The Corner

The Corner

cropped-Logo_round_grey-background.png

ရှေ့ပြေး အီးဗွီ BYD (ဘီဝိုင်ဒီ)

Share မယ်

ကမ္ဘာ့ အီးဗွီကား ထုတ်လုပ်သူ ဘီဝိုင်ဒီ ရုံးချုပ်တည်ရှိရာ တရုတ်နိုင်ငံ ရှင်ကျန်းမြို့ကို လာရောက်လည်ပတ် လေ့လာသူ တွေဟာ ဘီဝိုင်ဒီက သူ့ရဲ့ အလန်းစား လုံခြုံရေး အစီအမံတွေ၊ သရုပ်ပြပွဲတွေကို ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဧည့်သည် လေ့လာသူတွေ မှန်အထူကြီး ကာထားတဲ့ အခန်းထဲကနေ သရုပ်ပြမြင်ကွင်းတွေကို ကြည့်ကြရမှာပါ။ လွန်ပူ ဖောက်စက်ကြီးနဲ့ လူကြားထဲမှာ ရေပန်းစားနေတဲ့ အီးဗွီကားများမှာ တပ်ဆင်တဲ့ ဘက်ထရီကို ထိုးဖောက် ပြတဲ့ အခါတိုင်း ဘက်ထရီတွေက ထ’ ပေါက်ကုန်ကြတယ်။ ဘီဝိုင်ဒီရဲ့ အကောင်းဆုံး နည်းပညာတစ်ခုဖြစ်တဲ့ “ဘလိတ်” လို့ အမည်ရှိတဲ့ ဘက်ထရီကို လွန်နဲ့ ဖောက်ရင်တော့ ရှေ့က ပြသွားတဲ့ ဘက်ထရီတွေလို ထ’ ပေါက်တာ၊ မီးလောင်တာတွေ မဖြစ်စေဘူးတဲ့။

ဘီဝိုင်ဒီဆိုတာ တကယ်တော့လည်း ဘက်ထရီ နည်းပညာနဲ့ ပွဲထွက်လာတာပါ။ ဘီဝိုင်ဒီရဲ့ တည်ထောင်သူ ဖြစ်သူ ဝမ်ချူဝန်ဖူးက တကယ်တော့ သိုသိပ်ပြီး တင်းကျပ်လွန်းလှတဲ့ အစ-အဆုံးကိုယ်တိုင်လုပ် မဟာဗျူဟာနဲ့ပဲ ဘီဝိုင်ဒီ အင်ပါယာကို တည်ထောင်ခဲ့တာပါ။ ဒီလုပ်ငန်းစဥ်တွေထဲမှာ လစ်သီယမ် အဆင့်ဆင့် ပြောင်းလဲရေး လုပ်ငန်းစဥ်ကနေ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ဉာဏ်ရည်တု မော်ဒယ်တွေအထိပါတယ်။ ဒီနှစ်မေလ ၂၈ ရက်နေ့မှာ မစ္စတာ ဝမ်က သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ တစ်ဝက်တစ်ပျက် လျှပ်ကူး ပစ္စည်းတစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ဒါဟာ အလိုအလျောက် ထိန်းချုပ် မောင်းနှင်ဖို့ အတွက် ကမ္ဘာပေါ်မှာ နောက်ဆုံးပေါ် စွမ်းအားမြင့် ပစ္စည်းတစ်ခုဖြစ်တယ်လို့လဲ ခပ်ကြွားကြွား ပြောသွားသေးတယ်။

အဆင့်ဆင့် ကြားခံ လူတွေ၊ ပွဲစားတွေ နည်းအောင်လုပ်ထားတာကြောင့် ဘီဝိုင်ဒီအနေနဲ့ အခြား ထုတ်လုပ်သူ တွေ မထိန်းချုပ်နိုင်တဲ့ ကုန်ကျစရိတ်တွေကို ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်လို့ အလွန် စျေးသက်သာတဲ့ အဆင့်မြင့်ပြီး ဝန်ကျဥ်းတဲ့ Seagull ကားမျိုးကို တရုတ်နိုင်ငံစျေးကွက်ကို ဒေါ်လာ တစ်သောင်း ဝန်းကျင်နဲ့ ရောင်းချ ပေးနိုင်ခဲ့တယ်။

BYD Seagull model (credit: BYD)

ဘီဝိုင်ဒီရဲ့ တင်းကျပ်လှတဲ့ အစ-အဆုံးကိုယ်တိုင်လုပ်စနစ်က အသစ်အသစ်တွေကို ပိုမိုထွက်လာစေဖို့ အလွန် အထောက်အကူဖြစ်နေတယ်လို့ သိရတယ်။ အဲဒီ စနစ်ထဲမှာ ပြဿနာတစ်ခုခု ကို ဖြေရှင်းကြဖို့အတွက် ဌာနဆိုင်ရာ အသီးသီးက အင်ဂျင်နီယာတွေဟာ အတူတကွ ပူးပေါင်းပြီး အဖြေရှာကြတယ်လို့ ဆိုတယ်။ အခြား ပြိုင်ဘက် ကားထုတ်လုပ်သူတွေ ပစ္စည်းမှာ မရလို့ ထုတ်လုပ်ရေး အခက်အခဲ ရှိနေချိန်မှာတောင် ဘီဝိုင်ဒီကတော့ အေးအေး ဆေးဆေးပဲ။ လုပ်ဆောင်ချက်မျိုးစုံနဲ့ မော်ဒယ်မျိုးစုံ ဝယ်သူသုံးစွဲသူတွေရဲ့ အလွှာပေါ်မူတည်ပြီး သူ့ရဲ့ သင့်တော်တဲ့ စျေးနဲ့ ရောင်းချပေးနိုင်ခဲ့တယ်။ မော်ဒယ်အသစ်တွေမှာလည်း ထူးခြားဆန်းပြားတာတွေကို ကြိုက်တဲ့ သုံးစွဲသူတွေ အတွက် သဘောခွေ့နိုင်စရာ လုပ်ဆောင်ချက်တွေ ထည့်ပေးတတ်သေးတယ်။ ဥပမာပြောရရင် ဘီဝိုင်ဒီရဲ့ ဇိမ်ခံကား တစ်မျိုးဖြစ်တဲ့ ရန်ဝမ်းကားသစ်တွေဟာ ရေပေါ်မှာ ပေါလောပေါ် နိုင်သလို လမ်းပေါ်မှာ ကျင်းတွေ ချိုင့်တွေရှိနေရင် ကျော်သွားနိုင်သေးတယ်။ နောက်ပြီး အဆင့်မြင့် ပရီမီယံ မော်ဒယ်တစ်မျိုးဖြစ်တဲ့ ဒန်ဇာ အမျိုးအစားမှာဆိုရင် ကားဟာ ကဏန်းလို ဘေးတိုက် မောင်းပြီး ကျပ်ကျပ်တည်းတည်း ပါကင်ထဲကို မောင်းဝင်နိုင်တဲ့ လုပ်ဆောင်ချက်ပါတယ်။ ဘီဝိုင်ဒီ ဆိုတဲ့ အမှတ်တံဆိပ်ကတော့ လူတန်းစားမရွေးအတွက် ထုတ်လုပ်ထားတာပါ။

ဘီဝိုင်ဒီ ကုမ္ပဏီရဲ့ မဟာဗျူဟာက သူတို့အတွက် တကယ်ကို အလုပ်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ဝင်ငွေ ဆယ်ဆအထိ တိုးတက်လာခဲ့တယ်။ မနှစ်ကဆိုရင် အမေရိကန်ဒေါ်လာ ၁၁၆ ဘီလီယံအထိ ကို ရောက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာဆိုရင် အီလွန်မတ်စ်ရဲ့ နာမည်ကျော် တက်စလာ ကို ကျော်ပြီး ဘီဝိုင်ဒီ ကားအစီးရေ ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ တည်ထောင်သူ မစ္စတာဝမ်ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာလည်း ဒေါ်လာ ၂၅ ဘီလီယံဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

သို့သော်လည်း သူတို့ရဲ့ အောင်မြင်ခဲ့တဲ့ စီးပွားရေး လည်ပတ်ပုံဟာ အားနည်းချက်ရှိတဲ့ လက္ခဏာတွေ ပြသ လာနေပါတယ်။ ၂၀၂၅ ခုနှစ်မှာ လုပ်ငန်းအမြတ်ဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့ပါတယ်  ဧပြီလမှာ ရောင်းအားဟာ ၂၀၂၄ နှစ် ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှစ်လဆက်တိုက် ထိုးကျသွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး နှစ်လမှာဆိုရင်တော့ ဂီးလီ ကုမ္ပဏီက သုံးနှစ်ကျော်ကြာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း အီးဗွီကား ရောင်းချသူအဖြစ် ရပ်တည်နေတဲ့ ဘီဝိုင်ဒီရဲ့ နေရာကို လွှဲပြောင်းရယူသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘီဝိုင်ဒီက နောက်ပိုင်း မှာတော့ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အီးဗွီကားလုပ်ငန်းတစ်ခုလုံးဟာ ပြင်းထန်လှတဲ့ ဈေးနှုန်းပြိုင်ဆိုင်မှုဒဏ်ကို အလူးအလဲခံရတော့ အမြတ်အစွန်းကို ဆိုးရွားစွာနဲ့ အလူးအလဲ ခံနေရပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ဈေးကွက်က ဆော့ဖ်ဝဲလ်စနစ်တွေနဲ့ ဖျော်ဖြေရေးလုပ်ဆောင်ချက်တွေအပေါ် ပိုမိုအာရုံစိုက်လာတဲ့အတွက် ဘီဝိုင်ဒီဟာ ခေတ်ရေစီးကြောင်းနဲ့ အနည်းငယ် ကွာဟနေသလို ဖြစ်စပြုလာနေပါတယ်။ ကားဝယ်ဖို့ စောင့်စားနေကြတဲ့ ဖောက်သည်အသစ် ဖြစ်လာမယ့် လူငယ်တွေဟာ တခြားအရာတွေအားလုံးထက် ကားဒက်ရှ်ဘုတ် ပေါ်က ကြီးမားတဲ့ ဖျော်ဖြေရေး စကရင်ကြီးကိုပဲ အရင် သေသေချာချာ စစ်ဆေး ကြပြီးမှ ဝယ်ဖို့ ဆုံးဖြတ်ကြပါတော့တယ်။ အိတ်စ်ပင်း နဲ့ လီ အော်တို လိုမျိုး ပြိုင်ဘက်ကုမ္ပဏီအချို့ဟာ အင်တာနက် နည်းပညာ လုပ်ငန်းရှင်ကြီးတွေက တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခြား မော်တော်ကား ထုတ်လုပ်သူတွေကတော့ နည်းပညာ ကုမ္ပဏီတွေနဲ့ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေကြပါတယ်။ ဥပမာအားဖြင့် ဗော်စ်ဝက်ဂွန် ကုမ္ပဏီဟာ အိတ်စ်ပင်း ဆီကနေ စနစ်ပိုင်းဆိုင်ရာ နည်းပညာ တွေကို ဝယ်ယူခဲ့တယ်။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး နည်းပညာကုမ္ပဏီကြီး ဟွာဝေးရဲ့ ကုမ္ပဏီခွဲ တစ်ခုက ဆိုရင် ကားထုတ်လုပ်သူ ကုမ္ပဏီ အနည်းဆုံး ငါးခုထက်မနည်းကို ဆော့ဖ်ဝဲလ်နဲ့ ဖျော်ဖြေရေး စနစ်တွေ ရောင်းပေးနေတယ်။ ဒါ့အပြင် ဟွာဝေးဟာ ခေတ်နောက်ကျပြီး ပုံတုံးတုံး နိုင်လှတဲ့ နိုင်ငံပိုင် JAC ကုမ္ပဏီကို အမေရိကန်ဒေါ်လာ တစ်သိန်းကျော် တန်ကြေးရှိတဲ့ “Maextro” လို့ခေါ်တဲ့ ဇိမ်ခံ အီးဗွီ အမှတ်တံဆိပ် အသစ်တစ်ခု စတင်မိတ်ဆက်နိုင်အောင်လည်း ကူညီပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဂီးလီကုမ္ပဏီဟာ နည်းပညာဆိုင်ရာ သဘောတူညီချက်တွေကို ဘာလာလာ အသုံးချနိုင်အောင် အဆက်မပြတ် လက်မှတ်ရေးထိုးနေပြီး ဥပမာ အလိုအလျောက်မောင်းနှင်စနစ်  အတွက် အေအိုင်နယ်ပယ်ကို အသစ် ဝင်ရောက် လာတဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ StepFun နဲ့လည်းကောင်း၊ Voice recognition ကားကို အသံနဲ့ ထိန်းချုပ် မောင်းနှင်နိုင်ဖို့ နောက်ထပ် အေအိုင် တစ်ခုဖြစ်တဲ့ iFlytek နဲ့လည်းကောင်း ပူးပေါင်းဆောင်ရွက်နေပါတယ်တဲ့။ ပြီးခဲ့တဲ့ စက်တင်ဘာလက သူတို့ဟာ တရုတ်ဆော့ဖ်ဝဲလ်တီထွင်သူ Thundersoft ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အေအိုင် မော်ဒယ်တွေအတွက် Computing platform တစ်ခုကိုပါ စတင်မိတ်ဆက်ခဲ့ပါတယ်။

ဘီဝိုင်ဒီ ကတော့ အရာရာ လိုသမျှ အားလုံးကို ကုမ္ပဏီတွင်းမှာတင် ကိုယ်တိုင် အစ-အဆုံးလုပ်ဆောင်တဲ့စနစ်ကိုပဲ ဆက်လက် ကိုင်စွဲထားပါတယ်။ ဘီဝိုင်ဒီရဲ့ အလိုအလျောက်မောင်းနှင်စနစ်ကို တီထွင်နေတဲ့ အဖွဲ့ထဲက ဝန်ထမ်း တစ်ဦးဖြစ်သူ မက်စ်ကျန်းက “အခြား မော်တော်ကားထုတ်လုပ်သူတွေဟာ နည်းပညာမြှင့်တင်မှုတွေ ပြုလုပ်ဖို့အတွက် ပြင်ပ ထောက်ပံ့ရေးကုမ္ပဏီတွေရဲ့ သဘောထားအတိုင်း လိုက်လျောနေရတတ်ကြောင်း” ထောက်ပြထားပါတယ်။ ဘီဝိုင်ဒီအတွက်ကတော့ အဲဒီလို ကိုယ်တိုင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိနေမှုကို ဆက်လက် ထိန်းသိမ်းထားခြင်းက အရေးအကြီးဆုံးပဲလို့ သူကပြောပြတယ်။

ဒါပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့စနစ် ဟာ ဘီဝိုင်ဒီရဲ့ အစ-အဆုံး ကိုယ်တိုင်ထုတ်လုပ်တဲ့ လုပ်ငန်း ပုံစံကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိသိသာသာ မြင်တွေ့လာရတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဒီလိုအချိန်မျိုးမှာ သက်တမ်းနုသေးတဲ့ တီထွင်မှု အသစ်တွေကို ထည့်သွင်းမယ်ဆိုရင် အမှားအယွင်းတွေကို ပြန်လည် ပြင်ဆင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဘီဝိုင်ဒီဟာ နည်းပညာ အပြည့်အဝမရင့်ကျက်သေးခင်မှာတင် ဈေးသက်သာတဲ့ မော်ဒယ်တွေအပါအဝင် ကားမော်ဒယ် တော်တော်များများမှာ ဒီစနစ်ကို အလျင်အမြန် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

ဒါကြောင့်လည်း ပြိုင်ဘက်တွေ ဆီကနေ တိုက်ရိုက် ဝေဖန်မှုတွေကို (ပုံမှန်မဟုတ်ဘဲ) ထူးထူးခြားခြား ကြုံတွေ့ ခဲ့ရတာပါ။ Huawei ရဲ့ အမှုဆောင် အရာရှိတစ်ဦးဖြစ်သူ ယွီချန်တုန်းက ” ကားတစ်စင်း ကောင်းမကောင်း အကဲဖြတ်တဲ့နေရာမှာ  ‘မောင်းလို့ရပါတယ်’ ဆိုတာနဲ့ ‘ဘေးကင်းစိတ်ချရတဲ့’ အသိဉာဏ်တုမောင်းနှင်စနစ် ဆိုတာ လုံးဝကို မတူညီတဲ့ အဆင့်အတန်းနှစ်ခု ဖြစ်တယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒီလိုမျိုး မှတ်ချက်မျိုးတွေကြောင့်လည်း ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ဘီဝိုင်ဒီ ရဲ့ ဥက္ကဋ္ဌ မစ္စတာဝမ် က “အလိုအလျောက် မောင်းနှင်တဲ့စနစ်ကြောင့် ဖြစ်ပွားတဲ့ မတော်တဆမှုတွေရဲ့ ဆုံးရှုံးမှုတွေကို ကမ္ဘာပေါ်မှာ ပထမဆုံး တာဝန်ယူပေးမယ့် ကုမ္ပဏီဟာ ဘီဝိုင်ဒီ ဖြစ်လာလိမ့်မယ်” လို့ ပြောကြားခဲ့တာ ဖြစ်နိုင်ပါတယ်။

BYD ထုတ်လုပ်တဲ့ Blade Battery (Credit: evpart4x4)

ယခုနှစ်အတွင်း သူတို့ရဲ့ ရုံးချုပ်ကို လာရောက်လည်ပတ်သူတွေဟာ သရုပ်ပြသမှုအသစ်တစ်ခုကို ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ အဲဒါကတော့ ကားပါကင်ထဲမှာ စပို့စ်ကား မော်ဒယ်တစ်စီးကို ဒရိုင်ဘာ စတီယာရင်ကိုလွှတ် ထားပြီး ကားက ခပ်ကြမ်းကြမ်း ဒိုးနပ်  သူ့အလိုအလျောက် ဝိုင်းပြနေတာပဲ ဖြစ်ပါတယ်။ ဒိုးနပ်လုပ်တယ်ဆိုတာ စတန့်ကားမောင်းနည်း တစ်မျိုးဖြစ်ပြီး ကားနောက်ဘီးကို စလစ်ဆွဲပြီး တစ်နေရာတည်း ဝိုင်းပတ်မောင်းပြတာပဲ ဖြစ်ပါတယ်။

BYD အနေနဲ့ သူတို့ရဲ့ ဘက်ထရီနည်းပညာက တခြားပြိုင်ဘက်တွေထက် ဆက်လက်သာလွန်နေဦးမယ်လို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးပေါ် အမြန်အားသွင်းနည်းပညာဟာဆိုရင် လျှပ်စစ်ကား (EV) တွေကို ဆယ်မိနစ်ဝန်းကျင်အတွင်းမှာတင် ဘက်ထရီအပြည့်နီးပါး အားဝင်စေနိုင်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုံးချုပ်မှာ ပြသထားတဲ့ စမ်းသပ်မှုတစ်ခုမှာဆိုရင် ဘက်ထရီရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့အတွက် EV ကားတစ်စီးလုံးကို အနုတ် ၃၀ ဒီဂရီစင်တီဂရိတ် ရှိတဲ့ အအေးဒဏ်အောက်မှာ အေးခဲအောင် လုပ်ပြထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘက်ထရီ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ CATL လိုမျိုး ပြိုင်ဘက်တွေကလည်း ဘီဝိုင်ဒီရဲ့ အောင်မြင်မှု တော်တော် များများကို လိုက်လံအတုယူ ထုတ်လုပ်နေကြပြီ ဖြစ်ပေမယ့် ဘီဝိုင်ဒီ ကတော့ သူတို့ ကိုယ်သူတို့ ခြေတစ်လှမ်း အမြဲသာ နေနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲပါ။သို့သော်လည်းပဲ အခုအချိန်မှာတော့ ဘက်ထရီနည်းပညာတစ်ခုတည်းနဲ့တင် ပြိုင်ဘက်တွေထက် အမြဲအသာစီးရနေဖို့က ပိုပြီးတော့ ခက်ခဲလာနေပြီ ဖြစ်ပါတယ်။

မူရင်း – BYD is losing its spark, The Economist, June 2026

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *