ဂယက် – ၁
ဒီဂယက်က ပန်းချီကားသက်တမ်း ၆၆ နှစ်နီးပါးအကြာမှာ ပေါ်ခဲ့တဲ့ဂယက်။ ပီကာဆို၏ ဂန္ထဝင်မြောက်လက်ရာက နှစ်ပေါင်းကာလအတန်ကြာသည်အထိ ဂယက်ရိုက်ဆဲ။ ဖြစ်ပုံက ဤသို့။
၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၊ လုံခြုံရေးကောင်စီအစည်းအဝေး၌ မိန့်ခွန်းပြောသည်။ သမိုင်းတွင်ရစ်သည့် မိန့်ခွန်း။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်က လူအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက် ပစ္စည်းများကို အင်အားတကြီး စုဆောင်းနေကြောင်း၊ အထူးသဖြင့် ဇီဝလက်နက်/ဓာတု လက်နက် များကို တိုး၍ ထုတ်လုပ်နေကြောင်း၊ အီရတ်ခေါင်းဆောင်များလက်ဝယ်ရှိ ယင်းလက်နက်များသည် ဒေသဆိုင်ရာလုံခြုံမှုကိုသာမက ကမ္ဘာကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက် နေကြောင်း ပြောသည်။ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို အမေရိကန်အစိုးရက စိုးရိမ်တာ နည်းနည်းပဲဖြစ်မည်။ တကယ့်တကယ်က အီရတ်ကို ဝင်တိုက်ဖို့ အစပျိုးနေ၊ လမ်းကြောင်း နေတာ။
အဲဒီအချိန် သမ္မတ ဂျော့ချ်ဘုရှ်အစိုးရက အီရတ်ကို ဝင်တိုက်ဖို့ ဆုံးဖြတ်ပြီးဖြစ်နေပြီ။ ဒီစစ်ပွဲကြီးက နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာတစ်ရပ်ကို ဖြိုချခဲ့သည်သာမက အပြစ်မဲ့ အရပ်သူ အရပ်သား များစွာ၏ အသက်နှင့်ဘဝကို ချေမှုန်းဝါးမျိုသွားသည်။ ၂၀၀၃ ခုနှစ် မတ်လ အီရတ်စစ်ပွဲကြီး မစမီ ဖေဖော်ဝါရီလဆန်းကတည်းက အီရတ်နိုင်ငံသားများ၏ ကံကြမ္မာကို အင်အားကြီးနိုင်ငံတစ်ခုက ကြိုတင်စီရင် ဆုံးဖြတ်ချက်ချထားနှင့်ခဲ့ပြီကော။
ကောလင်းပါဝဲလ်က သူ့မိန့်ခွန်းတွင် –
“မိတ်ဆွေများခင်ဗျား … ဒီနေ့ ကျွန်တော်ပြောခဲ့သမျှတိုင်းမှာ အထောက်အထားများစွာ ရှိပါတယ်။ အလွန်အင်မတန် ခိုင်မာတဲ့ အထောက်အထားတွေပါ။ မိမိဘာသာ မိမိမှန်ကန်ကြောင်း ခိုင်ခိုင်မာမာ တင်ပြနေတဲ့ အဆိုတွေမဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့ တင်ပြနေတာတွေက ခိုင်လုံတဲ့ ထောက်လှမ်းရေး သတင်းတွေအပေါ် အခြေခံပြီး ချထားတဲ့ ကောက်ချက်တွေ၊ အချက်အလက်တွေ ဖြစ်ပါတယ်” ဟု မျက်နှာပြောင်ပြောင် ပြောကြားခဲ့သည်။
ကောလင်းပါဝဲလ်တစ်ယောက် မျက်နှာပြောင်ပြောင်နှင့် မိန့်ခွန်းပြောရဲသော်လည်း ပီကာဆို၏ ဂါးနီးကား (Guernica) ပန်းချီကားကြီးကိုတော့ဖြင့် သူမျက်နှာပြောင်ပြောင် ရင်ဆိုင်ရဲဟန်မတူ။ လုံခြုံရေးကောင်စီအစည်းအဝေးအပြီး သတင်းစာ၊ မီဒီယာသမားများနှင့် တွေ့ဆုံပြီး မေးခွန်းတွေ ဖြေရသည်။ ထိုနေ့က သတင်းထောက်တွေ မကြုံစဖူး လာကြသည်။ သူတို့က လျင်သည်။ စစ်ပွဲနံ့ ရထားဟန်တူသည်။
သတင်းစာရှင်းလင်းပွဲလုပ်သည့်နေရာက ကောင်စီခန်းမအပြင်ဘက် ဝင်ပေါက်တံခါးဘေးက ကွက်လပ်မှာ ဖြစ်သည်။ ထိုနေ့က သတင်းထောက်တွေ၊ ရုပ်သံဆရာတွေ များလွန်းလှတာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်နေကျနေရာနှင့် မဆန့်တော့ပြီ။ ထို့ကြောင့် သူတို့လူစု ဂါးနီးကား ပန်းချီကား ကြီးကို နံရံပြည့်ချိတ်ဆွဲထားသည့် နေရာအထိ ရောက်သွားသည်။ ဒီပန်းချီကားက ပီကာဆို ၏ မူရင်း လက်ရာမဟုတ်။ သူ့ပန်းချီကားအတိုင်း ထိုးထားသည့် ဂုန္ထန်ထိုးချည်ထည် ပန်းချီကား ကြီး။ ပန်းချီက မူလလက်ရာလို အဖြူ၊ အမည်း၊ အညိုသက်သက် မဟုတ်တော့ဘဲ အညိုနှင့် အညိုဖျော့ဖျော့ အရောင်တွေ သုံးထားသဖြင့် မူရင်းလက်ရာလို အမြင်အာရုံကို ထိချက်ပြင်းပြင်းနှင့် ရိုက်ခတ်မှု (graphic impact/punch) မရှိတော့ဟု ဝေဖန်ကြသည်။ မည်သို့ဆိုစေ ဒီပန်းချီကားကြီးက ကမ္ဘာ့ ကုလသမဂ္ဂ ကြွေးကြော်သံတစ်ခုဖြစ်သည့် စစ်ဆန့်ကျင်ရေးနှင့် တစ်ထပ်တည်းကျသည်။ အမေရိကန် သန်းကြွယ်သူဌေး နယ်လ်ဆင်ရော့ခ်ဖဲလား၏ အလှူ။
လုံခြုံရေးကောင်စီအစည်းအဝေး၌ ကောလင်းပါဝဲလ် မိန့်ခွန်းပြောမည့်နေ့တွင် ယင်းပန်းချီကားကြီးကို အပြာရောင်ကန့်လန့်ကာနှင့် ဖုံးထားသည်ကို တွေ့ရသည်။ ကန့်လန့်ကာပေါ်တွင် ကောင်စီအဖွဲ့ဝင်များ၏ နိုင်ငံတော်အလံတံဆိပ်များ ကပ်ထားသည်။ သတင်းထောက်တွေ၊ အထူးသဖြင့် ရုပ်မြင်သံကြား သတင်းထောက်တွေ ရုပ်သံမှတ်တမ်းတင်သည့်အခါ နောက်ခံက ပြောင်ဖြစ်နေမှ အဆင်ပြေမှာဖြစ်လို့ အပြာစနှင့် ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း၊ အခြားအကြောင်းထူးမရှိကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူက သူတို့လုပ်ရပ်ကို ကာကွယ်ပြောဆိုသည်။ ကုလသမဂ္ဂရှိ အမည်မဖော်လိုသည့် သံအရာရှိ တချို့ကမူ ဤသို့လုပ်ဆောင်ရန်အတွက် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂ အရာရှိများကို မသိမသာ ဖိအားပေးသည်ဟု ယုံကြည်ကြောင်း ဖွင့်ပြောသည်။

Credit: V&R eLibrary, Germany
ကောလင်းပါဝဲလ်ဖြစ်စေ၊ အခြားအမေရိကန်သံတမန်တစ်ဦးဦးဖြစ်စေ သတင်းထောက်များအား အီရတ်စစ်ပွဲ ဆင်နွှဲဖို့ကိစ္စကို ရှင်းလင်းပြောကြားရာ၌ စစ်ဆန့်ကျင်ရေးသရုပ်ပြ ဂါးနီးကား ပန်းချီကား ကြီးကို နောက်ခံထား၍ ပြောလိုဟန်မတူဟု သုံးသပ်ကြသည်။ နောက်ကျောမလုံတာ ဖြစ်မည်။ နယူးယောက်ကာ မဂ္ဂဇင်းအယ်ဒီတာက မတ်လ ၁၇ ရက်နေ့ထုတ် မဂ္ဂဇင်းတွင် ဂါးနီးကားပန်းချီကို မျက်နှာဖုံးတင်သည်။ သူတို့က ရိုးရိုးမတင်၊ ပန်းချီကားကြီးအပေါ် ကန့်လန့်ကာ ကျလာပုံ ဒီဇိုင်းထုတ်ပြီး တင်တာ။ ကန့်လန့်ကာအရောင်က အနီရင့်ရင့်။ ကောလင်းပါဝဲလ်တို့အဖွဲ့ကို ညွှန်းတာလည်း ပါမည်။ စစ်/စစ်ပွဲက စစ်ဆန့်ကျင်ရေးအပေါ် အနိုင်စီးသွားပုံကို ညွှန်းတာဖြစ်မည်။ ဒီဇိုင်းဆရာက ဟယ်ရီ ဘလစ်စ်။

Credit: New Yorker
စပိန်စစ်အာဏာရှင်ဝါဒ/နာဇီစစ်ဝါဒကို တုံ့ပြန်အန်တုခဲ့သည့် ပန်းချီကားကြီးက ဗိုလ်ကျစိုးမိုးရေး၊ လက်နက်ကိုင် အနိုင်ကျင့်ရေးလမ်းစဉ်ကိုင်စွဲထားသည့် ခေတ်သစ်နယ်ချဲ့ဝါဒကို ဆန့်ကျင်တုံ့ပြန် ဆန္ဒပြရာမှာလည်း အသုံးတည့်နေသေးတာ တွေ့လိုက်ရသည်။ အမေရိကန်-အီရတ်အရေးအပေါ် ဂါးနီးကားက လှမ်းပုတ်လိုက်သည့် လှိုင်းဂယက်တစ်ခုဟု ဆိုရမည်။
ဂယက် – ၂
၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁၆-၁၈ ရက်အတွင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ရှိ ဆာဘရာနှင့် ရှက်တီလာဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ပါလက်စတိုင်းစစ်ဘေးဒုက္ခသည်များအား သတ်ဖြတ်မှု ကြီး ဖြစ်ပွားခဲ့သည်။ အမျိုးသမီးများ၊ ကလေးများပါမကျန် သတ်ဖြတ်ခဲ့သည့် လူသတ်ပွဲကြီးဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်သူများမှာ ခရစ်ယာန်လက်ဘနွန်ဖလန်းဂျစ် (ပြည်သူ့စစ်) များဖြစ်သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ အစောင့်အရှောက်အောက်တွင် ရှိနေသည့်ကြားက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အရပ်သူအရပ်သားဦးရေ ၄၆၀ နှင့် ၃၅၀၀ ကြားဟု ခန့်မှန်းကြသည်။
ဒီလူသတ်ပွဲကြီးအကြောင်း ပြင်သစ်စာရေးဆရာ ဂျင်းဂျဲနက် (၁၉၁၀-၁၉၈၆) က “ရှက်တီလာမှာ လေးနာရီကြာ” အမည်ရှိ အက်ဆေးတစ်ပုဒ်ရေးသည်။ လူသတ်ပွဲကြီး ဖြစ်ပွားချိန် ဂျဲနက်က ဘေရွတ် ရောက်နေသည်။ စခန်းအတွင်းသို့ ပထမဦးဆုံး ဝင်ရောက်ကြည့်ရှုခွင့်ရသူတွေထဲ သူပါသွားသည်။ သူက ဤသို့ရေးသည်။ –
“ဓာတ်ပုံက ယင်ကောင်တွေကိုရော၊ သေခြင်းရဲ့ ထူပြစ်ပြစ် အဖြူရောင်အနံ့ကိုရော မဖော်ကျူး နိုင်ပါဘူး။ အလောင်းတစ်ခုကနေ နောက်အလောင်းတစ်ခုဆီ ခင်ဗျား လျှောက်လှမ်းသွားတဲ့အခါ ခန္ဓာကိုယ်တွေအပေါ် ခုန်ကျော်သွားရတာကိုလည်း ဓာတ်ပုံက မပြနိုင်ပြန်ဘူး ….. အတော် ရက်စက် ကြမ်းကြုတ်တဲ့ ပွဲကြီးတစ်ခု ဒီနေရာမှာ ဖြစ်ခဲ့ပါတယ်“

Credit: Wikipedia
ဒီအက်ဆေးဖတ်လိုက်ရသူတွေထဲ ဗြိတိန်တွင် နေထိုင်လျက်ရှိသော အီရတ်လူမျိုး ဒီယာအယ်လ်အဇာဝီ (Dia Al-Azzawi) လည်း ပါသည်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်၌ ၁၉၃၉ ခုနှစ်တွင် မွေးဖွားခဲ့သော အယ်လ်အဇာဝီက အီရတ်အနုပညာလောက၏ သက်ရှိထင်ရှား သြဇာအကြီးမားဆုံး အနုပညာရှင် တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။ အီရတ်နိုင်ငံအတွင်း မော်ဒန်ပန်းချီနှင့် မင်နှိပ်ဒီဇိုင်း ပေါ်ထွန်းလာရေးအတွက် ဦးစီးဦးဆောင်ပြုသူ။ ရိုးရာ ဆူမားရီးယား၊ ဆီးရီးယားနှင့် အစ္စလာမ်အခြေခံ ယဉ်ကျေးမှုလက်ရာထဲ ခေတ်သစ်စိတ္တဇပန်းချီ ပေါင်းစပ်ထည့်သွင်းရန် အားထုတ်သူအုပ်စုထဲတွင် ပါဝင်သူ။ သူတို့အဖွဲ့က အီရတ် သို့မဟုတ် အာရပ်ပုံရိပ်/ရနံ့ကို အနုပညာဖြင့် ဖော်ထုတ်တင်ပြရန်၊ မော်ဒန်ပန်းချီထဲ ကယ်လီဂရပ်ဖီ (Calligraphy) ခေါ် လက်ရေးအလှ ထည့်သုံးရန် ကြိုးစား နေကြ သူတွေ။
ဒီ ဆာဘရာ/ရှက်တီလာ လူသတ်ပွဲကြီးကို သူဘယ်လို ဖော်ကျူးမလဲ။ ကမ္ဘာ့ပြည်သူတွေကို ဘယ်လို တင်ပြမလဲ။ ဒီစခန်းတွေထဲ ဖြစ်ပျက်ခဲ့တဲ့ ဝရုန်းသုန်းကားဖြစ်တာတွေ၊ ထိတ်လန့် ချောက်ချားစရာ တွေကို စိတ္တဇတစ်ပိုင်းပန်းချီနည်းဖြင့် သရုပ်ဖော်မည်။ နီးဝေးအမြင် (perspective) ကို လျှော့ ထား မည်။ သူပန်းချီဆွဲသည့်နေရာက လန်ဒန်ဆင်ခြေဖုံး ဟိုက်ဂိတ်ဒေသက သူ့စတူဒီယိုမှာ။ ဒီကားကို လအတန်ကြာ (၁၉၈၂-၈၃) သူဆွဲရသည်။ ပီကာဆို၏ ဂါးနီးကားပန်းချီကားစတိုင်ကို ယူပြီးဆွဲခဲ့တာဟု ပြောသည်။ အဇာဝီ၏ကားက ပီကာဆို၏ကားထက် လူတွေ၊ ပစ္စည်းတွေ ပို၍ ပူးကပ်ကြပ်ညှပ် နေသည်။ ပန်းချီကားတစ်နံတစ်လျားကြီးပင်လျှင် မြင်ကွင်း၏ ကြောက်လန့်တုန်လှုပ်ဖွယ်ဖြစ်မှုအတွက် နေရာမဆန့်သလို ဖြစ်သွားသည်။ ခန္ဓာကိုယ်အပိုင်းအစတွေ၊ အဆောက်အအုံပစ္စည်းတွေ၊ အိမ်တွင်း မြင်ကွင်းအသေးစိတ်တွေ၊ တိရစ္ဆာန်တွေ၊ ဗုံးတွေ အားလုံးနေရာမလပ် ထူထူထဲထဲ သိပ်သိပ် သည်းသည်း ဖြစ်အောင် ခြယ်မှုန်းထားသည်။
ဒီကားရေးရာမှာ သူရေးနေကျ တခြားကားတွေမှာလို ရောင်စုံမရေးခြယ်ဘဲ အနက်နှင့် မီးခိုးရောင်ကိုပဲ အဓိကထားသုံးသည်။ တစ်ချီတစ်ချီမှပဲ မြေကြီးရောင်၊ သွေးနီရောင်သုံးသည်။ အရောင်ကို ချွေတာ သုံးစွဲထားသဖြင့် ပန်းချီကားကျယ်ကြီးထဲက မြင်ကွင်းက ပိုလို့ ထိတ်လန့်စရာ ဖြစ်သွားသည်။ သူ့ပန်းချီက အပိုင်းခြောက်ပိုင်းပါသည်။ ကင်းဗတ်စပေါ် ရေးထားခြင်းမဟုတ်ဘဲ စက္ကူပေါ် ဘောပင်နှင့် ခဲတံနှင့် ရေးခြယ်ထားခြင်းဖြစ်ပြီး ယင်းတို့ကို ကင်းဗတ်စပေါ် ကပ်ထားခြင်းဖြစ်သည်။
ဤပန်းချီကားကို လန်ဒန်ရှိ တိတ် (Tate) ပန်းချီပြတိုက်တွင် ပြသထားသည်။ “the Guernica of the Arabs” (အာရပ်တွေရဲ့ဂါးနီးကား) ဟု လူသိများသည်။ ဒီပန်းချီကားက ပီကာဆို၏ လက်ရာနှင့် ယှဉ်လိုက် လျှင် သေးနေသည်။ အလျား x အနံ (၂၄.၆ ပေ x ၉.၈ ပေ)။ ဤပန်းချီကားကိုလည်း အများပြည်သူ အလွယ်တကူ ကြည့်ရှုခံစားနိုင်စေရန် ဂုန္တန်ထိုးပန်းချီကားအဖြစ် ရက်လုပ်ထားသည်။
ပီကာဆို၏ ဂါးနီးကားဂယက်က ကာလလွန်၊ ဒေသလွန်ဆိုတာ သေချာသွားပြီ။ သူ့ဂယက်က ၂၁ ရာစုတိုင် လိုက်လာသည်။ အနောက်ကမ္ဘာကိုသာမက အာရပ်ကမ္ဘာအထိ ဤဂယက်ရိုက်ခတ် ပျံ့နှံ့သွားသည်။
နောက်ဆုံးဂယက်
“သမိုင်းသင်တာ မအအောင်လို့” ဆိုတာက သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း၏ လူသိများသည့် နှုတ်ထွက်စကား။ ကျွန်တော်တို့တတွေ သမိုင်းမတတ်လို့ အနေဖျင်းနေတာဟု ဆရာကြီး ဆိုချင် လေသလား။ ကျွန်တော် ဆရာကြီးကို အထွန့်တက်လိုက်ဦးမည်။ ကဲ .. ကျွန်တော်တို့တတွေ သမိုင်းမတတ်လို့ အ, တယ်ပဲ ဆိုပါစို့ရဲ့။ သမိုင်းမတတ်တာ ကျွန်တော်တို့တင်ပဲလား။ တခြားနိုင်ငံ တခြားလူမျိုးတွေကော ဒီထဲမပါဘူးလား။ (ဒီနေရာမှာ ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင် ပြောတာ ကြားယောင်မိ။ “မင်းတို့ကို ညံ့တယ်ပြောလိုက်ရင် မင်းတို့က သူများတွေလည်း ညံ့တာပဲလို့ပြောပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြတယ်။ ရသေ့စိတ်ဖြေလုပ်ကြတယ်။ ကိုယ်တော်အောင်၊ တတ်အောင် ကြိုးစားမယ်တော့မရှိဘူး” ဆိုသည့်စကား။ ဤကား စကားချပ်)
ကဲ .. ကျွန်တော့်အဆိုကို ဂါးနီးကားနှင့် သက်သေထုတ်ကြည့်ရအောင်။
၁၉၉၁ ခုနှစ်က ဥရောပနိုင်ငံကြီးတစ်ခု၏ စစ်သားသစ်စုဆောင်းရေးပိုစတာတွင် ဂါးနီးကား ပန်းချီ ကားချပ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ ပန်းချီကားနှင့် ယှဉ်လျက်ရေးသားသည့် ကြွေးကြော်သံ တစ်ခုက “ရန်သူရဲ့ ရန်လိုတဲ့ ပုံရိပ်တွေဟာ စစ်ပွဲရဲ့ ဖခင်တွေပဲ” တဲ့။ (“Hostile images of the enemy are the fathers of war.”) ရန်သူ၏ ရန်လိုသော ပုံရိပ်တွေက စစ်ပွဲကို ပေါက်ဖွားစေသည့် မျိုးစေ့တွေ ဟူလို။
အဲဒီဥရောပနိုင်ငံက ဂျာမနီနိုင်ငံပါခင်ဗျာ။ ဂါးနီးကားထဲ ပြထားတာက ရန်လိုသည့် ရန်သူ့ပုံရိပ်တွေ မဟုတ်ပေဘူးဗျ။ အခါတစ်ပါး သူတို့လေတပ်မတော်ကြီးက တစ်ပါးနိုင်ငံနှင့် အရပ်သား ပြည်သူတွေအပေါ် စိစိညက်ညက် ဗုံးကြဲဖျက်ဆီးခဲ့သည့် ရလဒ်တွေ၊ အနိဋ္ဌာရုံပုံရိပ်တွေ။ ဒီသမိုင်းကြောင်းကိုတောင် သက်ဆိုင်ရာ ပုဂ္ဂိုလ်အဆင့်ဆင့်က မသိကြတော့ပြီတဲ့။ ဒီအကြောင်း ထောက်ပြသည့်အခါ ခမျာများ အံ့သြသွားကြသည်တဲ့။ သူတို့ကြောင့် ထခဲ့ရသည့်ဂယက် နောက်ဆုံး တစ်နေ့ သူတို့ဆီ ပြန်ဆိုက်သွားတာပ။ ကြမ္မာရဟတ် တစ်ပတ်လည်ခြင်းပါပဲ။
ကဲ .. သမိုင်းမတတ်တာ ကျွန်တော်တို့ချည်းသာ မဟုတ်ကြောင်း၊ အဖော်အလှော်တွေ ရှိကြောင်း ကျွန်တော့်ရဲ့ သက်သေထုတ်ချက် ဤတွင် ရွေ့ပြီးဆုံးပါပြီ။
(၁၄ မတ် ၂၀၂၃။ ၂၁ စက်တင်ဘာ ၂၀၂၄)

Credit: tate.org.uk
စာညွှန်း။
- https://www.aljazeera.com/opinions/2021/10/25/powell-and-picasso-who-did-guernica
- https://www.wsws.org/en/articles/2003/02/guer-f08.html
- https://www.theartnewspaper.com/2003/03/01/why-did-the-united-nations-cover-up-picassos-guernica
- https://slate.com/news-and-politics/2003/02/what-s-behind-the-u-n-cover-up-of-picasso-s-guernica.html
- https://www.tate.org.uk/art/artworks/al-azzawi-sabra-and-shatila-massacre-t14116
မှတ်စု
၁၉၉၁ ခုနှစ်က ဂျာမန်စစ်တပ် (Bundeswehr) အသုံးပြုခဲ့သော အငြင်းပွားဖွယ်ရာ စစ်သားသစ် စုဆောင်းရေးပိုစတာနှင့် သက်ဆိုင်သည့် အချက်အလက်များကို Gemini မှ ရှာဖွေတင်ပြလိုက်ပါသည်။
ဒီပိုစတာမှာ ပီကာဆိုရဲ့ ဂါးနီးကား ပန်းချီကားကို နောက်ခံထားပြီး အောက်ခြေမှာ “Feindbilder sind die Väter des Krieges” (ရန်သူ့ပုံရိပ်တွေဟာ စစ်ပွဲရဲ့ ဖခင်တွေဖြစ်တယ်) ဆိုတဲ့ စာသားကို ရေးသား ပါတယ်။ ဒီပိုစတာဟာ ထွက်လာကတည်းက ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရတာပါ။ အဓိကကတော့ နာဇီဂျာမနီရဲ့ လေတပ်ကြောင့် ပျက်စီးသွားရတဲ့ မြို့တစ်မြို့ရဲ့ အနိဋ္ဌာရုံကို သရုပ်ဖော်ထားတဲ့ ပန်းချီကားကို ဂျာမန်စစ်တပ်ကပဲ ပြန်ပြီး ဝါဒဖြန့်ချိရေးမှာ သုံးစွဲတာဟာ သမိုင်းကို ပြက်ရယ်ပြုရာ ရောက်တယ်လို့ အများက ယူဆခဲ့ကြလို့ ဖြစ်ပါတယ်။
ဒါဟာ သမိုင်းရဲ့ ခါးသီးလှတဲ့ သရော်ချက်တစ်ခုပါပဲ။ ဂျာမနီစစ်တပ်က ဒီစာသားနဲ့ ဂါးနီးကား ပန်းချီကားကို ပိုစတာမှာ သုံးခဲ့တာဟာ အတော်လေးကို အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ပညာရှင်တွေရဲ့ ဝေဖန်ချက်သုံးခုကို တင်ပြပေးပါမယ်။
၁။ သမိုင်းကို မေ့လျော့ခြင်း (Historical Amnesia)
ဂါးနီးကားပန်းချီကားဟာ ၁၉၃၇ ခုနှစ်မှာ ဂျာမန် နာဇီလေတပ်က စပိန်နိုင်ငံ ဂါးနီးကားမြို့လေးကို ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ဆွဲထားတာပါ။ ဂျာမန်စစ်တပ်က သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုကို ဖော်ပြနေတဲ့ ပန်းချီကားကို သုံးပြီး “ရန်သူ့ပုံရိပ်တွေက စစ်ပွဲကို ဖြစ်စေတာ” လို့ ပြောတာဟာ “လူသတ်သမားက လူသတ်မှုကို ဆန့်ကျင်ကြောင်း တရားဟော နေသလို” ဖြစ်နေပါတယ်။ ဒါကို သမိုင်းကြောင်းကို သေချာမသိဘဲ (သို့မဟုတ်) သိရက်နဲ့ လျစ်လျူရှုပြီး သုံးစွဲခဲ့တာလို့ ဝေဖန်ကြပါတယ်။
၂။ ပုံရိပ်ကို အသုံးချခြင်း (Co-opting Art)
ဂျာမနီစစ်တပ်ရဲ့ ရည်ရွယ်ချက်ကတော့ “ငါတို့က အရင်လို ကျူးကျော်စစ်တိုက်တဲ့ စစ်တပ် မဟုတ်တော့ဘူး၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ စစ်တပ်ဖြစ်သွားပြီ” ဆိုတာကို ပြချင်တာပါ။ ဒါပေမဲ့ စစ်ဆန့်ကျင်ရေး သင်္ကေတအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အနုပညာလက်ရာတစ်ခုကို စစ်သားသစ်စုဆောင်းရေး (စစ်တပ်အင်အားချဲ့ထွင်ရေး) မှာ ပြန်သုံးတာဟာ အနုပညာရဲ့ အနှစ်သာရကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြပါတယ်။
၃။ စိတ်ပညာအရ ခုခံကာကွယ်ခြင်း (Psychological Defense)
“ရန်သူ့ပုံရိပ်တွေက စစ်ပွဲရဲ့ ဖခင်တွေ” ဆိုတဲ့ စာသားဟာ တစ်ဖက်သတ် ဆန်နေပါတယ်။ စစ်ပွဲဟာ ပုံရိပ်တွေကြောင့်တင် ဖြစ်တာမဟုတ်ဘဲ ကျူးကျော်လိုစိတ်၊ အာဏာမက်မောမှုနဲ့ ဗုံးကြဲ တိုက်ခိုက်မှု တွေကြောင့် ဖြစ်တာပါ။ ဒီစာသားကို သုံးခြင်းအားဖြင့် ဂျာမနီက သူတို့ရဲ့ အတိတ်က လုပ်ရပ်တွေကို “ဒါဟာ ပုံရိပ်တွေ မှားယွင်းမှုကြောင့် ဖြစ်သွားတဲ့ စစ်ပွဲပါ” ဆိုပြီး အပြစ်ကို လျှော့ချချင်တဲ့ သဘောမျိုး သက်ရောက်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
ခြုံငုံသုံးသပ်ချက်
အနုပညာဟာ တခါတရံမှာ နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ သူတို့အလိုရှိသလို ပုံဖော် ခံရတတ် ပါတယ်။ ဂါးနီးကားပန်းချီကားကြီးခမျာ ကုလသမဂ္ဂမှာ ကန့်လန့်ကာနဲ့ ဖုံးအုပ်ခံရပြီး ဂျာမနီမှာတော့ သူ့ရဲ့ မူလအဓိပ္ပာယ်ကို ပြောင်းပြန်လှန်ပြီး အသုံးချခံခဲ့ရပါတယ်။ ဒါဟာ အာဏာရှိတဲ့ အဖွဲ့အစည်း တွေက အနုပညာကို သူတို့ရဲ့ “မှားယွင်းတဲ့ ဝါဒဖြန့်ချိရေး” အတွက် ဘယ်လိုသုံးတတ်သလဲ ဆိုတာကို ပြတဲ့ ထင်ရှားတဲ့ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။
၁ ဧပြီ ၂၀၂၆


