ဒေါ်နယ်လ်ထရမ့် – ဒီမိုကရေစီကို ပုန်ကန်ကာ အာဏာရှင်ဆန်နေပြီလား?
ဒီကနေ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် မတည်မငြိမ် ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ့ပယောဂ အများဆုံးလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ချက်တွေကို တစ်နေ့တစ်မျိုး မရိုးအောင် တွေ့နေရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင် (Autocrat) လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာနေတယ်။ သမိုင်းအတွေ့အကြုံတွေအရ အာဏာရှင်ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို နိုင်ငံရေးလေ့လာသူတွေ အတော်လေး ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။

သမိုင်းဥပမာ အတော်များများ ရှိပြီးသားလည်း ဖြစ်ပါတယ်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်၊ မော်စီတုန်း၊ ချောင်ဆက်စကူး၊ ပိုပေါ့၊ မားကို့စ် စသဖြင့် သမိုင်းမှာ တွေ့ခဲ့ကြရပြီ ဖြစ်တယ်။ မျက်မှောက်ခေတ်မှာလည်း ဗလာဒီမီယာ ပူတင်၊ ရှီကျင့်ဖျင်၊ ဗစ်တာအော်ဘန် (ဟန်ဂေရီ)၊ ကင်ဂျုံအန်း အစရှိတဲ့ အာဏာရှင်တွေဟာ သက်ရှိထင်ရှား ဥပမာတွေ ဖြစ်တယ်။ ဒါဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင်ဖြစ်ဖို့ ကြိုးပမ်းနေသလားလို့ ဆန်းစစ်ကြည့်သင့်ပါတယ်။
ထရမ့်ကို ဝေဖန်သူအချို့ရဲ့ အမြင်အရ ထရမ့်က သတင်းမီဒီယာတွေကို “လူထုရဲ့ ရန်သူ” (Enemy of the People) လို့ ခေါ်ဆိုမှု၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆိုမှု၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အအုံ (Capitol) အတွင်း အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုချက်တွေအရ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်မှု၊ အစိုးရအုပ်ချုပ်ရေးအာဏာကို တိုးချဲ့လိုတဲ့ သဘောထားရှိမှု၊ တရားရုံးတွေကို မထီမဲ့မြင်ပြုမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို သွေဖည်မှု စတဲ့အချက်တွေကို ထောက်ပြပြီး ထရမ့်မှာ “အာဏာရှင်ဖြစ်မယ့် စရိုက်လက္ခဏာတွေ” အတော်များများ ရှိနေတယ်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
လက်ငင်း ထင်ရှားတဲ့ ဥပမာအဖြစ် ထရမ့်ဟာ “မွန်ရိုးဝါဒ” (Monroe Doctrine) ကို အလွဲသုံးစားလုပ်ကာ “ဒွန်ရိုးဝါဒ” (Donroe Doctrine) အဖြစ် ကိုင်စွဲပြီး ဗင်နီဇွဲလားနိုင်ငံကို လက်ရဲဇက်ရဲ နယ်ချဲ့လုယက်ခဲ့တာကို မြင်ခဲ့ကြရပြီ ဖြစ်ပါတယ်။ ဗင်နီဇွဲလားကို အမေရိကန်က စစ်ရေးအရ ကျူးကျော်တိုက်ခိုက်အပြီးမှာ ထရမ့်က ဂရင်းလန်ကျွန်းကို မဖြစ်မနေ ထိန်းချုပ်သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် ‘နေတိုး’ (NATO) အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ပျက်ပြားခဲ့တာ တွေ့ရတယ်။ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒက အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့အကြား ဆက်ဆံရေး ပျက်ပြားအောင် လုပ်သလို ဖြစ်နေတယ်။ ထရမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီက ရုရှားနဲ့ တရုတ်တို့ အကျိုးဖြစ်အောင် လုပ်ရာရောက်နေတယ်လို့ ဝေဖန်စရာ ဖြစ်တယ်။ ရုရှားနဲ့ တရုတ် အကျိုးအမြတ် ရရှိနေတယ် ဆိုကတည်းက ထရမ့်ရဲ့ မူဝါဒဟာ ဒီမိုကရေစီနဲ့ လွဲချော်နေပြီ ဖြစ်တယ်။ ဒီလိုလုပ်ရပ်ဟာ လွှတ်တော်နှစ်ရပ်ကို ဘေးဖယ်ထားပြီး သူတစ်ဦးတည်း သဘောနဲ့ ထင်ရာစိုင်းနေတာမျိုး ဖြစ်နေတဲ့အတွက် လူအများက ဒေါ်နယ်လ်ထရမ့်ဟာ “ဘယ်သူသေသေ ငတေမာရေး” လမ်းစဉ်ကို ကိုင်စွဲပြီး အာဏာရှင်ဖြစ်လာနေပြီလို့ သုံးသပ်နေကြတာ တွေ့ရပါတယ်။
ထရမ့်ရဲ့ ရာဇသံနဲ့ အီရန်နျူကလီးယားပြဿနာ ထိန်းချုပ်နိုင်မည်လား?
မကြာသေးခင်ကပဲ အီရန်အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ရရှိအောင် ကြိုးပမ်းသင့်ပြီလို့ ထရမ့်က ပြောလိုက်တာ တွေ့ရတယ်။ အဲဒီကိစ္စကို ဖော်ဆောင်မှု မလုပ်နိုင်ရင် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပုံဟာလည်း ရာဇသံပေးနေသလိုပါပဲ။
ဒေါ်နယ်လ်ထရမ့်က အီရန်နျူကလီးယား ထိန်းချုပ်ရေးကိစ္စကို အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ရုံမက “၁၀ ရက်နဲ့ ၁၅ ရက်အတွင်း” သဘောတူညီမှုတစ်ရပ် ရရှိဖို့လိုတယ်လို့လည်း အချိန်ကန့်သတ်ချက်နဲ့ ခြိမ်းခြောက်လိုက်သေးတယ်။ အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ အမေရိကန်က လေယာဉ်တင်သင်္ဘောတွေ အပါအဝင် စစ်အင်အား အလုံးအရင်းနဲ့ ဖြန့်ကျက်နေရာယူပြီးတဲ့နောက် စစ်ရေးတင်းမာနေခိုက် သမ္မတထရမ့်ဆီက ထွက်ပေါ်လာတဲ့ အာဏာရှင်လေသံပါတဲ့ ရာဇသံပေးချက် ဖြစ်နေတယ်။
အီရန်ဆီက အဓိပ္ပာယ်ရှိတဲ့ သဘောတူညီမှု ရရှိရေးဆီ ဦးတည်လျှောက်လှမ်းတာကို လိုလားကြောင်း၊ အဲဒီလို မဟုတ်ခဲ့ရင် မလိုလားအပ်တဲ့ ကိစ္စဆိုးတွေ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ‘သမ္မတထရမ့်’ က ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ပထမဆုံး “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (BoP) အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားရာမှာတောင် ခြိမ်းခြောက်သံ ပါနေခဲ့တယ်။ BoP အဖွဲ့ဆိုတာက ဂါဇာငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးကို အကြောင်းပြုပြီး ထရမ့်ဦးဆောင် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့သစ် ဖြစ်တယ်။ ဒီအဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စိန်ခေါ်သလို ဖြစ်နေတာကြောင့် နိုင်ငံ့ခေါင်းဆောင်အချို့က သိပ်ပြီး သဘောမတွေ့ကြဘူးလို့ ဆိုတယ်။
အီရန်ကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ‘အန်တိုနီယို ဂူတာရက်စ်’ ဆီကို သဘောထားကြေညာချက် တစ်စောင် ပေးပို့ခဲ့ရာမှာ အီရန်အနေနဲ့ ဘယ်နိုင်ငံနဲ့မှ စစ်ပွဲကို စတင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အီရန်ကို စစ်ရေးအရ ရန်စကျူးကျော်ခဲ့ရင်တော့ ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြောင်း အသိပေးထားတယ်။ ဒါဟာ အီရန်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်လည်း ဖြစ်တယ်လို့ ဆိုထားတယ်။
အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်စောစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံခဲ့ကြတယ်။ ဒါပေမဲ့ နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ အပြီးသတ် သဘောတူညီမှု မရခဲ့ဘူးလို့ ကြားရတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ‘ကာရိုလိုင်း လီယာဗစ်’ က အခြေခံမူအချို့ကို ညှိနှိုင်းလို့ အဆင်ပြေခဲ့ပေမဲ့ တချို့အပိုင်းတွေမှာ နှစ်ဦးနှစ်ဖက်အကြား သဘောထားကွဲလွဲတာတွေ ကြီးကြီးမားမား ဆက်ရှိနေတယ်လို့ ဆိုတယ်။ အမှန်ကတော့ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ စစ်အင်အားကြီးမှုကို ကိုင်စွဲပြီး အီရန်အပေါ် အာဏာရှင်ဆန်ဆန် အထက်စီးကနေ ဖိအားပေး တောင်းဆိုနေတဲ့အတွက် ပြေလည်အောင် ညှိနှိုင်းလို့မရဘဲ ဖြစ်နေပုံရတယ်။
အမေရိကန် အကြွေးပြဿနာ – ကုလသမဂ္ဂကို ‘ထရမ့်’ ဘာပြောသလဲ?
သမ္မတထရမ့်က သူ့အနေနဲ့ ကုလသမဂ္ဂ ဘဏ္ဍာရေး အကျပ်အတည်းကို “အလွယ်တကူ” ဖြေရှင်းပေးနိုင်တယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန် မီဒီယာတစ်ခုရဲ့ ဖုန်းဆက်မေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာမှာ ပြောကြားခဲ့ကြောင်း သိရတယ်။ ဒါပေမဲ့ အမေရိကန် ပေးဖို့ကျန်နေတဲ့ ကုလသမဂ္ဂ အကြွေးကိစ္စကို လုံးဝ ထည့်မပြောခဲ့ဘူးလို့ ဆိုတယ်။
ထရမ့်က အမေရိကန်အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်ကြေးများ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အခြေအနေကို မသိရှိကြောင်း၊ “ဒါက အလွယ်တကူ ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်တယ်” ဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း၊ ကုလသမဂ္ဂကသာ ဖွင့်ဟ အကူအညီတောင်းခဲ့မယ်ဆိုရင် သူ့အနေနဲ့ “တခြားနိုင်ငံတွေကို ပေးချေခိုင်းလို့ရကြောင်း” ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန် Politico သတင်းဌာနထံ ပြောကြားခဲ့တယ်လို့ ဆိုတယ်။
“ပေးချေဖို့ ကျန်နေတဲ့ လူအားလုံးကို ကျွန်တော် ပေးချေခိုင်းလို့ရတယ်။ ကျွန်တော်က နေတိုးနိုင်ငံတွေကို ပေးချေဖို့ ကျန်တဲ့ငွေတွေ ပေးချေခိုင်းခဲ့သလိုပေါ့။ အဲဒီနိုင်ငံတွေကို ကျွန်တော် ဖုန်းဆက်လိုက်ရုံနဲ့… မိနစ်ပိုင်းအတွင်း သူတို့ ချက်လက်မှတ် ပို့လာလိမ့်မယ်” လို့ ထရမ့်က ပြောကြားခဲ့ကြောင်း သိရတယ်။
လွန်ခဲ့တဲ့ နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံ ၁၅၀ ကျော်က အဖွဲ့ဝင်ကြေး ပေးဆောင်ခဲ့ပေမဲ့ လက်ရှိ ပေးဆောင်ရန် ကျန်နေတဲ့ အကြွေးငွေ စုစုပေါင်းဟာ ကန်ဒေါ်လာ ၁.၅၆ ဘီလီယံအထိ များပြားတယ်လို့ ဆိုတယ်။ အရင်နှစ်ကထက် နှစ်ဆပိုများကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ဇန်နဝါရီ ၃၀ ရက်မှာ ပြောခဲ့တယ်လို့ ဆိုတယ်။ အကယ်၍ ရန်ပုံငွေ အသုံးပြုရင်း ကုန်ဆုံးသွားခဲ့ပါက ကုလသမဂ္ဂအနေနဲ့ လုပ်ငန်းအသီးသီးရဲ့ လုပ်ဆောင်မှု အတိုင်းအတာကို မဖြစ်မနေ လျှော့ချရဖို့ ရှိကြောင်း၊ နယူးယောက်ရှိ ဌာနချုပ်ကိုပါ ပိတ်သိမ်းရတဲ့အထိ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက သတိပေးခဲ့ကြောင်း “The New York Times” သတင်းမှာ ဖော်ပြထားတယ်လို့ ဆိုတယ်။
ဒါပေမဲ့ “ကုလသမဂ္ဂက နယူးယောက်ကနေ စွန့်ခွာသွားမှာ မဟုတ်သလို အမေရိကန်ကနေ ထွက်သွားမှာ မဟုတ်ဘူး” လို့ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တယ်လို့ သတင်းက ဆိုတယ်။ ကုလသမဂ္ဂမှာ ကြီးမားတဲ့ အလားအလာတစ်ခု ရှိကြောင်း၊ “စစ်ပွဲရပ်စဲ ကျေအေးဖို့ ကျွန်တော် မလုပ်နိုင်တဲ့အခါ ကုလသမဂ္ဂ လုပ်နိုင်တဲ့အတွက် သူ့မှာ ကြီးမားတဲ့ အလားအလာ ရှိတယ်” လို့ ဒေါ်နယ်လ်ထရမ့်က ပြောကြားတယ်လို့ ဆိုတယ်။ ထရမ့်ရဲ့ ပြောပုံဆိုပေါက်က ကုလသမဂ္ဂ အဖွဲ့ကြီးကိုတောင် မထီမဲ့မြင် ပြုနေသလို တွေ့ရတယ်။ ဒါဟာလည်း အာဏာရှင်စရိုက် လက္ခဏာလို့ ဆိုနိုင်တယ်။ (Xinhua)
သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်မှု ဥပဒေနဲ့မညီဘူးလို့ တရားရုံးချုပ် ဆုံးဖြတ်
အမေရိကန် တရားရုံးချုပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် သူတစ်ဦးတည်း သဘောနဲ့ ကုန်သွယ်ခွန်တွေ တိုးမြှင့်စည်းကြပ်ခဲ့တဲ့ မူဝါဒဟာ တရားမဝင်ကြောင်း ၆–၃ မဲဖြင့် ဆုံးဖြတ်ပယ်ချလိုက်တယ်။ ဒါဟာ ထရမ့်ရဲ့ “အမေရိကန်သာ ပထမ” (America First) ဆိုတဲ့ မူဝါဒဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပုံကို ဖော်ပြလိုက်ရာလည်း ရောက်တယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ပြီး အများအကျိုးစီးပွားကို ကာကွယ်ပေးရာ ရောက်တယ်လို့ သုံးသပ်ကြတယ်။
ထရမ့်ရဲ့ အမေရိကန် စီးပွားရေး အောင်မြင်မှုရရှိရေး အစီအစဉ်မှာ ဒီအချက်က အဓိက ဖြစ်နေတယ်။ ဒါကြောင့် အခုလို တရားရုံးချုပ်က ပယ်ချတာ ခံလိုက်ရခြင်းဟာ ‘နိုင်ငံရေးအရ ရှုံးနိမ့်မှု’ ဖြစ်တယ်လို့ ဆိုကြတယ်။ တရားရုံးချုပ် တရားသူကြီးတွေက ထရမ့်ဟာ ၁၉၇၇ ခုနှစ် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အရေးပေါ် လုပ်ပိုင်ခွင့်ဥပဒေ (International Emergency Economic Powers Act – IEEPA) အရ အရေးပေါ်အာဏာကို အသုံးပြုပြီး နိုင်ငံအများစုအပေါ် “အပြန်အလှန်” (Reciprocal) အခွန်ခများ တိုးချဲ့သတ်မှတ်ခဲ့တာ ဖြစ်တဲ့အတွက် ပယ်ချခဲ့တာလို့ ဆိုတယ်။
ဒါတင်မက တရားသူကြီးတွေက တရုတ်၊ ကနေဒါ၊ မက္ကဆီကို၊ ဘရာဇီးနဲ့ အိန္ဒိယတို့ကို ရည်ရွယ်ပြီး ထရမ့်က သီးခြားအခွန်ခတွေ ချမှတ်ခဲ့ခြင်းကိုလည်း ပယ်ချခဲ့ကြတယ်။ တရားရုံးချုပ် တရားသူကြီးများရဲ့ ကြေညာချက် ထွက်ရှိပြီးနောက် နာရီအနည်းငယ်အတွင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး တရားရုံးဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်ဖွယ်ရာ ဆုံးဖြတ်ချက်လို့ ဆိုခဲ့တယ်။

ထရမ့်ရဲ့ ဒုတိယသမ္မတ သက်တမ်း အစီအစဉ်တွေထဲမှာ အခွန်စည်းကြပ်ရေး မူဝါဒဟာ အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုကြတယ်။ ထရမ့်ရဲ့ ပထမဦးစားပေး အရေးပါတဲ့ “အခွန်စည်းကြပ်ရေးမူဝါဒ” ဟာ “အမြင့်ဆုံး တရားရုံးချုပ်” သို့ ရောက်ရှိလာခဲ့ပြီးနောက် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ တရားရုံးချုပ်အတွက် ကွန်ဆာဗေးတစ် တရားသူကြီး သုံးဦးကို ထရမ့်ရဲ့ ပထမအစိုးရ သက်တမ်းအတွင်းက ခန့်အပ်ခဲ့တာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်ခဲ့ခြင်းကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ” အပေါ် အလေးထားတဲ့ ‘တရားရုံးချုပ်’ ဖြစ်လာခဲ့တယ်လို့ ဆိုတယ်။ ဒါကြောင့် ယခုတစ်ကြိမ် ထရမ့်ရဲ့ ရှုံးနိမ့်မှုဟာ “ထရမ့်ရဲ့ အခွန်ခခေတ်” အဆုံးသတ်သွားပြီလားလို့ ဝေဖန်သုံးသပ်မှုတွေ ပေါ်ထွက်လာစေခဲ့ကြောင်း သတင်းတွေက ဆိုတယ်။
”ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ အာဏာကန့်သတ်ချက်”
တရားရုံးချုပ် အကြီးအကဲ ‘ဂျွန် ရောဘတ်စ်’ (John Roberts) က အများစုရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး စီရင်ချက် ရေးသားရာမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခွန် (tariffs အပါအဝင်) စီရင်ဆုံးဖြတ်ချက် ချမှတ်ရန် ‘အာဏာ’ ကို သမ္မတမဟုတ်ဘဲ ‘ကွန်ဂရက်လွှတ်တော်’ ထံ ပေးအပ်ထားကြောင်း” ထင်ထင်ရှားရှား ဖော်ပြထားတယ်လို့ သိရတယ်။
‘ဂျွန် ရောဘတ်စ်’ ရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုကို တည်ထောင်သူဖခင်များ (Founding Fathers) က “အခွန်စည်းကြပ်ခွင့် အာဏာ” ကို အုပ်ချုပ်ရေးဌာန (Executive Branch) သို့ မပေးအပ်ခဲ့ဘဲ “သမ္မတရဲ့ အာဏာ” ကို တိကျခိုင်မာစွာ ကန့်သတ်ထားခဲ့ကြတယ်လို့ ဆိုတယ်။ “ဖွဲ့စည်းပုံရေးဆွဲသူများသည် အခွန်စည်းကြပ်ခွင့်အာဏာ၏ မည်သည့်အစိတ်အပိုင်းကိုမျှ အုပ်ချုပ်ရေးဌာနထံ ပေးအပ်ခြင်း မရှိခဲ့ကြပါ” ဟု ရောဘတ်စ်က ရေးသားထားသည်။
ဆန့်ကျင်ထင်မြင်ချက် ပေးသူ တရားသူကြီး ‘ဘရက် ကဗန်နော့’ (Brett Kavanaugh) က “ဤအမှုတွင် ပါဝင်သည့် အခွန်ခများသည် မူဝါဒအရ သင့်တော်၊ မသင့်တော်ဆိုသည်ကို ဆွေးနွေးနိုင်သော်လည်း စာသားအဓိပ္ပာယ်၊ သမိုင်းနောက်ခံနှင့် တရားရုံးအစဉ်အလာ (Precedent) အရ ကြည့်လျှင် ၎င်းတို့သည် တရားဝင်ဖြစ်ကြောင်း ထင်ရှားသည်။” လို့ မှတ်ချက်ပေး အဆိုပြုခဲ့ကြောင်း သိရတယ်။
ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ အခွန်ခစည်းကြပ်မှုတွေကို ပယ်ဖျက်မဲ ပေးခဲ့တဲ့ ကွန်ဆာဗေးတစ် တရားသူကြီးတွေ ဖြစ်တဲ့ ‘ဂျွန် ရောဘတ်စ်’၊ ‘အေမီ ကိုနေး ဘားရက်’ (Amy Coney Barrett) နဲ့ ‘နီးလ် ဂေါ်ဆပ်ချ်’ (Neil Gorsuch) တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ ‘Barrett’ နဲ့ ‘Gorsuch’ တို့ကို ‘ထရမ့်’ ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း တရားရုံးချုပ်သို့ ခန့်အပ်ခံခဲ့ရသူတွေ ဖြစ်တယ်။ ‘ဒေါ်နယ်လ်ထရမ့်’ က အဆိုပါ တရားသူကြီးတွေကို “မည်ကာမတ္တ ရီပတ်ဘလစ်ကန်တွေ” (RINOs – Republican In Name Only) လို့ သမုတ်ခဲ့တယ်။ “ဘက်ပြောင်းသွားတဲ့ ဒီမိုကရက်ပါတီဝင်တွေရဲ့ လက်ကိုင်တုတ်၊ လူမိုက်တွေ” လို့ ရှုတ်ချပြောဆိုခဲ့တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရုံးချုပ်က သမ္မတရဲ့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်လိုက်ခြင်းကြောင့် အခြေအတင် ဆွေးနွေးငြင်းခုန်မှုတွေ ဖြစ်လာပြန်တယ်။ ဆွေးနွေးငြင်းခုန်မှုတွေအတွင်း ‘ထရမ့်’ ရဲ့ အရေးပေါ်အာဏာ (IEEPA) ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့အတွက် ပြဿနာ ပိုပြီး ပြင်းထန်လာတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ထရမ့်ရဲ့ နောက်ဆုံးအခွန်ခ မူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ပယ်ဖျက်ခံရခဲ့တယ်။ ဒါပေမဲ့ အခြားဥပဒေတွေရဲ့ အောက်မှာ ချမှတ်ထားတဲ့ အခွန်စည်းကြပ်ခွင့်တွေ ဆက်လက် အာဏာရှိနေဆဲ ဖြစ်ပါတယ်။ ဥပမာ – Trade Expansion Act of 1962 ၏ Section 232 အရ ထရမ့်အနေနဲ့ သံမဏိ၊ အလူမီနီယမ်နဲ့ မော်တော်ယာဉ်များကဲ့သို့သော သွင်းကုန်များအပေါ် အခွန်ကောက်ခံမှု ချမှတ်ခဲ့တာ တွေ့ရတယ်။
တစ်ကမ္ဘာလုံးအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေဟာ ဥပဒေနဲ့မညီတဲ့အတွက် တရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့အခါ တစ်ကမ္ဘာလုံးကို အခွန် ၁၅ ရာခိုင်နှုန်း အစားထိုး ကောက်ခံမယ်လို့ ဒေါ်နယ်လ်ထရမ့်က ဖေဖော်ဝါရီ ၂၃ ရက်မှာ အတည်ပြု ပြောဆိုလာပြန်တယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ပယ်ဖျက်ခံလိုက်ရတဲ့ အခွန်စည်းကြပ်မှုတွေအစား အမေရိကန်နိုင်ငံထဲ တင်သွင်းလာမယ့် ကုန်ပစ္စည်းမှန်သမျှကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုပြီး ကနဦး ပြောကြားခဲ့တာ ရှိပါတယ်။ နောက် ဖေဖော်ဝါရီ ၂၁ ရက်မှာ တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ဖူးတဲ့ ကုန်သွယ်ရေးဥပဒေအရ အမြင့်ဆုံး ခွင့်ပြုထားတဲ့ အခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်မယ့်အကြောင်း Truth Social ကတစ်ဆင့် ထရမ့်က ကြေညာခဲ့တယ်။
၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၂၂ အရ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်မရခင် အချိန်အထိ ‘ထရမ့်အစိုးရအဖွဲ့’ က ဒီအခွန်နှုန်းထားအသစ်ကို ၅ လ ယာယီ အသုံးပြုခွင့်ရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင် အသက်ဝင်မယ့် အခွန်နှုန်းထားဟာ ၁၀ ရာခိုင်နှုန်းလား၊ ထပ်တိုးမြှင့်လိုက်တဲ့ ၁၅ ရာခိုင်နှုန်းလား ဆိုတာ လက်ရှိအချိန်အထိတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုတယ်။ အမေရိကန်နဲ့ အခွန် ၁၀ ရာခိုင်နှုန်း သဘောတူညီချက် ရရှိထားတဲ့ ဗြိတိန်နဲ့ ဩစတြေးလျလို နိုင်ငံတွေအတွက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
၁၉၇၇ နိုင်ငံတကာ အရေးပေါ်စီးပွားရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (IEEPA) အရ ထရမ့်ဟာ လွန်ခဲ့တဲ့နှစ်အတွင်း နိုင်ငံအများအပြားအပေါ် အခွန်စည်းကြပ်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့တယ်။ ဒါကြောင့် အမေရိကန် တရားရုံးချုပ်က ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး ဥပဒေကို အသုံးချပိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒေါ်နယ်လ်ထရမ့်က “ရယ်စရာကောင်းတယ်” လို့ ပျက်ရယ်ပြုခဲ့တယ်။ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ “လွန်ကဲလွန်းတဲ့ အမေရိကန်ဆန့်ကျင်ရေး ဖြစ်တယ်” လို့ ထရမ့်က ဆိုတယ်။ သူ့ကုန်သွယ်ရေးမူဝါဒကို ငြင်းပယ်ခဲ့တဲ့ တရားသူကြီးတွေကို ထရမ့်က “စိတ်မနှံ့သူတွေ (Fools)” လို့ ရှုတ်ချပြောဆိုခဲ့တယ်။
နောက်ဆက်တွဲ ပြဿနာက အမေရိကန် ကုမ္ပဏီတွေနဲ့အတူ ကုန်သွယ်ရေးအဖွဲ့တွေဘက်က အစိုးရ ကောက်ခံထားတဲ့ အခွန်ငွေတွေကို ပြန်အမ်းပေးဖို့ တောင်းဆိုမယ်လို့လည်း ဆိုထားတယ်။ ဒေါ်လာဘီလီယံနဲ့ချီပြီး ငွေပြန်အမ်းရမယ့် ကိစ္စဟာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တဲ့အလျောက် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်တယ်လို့ ထရမ့်ကိုယ်တိုင် သတိပေးထားတယ်။ IEEPA ဥပဒေအရ အမေရိကန်နိုင်ငံဟာ အခွန်ကောက်ခံမှုကနေ ဒေါ်လာ ၁၃၀ ဘီလီယံထက်မနည်းကို ရထားပြီလို့ အစိုးရရဲ့ တရားဝင် အချက်အလက်တွေအရ သိရတယ်။
ထရမ့်ရဲ့ အခွန်မူဝါဒ အခြားလမ်းကြောင်းများ
တရားရုံးချုပ် ဆုံးဖြတ်ချက်ချအပြီး ထရမ့်က သူ့ရဲ့ အခွန်စည်းကြပ်ရေး အစီအစဉ်ကို ဆက်လက် ထိန်းသိမ်းဖို့ တခြား ဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြောင်းလဲအသုံးပြုမယ်လို့ ဆိုပြန်တယ်။ “တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်။ ဒါပေမဲ့ အရေးမကြီးပါ။ ကျွန်ုပ်တို့အဖို့ အလွန်အားကောင်းတဲ့ တခြားရွေးချယ်စရာတွေ ရှိပါတယ်။” လို့ ထရမ့်က ဆိုတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်က မိမိရဲ့ ကုန်သွယ်ရေး မဟာဗျူဟာတစ်ရပ်လုံးကို မဖျက်ဆီးနိုင်ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုနေတယ်။
ဒါပေမဲ့ တခြားဥပဒေတွေအရ လုပ်ဆောင်ရတဲ့အခါ လုပ်ရမယ့် လုပ်ငန်းစဉ်များမှာ အရေးပေါ်ဥပဒေ (IEEPA) နဲ့ နှိုင်းယှဉ်ရင် ပိုမိုရှုပ်ထွေးပြီး ဗျူရိုကရေစီဆန်ကြောင်းလည်း ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့တယ်လို့ ဆိုတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မိမိရဲ့ အာဏာကို “ထူးထူးကဲကဲ ကန့်သတ်လို့မရနိုင်ကြောင်း” ထရမ့်က အတည်ပြု ပြောကြားခဲ့တယ်။ နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု (Economic Embargo) အပြည့်အဝ ချမှတ်နိုင်သော်လည်း အခွန်ခ တိုးမြှင့်ခွင့်မရှိဘူးလို့ ဆိုခြင်းဟာ “အဓိပ္ပာယ်မရှိဘူး” လို့ ထရမ့်က ဆိုတယ်။
ထရမ့်ရဲ့ တုံ့ပြန်ချက်အရ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒကို အရှိန်နှေးစေမှာ ဖြစ်ပေမဲ့ အခြေခံလမ်းကြောင်းကို လုံးဝ မပြောင်းလဲနိုင်ဘူးလို့ ဒေါ်နယ်လ်ထရမ့်က စွဲစွဲမြဲမြဲ ယုံကြည်နေပုံရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ တရားရုံးချုပ်ရဲ့ အမိန့်တွေကို ထီမထင်တဲ့သဘော ပြောဆိုပြုမူနေတာ တွေ့ရတယ်။
အခြားတစ်ဖက်မှာလည်း ကွန်ဂရက်နဲ့ ဆီးနိတ် လွှတ်တော်နှစ်ရပ်ရဲ့ ကန့်ကွက်ဟန့်တားမှုတွေကို ထရမ့်ဟာ အလေးဂရုမပြုဘဲ သူ့သဘောနဲ့သူ သမ္မတအာဏာကို အလွဲသုံးနေတဲ့ သဘောတွေ့ရတယ်။ သူ့အစိုးရရဲ့ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးအားလုံးကလည်း သူလက်ညှိုးထောင်ရင် ခေါင်းငြိမ့်ကြရသူတွေချည်း ဖြစ်တယ်။ သူ့ကို စောင့်ကြည့်နေကြတဲ့ သတင်းမီဒီယာတွေကိုတော့ ဒေါ်နယ်လ်ထရမ့်က ရန်သူအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။ ဒီအခင်းအကျင်းတွေအရ ‘ဒေါ်နယ်လ်ထရမ့်’ ဟာ အာဏာရှင် (Autocrat) ဖြစ်ရေး စီမံကိန်းချ ဆောင်ရွက်နေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
References:
1. Is Trump’s Tariff Era Over? Feb 20, 2026, Newsweek.
2. Trump hikes global tariffs to 15% as the fallout from Supreme Court loss continues, THE CONVERSATION, February 22, 2026.
3. Supreme Court Strikes Down Most Of Trump’s Tariffs, By Diccon Hyatt Feb 20, 2026, Investopedia
4. Trump’s ‘Plan B’ On Tariffs Is Taking Shape: It’s More Tariffs, By Diccon Hyatt Feb 21, 2026, Investopedia


