမျိုးတွင် ကိုယ့်သလဲသီးများက ဟောင်းနွမ်းနေပါက အသစ်များကို ဖတ်ရှုခွင့် ဆုံးရှုံးပေလိမ့်မည်။ ထိုသို့ အဆင့်မြှင့်ဖို့ရာအတွက်လည်း အနည်းဆုံး တစ်လတစ်ခါလောက် လုပ်ပေးနေရ၏။ သို့တည်းမဟုတ်လျှင် “ငါ့ဖုန်းက သတင်းအသစ်တွေလည်း မတက်တော့ပါလား။ ဖုန်းကမကောင်းတော့ဘူးလား။ ဘာများဖြစ်လို့ပါလိမ့်” စသည့် အတွေးများဖြင့် စိုးရိမ်စိတ်များ ဝင်လာမည်က သေချာသည်။ အမှန်က မည်သို့မျှဖြစ်ခြင်းမဟုတ်။ နေ့စဉ်ပြောင်းလဲမှုမြန်သည့် အဟုန်ကို မေ့လျော့နေခြင်းကြောင့်သာဖြစ်သည်။ “မပြောင်းလဲဘဲ နေတာဟာ အန္တရာယ်အရှိဆုံး ဆိုတာကို သတိပြုဖို့ပါပဲ” ဟု Yuval Noah Harari ၏ “21 Lessons for the 21st Century” စာအုပ်တွင် သတိပေးခဲ့သည်။ အရှိန်အဟုန်ဆိုသည်ကား ပြေးခြင်းထက် လျင်မြန်သည်။ ကျွန်တော်တို့ ငယ်စဉ်က ကြည့်ခဲ့ကြသည့် စူပါမင်းလိုပင်။ တစ်ခုခုဆိုသည်နှင့် ဖျတ်ခနဲ ရောက်ရှိလာသည်။ ထိုစဉ်က “စူပါမင်းလို ဖြစ်ချင်လိုက်တာကွာ” ဟူသော အတွေးများသည် ယနေ့ခေတ်တွင် ထိုအတွေးများ၏ လမ်းစများပေါ် ရောက်ရှိနေပြီဟု ဆိုချင်သည်။

ထို့ကြောင့် တစ်ချိန်က စာရေးဆရာကြီးများ ရေးဖွဲ့ခဲ့ကြသည့် အချိန်တွင် ယနေ့ကျွန်တော်တို့ခေတ်၏ အနေအထားမျိုးနှင့်ဆိုလျှင် ထိုကဲ့သို့သော ဝတ္ထုကြီးများကို ရေးဖွဲ့နိုင်ကြလိမ့်မည် မထင်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ကမ္ဘာကြီး၏ ပြောင်းလဲမှု အရှိန်အဟုန်သည် ကျွန်တော်တို့ဆီသို့ ရောက်လာဖို့ရန် အချိန်အလွန်ကြာသည်။ ပြင်ပရိုက်ခတ်မှု အရှိန်အဟုန်နည်းသဖြင့် စိတ်အေးလက်အေးဖြင့် မိမိရေးလိုသည့်စာကို ရေးနိုင်သည်။ အကြောင်းအရာမှအစ ဝါကျပိုင်းအပါအဝင် စနစ်တကျ ရေးဖွဲ့နိုင်သည်။ ထို့ပြင် ရေးထားသည့်စာများကို စာအုပ်တစ်အုပ် ဖြစ်လာရန်အတွက်လည်း လျင်မြန်မှုမရှိ။ တစ်ခုရှိသည်က ထိုစဉ်က စာများထဲမှ ဇာတ်ကောင်စရိုက်များမှာမူ ယနေ့ခေတ်အချိန်တွင်လည်း တွေ့ရဆဲ မြင်ရဆဲဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းမတစ်ဦးဆိုလျှင် “အရှေ့ကနေဝန်းထွက်သည့်ပမာ” ထဲမှ ရထားပေါ်က ဇာတ်လမ်းနှင့် ခပ်ဆင်ဆင် ကြုံရသည်။ ထိုစာအုပ်ထဲကမှ နဂိုအခံရှိသေး၍ ဖြစ်သည်က တော်လှသေးသည်။ ကျွန်တော့်သူငယ်ချင်း ဖြစ်ရပ်က အာမေဋိတ်အသံပင် ထွက်ရလောက်သည်။ သူ့ယောက်ျားနောက်သို့ လိုက်ရာတွင် ရထားပေါ်မှ ဆုံခဲ့သူတစ်ဦးဖြင့် အိမ်ထောင်ကျသွားခဲ့သည်။ ဤသည်မှာ ဖြစ်တတ်သည့် လူ့သဘာဝများသည် မပြောင်းမလဲ ရှိနေသည်ကို သတိထားမိစေရန်သာ ဖြစ်ပါသည်။
ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ ကမ္ဘာကြီးသည် နေရာဒေသ အသီးသီးလိုလိုပင် အရှိန်အဟုန်ဖြင့် သွားနေကြခြင်းဖြစ်သည်။ ထို၏ သက်ရောက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သက်ရောက်မှု မလွဲမသွေရှိသည်။ သို့သော် ထိုအရှိန်အဟုန်ဖြင့် တစ်သားတည်း သွားနိုင်သောနိုင်ငံနှင့် တစ်ဝက်လောက် အမီလိုက်နိုင်သောနိုင်ငံ၊ သုံးပုံတစ်ပုံလောက်သာ မီသောနိုင်ငံဟူသည်ကား နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ ကွာခြားမည်ဖြစ်သည်။ သို့သော်လည်း ကမ္ဘာကြီးထဲရှိ လူသားအားလုံးသည် ထိုအရှိန်အဟုန်နောက်သို့ မလိုက်ပါ၍ မရပါချေ။ နိုင်ငံ၏ လိုအပ်ချက်အရ ကန့်သတ်မှုများ ရှိကောင်းရှိနိုင်သော်လည်း ယနေ့ကမ္ဘာကြီးထဲမှနေ ကျန်ခဲ့သည့် ကျောက်ခေတ်ကမ္ဘာသို့ ပြန်သွားလို၍ မည်သို့မျှ မဖြစ်နိုင်ပါချေ။
ထိုကျောက်ခေတ်ကမ္ဘာကြီး၏ အရသာသည်လည်း ယနေ့ခေတ်တွင် ခဏတာ ပြန်လည်ခံစားခြင်းမှလွဲ၍ မည်သို့မျှ အသုံးဝင်မှု ရှိနေလိမ့်မည် မဟုတ်ပါချေ။ နောက်ထပ် တစ်ခုရှိသည်မှာ ယနေ့ခေတ် မွေးဖွားသောသူများသည် ယနေ့ခေတ်၏ အရှိန်အဟုန်နောက်သို့ ကောင်းစွာလိုက်နိုင်ခြင်းပင်ဖြစ်သည်။ ထိုအရာကိုလည်း ငြင်းဆန်၍မရ။ ကျွန်တော်တို့ခေတ်တွင် မည်သည့်စာအုပ်ကောင်းသည်ကို ပြောနိုင်သကဲ့သို့ ယနေ့ခေတ်တွင်လည်း မည်သည့်ဖုန်းက ပိုကောင်းသည်ကို ယနေ့ခေတ်လူသားများကသာ သိသည်ကို လက်ခံရပေမည်။ ထို့ကြောင့် စာအုပ်နှင့် ဖုန်း ခေတ်ကွာခြားမှုကြောင့် ပွတ်တိုက်မှုများ ရှိနေခြင်းဟု ယူဆမိသည်။ “ယနေ့ စာမဖတ်ကြတော့ဘူး” ဆိုသည့်အမြင်အစား “စာအုပ်ကိုင်မဖတ်ကြတော့ဘူး” ဆိုသည့် အမြင်က လက်တွေ့ပိုကျမည်ထင်သည်။
ကျွန်တော့်အမြင်အရ ပြောရလျှင် စာအုပ်ဖတ်ဖို့ရန် တိုက်တွန်းနေခြင်းသည် ပြေးနေသည့်မြင်းကို ဇာတ်ကြိုးဆွဲဖို့ရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ ခေတ်တစ်ခေတ်၏ အပြောင်းအလဲကာလသည် ထိုကဲ့သို့ ပွတ်တိုက်မှုပေါင်းများစွာဖြင့် မဖြစ်မနေ ရင်ဆိုင်ရမည်သာ။ မည်သူမဆို ခေတ်တစ်ခေတ်၏ အရွေ့ကို သဘောပေါက်နားလည်ရန်မှာ မဖြစ်နိုင်ချေ။ ထိုမှတစ်ဆင့် ခေတ်နှင့်လျော်ညီသည့် ယဉ်ကျေးမှုတစ်ရပ် တိတိပပဖြစ်ရန်မှာ သာ၍ပင်ခက်၏။ ယနေ့အခြေအနေသည် စာရွက်များနှင့် လျှပ်စစ်တို့ အားပြိုင်နေဆဲကာလဟု ဆိုနိုင်သည်။ သေချာသည်မှာ စာရွက်များမှာ အနိုင်ယူပိုင်ခွင့်မရှိခြင်းပင်။ သူ့ခေတ်သူ့အခါ သူ့အချိန်အရ လျှပ်စစ်သည်သာလျှင် မဖြစ်မနေ အနိုင်ရရမည်ဖြစ်သည်။ ထို့ကြောင့် ပြေးနေသည့်မြင်းကို ဇာတ်ကြိုးဆွဲမည့်အစား မြင်း၏ပြေးနှုန်း အရှိန်အဟုန်နောက်သို့ လိုက်ပါနိုင်အောင် ကြိုးစားခြင်းသည်သာ အမှန်ကန်ဆုံး နည်းလမ်းတစ်ခုဖြစ်၏။
ထို့ကြောင့်လည်း နိုင်ငံများစွာမှ လူများစွာလက်ထဲတွင် မဖြစ်မနေ ရှိနေသည်က ဖုန်းပင်ဖြစ်သည်။ ငါးမျှားရင်းဖုန်း၊ ထမင်းစားရင်းဖုန်း၊ ရေအိမ်ဝင်ရင်းဖုန်း။ မဖြစ်မနေ ဖုန်းဖြင့် လက်လွှတ်လိုက်ရသည့် အချိန်မှာ ရေချိုးချိန်နှင့် အိပ်နေချိန်သာဖြစ်သည်။ ၂၁ ရာစု အစောပိုင်းက လက်ညှိုးတစ်ချက်လှုပ်မှ စာရွက်တစ်ရွက် ဖြစ်သော်လည်း ယခုမူ လျှပ်စစ်စာမျက်နှာပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားပေသည်။ စာရွက်ခေတ်တွင် စာအုပ်ထဲ၌ ပါဝင်သည့် အကြောင်းအရာကသာ စွဲလမ်းနှစ်သက်စေမှု ဖြစ်နိုင်ပြီး စာရွက်၏ ရိုက်ခတ်မှုသည် အလျင်းမရှိပေ။ လျှပ်စစ်ခေတ်တွင် ထိုသို့မဟုတ်။ အလင်းပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုသည် ဦးနှောက်၏ စွဲလမ်းစိတ်ကို လှုံ့ဆော်ပေးနေကြောင်း ဆေးပညာများက ဖော်ပြထားလေသည်။
ထိုစွဲလမ်းမှုကို ခံနိုင်ရည်မရှိပါက လျှပ်စစ်စာမျက်နှာများတွင် ဖော်ပြထားသည့် အကြောင်းအရာတို့ကို အမှုမဲ့အမှတ်မဲ့ ကျော်လွှားပစ်လေ့ရှိကြသည်။ သုံးစွဲနေကြသူများ ကိုယ်၌တွင် ထိုသို့ ကျော်လွှားပစ်မှုများကို အလေးတယူ ပြုတတ်ကြသူ ရှားသည်။ ရှိသောသူများပင်လျှင် ရာခိုင်နှုန်းပြည့်သူ ပိုရှားမည်ထင်သည်။ (ဤကိစ္စများကို စစ်တမ်းကောက်ယူသင့်သည်။) ထိုသို့ အမှုမဲ့အမှတ်မဲ့ ကျော်လွှားပစ်ခြင်းများသည် လူတို့၏ စိတ်အစဉ်၌ နေ့စဉ် ရိုက်ခတ်မှုရှိလာသည့် အခါတွင် အလိုလို လူမှုယဉ်ကျေးမှုတစ်ရပ်အဖြစ် ထွန်းကားမှန်းမသိ ထွန်းကားနေပေသည်။ လျှပ်စစ်စာမျက်နှာများမှသည် ကပ်ရောဂါတစ်ခုနှယ် ကူးစက်ပြီး လူမှုအထွေထွေရပ်ဝန်းထဲသို့ ထိုးဖောက်ဝင်ရောက်နေမှန်းမသိ ဝင်ရောက်နေပေပြီ။
“မသွားဖြစ်တော့ပါဘူးကွာ၊ မလုပ်ဖြစ်တော့ပါဘူးကွာ၊ မစားဖြစ်တော့ပါဘူးကွာ၊ မတွေ့ဖြစ်တော့ပါဘူးကွာ၊ မပြောဖြစ်တော့ပါဘူးကွာ” ဆိုသည့် စကားများက လူသားအချင်းချင်း အပြန်အလှန် ဆက်နွှယ်မှုများ လျော့ကျလာနေခြင်းမှာ လျင်မြန်စွာ ပြောင်းလဲသွားသည့် အရှိန်အဟုန်၏ ရိုက်ခတ်မှုကို သတိမထားမိခြင်းကြောင့်ပင်ဖြစ်သည်။ ကိစ္စတစ်ရပ်သည် ပေါ်လာသည်နှင့် ဖျတ်ကနဲ ပျောက်သွားတတ်ခြင်းက အလေ့အထလို တစ်ခုဖြစ်နေသည်။ နောက်ထပ် တစ်ခုရှိသည်က စားသုံးသူများ၏ အခက်အခဲဟု ဘောဂဗေဒဆန်ဆန် ဆိုရမည်ဖြစ်သည်။ စာအုပ်တစ်အုပ်အတွက် စားသုံးသူများ၏ ကုန်ကျစရိတ်မှာ သာမန်အခြေအနေများတွင် သိန်းဂဏန်းမရှိပေ။ သို့သော်လည်း လျှပ်စစ်စာမျက်နှာများအတွက်မူ သိန်းဂဏန်း သုံးစွဲနိုင်မှသာရသည်။ ဤတွင် ယနေ့ခေတ်တွင် ယနေ့လူသားများလို နေထိုင်နိုင်ရန်အတွက် ငွေကြေးရှာဖွေမှု ပိုလုပ်ရသည်။ တိုးတက်မှုနှင့်အညီ နေထိုင်လိုလျှင် အဆက်မပြတ် ငွေကြေးရှာဖွေနေမှသာ ဖြစ်မည်။ သို့တည်းမဟုတ်လျှင် နောက်ကျကျန်နေပေလိမ့်မည်။ ဤအချက်သည် လျှပ်စစ်စာမျက်နှာများကြောင့် လျော့ကျလာသည့် လူသားဆက်နွှယ်မှုများကို ပံ့ပိုးပေးနေသည့် ဓားတစ်ချောင်းပင်။
ဤအကြောင်းအခြင်းအရာများသည် ယနေ့တိုးတက်လာနေသည့် အရာများကို ငြင်းဆန်နေလိုခြင်း မဟုတ်။ အဆိုးမြင်ဝါဒဖြင့် တိုက်ခိုက်နေလိုခြင်းမဟုတ်။ လက်ရှိ အဖြစ်အပျက်များနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် ကြိုးစားခြင်းတစ်ခုသာဖြစ်သည်။ ကျွန်တော်သည် စာဖတ်ခြင်းကို ဝါသနာပါသည်။ သို့အတွက် စာရွက်များကိုလည်း ချစ်သည်။ ထို့ပြင် လျှပ်စစ်စာမျက်နှာများကို စာရွက်များထက် အချိန်ပေး၍ ဖတ်သည်။ ထို့နောက် တွေ့သည်မြင်သည်များကိုလည်း စိတ်ဆန္ဒအရင်းခံထား၍ စာရေးသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် မွေးဖွား၍ မြန်မာနိုင်ငံတွင် ကြီးပြင်းလာရသူပီပီ ကိုယ့်စာပေကိုလည်း မြတ်နိုးသည်။ ထို့ကြောင့် အထက်တွင် မြန်မာစာပေနှင့် ပတ်သက်၍ အနည်းငယ်ဆိုခဲ့ခြင်းဖြစ်သည်။
ကျွန်တော်ပြောလိုသည့်အချက်မှာ ကိုယ့်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်ပေးနိုင်သည့် ကိစ္စတစ်ရပ်ကို တင်ပြခြင်းပါလားဟု ထင်မှတ်စေလိုပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်သည့် အရှိန်အဟုန်ဖြင့် သွားနေသည့် ယနေ့ခေတ်ကြီးတွင် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုံးရှုံးမှုပေါင်းများစွာ ဖြစ်သွားနိုင်ချေရှိ၍ပင်။ ထိုအထဲတွင် မြန်မာစာပေပါသည်။ ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေသည့် အရာများစွာထဲတွင် မြန်မာစာပေသည် မြန်မာတို့၏ အသက်သွေးကြောပင်ဖြစ်သည်။ ယခင်အချိန်များကဲ့သို့ စာရွက်များပေါ်တွင် ရေးဖွဲ့နိုင်သောခေတ်မှသည် လျှပ်စစ်စာမျက်နှာများသို့ ပြောင်းလဲကာ ရေးဖွဲ့နေကြသောခေတ်သို့ ရောက်လာပြီဖြစ်သည်။ စာရွက်များပေါ်တွင် ရေးဖွဲ့စဉ်အချိန်က အရှိန်အဟုန်မများသော်လည်း (မရှိသလောက်နည်း) ယနေ့လျှပ်စစ်စာမျက်နှာများခေတ်တွင် အရှိန်အဟုန်က အလွန်မြင့်သည်။

ထို့ကြောင့် စာရေးသားရာတွင် ချွတ်ချော်တိမ်းစောင်းမှု မလွဲမသွေရှိမည်ဖြစ်သည်။ စာရေးလေ့ရှိသူများ မဆိုထားနှင့်၊ စာရေးဆရာများပင် ကိုယ်ရေးသည့်စာတွင် အကျအပေါက်နည်းရန် အတော်လေး အားစိုက်ထုတ်ရသည်။ (ကျွန်တော့်အတွက်မူ ကိုယ်ရေးပြီးသည့် စာတစ်ပုဒ်အတွက် အနည်းဆုံး ငါးခေါက်လောက် ပြန်ဖတ်ရသည်။) စာရေးသားသူများအတွက်မူ စာဟန်ဖြင့် ရေးခြင်းထက် ပြောဟန်ဖြင့် ရေးခြင်းမျိုးကို ပို၍ ဦးစားပေးလေ့ရှိလာသည်။ ဤအရာသည် ကျွန်တော့်အမြင်အရဆိုလျှင် ခေတ်၏ တောင်းဆိုမှုကြောင့်ဟု မြင်သည်။ ပြောဟန်သည် အလွယ်တကူ စီးမျောနိုင်သည်။ စာရေးရသည်မှာ သွက်သည်။ ဝါကျဖွဲ့ထုံးနည်းစနစ်ပိုင်းဆိုင်ရာအရ လွတ်လပ်သည်။ စာဖတ်မည့်သူ၏ ရင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်နိုင်သည်မှာ ယနေ့ခေတ်၏ ဖြစ်တည်နေသည့် အရှိန်အဟုန်ဖြင့် လိုက်လျောညီထွေနေ၍ဖြစ်သည်။ (မှတ်ချက် – ပြောဟန်ဖြင့် ရေးသည်ကို အပြစ်ဆိုခြင်းမဟုတ်ပါ)
သို့သော်လည်း တစ်ခု ဆန်းစစ်ရန်ရှိသည်မှာ စာပေအရည်အသွေးသည် ခေတ်နှင့် လိုက်လျောညီထွေစွာ ရှိနေရုံဖြင့် လုံလောက်နေပြီလား ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ သို့သော်လည်း ထိုမေးခွန်းအား ဖြေဆိုရန် ကျွန်တော့်အနေဖြင့် မစွမ်းသာပါချေ။ ဘာသာဗေဒဆိုင်ရာ ပညာရှင်များအနေဖြင့် ဤအချက်ကိုလည်း သုတေသနများ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်လိုရင်းဖြစ်သည်။ ကျွန်တော်ရေးလိုက်သည့် “မှတ်မှတ်ယယ” ဆိုသည့်စာကို တစ်ယောက်က “ဘာဖြစ်လို့ မှတ်မှတ်ရရလို့ မရေးရတာလဲ” ဟု မေးဖူးသည်။ ကျွန်တော် ရိုးရိုးကလေး ဖြေပေးလိုက်သည်။ “အဲဒါ စာတည်းအဖွဲ့ထဲမှ စာစစ်သူရဲ့အလုပ်” ဟု။ ဆိုသည်မှာ ယနေ့ခေတ်တွင် သတ်ပုံမှားခြင်းသည် မြန်မာစာပေ လျော့ကျခြင်းတွင် အဓိကမကျဟု ယူဆသည်။ ထိုသတ်ပုံမှားခြင်းထက် အဓိက ပိုကျသည်မှာ ဝါကျပိုင်းဆိုင်ရာ လျော့ရဲလာမှုပင်ဖြစ်သည်။ ဝါကျပိုင်းဆိုင်ရာ လျော့ကျမှုမရှိပါက မည်သည့်အခြင်းအရာကြောင့်ပင်ဖြစ်စေ အလွယ်တကူ မယုတ်လျော့နိုင်ဟု လက်ခံထားသည်။
ခေတ်၏ရေစီးသည် အလျင်မပြတ် စီးဆင်းနေမည်သာဖြစ်သည်။ ရေစီးဆိုသည့်အတိုင်း စီးဆင်းရာ လမ်းတစ်လျှောက်တွင် တိုက်စား၍ရသည်များကို တိုက်စားသွားလိမ့်မည်ဖြစ်သည်။ တိုက်စား၍ မရသည်များကိုမူ ကျော်လွှားသွားပေလိမ့်မည်။ မိမိတို့သည် ကျောက်တုံးလေးများအဆင့်တွင် ရပ်တည်နေပါက ခေတ်ရေစီးက သဲဘဝသို့ရောက်အောင် တိုက်စားပေလိမ့်မည်။ ကျောက်တုံးကြီးလို နေပါက အနည်းဆုံး သဲဘဝသို့ အလွယ်တကူ ရောက်မည်မဟုတ်ပေ။ ကျွန်တော်တို့သည်သာမက ဖွံ့ဖြိုးတိုးတက်မှုနည်းသော နိုင်ငံများအားလုံးသည် ခေတ်ရေစီးထဲမှ ကျောက်တုံးကလေးများသာဖြစ်သည်။ သို့သော်လည်း ထိုနိုင်ငံများ၏ ကြိုးစားအားထုတ်မှု ကြောင့်လည်း ယနေ့တွင် စက်မှုတော်လှန်ရေးဖြစ်ပြီး အဖက်ဖက်က တိုးတက်လာခြင်းဖြစ်သည်။ ဆိုရလျှင် မိခင်နို့စို့သည့် ကလေးပမာသာ ရှိပါသည်။ မိခင်နို့၏ အာဟာရများဖြင့်သာ ကလေးငယ်သည် ကြီးပြင်းရပါသည်။ ထို့အတွက် ကျွန်တော်တို့ မဖြစ်မနေ နို့စို့ရမည်။ ကျွန်တော်တို့ ကြီးထွားလာအောင် မွေးမြူရမည်။
ယနေ့တွင် လူတိုင်းနီးပါးသည် သွားရေးလာရေးအတွက် ဆိုင်ကယ် သို့မဟုတ် ကားကို အသုံးပြုကြသည်။ ထိုသို့ အသုံးပြုသည့်အတွက် သွားလိုရာခရီးကို အမြန်ရောက်စေသည်။ လူလည်း သက်သာသည်။ သို့သော်လည်း လူတို့၏ အားထုတ်မှုသည် လျော့ကျသွားသည်။ ထိုအခြင်းအရာအတွက် ဘေးထွက်ဆိုးကျိုးများက လူသားတို့၏ ရုပ်နှင့် စိတ်ပိုင်းဆိုင်ရာများ ချို့ယွင်းခြင်းတို့ တစ်ဆက်တည်း ပါလာလေသည်။ ဤသည်ကို သတိမထားမိပါမူ သက်ဆိုင်ရာ လူသားတို့နှင့် သက်ဆိုင်နေသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာရေးများ၊ စိတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာသင့်သည်တို့ လျော့ကျသွားမည်မှာ အမှန်ဧကန်ပင်ဖြစ်သည်။ သို့ဆိုလျှင် လူသားတို့နှင့် တစ်ပါတည်း ပါနေသည့် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုများလည်း မဖြစ်မနေ ပါလာပေလိမ့်မည်။ ခေတ်ရေစီးအရ ယာဉ်များကို အသုံးပြုရသည်။ သို့သော် ထိုသို့ အသုံးပြုသည့်အတွက် ဖြစ်လာနိုင်သည်ကို ကာကွယ်ရန် ကျန်းမာရေးလိုက်စားမှုကို အချိန်မှန် မဖြစ်မနေ လုပ်မှသာ ခေတ်ရေစီးနှင့် လိုက်လျောညီထွေမှု စင်စစ်ဖြစ်သည်။ ဤသို့ပင် ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို ခေတ်ရေစီးထဲတွင် အလွယ်တကူ မပျောက်ပျက် အောင်လည်း ထိုနည်းနှင်နှင် ကြိုးစားမှသာ သဘာဝကျပေမည်။
အင်အားကြီးနိုင်ငံများမှ သူတို့၏ဘာသာ၊ သူတို့၏ယဉ်ကျေးမှု စံနှုန်းများဖြင့်သာ ဖြန့်ဝေသည်မှာ တရားနည်းလမ်းကျသော ကိစ္စဖြစ်သည်။ သို့သော်လည်း သူတို့ဖြန့်ဝေခြင်းတွင် သူတို့နိုင်ငံ၏ စွမ်းအားအရှိန်အဟုန်များ နောက်ကွယ်က ပါလာမည်။ ထို့ကြောင့် “မြန်မာစာသင်တန်း တက်မည်လား၊ အင်္ဂလိပ်စာသင်တန်း တက်မည်လား” ဟု မေးလျှင် အင်္ဂလိပ်စာသင်တန်းကိုသာ ဦးစားပေး ရွေးချယ်ကြမည်။ မည်သည့်ပုဂ္ဂိုလ်မေးမေး “မြန်မာစာသင်တန်း တက်မည်” ဟု ဖြေသည့်သူမှာ မရှိသလောက် ရှားပါးနေမည်။ ကျွန်တော်တို့၏ မိခင်ဘာသာသည် သူတို့ဘာသာအင်အားကို ယှဉ်နိုင်စွမ်းမရှိ။ သို့ဖြစ်၍မူ ကျွန်တော်တို့ဘာသာကို စနစ်တကျ ထိန်းသိမ်းမှုမရှိပါမူ စောလျင်စွာ သဲဘဝသို့ ပြောင်းသွားနိုင်သည်ကို သတိချပ်သင့်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ စုစုစည်းစည်းဖြင့် ကျောက်တုံးကြီးဘဝမျိုး ဖြစ်အောင် ကြိုးစားသင့်သည်ဟု ယူဆမိသည်။
အမေဇုံတောထဲမှ လိပ်ပြာတောင်ပံခတ်ခြင်းသည် ကမ္ဘာ့လေထုကို ပြောင်းလဲနိုင်သည်ဆိုသည့် စကားလုံးလိုပင် မည်မျှပင် အင်အားသေးငယ်သော်လည်း ကျွန်တော်တို့ တောင်ပံခတ်ရန်ကိုမူ ကြိုးစားအားထုတ်ဖို့ မဖြစ်မနေ လို၏။ ဘာသာရေးနှင့်ပတ်သက်၍ ခေတ်စားသော စကားတစ်ခွန်းမှာ “အရိုးကို စည်းရိုးထိုးမည်” ဟု ဆိုကြသည်။ ဘာသာရေးဆိုသည်မှာ တစ်နိုင်ငံ လူမျိုးတစ်မျိုးနှင့် သက်ဆိုင်သော အကြောင်းအခြင်းရပ်မဟုတ်။ ဘာသာရေး ပျောက်ကွယ်မှာ စိုးရိမ်၍ အရိုးကို စည်းရိုးထိုးမည့်အစား နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတို့အတွက် အမှန်တကယ် ပျောက်ကွယ်သွားစေနိုင်သည်မှာ ထိုနိုင်ငံတစ်ခုနှင့် သက်ဆိုင်နေသည့် ဘာသာစကားနှင့် စာပေယဉ်ကျေးမှုသာလျှင် ဖြစ်သည်။ ထို့ကြောင့် ကလောင်ရိုးဖြင့် စည်းရိုးထိုးဖို့ ကြိုးစားခြင်းသည် မှားအံ့မထင်မိပါချေ။
(၂၆ . ၁ . ၂၀၂၆)


