ဘာလုပ်မလဲ အမေရိကန်
ဦးမိုး။ ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။
ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။
ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့ နျူကလီးယားစခန်းတွေကို ကြဲလိုက်သေးတယ် မဟုတ်လား။
ဦးတိုး။ ။ အဲ့ဒါပဲလေဗျာ။ အဲ့ဒီတုန်းက ကြဲလိုက်လို့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်က နှစ်တော် တော်ကြာ နောက်ဆုတ်သွားပြီလို့ ဆိုကြတယ်။ ဒါပေမဲ့ အခု ထရမ့်နဲ့ နေတန်ယာဟုတို့က အီရန်ကို “ယူရေနီယံ လုံးဝ (လုံးဝ) သန့်စင်ခွင့်မပြုဘူး” ဆိုတဲ့ မူဝါဒကြီးကို ကိုင်ထားတာ။ အီရန်က ဗုံးလုပ်ဖို့ တစ်ပတ်ပဲ လိုတော့တယ်ဆိုပြီး အမေရိကန် သံတမန်ကလည်း အော်နေသေးတယ်။
ဦးမိုး။ ။ ဒီမှာ ဦးတိုးရဲ့… အီရန်ဘက်ကလည်း ကြည့်ဦးလေ။ အခု အစိုးရက လူထုဆန္ဒပြပွဲတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အတော်လေးကို ယိုင်နဲ့နေတာ မဟုတ်လား။ ပြီးတော့ ဟို အကြီးအကဲကြီး ကလည်း အသက် ၈၇ နှစ်ဆိုတော့ ကလေးတွေပြောသလို သွားမရှုပ်နဲ့ သူ့ဟာနဲ့သူ ရှုပ်နေတာ ဆိုသလို ဖြစ်နေတာ မဟုတ်လား။
ဦးတိုး။ ။ အဲ့ဒါကိုပဲ ကျွမ်းကျင်သူတွေက စိုးရိမ်နေတာဗျ။ “စာချုပ်အသစ်ချုပ်မလား၊ စစ်ဖြစ်မလား” ဆိုပြီး ရွေးခိုင်းနေတဲ့အချိန်မှာ၊ အကယ်၍ အီရန်က အရှုံးပေးပြီး စာချုပ်ချုပ်လိုက်လို့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးလိုက်ရင်၊ ယိုင်နဲ့နေတဲ့ အီရန်အစိုးရက ငွေတွေအများကြီးရပြီး ပြန်တောင့်တင်း သွားလိမ့်မယ်။ အဲ့ဒါဆို အီရန်ပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်က ဝေးသွားမှာပေါ့။

ဦးမိုး။ ။ ဒါဆို ခင်ဗျားပြောချင်တာက စစ်တိုက်တာက ပိုကောင်းတယ်ပေါ့လေ?
ဦးတိုး။ ။ ဒီလိုလည်း မဟုတ်ဘူးဗျ။ စစ်ဖြစ်ရင်လိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်း တစ်ခုလုံး မီးဟုန်းဟုန်း တောက်သွားနိုင်တယ်။ အီရန်က ချောင်ပိတ်မိရင် အမေရိကန်တပ်တွေကို ပြန်ဆော်မှာ။ ပြီးတော့ အမေရိကန်က အာရှ-ပစိဖိတ်ဘက်မှာ တရုတ်ကို အာရုံစိုက်ရမယ့်အစား အဲ့ဒီမှာတင် ကျွံနေဦးမယ်။ ဝင်တိုက်ပြီး အီရန်အစိုးရကို ဖြုတ်ချနိုင်တယ်ဆိုဦးတော့ ဗင်နီဇွဲလားလို အမေရိကန်က ဝင်ပြီး သူ့နိုင်ငံရေးကို စီစဥ်ဘို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲဗျ။ အရေးကြီးဆုံးက အီရန်အစိုးရ ပြုတ်သွားရင်တောင် နောက်ထပ် ဘာဖြစ်လာမလဲဆိုတဲ့ အစီအစဉ်က ဘယ်သူ့မှာမှ မရှိဘူးဗျ။
ဦးမိုး။ ။ အင်း… ဒါဆိုရင်တော့ ရှုပ်တာပေါ့။ ပြီးခဲ့တဲ့ ဇွန်လက တိုက်လိုက်လို့ အချိန်လည်း ရထားပြီသားပဲကို၊ အခုမှ ဘာလို့ အသည်းအသန် စစ်ခင်းချင်နေရတာလဲ။
ဦးတိုး။ ။ အဲ့ဒါပဲလေ ကိုမိုးရာ… လောကကြီးမှာ အဖြေက အစွန်းနှစ်ဖက်ပဲ ရှိတာမဟုတ်ဘူး။ “အလျှော့ပေးတဲ့ စာချုပ်” လည်း မဟုတ်၊ “အလုံးစုံ ဖျက်ဆီးမယ့် စစ်ပွဲ” လည်း မဟုတ်ဘဲနဲ့… အီရန်အပေါ်မှာ ဖိအားကို ဆက်ပေးထားပြီး သူတို့ အချင်းချင်း ပြိုကွဲအောင် စောင့်ကြည့်တာက ပိုကောင်းမယ်လို့ ဆိုကြတယ်။ ခင်ဗျားပြောသလို “ဘာကြောင့် အခုမှ အလျင်စလို ဖြစ်နေရတာလဲ” ဆိုတဲ့ မေးခွန်းကပဲ အဓိကပဲဗျ။
ဦးမိုး။ ။ ကိုင်း… ကိုတိုးရေ၊ ခင်ဗျားရဲ့ နိုင်ငံတကာရေးရာတွေကတော့ ဗိုက်မဝပါဘူးဗျာ။ ကျွန်တော်တို့ ကိုယ့်ဗိုက်ကိုယ် ဖြည့်ကြဦးစို့။ ခင်ဗျား ဘာထပ်မှာဦးမလဲ။ ကျွန်တော်တော့ မနက်က စားထားတာလေး ဗိုက်ထဲမှာ မကျန်တော့လို့ တစ်ခုခုထပ်စားမှ ဖြစ်မယ်။ ဒါနဲ့ ဆက်မေးရရင်… ခင်ဗျားပြောတဲ့အထဲမှာ ထရန့်နဲ့ နေတန်ယာဟုက အီရန်ကို စာချုပ်ချုပ်ဖို့ တကယ်ရော စိတ်ပါရဲ့လား။ စာချုပ်ကို အကြောင်းပြပြီး အီရန်အစိုးရ ပြုတ်သွားအောင် နားရင်းအုပ်ဖို့ အကွက်ဆင်နေတာ မဟုတ်ဘူးလား။
ဦးတိုး။ ။ ခင်ဗျားမေးတာ အဓိကအချက်ပဲ ကိုမိုးရဲ့။ အခု အမေရိကန်ပြည်သူတွေကလည်း အီရန်အစိုးရကို မကြည်ကြဘူးဗျ။ ဘာလို့လဲဆိုတော့ အီရန်က ဟစ်ဇဘိုလာတို့၊ ဟားမတ်စ်တို့ကို ထောက်ပံ့နေတာကိုး။ ပြီးတော့ ထရန့်ကို လုပ်ကြံဖို့အထိ ကြံစည်ခဲ့တယ်ဆိုတဲ့ သတင်းတွေကလည်း ရှိနေတော့ အမေရိကန်တွေက အီရန်အစိုးရ ပြုတ်ကျသွားတာကို မြင်ချင်ကြတာပေါ့။

ဦးမိုး။ ။ ဒါပေမဲ့ ကိုတိုးရာ… အစိုးရပြုတ်အောင် စစ်တိုက်တာနဲ့ စီးပွားရေး၊ သံတမန်နည်းနဲ့ ဖိအား ပေးတာက တခြားစီ မဟုတ်လား။ စစ်ဖြစ်ရင် ခင်ဗျားပြောသလို ဒေသတစ်ခုလုံး မီးဟုန်းဟုန်း တောက်ကုန် မှာပေါ့။
ဦးတိုး။ ။ အဲ့ဒါကိုပဲ ကျွမ်းကျင်သူတွေက ထောက်ပြနေတာဗျ။ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို မြန်မြန်ဆန်ဆန် နိုင်ကောင်း နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က တိုက်ပွဲတွေကြောင့် အီရန်စစ်တပ်က အတော်လေး အားနည်းနေပြီလေ။ ဒါပေမဲ့ အီရန်က ချောင်ပိတ်မိသွားပြီး “သူသေ ကိုယ်သေ အကုန်သေ” ဆိုပြီး အမေရိကန်တပ်တွေကိုရော၊ ဘေးနားက အာရပ်နိုင်ငံတွေကိုပါ အသေအလဲ ပြန်တိုက်မှာ။ အဲ့ဒီကျရင် စစ်ပွဲက ရက်သတ္တပတ်တွေကနေ လတွေအထိ ကြာသွားနိုင်တယ်။
ဦးမိုး။ ။ အေးဗျာ… စစ်ပွဲက ကြာသွားရင် အမေရိကန်လည်း ဒုက္ခလှလှတွေ့မှာပေါ့။ ခင်ဗျား ခဏခဏပြောတဲ့ ဟို တရုတ်တို့ ဘာတို့ဘက်ကို အာရုံစိုက်ဖို့ကလည်း ဝေးသွားဦးမယ်။
ဦးတိုး။ ။ မှန်တယ်ဗျ။ နောက်ပြီး အခု အိမ်ဖြူတော်က အီရန်ခေါင်းဆောင်ပိုင်းတွေကို ဗုံးကြဲလိုက်လို့ သူတို့ပြုတ်သွားပြီ ဆိုပါတော့… နောက်ဘာလုပ်မလဲဆိုတဲ့ အစီအစဉ်က သူတို့မှာ မရှိဘူး။ အီရတ်တုန်းကလို အဖြစ်မျိုး ပြန်ဖြစ်မှာကို လူတွေက ကြောက်နေကြတာ။ အမေရိကန် မဲဆန္ဒရှင်တွေ ကလည်း “အဆုံးမရှိတဲ့ စစ်ပွဲတွေ” ကို ငြီးငွေ့နေကြပြီဗျ။
ဦးမိုး။ ။ နေပါဦး… အမေရိကန် သမ္မတ ထရမ့်ကတော့ အီရန်ပြည်သူတွေကို ကူညီချင်လို့ ဒီလိုလုပ်တာပါ ဆိုပြီး ပြောနေသေးတာ မဟုတ်လား။
ဦးတိုး။ ။ အဲ့ဒါကတော့ နိုင်ငံရေး စကားပါ မိုးရာ။ သူ တကယ်သာ အီရန်ပြည်သူတွေကို ကူညီချင်ရင် အီရန်က လူ့အခွင့်အရေးအဖွဲ့တွေကို ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကို ဘာလို့ ဖြတ်တောက်ပစ်ခဲ့လဲ ဆိုတာ စဉ်းစားစရာပဲ။ ဒါကြောင့် အခုကိစ္စက “ကြီးကျယ်တဲ့ စာချုပ်” နဲ့ “အင်အားပြင်းတဲ့ စစ်ပွဲ” နှစ်ခုထဲက တစ်ခုကို ရွေးရမှာ မဟုတ်ဘူးဗျ။
ဦးမိုး။ ။ ဒါဆို သူ ဘယ်လမ်းကို ရွေးသင့်သလဲ။

ဦးတိုး။ ။ အဓိကကတော့ မနှစ် ဇွန်လတုန်းက တိုက်ခိုက်မှုကြောင့် ရလာတဲ့ “အသာစီးရမှု” ကို ဘယ်လို အသုံးချမလဲဆိုတာပဲ။ အဲ့ဒီတုန်းက အီရန်ရဲ့ နျူကလီးယားစခန်းတွေကို ကြဲလိုက်လို့ အချိန်လည်း ရလာပြီ၊ အီရန်အစိုးရလည်း အားနည်းသွားပြီ။ အဲ့ဒီရလဒ်ကို အလဟဿ အဖြစ်မခံဘဲနဲ့ အီရန်အစိုးရကို ဆက်ပြီး ဖိအားပေးထားဖို့ပဲ လိုတာဗျ။ “ဇွန်လတုန်းက အခြေအနေထက် ဘာတွေများ ပိုထူးခြားလာလို့ အခုမှ အလျင်စလို စစ်တိုက်ချင်နေရတာလဲ” ဆိုတဲ့ မေးခွန်းကို အိမ်ဖြူတော်က အဖြေမပေးနိုင်မချင်းတော့… ဒီစစ်ပွဲက အကြောင်းပြချက် မခိုင်လုံဘူးလို့ ဆိုရမှာပဲဗျာ။
ဦးမိုး။ ။ အင်း… ကိုတိုးရေ… ခင်ဗျားပြောတာတွေ နားထောင်ရတာတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ အဝေးကြီးက အီရန်အရေးထက် ကျွန်တော်တို့ ရှေ့က မှာထားတာတဲ့ စားစရာတွေ အေးမသွားဖို့က ပိုအရေးကြီးတယ်ဗျ။ ကိုင်း… ကိုင်း… စားလိုက်ပါဦးဗျာ။
ဦးတိုး။ ။ နေဦး ဦးမိုးရဲ့… ကျွန်တော် ဖတ်ခဲ့တဲ့ ဆောင်းပါးမှာ ဆောင်းပါးရှင်က နောက်ဆုံးမှာ ဘာပြောထားလဲ ဆိုတော့ အခု အမေရိကန် ရှေ့မှာ ရှိနေတဲ့ လမ်းက “အီရန်နဲ့ အပေးအယူ စာချုပ်ချုပ် မလား” ဒါမှမဟုတ် “အသေအလဲ စစ်တိုက်မလား” ဆိုတဲ့ လမ်းနှစ်သွယ်တည်း ရှိတာတော့ မဟုတ်ဘူးတဲ့ဗျ။
ဦးမိုး။ ။ အော်… ဟုတ်လား။ နောက်ထပ် ဘာနည်းလမ်းရှိသေးလို့လဲ။
ဦးတိုး။ ။ ရှိတာပေါ့။ အဲ့ဒါကတော့ “လက်ရှိရထားတဲ့ အသာစီးကို ပညာရှိရှိ အသုံးချဖို့” ပဲ။ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လတုန်းက အီရန်ကို ဗုံးကြဲလိုက်တာဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကိုလည်း ထိခိုက်စေသလို၊ အီရန်အစိုးရကိုလည်း ပိုယိုင်နဲ့သွားစေတယ်။ အဲ့ဒီတိုက်ကွက်က အမေရိကန်အတွက် “အချိန်” နဲ့ “အသာစီး” ကို ဝယ်ပေးလိုက်တာပဲဗျ။
ဦးမိုး။ ။ အင်း… ဟုတ်ပါပြီ။ အဲ့ဒီတော့ ဘာဆက်လုပ်သင့်တယ်လို့ ဆိုလဲ။
ဦးတိုး။ ။ သူပြောတာကတော့ဗျာ… အခု အမေရိကန်က အသည်းအသန် စစ်တိုက်ဖို့ ဒါမှမဟုတ် အလျှော့ပေး စာချုပ်ချုပ်ဖို့ မလောသင့်ဘူး။ အီရန်အစိုးရက သူ့အလိုလို ပြည်တွင်းရေးပြဿနာတွေနဲ့ ပုပ်ပြီး ပျက်တော့မယ့် အနေအထားရှိတာကို၊ အခုမှ စစ်သွားတိုက်လိုက်ရင် အီရန်ပြည်သူတွေက မျိုးချစ်စိတ်ဓာတ်တွေ တက်ကြွပြီး အစိုးရနောက် ပြန်ပါသွားနိုင်တယ်။ ဒါကြောင့် စစ်မတိုက်ဘဲနဲ့ ဖိအားကိုပဲ တောက်လျှောက် ပေးထားဖို့ပေါ့ဗျာ။
ဦးမိုး။ ။ အင်းလေ… ဒါဆိုရင်တော့ ခင်ဗျားပြောတဲ့ “ဇွန်လတုန်းကထက် ဘာတွေ ထူးခြားသွားလို့ အခုမှ စစ်တိုက်ချင်နေတာလဲ” ဆိုတဲ့ မေးခွန်းက တော်တော်လေး အချက်ကျတာပဲ။
ဦးတိုး။ ။ အဲ့ဒါပဲ ဦးမိုးရာ။ အဲ့ဒီမေးခွန်းကို အမေရိကန်အစိုးရက အဖြေမပေးနိုင်မချင်းတော့ အခု စစ်ပြင်နေတာတွေက “အကြောင်းပြချက် မရှိတဲ့ ဇွတ်တရမ်းလုပ်ရပ်” ပဲ ဖြစ်နေမှာပေါ့။ ကိုင်း… ဒါပါပဲဗျာ။ ခင်ဗျား သိချင်တဲ့ အီရန်နဲ့ ထရမ့် သတင်းကတော့ ဒီမှာတင် အဆုံးသတ်ပြီ။ ကျန်တာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါလို့ပါ ပြောရတော့မယ်။
ဦးမိုး။ ။ ဟား ဟား ဟုတ်တယ် ဟုတ်တယ်။ ကဲ စားလို့ရပြီ။
ကိုးကား – America Doesn’t Need a Deal or a War With Iran, The Atlantic, 23rd Feb, 2026


